Chapter 20

Chapter 20


🚩Ch 20

Arc - 2.4 နဝမမြောက်အိပ်မက်ဆိုး


(ရှေ့မှာကြုံခဲ့တာက အိပ်မက်လားပဲ )


အိပ်နေသော စုဝမ်ကို မွှေးကြိုင်သော ရနံ့တစ်ခုက ဖမ်းစားလိုက်သည်။သူမ မျက်စိဖွင့်ပြီး တစ်ချက် အခြေအနေကိုကြည့်လိုက်ရာ ချီမူသည် ယုန်သားကင်ရင်း အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။


ဖန့်ထျန်းထျန်းသည် အပူအပင်မရှိစွာ သူမကိုမှီထား၍ အေးအေးဆေးဆေး အိပ်ပျော်နေဆဲဖြစ်သည်။


 "နိုးလာပြီလား"


စုဝမ်၏ လှုပ်ရှားသံကို သတိထားမိသလိုပင် ချီမူက သူမအား ကြည့်လာသည်။နေရောင်ခြည်သည် သစ်ပင်၏အကိုင်းအခက်များနှင့် သစ်ရွက်များကိုဖြတ်၍ သူ့ကိုယ်ပေါ်မှာ ဖြာကျနေသောကြောင့် သူ့ပုံစံက ပို၍ချောမောသွားစေသည်။ သူ ပြုံးနေပုံက နွေဦးရာသီ၏ အေးမြလန်းဆန်းသော နေခြည်နွေးနွေးလေးလို ရင်ကိုနွေးစေ၏။


စုဝမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲက သစ်ကိုင်းပေါ်သို့ အကြည့်ရောက်သွားရသည်။


 "ဒါကို လုပ်တတ်တယ်လား၊ တောထဲမှာတောင် အသားရအောင်ရှာတတ်တာ တော်လိုက်တာ"


 ချမ်းသာသော မိသားစု၏ အကြီးဆုံးသား၊ ရာထူးကြီးမြင့်ပြီး သက်သောင့်သက်သာနေထိုင်သည့်  သူဌေးတစ်ဦးက ယခုလိုမျိုး တတ်ကျွမ်းနေခြင်းဖြစ်၍ အံ့အားသင့်ဖွယ်ကောင်းသည်။ 


ချီမူ၏မျက်လုံးများသည် ရှုပ်ထွေးသွားဟန်ရှိပြီး မကြာခင် သူ့မျက်နှာထက်ဝယ် ဘာမှမထူးခြားသော အပြုံးတစ်ခု ပေါ်လာသည်။


"မီးဖိုချောင်ထဲမှာ လက်စွမ်းမပြနိုင်ရင် ခုခေတ်ကြီးမှာ ယူဖို့မိန်းမ သိပ်ကိုရှားသွားပြီလေ၊ အခုခေတ်က ယောက်ျားလေးတစ်ယောက် ထမင်းမချက်တတ်ရင် ခင်ပွန်းကောင်းလို့ မယူဆကြဘူး!"


ပြောနေရင်းနှင့် သူက လတ်လတ်ဆတ်ဆတ်ကင်ထားသည့် အသားတစ်ပိုင်းကို ဖဲ့ပြီး သူမရှေ့မှာ ကိုင်ပြလိုက်ရင်း  "lady first လေ၊စိတ်ချပါ... ကိုယ် လက်ဆေးပြီးပါပြီ!"


စုဝမ် ကင်ထားသော အသားကိုယူကာ ဖြည်းညှင်းစွာစားလိုက်သည်။ နောက်ဆုံးတွင် ဖန့်ထျန်းထျန်းလည်း အကင်၏ မွှေးရနံ့ကြောင့် နိုးလာသည်။သို့နှင့် သုံးယောက်သား ဗိုက်မပြည့်မချင်း စားသောက်ပြီး ဘာဆက်လုပ်ရမလဲဆိုသည်ကို ဆွေးနွေးကြ၏။


