Chapter 24

Chapter 24


🚩Ch 24

Arc -2.8 နဝမမြောက်အိပ်မက်ဆိုး


"နင်တို့လူငယ်တွေ တကယ်ကံကောင်းလိုက်တာ” 


အသက် ၄၀ နီးပါးရှိ သူနာပြုဆရာမကြီးက စုဝမ်၏ ပတ်တီးကို ပြောင်းပေးနေသည်။


“အဲဒီတောင်တန်းလမ်းက မကြာခဏ ပြိုကျတယ်၊အဲဒီနေ့မှာ နင်တို့အားလုံးလည်း အဲ့ဒီအချိန်နဲ့အံကိုက်ဖြစ်သွားတယ်လေ၊ တောင်စောင်းနားက တခြားနေရာမှာလည်း တောင်ပြိုသေးတယ်၊ အဲဒီလူတွေကတော့ ဒီလောက်ကံမကောင်းဘူး၊ကားတော်တော်များများပေါ်က လူတချို့တောင် သေကြသေးတယ်၊ အဲ့ဒီအဖြစ်အပျက်က သတင်းစာတွေမှာလည်း ပါလာတယ်၊ ဒေါ်လာသန်းချီတဲ့ ဇိမ်ခံကားလည်း ပျက်သွားတယ်လို့ ပြောတယ်၊ တကယ်ကို သနားစရာပဲ” 


တောင်တက်လမ်း၊ လမ်းမတော်တဆမှု။ 


စုဝမ်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားသည်။ ထိုနေ့တွင် သူမ ပါလာသော ဘတ်စ်ကား၏ မြင်ကွင်းကို ပြန်လည်သတိရမိ၏။သူမတို့သည် အတန်ကြာအောင် တောင်တက်လမ်းကိုမောင်းလာပြီးနောက် ယာဉ်မတော်တဆမှုကြီးကို တွေ့ခဲ့ရသည်။ကားလမ်းကိုလည်း ပိတ်ထားတာကြောင့် ချီမူက နောက်ပြန်လှည့်ကာ ပို‌သေးငယ်သော လမ်းမှကွေ့သွားခဲ့၏။မကြာခင် သူမတို့လည်း ကားအက်စီးဒင့်ဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် သူမသည် အဘယ်ကြောင့် ခေါင်းကိုက်ပြီး မှတ်ဉာဏ်များပါ ရှုပ်ထွေးနေရသလဲဆိုသည်ကို သိသွားရ၏။ 


သူများတွေရော ဘယ်လိုနေလဲ မသိဘူး ရိကျစ်ရွှမ်ရော...


 "ဆရာမ ကျွန်မနဲ့ အတူစီးလာတဲ့ သူတွေ အဆင်ပြေရဲ့လား"


 "အိုး၊သူတို့အကြောင်း မေးနေတာလား၊ ဒီအတိုင်း ပွန်းပဲ့သွားသူ နှစ်ယောက်ရှိတယ်၊သူတို့ကိုတော့ မိဘတွေက ပြန်ခေါ်သွားလို့ ဒီမနက်မှာဆေးရုံဆင်းသွားပြီလေ၊ နောက်ထပ် လူလေးယောကက်ကလည်း ဒဏ်ရာရထားတယ်၊ နောက်ကျန်တဲ့ နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ICU မှာ မေ့မြောနေတုန်းပဲ၊  ဒါပေမယ့် ဒီညလွန်ရင် သူတို့လည်း အန္တရာယ် ကင်းပါလိမ့်မယ်" 


သူနာပြုဆရာမက စကားဆုံးသည်နှင့် အမြန်လှည့်ထွက်သွား၏။ စုဝမ် အတင်းအားယူထပြီး  ကြမ်းပြင်ပေါ် ဖိနပ်တစ်ရံကိုစီးကာ အခန်းထဲက ဖြည်းညှင်းစွာ ထွက်သွားခဲ့သည်။နောက်လူနာဆောင်တစ်ခုသို့ သူမ သွားရပေမည်။ထိုလူနာဆောင်အတွင်းမှ မြင်ကွင်းကို တံခါးရှိ မှန်ချပ်မှတစ်ဆင့်  မြင်တွေ့နိုင်သည်။ 


ရိကျစ်ရွှမ်သည် လူနာဆောင်ထဲတွင်  တစ်ယောက်တည်း မဟုတ်၊ ချင်လုနှင့် အတူရှိနေသည်။ သူတို့နှစ်ယောက်သား ဘေးချင်းကပ် ကုတင်ပေါ်တွင် မျက်နှာချင်းဆိုင်ကာ အိပ်နေကြရင်း စကားစမြည်ပြောကြသည်။


