Chapter 22

Chapter 22


🚩Ch 22

Arc -2.6 နဝမမြောက်အိပ်မက်ဆိုး


အိပ်မက်ကမ္ဘာက အဆက်မပြတ်ထပ်နေတာလား၊ ဒါမှမဟုတ် ငါတို့က  အိပ်မက်ထဲမှာပဲ အဆက်မပြတ် တည်ရှိနေတာလား။  


စုဝမ်သည် နဝမမြောက် အိပ်မက်ဆိုးကမ္ဘာထဲတွင် ရှိနေကြောင်း ခိုင်လုံစွာသိထားသော်လည်း ဤကမ္ဘာပေါ်ရှိ အရာအားလုံးမှာ သူမ အစကတည်းက သိထားသည့်ကမ္ဘာနှင့် လုံးဝကွဲပြားသွားသည်။


 အမှောင်ထဲက အရာအားလုံးက မူလဇာတ်ကြောင်းနဲ့ သိပ်ကွာနေတယ်၊အမှောင်ထဲမှာ အရာရာကို ကြိုးကိုင်နေသူက ဘယ်သူလဲ။


ယခုတစ်ခါတော့ ချီမူ စိတ်အခြေအနေမကောင်းစွာ နိုးထလာခြင်းဖြစ်ပေ၏။ စုဝမ်နှင့် ဖန့်ထျန်းထျန်းကို တစ်ချက်ကြည့်လိုက်ရင်း သူသည် အရာများစွာကို နားလည်နေပြီဖြစ်သည်။


 ထိုအိပ်မက်ကို သူသေချာမှတ်မိသည်။


 ရိုးရှင်းသော နံနက်စာကို စားကြသည်။  ထို့နောက် သုံးယောက်သား ရှေ့ဆက်ရမည့်လမ်းကြောင်းကို ဆွေးနွေးကြသည်။ချီမူကိုယ်တိုင် စိတ်ကသိကအောက်ဖြစ်စပြုလာချိန်တွင်  ဖန့်ထျန်းထျန်းက စပြောလာသည်။


 "ငါတို့ဘယ်မှမသွားနဲ့တော့"


အဆုံးမှာတော့ စုဝမ်ကပါ ဝင်ပြောလာ၏။ 


"ငါတို့ ဒီမှာစောင့်နေကြမယ်၊သူတို့ တကယ်သာ ဒီတောထဲမှာရှိနေရင် ငါတို့ကို သေချာပေါက်တွေ့ပါလိမ့်မယ်"


ဟုတ်ပေသည်။စုဝမ်လည်း ဤကိစ္စကို စိတ်ထဲမှာစိုးရမ်နေခဲ့၏။ ယခုတစ်ခေါက်ကတော့ သူမ ဘာကိုမှ စမလုပ်ချင်သေး၊ကံကိုသာ အရင်ဆုံးပုံချဖို့ တွေးထား၏။


သူမ စကားကို ဖန့်ထျန်းထျန်းက ခေါင်းညိတ်သဘောတူလိုက်ပြီး ချီမူသည် ယောင်နန အကြည့်ဖြင့်သာ ကြည့်လိုက်သည်။ အဆုံးတွင် ကန့်ကွက်သူဟူ၍ မရှိခဲ့ချေ။


စောင့်ဆိုင်းခြင်းသည် အခက်ခဲဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။တစ်ခုခုကိုစောင့်‌ရသည်မှာ အချိန်ကုန်ဆုံးစေဖို့ ထိုင်စောင့်နေရခြင်းဖြစ်ကာ လူကိုငြီးငွေ့စေ၏။ 


 နေ့ခင်းသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားပြီး ညဘက်ကို ရောက်ရှိလာပြီဖြစ်သည်။ဖန့်ထျန်းထျန်းသည် ပျင်းရိလျော့တွဲစွာဖြင့် စုဝမ်ကိုသာ  မှီနေလေ့ရှိသည်။


မျက်လုံးအောက်ဘက်တွင် ညိုမည်းနေပြီး မျက်တွင်းများကျနေသော ချီမူက ငူငေါင်ငေါင်ဖြစ်နေကာ မီးတောက်ကို စိုက်ကြည့်နေသည်။


 "ဘာလို့မအိပ်တာလဲ"


 တစ်ဖက်တွင်၊စုဝမ်သည် မီးပုံအား မီးပိုတောက်စေရန်အတွက် သစ်ကိုင်းငယ်တစ်ခုကို အသုံးပြု၍ ထိုးဆွရင်း တစ်ဖက်က ချီမူကို အကဲခတ် စူးစမ်းလေ့လာနေ၏။


 "ငါ......"


