Chapter 21

Chapter 21


🚩Ch 21

Arc -2.5 နဝမမြောက်အိပ်မက်ဆိုး


ချီမူ တစ်ညလုံး အိပ်မပျော်တော့၍ သူ့မျက်လုံးများက ပကတိ နီရဲနေသည်။  စုဝမ် နှင့် ဖန့်ထျန်းထျန်း နိုးလာသောအခါ သူ ကျောပိုးအိတ်ကိုဖွင့်၍ စည်သွတ်ဘူးနှစ်လုံးနှင့် ဘီစကွတ်တစ်ထုပ်ကို ယူလိုက်သည်။


 "ဝါး! စည်သွပ်ဘူးတွေ ရှိတာလား၊ အစ်ကိုချီ ပြင်ဆင်ထားတာက အရမ်း ပြည့်စုံတာပဲ၊ အစ်ကိုချီက တောထဲကို ခဏခဏ သွားနေတာလား"


 အရသာရှိသော အစားအစာကို မြင်လိုက်သည့်အခိုက်တွင် ဖန့်ထျန်းထျန်း၏ မျက်လုံးများက တောက်ပလာလေသည်။


ချီမူက ပြုံးရုံသာပြုံးလိုက်ပြီး "ငါက တောထဲမှာ နေထိုင်စားသောက်ရတာကို ကျွမ်းကျင်တယ်လေ၊ နောက်မှ သိလိမ့်မယ်၊ တောထဲမှာ ဘယ်လို ရှင်သန်ရမလဲဆိုတာ မသိတဲ့ ယောက်ျားတွေက ခင်ပွန်းကောင်းတွေ မဟုတ်ဘူးတဲ့"


စုဝမ်: ......


ဖန့်ထျန်းထျန်း: ........


ထို့နောက် သုံးယောက်သား ကမန်းကတန်း တစ်ခုခုစားပြီး ဤနေရာကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုသည်ကို တွေးနေကြတော့သည်။ ချီမူသည် အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သော အရာများကို မေ့သွားသော်လည်း စုဝမ်ကတော့ ထိုအဖြစ်များကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ခဏကြာသော် အတွေးတစ်ခု ဘယ်က ပေါ်လာမှန်းမသိ၊ သူမ ချက်ချင်းပဲ ဦးတည်ရာတစ်ခုအား တွေးမိသွားသည်။


ထိုဦးတည်ရာလမ်းကြောင်းက ချင်လု နှင့်တွေ့သည့်နေရာဖြစ်သည်။


ကျန်နှစ်ယောက်ကလည်း မကန့်ကွက်သောကြောင့် သုံးယောက်သား ပစ္စည်းများ ထုပ်ပိုးပြီး ထိုလမ်းကြောင်းအတိုင်း လျှောက်သွားကြသည်။ အိပ်မက်ထဲကအတိုင်း တစ်နေကုန် လမ်းလျှောက်ပြီးနောက် အခြေအနေက ငြိမ်သက်အေးဆေးပြီး သုံးယောက်စလုံး အန္တရာယ်တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ ပျောက်ဆုံးသွားသော အပေါင်းအဖော်များကိုလည်း ရှာမတွေ့သေး။


နေဝင်ချိန်ရောက်သောအခါ ဖန့်ထျန်းထျန်း၏မျက်လုံးများမှာ နီရဲလာပြီး ထိတ်လန့်ခြောက်ခြားစိတ်က စတင်ဝင်ရောက်လာတော့သည်။ဤ‌နေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားချင်၍ သူမ၏ ခြေလှမ်းများက အနည်းငယ် ကမောက်ကမ ဖြစ်နေသော်လည်း၊ သွားစရာနေရာ ဆို၍ အတိအကျတော့ မရှိချေ။ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကြောင့် သူမ မျက်နှာမှာလည်း သွေးဆုတ်ဖြူလျော်နေတော့သည်။ 


ထိုအချိန်တွင် တောကြီးမျက်မည်း၏ အခြားဦးတည်ချက်မှ သိပ်မတောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။


 "အား...."