သူမသည် ရိကျစ်ရွှမ်၏ လက်မောင်းပေါ်ရှိ ပတ်တီးကို ကြည့်လိုက်သည်။  သူ့မှာ ဘာပြဿနာမှ ကြီးကြီးမားမားမရှိသည်ကို တွေ့လိုက်ရမှ သူမ စိတ်တည်ငြိမ်သွားမိသည်။သို့သော်  သူမ ထွက်သွားဖို့ တုံ့ဆိုင်းနေ၏။ထိုစဉ် ရိကျစ်ရွှမ်က  ရုတ်တရက် တံခါးကို လှမ်းကြည့်ရာ သူမတို့နှစ်ယောက် မျက်လုံးချင်း မထင်မှတ်ပဲ ဆုံသွားသည်။


ရိကျစ်ရွှမ်က ကြောင်စီစီကြည့်နေဆဲဖြစ်၍ သူမလည်း တံခါးကို ဖွင့်၍ဝင်လိုက်သည်။


 "စုဝမ်"


ချင်လု.. စုဝမ်ကို ကြည့်လိုက်ပြီးနောက် တစ်ဖက်ကုတင်ပေါ်ရှိ ရိကျစ်ရွှမ်ကို မသိမသာ စိုက်ကြည့်ကာ "မင်း ငါတို့ကို တွေ့ဖို့လာတာလား"


စုဝမ်က "နင်တို့နှစ်ယောက်လုံး ဒဏ်ရာမပြင်းထန်ဘူးမလား"


 "ဘာမှ မပြင်းထန်ပါဘူး" ချင်လုက ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး "ငါတို့ ဒဏ်ရာ နည်းနည်းပဲ ရတယ်၊သိပ်လည်း မဆိုးပါဘူး၊ မင်းကော"


စုဝမ်က သူမနဖူးကို ညင်သာစွာ ပွတ်သပ်ရင်း


 "ငါလည်း ဒဏ်ရာမပြင်းထန်ပါဘူး၊  ခေါင်းကိုက်တာပဲဖြစ်တယ်၊ငါ တစ်ခုခု မေ့သွားသလို ခံစားရတယ်၊ ဒါပေမယ့် ဘာကို မေ့သွားမှန်း အစဖော်လို့မရဘူး" 


သူမ ခေါင်းကိုက်သည့်အခါတိုင်း နာကျင်ပြီး စိတ်ကလည်း ရှုပ်ထွေးလာသည်။နာကျင်မှုများ မရှိတော့လျှင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နေမကောင်းဖြစ်သွားရသည်။သူမမှတ်ဥာဏ်ထဲမှ အရေးကြီးသည့်အရာတစ်ခု ပျောက်ဆုံးနေသည်ဟု ခံစားမိသော်လည်း မမှတ်မိနိုင်သေးပေ။


 "ယာဉ်တိုက်မှုဖြစ်တုန်းက မင်းဦးခေါင်းကို တစ်ခုခုဝင်တိုက်မိလို့လား၊ မင်းသေချာစစ်ကြည့်ရမယ်"


ချင်လုသည် စုဝမ်ကို စိုးရိမ်မှုအပြည့်ဖြင့် ကြည့်နေကာ သတိပေးလိုက်သည်။


"ငါစစ်လိုက်ပါ့မယ်" သူမ ခေါင်းညိတ်လိုက်ပြီး  တစ်ခုခုကို တွေးနေမိလိုက်ရင်း " ချင်လု ၊ ICU မှာ မနိုးသေးတဲ့လူတွေရှိနေတယ်လို့ ငါကြားလိုက်ရတယ်၊သူတို့တွေက ဘယ်သူတွေလဲ"


" ချမ်ယွီဖုန်းနဲ့ ပိုင်ရှောင်ယွဲ့ပါ....အဲဒီတုန်းက သူတို့နှစ်ယောက်စလုံး ကားနောက်ဘက်မှာ ထိုင်ကြတာလေ၊ ဆရာဝန်တွေပြောတာကတော့  တောင်ပေါ်ကကျလာတဲ့ကျောက်တုံးက ငါတို့ကားရဲ့အမြီးကိုထိသွားတာတဲ့"


 ဒါဆို ဘာဖြစ်သွားတာလဲ...