ချီမူ တစ်ခုခုပြောဖို့ကြိုးစားသည်။ လောလောဆယ် သူ မအိပ်ရဲတော့။ သူ အိပ်ပျော်ပြီးလျှင် အိပ်မက်ဆိုးများ ထပ်မက်မှာကို သူကြောက်သည်။ထိုခံစားချက်က တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။


 "စုဝမ်၊ ဒီကမ္ဘာမှာ သရဲတစ္ဆေတွေရှိတယ်ဆိုတာ မင်းယုံလား"


သူ နေ့တစ်ဝက်လောက် တွေးထားသော အတွေးအား စုဝမ်ကို ရင်ဖွင့်မိလေ‌၏။


 "တစ္ဆေ ဟုတ်လား"


စုဝမ် နှုတ်ခမ်းကို ဖွဖွကိုက်ထားရင်း အေးဆေးစွာပင် ပြန်ဖြေသည်။


 "သရဲတစ္ဆေရှိတော့ရော ဘာဖြစ်လဲ၊ လူတွေထက်တော့ ပိုကြောက်စရာ မကောင်းဘူးမလား"


သူမသည် ဤကမ္ဘာကြီးတွင် ကြောက်စရာအကောင်းဆုံး၊ ကြောက်စရာအကောင်းဆုံး၊ အဆိုးဆုံး၊ အဆိုးဆုံးသည် လူသားတို့၏နှလုံးသားများဖြစ်ကြောင်း အမြဲခံစားခဲ့ရဖူးသည်။သူမထက် ဤအကြောင်းကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်ချေ။သူမ ထိုအကြောင်းများကိုတွေးရင် စိတ်ညစ်ညူးလာရ၏။မေ့ထားသင့်သော အမှတ်တရအချို့ကို သူမ မတော်တဆ ပြန်သတိရမိသလိုပင်။အသက်ပြင်းပြင်းရှူလိုက်မှသာ သူမ စိတ်က တစ်ဖန် တည်ငြိမ်သွားပြန်သည်။


တစ်ဖက်တွင် သူမ၏ တုံ့ပြန်စကားကို ကြားပြီးနောက် ချီမူ မှင်တက်သွားပြီး တိတ်ဆိတ်သွားရသည်။ သူမတို့နှစ်ယောက်ကြားမှာ ဆက်လက်၍ တိတ်ဆိတ်နေတော့၏။


 တစ်စက္ကန့်၊ တစ်မိနစ်၊ အချိန်များက ဆက်လက် ကုန်ဆုံးနေသည်။


စုဝမ်လည်း အိပ်မပျော်နိုင်ဘဲစောင့်နေခဲ့သည်။ ယနေ့ည၏ ကံကြမ္မာအဆုံးအဖြတ်ကို စောင့်မျှော်နေမိပြီး ၎င်းကို နိဂုံးချုပ်ရန် အခွင့်အရေးကိုလည်း မှန်းဆနေမိ၏။


 ညက ပိုမိုနက်ရှိုင်းလာခဲ့ပြီး အေးစက်သည့်လေတစ်ချို့သည် တောအုပ်ကို တိုက်ခတ်သွားသည်။စုဝမ် အေးချမ်းသောလေအေးကြောင့် ကိုယ်ကို အသာကျုံ့ထားမိတော့သည်။ တစ်ဖက်တွင် ချီမူသည် အိပ်ပျော်မသွားဖို့ တင်းအကြပ် ထိန်းထားဆဲဖြစ်သည်။ ဖုန်းနှင့်  ဂိမ်းများ မရပ်မနား ကစားနေသည့် ချီမူကို စုဝမ် တစ်ချက်ကြည့်ပြီး တစ်ဖက်သို့ပြန်လှည့်လိုက်သည်။


 "ချီးထုပ်ပဲ"


ထိုအချိန်မှာပင် သူမ နောက်က ချီမူသည် ဒေါသတကြီး သူ့ဖုန်းကို ပစ်ပေါက်လိုက်၏။


"ဒီလောက်ထိ အချိန်တွေကြာတာတောင်  ၁၁ နာရီက မထိုးနိုင်သေးဘူး၊ ဒီအဆုံးမဲ့ညကို ငါ တစ်ညလုံး မအိပ်ဘဲ ဘယ်လိုထိန်းထားရမလဲ"