ရုတ်​တရက်​ ​ပေါ်လာ​သော ဤအလင်း​ရောင်​သည်​ မူလက ထိတ်လန့်နေ​သော ဖန့်ထျန်းထျန်းကို ​ငယ်သံပါသည်အထိ အော်ဟစ်သွားစေသည်။သူမ အသံဆုံးသည်နှင့် အလင်းရောင်ကလည်း အနည်းငယ် တုန်ခါသွားသည်။


 "ဘယ်သူလဲ၊ ဘယ်သူလဲ၊ ဒီနားကို ထွက်လာစမ်း"


ကောင်မလေးတစ်ယောက်အသံပင်။ ဒီအသံက.....


 "ပိုင်ရှောင်ယွဲ့"


ဖန့်ထျန်းထျန်း၏အသံက ငိုသံစွက်နေသော်လည်း အသံရှင်ကိုမှတ်မိသွားတာကြောင့် စိတ်လှုပ်ရှားနေတော့သည်။ သူမရဲ့ အခန်းဖော် ပိုင်ရှောင်ယွဲ့ရဲ့ အသံပင်...


ပိုင်ရှောင်ယွဲ့၏ အသံကို ကြားလိုက်ရ၍ စုဝမ်လည်း အနည်းငယ် အံ့သြသွားသည်။သူမ ဤလမ်းကြောကို ရွေးလိုက်စဥ်က သူမတို့၏ ကံကောင်းမှုကိုစမ်းသပ်ချင်ရုံပင်။ယခုလို သူငယ်ချင်းနှင့်တွေ့မည်ဟု မမျှော်လင့်ထားခဲ့။


 သိပ်မကြာခင်မှာပင် ပိုင်ရှောင်ယွဲ့က သူတို့သုံးယောက်ရှေ့မှာ ပေါ်လာ၏။ သူမ၏ ရှည်လျားသောဆံပင်ကို ခရမ်းရောင် တောက်တောက် ဆိုးထားပြီး အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ၀တ်ထားသည်။မြင်လိုက်သည်နှင့် မျက်စိကျိန်းစရာကောင်းသော လက်ကောက်တစ်ခုကိုလည်း လက်မှာပတ်ထားသည်။သူမ အဝတ်အစားတို့က အနည်းငယ် ရဲတင်းလွန်းလှ၍ စုဝမ်ပင် သူမကိုတည့်တည့်မကြည့်ဝံ့ချေ။


ပိုင်ရှောင်ယွဲ့၏ဖခင်သည် အဖွဲ့အစည်းကြီးတစ်ခု၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။အသက်ကြီးမှ သမီးမွေးထားတာကြောင့် သူမကို တုန်နေအောင်ချစ်၏။ 


သူမ ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ ဘော့စ်ပိုင်၏ ချစ်ခင်အလိုလိုက်မှုကို ရထားကြောင်း မြင်ရုံနှင့်သိနိုင်ပေသည်။ သို့သော် ချစ်စရာကောင်းပြီး နုနယ်သော မိန်းကလေးသည် ကြီးပြင်းလာသည်နှင့်အမျှ ထိန်းမနိုင်သိမ်းမရဖြစ်သွားတော့၏။


သူမ၏ အဖေ ဘော့စ်ပိုင်ကတော့ စိတ်ပျက်နေရှာမှာပဲဟု စုဝမ် ခံစားမိသည်။


 "နင်တို့သုံးယောက်က ဘယ်လိုဖြစ်ပြီး အတူရှိနေတာလဲ"


ပိုင်ရှောင်ယွဲ့သည် သူတို့သုံးယောက်ကို သေချာကြည့်နေပြီး ချီမူကို လေးလေးနက်နက်ကြည့်ကာ ထပ်မေး၏။  


"ဒီလမ်းကို ဖြတ်လာခဲ့လေ"


စုဝမ်က "ပိုင်ရှောင်ယွဲ့ ၊ နင်က ဒီမှာတစ်ယောက်တည်းလား"


စုဝမ်၏မေးခွန်းကိုကြားသော် ပိုင်ရှောင်ယွဲ့သည် ချီမူကိုတစ်ချက်လှမ်းကြည့်လိုက်သည်။တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက တိုးညှင်းသောလေသံဖြင့် ပြန်ဖြေသည်။


 "ငါ တစ်ယောက်တည်းပဲ" 


 "ရပါတယ်၊ ဒါဆို အခုကစပြီး ငါတို့လေးယောက် ကျန်တဲ့သူတွေကို အတူတူလိုက်ရှာကြမယ်!"