 စုဝမ်သည် လူတိုင်း၏ ထိုင်ခုံနေရာများကို သေချာပြန်စဉ်းစားကြည့်သည်။ချီမူသည် ကားရှေ့ခန်းရှိ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ပြီး ဖန်းရှုကျွင်းကမူ ရှေ့ခန်းမှ ခရီးသည်ထိုင်ခုံတွင် ထိုင်သည်။ သူမ ဘတ်စ်ကားပေါ် တက်လာစဉ်က၊သူတို့နှစ်ယောက်သား ကားရှေ့ခန်းထဲမှာထိုင်လျက် ဂိမ်းနှင့်ပတ်သက်သော ကိစ္စများအား ဆွေးနွေးနေကြပုံရသည်။ 


ချီမူ့ နောက်တွင် ဖန့်ထျန်းထျန်း ရှိသည်။ ဖန့်ထျန်းထျန်း၏ညာဘက်တွင် မုန့်ထင်ယောင် ရှိသည်။ နောက်တန်းတွင် ရိကျစ်ရွှမ်၊ ချင်လု နှင့် ချမ်ယွီဖုန်းတို့ ထိုင်ကြသည်။ပိုင်ရှောင်ယွဲ့သည် နောက်ဆုံးအတန်းတွင် တစ်ယောက်တည်း ထိုင်နေသည်။


ကားစီးလာရင်း စုဝမ်နှင့် ဖန့်ထျန်းထျန်း တို့သည် သီချင်းများကို အတူတူ နားထောင်နေကြသည်။ထို့နောက် ချီမူသည် သူမအား စကားစမြည် စပြောလာခဲ့သည်။သူမလည်း ချီမူနှင့် စကားစမြည်ပြောနေတာကြောင့် နောက်က မြင်ကွင်းကို ပြန်လှည့်မကြည့်ဖြစ်တော့ပေ။


ချင်လု ပြောစကားအရ ချမ်ယွီဖုန်းနှင့် ပိုင်ရှောင်ယွဲ့သည် မတော်တဆမှုဖြစ်ပွားချိန်တွင် အတူထိုင်နေခဲ့သည်ဟု ဆို၏။


ဒါဆို ချမ်ယွီဖုန်းက ပိုင်ရှောင်ယွဲ့နဲ့ စကားပြောစရာ တစ်ခုခုရှိလို့ အနောက်ကို ပြေးသွားခဲ့တာလား...


ချင်လုနှင့် ရိကျစ်ရွှမ်တို့၏ လူနာဆောင်ထဲမှ ထွက်လာပြီးနောက် စုဝမ်သည် နောက်ဆုံးတွင် ဖန့်ထျန်းထျန်း နှင့် မုန့်ထင်ယောင်၏ လူနာဆောင်ကို ရှာတွေ့သွား၏။သူမ သွားကြည့်လိုက်ရာ သူတို့လည်း ဒဏ်ရာအပြင်းအထန်မရှိသည်ကို တွေ့လိုက်ရသည်။ ဖန့်ထျန်းထျန်းက အရင်အတိုင်း စကားများဖောင်နေအောင် ပြောနေတော့သည်။ ထို့နောက် သူမအား ချင်လု၏ အခြေအနေကိုလည်း မသိမသာပင် မေးမြန်သော်လည်း သူမကတော့ ရိပ်စားမိ၏။


 တကယ်တော့ ဖန့်ထျန်းထျန်းက ချင်လုကို သဘောကျခဲ့သည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။အားလုံးလိုလိုရိပ်မိကြသည်။ဖန့်ထျန်းထျန်းသာလျှင် သူမကိုယ်သူမ ကောင်းစွာ လျှို့ဝှက်ထားပြီး ချင်လုက မရိပ်မိသေးဟု ထင်ခဲ့သည်။  


ထို့နောက် သူမသည် မုန့်ထင်ယောင်ကို သွားကြည့်သည်။သာမာန်ဆို သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ ပျမ်းမျှလောက်ပင်။မုန့်ထင်ယောင်သည် စကားအများကြီးပြောတတ်သူမဟုတ်ပေ။နတ်ဘုရားမတစ်ပါးလို စည်းကမ်းကြီးပြီး တသိီးတသန့်သာ နေတတ်၏။


ယခုလည်း အားလုံး အတူဆေးရုံတက်ပြီး သာမာန်လူနာဆောင်မှာသာ နေသော်လည်း မုန့်ထင်ယောင်ကမူ ဒဏ်ရာလေးမဆိုစလောက်လေးနှင့် ၅ထပ်က VIP အခန်းမှာ နေထိုင်သည်။ထို့အပြင် သူမကို ပြုစုစောင့်ရှောက်ရန် အထူးသူနာပြုများလည်း ခေါ်ထား၏။


သူမတို့အား စာသင်ပေးသော ဆရာမက လူတိုင်းသည် အားလုံးအတူတူဟု ပြော‌ဖူးသော်လည်း၊ မွေးကတည်းက လူတိုင်သည် အဆင့်အမျိုးမျိုးရှိပြီး အဆင့်ချင်းခွဲခြားထားသည်ဟု စုဝမ် ခံစားမိသည်။


 ဒါတွေက မင်းကိုယ်တိုင်ရွေးချယ်လို့ရတဲ့ အရာမဟုတ်ဘူးလေ..