ချီမူ သယ်လာသည့် ခရီးဆောင်အိတ်က အတော်ကြီးသည်။ ပြင်ပအသုံးပြုရန် ပစ္စည်းများနှင့် ရေဘူးအချို့လည်းပါဝင်သည်။ စောင့်နေရင်း ငတ်မသေနိုင်သော်လည်း ပင်ပန်းလာနိုင်သည်။နောက်ဆုံးတော့ သုံးယောက်သား ဆက်လျှောက်ဖို့ ဆုံးဖြတ်ပြီး သွားရမည့် လမ်းကြောင်းကို အစီအစဉ်ပြုလုပ်ကြ၏။တခြားလူများကို ရှာမတွေ့လျှင်တောင် အနည်းဆုံးတော့ ဤတောအုပ်ထဲက ထွက်ပေါက်ကို ရှာချင်ကြသည်။


တစ်နေကုန် လုပ်စရာအလုပ်မရှိ၍ စုဝမ် အတော်ငြီး​ငွေ့လာ​ရသည်။ သို့သော်လည်း ညမိုးချုပ်လာသောအခါ၊ကမ္ဘာသစ်တစ်ခုကိုတွေ့လိုက်သလိုမျိုး ဖန့်ထျန်းထျန်းက တစ်ဖက်ကို မျက်နှာမူရင်း ထအော်တော့သည်။


 "စုဝမ်၊ စုဝမ်၊ မြန်မြန်ကြည့်၊ဟိုမှာ အိမ်တစ်အိမ်ရှိတယ်"


 အိမ်လား...


စုဝမ် နှင့် ချီမူတို့ တစ်ပြိုင်တည်း တစ်ဖက်သို့ကြည့်လိုက်ကြသည်။ ဟုတ်ပေ၏၊သစ်ပင်ရိပ်အောက်မှာ ဝါးအိမ်တစ်လုံးရှိနေသည်။


 ဝါးအိမ် ......


စုဝမ်၏ မျက်နှာက တစ်မျိုး ပြောင်းလဲသွားပြန်သည်။ သူမ၏မှတ်ဉာဏ်ထဲတွင်၊ အိပ်မက်ကမ္ဘာ၏ပထမအလွှာသည် ဤကဲ့သို့လုံးဝမဟုတ်ပေ။ ဝါးအိမ်လည်း မပါလာချေ။သူမ တုံ့ဆိုင်းနေချိန်မှာပင် အဝေးက တောအုပ်ကြီးမှ ဝါးအိမ်လေးသည် မီးရောင်များ ထိန်ထိန်လင်းလာတော့သည်။


 "ဘယ်သူလဲ၊ စုဝမ် နဲ့ ဖန့်ထျန်းထျန်းလား"


ယောက်ျားတစ်ယောက်၏ အသံကို သူတို့ကြားလိုက်ရသည်။ ထိုသူ၏အသံကိုကြားသော် ဖန့်ထျန်းထျန်း မျက်လုံးများက တောက်ပလာပြီး "ချင်လု.. ချင်လုလား...ကျွန်မတို့ဒီမှာ..."


ချင်လုသည် ရိကျစ်ရွှမ်၏ အခန်းဖော်ဖြစ်ပြီး ဖန့်ထျန်းထျန်း တစ်ဖက်သတ်ကြိုက်နေသူလည်း ဖြစ်သည်။


ဖန့်ထျန်းထျန်း အသံဆုံးသွားပြီး သိပ်မကြာခင်မှာပဲ တောအုပ်ထဲက ခြေသံများကြားရသည်။ထို့နောက်တွင်၊ ချင်လု၏ အရပ်ရှည်သော ရုပ်သွင်သည် သူတို့သုံးယောက်ရှေ့တွင် ပေါ်လာသည်။သူသည် လက်ထဲမှာ ဓာတ်မီးတစ်ချောင်းကိုင်ထားပြီး အလာတုန်းက ဝတ်ထားသည့် အနက်ရောင် အားကစားဝတ်စုံကို ၀တ်ထားဆဲပင်။


ချင်လုသည် သူတို့သုံးယောက်ကိုမြင်သောအခါ အလွန်စိတ်သက်သာရာရသွားပုံရသည်။


"မင်းတို့သုံးယောက် နောက်ဆုံးတော့ လာပြီပဲ"