 တစ်ဖက်မှာ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်သည့် ဖန့်ထျန်းထျန်းက ချက်ချင်း ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူမက ပိုင်ရှောင်ယွဲ့၏ပုခုံးကို ပုတ်လိုက်သည်။သူမ၏ လက်သည် ပိုင်ရှောင်ယွဲ့ ပုခုံးကိုထိလိုက်သည့်အခိုက်တွင်၊ လက်ပေါ်ရှိ အသွေးအသားများသည် ချက်ချင်း ပျောက်ကွယ်သွားကာ ပိုင်ရှောင်ယွဲ့၏ပုခုံးကို ဖြူဖွေးချွန်ထက်သော အရိုးများက ထိုးဖောက်လိုက်လေတော့၏။


 ချက်ချင်းပင် မျက်လုံးထဲတွင် မမေ့နိုင်စရာ ထိတ်လန့်ဖွယ်ကောင်းသော အနက်ရောင်သွေးများက ပိုင်ရှောင်ယွဲ့၏ ကိုယ်မှ ဖောက်ထွက်လာပြီး မြေပြင်ပေါ်သို့ စီးကျလာကာ အောက်မှမြက်ပင်များနှင့် တောပန်းပင်များကို ညှိုးနွမ်းသွားစေလေသည်။


 "မြန်မြန်ပြေး"


ဖန့်ထျန်းထျန်း၏လက်မောင်းနှင့်  ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း အဆက်မပြတ်ပြောင်းလဲနေသည်။  သူမ၏ အသွေးအသားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် တမုဟုတ်ချင်း ကွာကျကုန်သည်။


သို့သော်လည်း၊အသွေးအသားများ ဆုံးရှုံးသွားသော ဖန့်ထျန်းထျန်း၏ အဖြူရောင်အရိုးစုသည် မနှစ်မြို့ဖွယ်ကောင်းသော အရိုးချင်းပွတ်တိုက်သံများထွက်လာကာ ခေါင်းက ခက်ခက်ခဲခဲ လှည့်လာသည်။ထို့နောက် စေ့ထားသော သွားကြားမှတစ်ဆင့် ကွဲအက်ခြောက်ကပ်နေသော အသံတစ်ခုထွက်လာလေသည်။


 မြန်မြန်ပြေးတော့....


 အရာအားလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်ခဲ့လေ၏။


စုဝမ်သည် ဖန့်ထျန်းထျန်း၏ အရိုးများ  ငေါထွက်လာပြီး ပိုင်ရှောင်ယွဲ့ ခန္ဓာကိုယ်မှ သွေးမည်းများ ထွက်ကျလာသည်ကိုလည်း အားကိုးရာမဲ့ ကြောင်စီစီကြည့်နေမိသည်။ယခုဆို ပိုင်ရှောင်ယွဲ့၏ နက်မှောင်သော ခရမ်းရောင်ဆံပင်များသည် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်အထိ ရှည်လျားလာခဲ့သည်။


ပြေး!


ယခုတစ်ကြိမ်မှာတော့ စုဝမ်က လျင်မြန်စွာ တုံ့ပြန်ပြီး ချီမူကို ဆွဲခေါ်ကာ လှည့်ထွက်ပြေးလိုက်သည် ။


ချီမူသည် ပုံမှန်ဆိုလျှင် တောထဲတွင် ခက်ခဲကြမ်းတမ်းစွာနေထိုင်ရသည်ကိုနှစ်သက်၍ မကြာခဏ အပြင်ထွက်လေ့ရှိတာကြောင့် သူ၏ ကာယကြံ့ခိုင်မှုသည် အလွန်ကောင်းမွန်သည်။  သို့သော် စုဝမ်မှာလည်း သူ့ထက်မလျော့သော သက်လုံအား ရှိနေလေသည်။အချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက်လုံး ရူးသွပ်သွားသလို ပြေးလွှားပြီးမှ အရှိန်ကို ထိန်းနိုင်ခဲ့သည်။