သူမ တစ်ဖက်လှည့်ပြီး ချီမူကို စိုက်ကြည့်လိုက်သည်။


 "ကျွန်မ ရှင့်ကို နှောက်ယှက်မိလို့လား"


 ချီမူသည် အိပ်မက်ဆိုးများအား စိတ်ဆိုးကာ ဒေါသထွက်နေရသော်လည်း၊မိန်းကလေးတစ်ယောက်ရှေ့မှာတော့ သူ၏ မိမိုက်နေသော ပုံရိပ်ကို ထိန်းသိမ်းထားချင်မိသေးသည်။


 "ဘာမှမဟုတ်ပါဘူး"


စုဝမ်၏အကြည့်က သူ့ဖုန်းမျက်နှာပြင်ပေါ်သို့ တိုက်ရိုက်ရောက်သွားသည်။


 "အခု ဘယ်နှနာရီရှိပြီလဲ"


 "၁၀း၅၀"


ချီမူက အားလျော့သလို  ပြောလိုက်သည်။သို့သော် စုဝမ် မျက်နှာပေါ်က ထိတ်လန့်သွားသည့်အမူအရာကို လုံးဝသတိမထားမိပေ။ ဤအခိုက်အတန့်မှာ တောအုပ်ထဲမှ တချောက်ချောက် ခြေသံများကြားလိုက်ရသည်။


စုဝမ် နှင့်ချီမူ တစ်ယောက်ကို တစ်ယောက် အမြန်ကြည့်လိုက်ရင်း အသက်ရှုမဝသလို ဖြစ်သွားသည်။ချီမူက သူ့ဘေးနားရှိ ကျောပိုးအိတ်မှ စစ်ဓားငယ်တစ်လက်ကိုပင် ထုတ်ထားလေသည်။


မကြာခင် ထူထပ်သော တောအုပ်ကြီးဆီမှ မီးတောက်များလင်းလက်လာသလိုမျိုး လူနှစ်ယောက်က မြင်ကွင်းထဲသို့ထင်ရှားစွာပေါ်လာသည်။ 


 "မင်းတို့ကောင်တွေပါလား"


စုဝမ်သည် သူတို့နှစ်ယောက်၏မျက်နှာကိုမြင်သောအခါ သက်ပြင်းချရမလား သို့မဟုတ် ပိုသတိထားရမည်လား မသိတော့။


ယခုရောက်လာသူများမှာ မုန့်ထင်ယောင်နှင့် ဖန်းရှုကျွင်းတို့ပင်။  


 မက်ခဲ့သည့် အိပ်မက်နှစ်ခုထဲတွင် စုဝမ်သည် အခြားလေးယောက်ကို မြင်ဖူးသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဖန်းရှုကျွင်း နှင့် မုန့်ထင်ယောင် တို့ကို တွေ့ဆုံရမည်ဟု မှန်းဆခဲ့သည်။  သို့သော် ဤတွေ့ဆုံမှုသည် သူမ မျှော်လင့်ထားတာနှင့် အနည်းငယ်ကွာခြားသည်။


မုန့်ထင်ယောင်၏ ခြေထောက်တစ်ဖက်မှာ သွေးများထွက်နေပြီး ဖန်းရှုကျွင်းက သူမကို တွဲထားပေးသည်။သူမပုံစံက ဖရိုဖရဲဖြစ်နေသည့်တိုင် တောင်ကြိုတောင်ကြားထဲမှ ပန်းလေးတစ်ပွင့်လို လှပလန်းဆန်းနေဆဲပင်။ယခုထိ ဆွဲဆောင်မှုရှိသော သူမဟန်ပန်လေးက တစ်စက်မှ လျော့မသွားပေ။ သူမက လှပဝိုင်းစက်သော မျက်လုံး‌များဖြင့် ရှေ့က မီးပုံကိုတစ်လှည့် လူများကိုတစ်လှည့်ကြည့်ကာ "နင်တို့နှစ်ယောက် အတူတူရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"


မုန့်ထင်ယောင်၏ စကားကိုကြားသော် စုဝမ် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ တစ်ဖက်တွင်၊ ချီမူ၏မျက်နှာအမူအရာသည် အလွန်ပြောင်းလဲသွားပြီး စုဝမ် နောက်ကျောကို ကြည့်လိုက်သည်။