သူမ၊ ရိကျစ်ရွှမ် ၊ မုန့်ထင်ယောင် နဲ့ ချမ်ယွီဖုန်း တို့ကရော ဘာထူးသလဲ...


ချမ်ယွီဖုန်းသည် ရွှေဇွန်းကိုက်၍ မွေးဖွားလာခဲ့သည်။ သူ့ဘဝက သာလွန်ကောင်းမွန်ပြီး စားဝတ်နေရေး အတွက် စိတ်ပူစရာ မလိုသော်လည်း၊ရိကျစ်ရွှမ်ကတော့ ငယ်ငယ်လေးကတည်းက ဆင်းရဲခဲ့သည်။ သူ့ကိုယ်သူ အားကိုးဖို့ကလွဲ၍ ရွေးချယ်စရာမရှိခဲ့။


ဒါဆို စုဝမ်ကရော... သူမသည် သာမန်အလုပ်သမားမိသားစုတွင် မွေးဖွားခဲ့သည်။ ရိကျစ်ရွှမ်လောက် မဆင်းရဲသော်လည်း သူမ၏မိဘများသည် အလုပ်ကြိုးစားကြရသည်။


ထို့ကြောင့် လွန်ခဲ့သော တစ်နှစ်ခွဲကျော်က ရိကျစ်ရွှမ်သည် ဘွဲ့ရပြီးသည့်နောက် တောင်ပေါ်ရွာလေးကို သူမအား ခေါ်သွားချင်သည်ဟု ဆိုလာသောအခါ စုဝမ် ငြင်းဆိုခဲ့သည်။ သူမ ဒုက္ခမခံချင်ခဲ့သလို သူမ၏မိဘများကိုလည်း ဆက်လက်၍ ဒုက္ခမပေးချင်တော့ပေ။


ထို့ကြောင့် သူမသည် ချမ်းသာချင်ပြီး အလိုလောဘကြီးသူဟု ဆိုနိုင်သည်။  အချစ်သည် ဘဝအတွက် အရာအားလုံးမဟုတ်ဟု အမြဲဆင်ခြင်ဥာဏ်ဖြင့် တွေးနေခဲ့သည်။ သူမအတွက် ပိုကောင်းသော ဘဝတစ်ခုကိုသာ ပိုင်ဆိုင်ချင်သည်။ သူမနှင့်သူမ၏မိသားစုအတွက် ပိုမိုကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုကို ရှာဖွေချင်သည်။  အဲဒါ ဘာမှားနေလို့လဲ။


သူမ၏ လူနာဆောင်ကို ပြန်ရောက်သောအခါ အတော်မောပန်းနေရသည်။သူမ မျက်လုံးမှိတ်ထားရင်း ဖြတ်သန်းခဲ့ရသည့် အရာအားလုံးကို ပြန်တွေးကာ သက်ပြင်းချလိုက်သည်။


သူမသည် အတန်ငယ် စိတ်ကူးယဉ်ဆန်သူဖြစ်သည်။ အတိတ်က အတိတ်ပါပဲလေ..သို့နှင့် မသိလိုက် မသိဘာသာပင် သူမ အိပ်ပျော်သွားခဲ့သည်။


လူနာဆောင်က မှောင်မည်းနေသည်။ ပြတင်းပေါက်မှ အပြာရောင် ခန်းဆီးစများသည် ဘာကြောင့်မှန်းမသိ ရုတ်တရက် ပြင်းထန်စွာ ယိမ်းထိုးသွားလေသည်။တစ်စုံတစ်ယောက်မှ အတင်းဖွင့်ခိုင်းသလိုမျိုးပင်။ခန်းဆီးစများကို အတင်းဆွဲဖယ်လိုက်တာကြောင့် ပြတင်းပေါက်အပြင်ဘက်ရှိ ကြယ်လများကို အထင်းသား မြင်တွေ့နိုင်သည်။


လရောင် ကြည်လင်သော ညတစ်ညဖြစ်သော်လည်း စုဝမ်၏အိပ်ရာဘေး ပြတင်းပေါက်တွင် အနက်ရောင်အရိပ်တစ်ခုပေါ်လာ၏။ ပြတင်းပေါက်ပေါ်ရှိ အနက်ရောင်အစုအပုံသည် တွန့်လိမ်သွားပြီး အာရပ်ဂဏန်း 5 အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေတော့သည်။


🚩

အိပ်မက်ထဲက မထွက်သေးဘူးထင်တယ် 😬

Report Page