 "နောက်ဆုံးတော့ ဘယ်လိုဖြစ်တာလဲ"


ပြေးနေစဉ်၊ ချီမူသည် မောဟိုက်နေသံဖြင့် အော်မေးလာ၏။ 


"ဖန့်ထျန်းထျန်းနဲ့ ပိုင်ရှောင်ယွဲ့တို့ကို သရဲတစ္ဆေများ ဝင်ပူးထားတာလား" 


မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားသော ကိစ္စတို့ကြောင့် ချီမူ သူ့ဦးရေပြားတစ်ခုလုံး ထုံကျင်ယားယံနေသလို ခံစားလိုက်ရ။


စုဝမ်ကတော့ ဘာမှပြန်မဖြေသလို နောက်ကိုလည်း လှည့်မကြည့်ချေ။တစ်လမ်းလုံးပြေးလာကြသည်မှာ အရိပ်မည်းတစ်ခုက သူတို့အနီးကို ရောက်လာသည်အထိပင်။  တောကြီးထဲတွင် လရောင်မရှိသလို ကြယ်များလည်းမရှိပေ။ သူတို့ကိုဝန်းရံထားသည်မှာလည်း အနက်ရောင်အမှောင်ထုသာရှိကာ သူမတို့နှစ်ဦး၏ မောဟိုက်နေသံများလည်း ရှိပေသည်။


ထိုအမည်းရိပ်သည် လရောင်မှိန်ဖျော့ဖျော့အောက်ရှိ သစ်ပင်ရှေ့၌ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသည်။  နက်မှောင်သော ခရမ်းရောင်ဆံပင်များက မှောင်မိုက်သည့်ညချမ်းချိန်ခါတွင် ယိမ်းနွဲ့ ကခုန်ကာ အနက်ရောင်သွေးများကလည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စွန်းထင်းနေသည်။


 သူတို့ရှေ့က ထိုအရိပ်ကြီးသည် ပိုင်ရှောင်ယွဲ့ မဟုတ်တော့ဘဲ ရူးသွပ်စွာ ကခုန်နေသော ဆံပင်များရှိသည့် မျက်နှာမဲ့ အမျိုးသမီး တစ္ဆေဖြစ်သည်။


ထိုတစ္ဆေအမျိုးသမီးသည် စုဝမ်နှင့် ချီမူတို့၏ မနီးမဝေးတွင် တည်ငြိမ်စွာ ရပ်နေ၏။ ထိုထူးဆန်းသောဆံပင်များက လူနှစ်ယောက် မျက်နှာချင်းဆိုင်ထားသလိုမျိုး ပြင်းထန်စွာ တွန့်လိမ် ကခုန်နေသည်။


 တုန်လှုပ်ဖွယ်ရာအတိပြီးသော အခိုက်အတန့်သည် ရုတ်တရက်ရောက်လာသော်လည်း စုဝမ် သတိအပြည့်ရှိနေသည်။ လူတစ်ယောက်၏ဘဝအဆုံးသတ်ကို အဆုံးအဖြတ်ပေးမည့် ဟန်ချက်ညီလျက်ရှိသော အခိုက်အတန့်တွင် သူမက အနားရှိ ချီမူကို "ကျွန်မက သူများဆီမှာ အကြွေးတင်နေရတာကို... မကြိုက်ဘူး...."


သူမ စကားမဆုံးသေးခင် စုဝမ် ရုတ်တရက် မျက်လုံးပွင့်လာတော့၏။ နံနက်ခင်းလေနုအေးက အနည်းငယ်အေးစက်လာသလိုရှိသည်။ သူမ အနားမှာလည်း ညကဖိုထားခဲ့သော မီးပုံကြီးက မီးမသေသေးချေ။


ရာသီဥတုက အေးပြီး စိုထိုင်းနေသဖြင့် သူမ ခန္ဓာကိုယ်ကို အလိုလိုကွေးထားမိတော့သည်။အငြိမ်မနေသော သူမကြောင့် အိပ်နေခဲ့သော ဖန့်ထျန်းထျန်းလည်း နိုးလာလေသည်။


 "မင်္ဂလာမနက်ခင်းပါ"