ထိုနေရာသည် လုံးဝအလွတ်ဖြစ်နေသည်။


စုဝမ် ကိုမှီ၍အိပ်ပျော်နေသော ဖန့်ထျန်းထျန်းသည် မထင်မှတ်ပဲ လေထုထဲတွင် ပျောက်ကွယ်သွားသည် ။


 "ဘာတွေဖြစ်နေတာလဲ"


စုဝမ် နှင့် ချီမူ၏ မျက်နှာအမူအရာသည် ယခုအချိန်တွင် စိတ်မသက်မသာဖြစ်နေလွန်းသောကြောင့် မုန့်ထင်ယောင်သည်လည်း စုဝမ်၏ နောက်ကျောကို တစ်ချက်လှမ်းကြည့်လိုက်သည်။


 "ဘာလို့လဲ...နင့်နောက်ကျောက ဘာဖြစ်လို့လဲ"


 "ဖန့်ထျန်းထျန်း"


ချီမူ အသက်ပြင်းပြင်းရှူရင်း တုန်ခါနေသောအသံဖြင့် "သူမက ငါတို့နဲ့ အမြဲအတူရှိနေတာ၊ စောစောကတင် သူမဒီမှာရှိနေတုန်းပဲ"


ဖန့်ထျန်းထျန်း ...


မုန့်ထင်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမကို တချိန်လုံး တွဲထားပေးသော ဖန်းရှုကျွင်းကလည်း "ဖန့်ထျန်းထျန်းက အပြာရောင် အားကစားဝတ်စုံဝတ်ထားတာလား"


 "နင်တို့ဘယ်လိုလုပ် သိတာလဲ"


စုဝမ်နှင့် ချီမူက ဖန်းရှုကျွင်းကို တစ်ပြိုင်တည်းကြည့်ကာမေးလိုက်သည်။ မူလက သူသည် မုန့်ထင်ယောင်ကို တွဲထားသောကြောင့် အလွန်စိတ်ဖိစီးနေပုံရသည်။ယခု သူတို့နှစ်ယောက်၏ အမေးကို ကြားပြီးနောက် သူ့မျက်နှာက ပို၍ပင် ပျက်ယွင်းလာသည်။


 "အဲဒါ.....တကယ်တော့......" ဖန်းရှုကျွင်း သူ့မျက်မှန်ကို အသာအယာပင့်တင်လိုက်ပြီး "ဒီနေရာက အရမ်းထူးဆန်းတာကို မင်းတို့တွေ မသိကြဘူးလား"


အရှုပ်ထုပ်ကောင်၊ဘာလို့ စကားကိုပြောင်းရတာလဲ...ဒီလောက်ကြုံပြီးမှတော့ ဘယ်သူက နားမလည်ဘဲ နေမှာလဲ...


သူမ၏ အကျင့်အတိုင်း ဖန်းရှုကျွင်းအား အပြစ်တင်ချင်နေမိသည်။ သို့သော် ဖန်းရှုကျွင်း၏အောက်ပါစကားများသည် သူမကို အသက်ရှုရပ်သွားစေသည်။


" "ဒုတိယကမ္ဘာ" ဆိုတဲ့ဂိမ်းကို မင်းတို့တွေ ဆော့ဖူးသလားတော့ မသိပါဘူး၊ ဒါပေမယ့် အဲ့ဒီဂိမ်းရဲ့ ဇာတ်လိုက်က သူနှစ်သက်သလို အပြိုင်စကြဝဠာနှစ်ခုကို လှည့်ပတ်သွားလာနိုင်တယ်၊မတူညီတဲ့ဘဝနှစ်ခုကို တစ်ချိန်တည်းမှာ အကောင်အထည်ဖော် နေထိုင်နိုင်တယ်၊ သူက အာကာသကို ဖြတ်ကျော်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့ပေမယ့် တကယ်တော့ ထပ်နေတဲ့ အိပ်မက်ကမ္ဘာကြီးထဲမှာ သူ နေထိုင်နေခဲ့တာ..အဲဒီကမ္ဘာကို ဒုတိယကမ္ဘာလို့ ခေါ်တယ်၊ ဒုတိယကမ္ဘာမှာ လူတိုင်းက ကိုယ့်အိပ်မက်ကမ္ဘာကို စိုးမိုးပိုင်ခွင့်ရှိတယ်၊အဲဒီကမ္ဘာမှာ သူတို့ နှစ်သက်သလို လုပ်နိုင်တယ်၊သူတို့ရဲ့ အိပ်မက်နဲ့ ဆန္ဒတွေအားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်"


 "ဒါပေမဲ့ ငါတို့ကလည်း အဲ့ဒီလိုဆန်းကြယ်တဲ့ ဒုတိယကမ္ဘာမှာ ရှိနေတယ်လို့ တွေးလို့မရဘူးလေ..."


ချီမူ၏ အသံသည် အနည်းငယ် ပျော့ပျောင်းနေသော်လည်း ပို၍ပင် စိုးရိမ်နေ သည်။ "ဖြစ်နိုင်ရင် မင်းပြောသလို ငါတို့ စိတ်ဆန္ဒအတိုင်း လည်ပတ်နေတဲ့ တကယ့် အိပ်မက်ကမ္ဘာကြီးမှာ ငါတို့လည်း နေချင်တာပေါ့" 


 "တကယ်တော့ ကျွန်တော်ကလည်း အဲဒါကို ဥပမာတစ်ခုအနေနဲ့ပဲ သုံးလိုက်တာပါ"


ချီမူ၏စကားကိုကြားသော် ဖန်းရှုကျွင်းက မျက်လုံးပြူး၍ ပြောလိုက်သည်။


စုဝမ်သည် ဖန်းရှုကျွင်းကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ မကြာသေးမီက ဖန်းရှုကျွင်း ထံမှ ဖုန်းခေါ်လာသည့်ကိစ္စကို သူမ တွေးမိသည်။


ဖုန်းခေါ်ပြီး သူက 'နဝမ' ဟု ပြောသည်။ 'နဝမ' က ဘာလဲ။  အဆုံးမှာ သူ ဘာပြောချင်တာလဲ။ နောက်ဆုံးတော့ သူပြောမည့်စကားက မဆုံးသွားချေ။ "မုန့်" ဟူသော စကားလုံးသည် မုန့်ထင်ယောင်၏ အဓိပ္ပါယ်ဖြစ်နိုင်၏။


 "နင်တို့ ထူးထူးဆန်းဆန်း ကိစ္စတွေ ကြုံဖူးကြလား"


စုဝမ်သည် မုန့်ထင်ယောင်ကို ရုတ်တရက်ကြည့်လိုက်ပြီး လေးနက်မှုအပြည့်ရှိသည့်ဟန်ပန်ဖြင့် မေးလိုက်သည်။ထိုအခါ မုန့်ထင်ယောင်၏ အကြည့်က အနည်းငယ် တောက်ပသွားပြီး 


"ငါတို့......"


 "ဒီအချိန်မှာ အမှန်အတိုင်းပြောရမယ်"


စုဝမ်က အမှန်အတိုင်းပြောဖို့ ထပ်ပြော၏။ 


မုန့်ထင်ယောင်သည် ခဏလောက်တုံ့ဆိုင်းသွားပြီး မီးပုံဘေးမှာ ထိုင်လိုက်သည်။မီးလျှံများသည် သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေသည်။ ယခုအချိန်တွင် မုန့်ထင်ယောင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပုံရသည်။


 "ငါ...... ဖန်းရှုကျွင်းနဲ့ မတွေ့ခင် ဒီတောထဲမှာ ငါ တစ်ယောက်တည်း ရှိနေခဲ့တာ" ထို့နောက် သူမ တစ်ခုခုကို တွေးနေသလိုမျိုး နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ထားလိုက်ပြီး 


"နောက်တော့ ငါ ချင်လုနဲ့ ပိုင်ရှောင်ယွဲ့ကို တွေ့ခဲ့တယ်၊ ဒါပေမယ့် သူတို့.....သူတို့....."


 "သူတို့ ဘာဖြစ်သွားတာလဲ"


ချီမူက အသေးစိတ်အချက်အလက်များကို သိလိုဇောဖြင့် မေးလိုက်သည်။  မုန့်ထင်ယောင်သည် သူနှင့် အလားတူသော အခြေအနေမျိုး ကြုံခဲ့ရကြောင်းမှာ ထင်ရှားသည်။


 "သူတို့သေသွားပြီ"


ဤစကားကိုပြောသူက မုန့်ထင်ယောင် မဟုတ်ဘဲ စုဝမ်ပင်။


🚩

Report Page