ဖန့်ထျန်းထျန်း ယခုထိ အသိစိတ်ကပ်ဟန်မတူသေး။မနက်အိပ်ရာနိုးစဖြစ်၍ ကြောင်စီစီဖြစ်နေသည်မှာမဆန်းပေ။သူမက ခြေနှင့်လက်များကို ချမ်းစိမ့်နေဟန်ဖြင့် ထိလိုက်ကာ ငြီးတွားလိုက်သည်။


 "အေး.... ငါတို့မှာ တဲတစ်လုံးရှိရင် ကောင်းမယ်"


ပြောနေရင်း သူမ၏ ဗိုက်က တဂွီဂွီအော်မြည်လာတော့သည်။ 


 "အာ၊ ငါနည်းနည်းဗိုက်ဆာလာပြီ...စုဝမ် နင် ဘာစားချင်လဲ ငါ့ကျောပိုးအိတ်ထဲမှာ ဘီစကွတ်တစ်ထုပ် ကျန်သေးတယ်"


 "စည်သွတ်ဘူး စားပါလား"


စုဝမ် မတ်တပ်ရပ်လိုက်ကာ မီးပုံကိုရှောင်၍ ချီမူ ဘေးတွင် ရပ်လိုက်သည်။ချီမူသည် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်။သူ့မျက်နှာက အနည်းငယ်ရှုံ့မဲ့နေသလိုရှိကာ မျက်လုံးများကိုလည်း တင်းတင်းမှိတ်ထားသည်။


စုဝမ်သည် ချီမူ၏ ကျောပိုးအိတ်ကိုဖွင့်ကာ စည်သွတ်ဘူးနှစ်လုံးကို ထုတ်ယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ စည်သွတ်ဘူး၏ အရသာအမျိုးအမည်နှင့် တံဆိပ်သည် အိပ်မက်ထဲကနှင့် အတူတူပင်။


 "ဝါး... စည်သွတ်ဘူးတွေရှိတာလား....အစ်ကိုချီက တကယ်ကို အားလုံးပြင်ဆင်ထားပြီးသားပဲ‌၊သူ့ကြည့်ရတာ တောထဲမှာခုလိုတွေ တစ်ယောက်တည် ခရီးထွက်နေတယ်ထင်ပါရဲ့၊အယ်၊ ပြောရင်းဆိုရင်း ကြည့်စမ်း..."


ဖန့်ထျန်းထျန်း စကားပြောနေရင်းရုတ်တရက် စုဝမ်ကို စိုက်ကြည့်လိုက်သည်။ 


"စုဝမ်၊နင် သူ့ကျောပိုးအိတ်ထဲမှာ စည်သွတ်ဘူးတွေ ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ"


"ငါ မတော်တဆတွေ့လိုက်တာပါ"


စုဝမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။  ဖန့်ထျန်းထျန်း စုဝမ်ကိုကြည့်ပြီးနောက် အိပ်ပျော်နေသော ချီမူအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမတစ်ယောက်တည်း တစ်စုံတစ်ခုကို တိုးတိုးပြောပြီးနောက် စုဝမ် ပေးထားသည့် စည်သွတ်ဘူးကို ဖွင့်ရန် အတင်းကြိုးစားနေတော့သည်။


သူမတို့နှစ်ယောက် မနက်စာ စားပြီးခါနီးတွင် ချီမူသည်  ချွေးများစိုရွှဲ၍ အိပ်နေရာမှ ရုတ်တရက် ထထိုင်လိုက်သည်။


 "နိုးပြီလား"


ချီမူ၏ မောဟိုက်နေသော အသက်ရှူသံကို အာရုံမစိုက်မိသော စုဝမ်က ချက်ချင်း မေးခွန်းတစ်ခုမေးလိုက်သည်။


ချီမူ တစ်ချက်တွန့်ကနဲဖြစ်သွားပြီး စုဝမ်ကို စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်နေ၏။ ထို့နောက် သူက ဖန့်ထျန်းထျန်းအား ပို၍ ရှုပ်ထွေးသော အကြည့်တို့ဖြင့် ကြည့်နေလေတော့သည်။


🚩

အိုပီရေ ပိုပြီးတော့ နက်နဲလာပြီ 

ဆက်ဖတ်ကြဦးစို့ 😁

Report Page