စုဝမ် ခေတ္တရပ်လိုက်သည်၊ ချီမူလည်း မျက်ခုံးအနည်းငယ် တွန့်ကွေးသွား၏။  ဖန့်ထျန်းထျန်း တစ်ယောက်တည်းသာ သိပ်ချစ်ရသူအား မြင်လိုက်ရသလို ပျော်ရွှင်ဟန်ဖြင့် တစ်ချက်ဟက်ကနဲရယ်မောလိုက်၏။သူမ တစ်နေ့လုံးကြုံခဲ့ရသော ကြောက်စရာအဖြစ်အပျက်တို့ မရှိတော့သလိုပင် ဝမ်းသာနေတော့၏။ 


 "အထဲကိုလာလေ၊ အားလုံး ဒီမှာရှိတယ်"


ချင်လုက ထိုသို့ပြောပြီး ဓာတ်မီးကိုကိုင်ကာ ဝါးအိမ်ဆီသို့ လှည့်ကြည့်လိုက်သည်။ ဖန့်ထျန်းထျန်းကလည်း သူ့နောက်ကို လိုက်သွားသည်။


စုဝမ် မသိစိတ်ထဲက သတိပေးချက်ကြောင့် ခြေလှမ်းတို့လေးလံနေရသည်။ချီမူလည်း ခြေလှမ်းနေသွားသည်က ‌သိသာသည်။ 


 "တကယ်ကို ထူးဆန်းတယ်လို့ မထင်ဘူးလား"


ချီမူက သူမ နားကို ကပ်ပြီး တီးတိုးပြောသည်။ သူက သူမထက် အရပ်ပိုမြင့်တာကြောင့် ခေါင်းငုံ့ထား၍ ပြောနေသည်။ သူသည် ကိုယ်ကို ဖြည်းညှင်းစွာ ငုံ့လာတာကြောင့် သူ၏ ပူနွေးသော အသက်ရှုသံများက စုဝမ် နားထဲတွင် ရစ်ဝဲနေသည်။


စုဝမ် အနေရခက်သော အကွာအဝေးကို မကြိုက်သော်လည်း ယခုအချိန်တွင် မူမမှန်သည့်ကိစ္စကို တွေ့နေရချိန်ဖြစ်၍ ဘာမှမပြောနေတော့ပေ။


ယခုအချိန်၌ လေးယောက်သား ဝါးအိမ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။စုဝမ်သည် ရှေ့ရှိ ဝါးအိမ်လေးအား အသေအချာကြည့်လိုက်သည်။အိမ်သည် သုံးထပ်ရှိပြီး အချိန်အတော်ကြာက တည်ဆောက်ထားပုံရကာ၊အတိတ်ကလို ခံစားချက်မျိုးရနေသည်။ 


 "ကျစ်ရွှမ်၊ ယွီဖုန်း....ဒီမှာ ချီမူတို့ လာပြီ!"


 တံခါးဝသို့ ရောက်သည်နှင့် တပြိုင်နက် ချင်လုသည် အတွင်းဘက်ဆီသို့ ကျယ်လောင်စွာ အော်လိုက်သည်။  


"ကျွီ.…. ဘုန်း"


အသံနှင့်အတူ ဝါးတံခါးပေါက် ပွင့်လာပြီး မီးခိုးရောင် တီရှပ်နှင့် အပြာရောင် ဂျင်းဘောင်းဘီ ၀တ်ထားသည့် လူငယ်တစ်ယောက်က အပေါက်ဝတွင် ရပ်နေကာ စုဝမ်ကို စိုက်ကြည့်နေသည်။


ရိကျစ်ရွှမ်...


စုဝမ် သည်လည်း ရိကျစ်ရွှမ်ကို ကြည့်နေသည်။ ရိကျစ်ရွှမ်၏ရုပ်သွင်သည် မတ်မားတည်ကြည်ပြီး ခန့်ညားမှုအပြည့်ရှိသည်။တောင်ပေါ်မှာ မွေးဖွားလာသည့်အတွက် သူ့အသားအရည်က လုံးဝဖြူစင်ခြင်းမရှိဘဲ ကျန်းမာရေးနှင့်ညီညွတ်သည့် ဂျုံနှစ်ရောင်ဖြစ်နေသည်။ဖက်ရှင်ကျပြီး ချောမောပြေပြစ်သော မျက်နှာသွင်ပြင်နှင့် တွဲစပ်ထားသည့် သူ့ပုံစံသည် မူရင်းပိုင်ရှင်၏ နှလုံးသားကိုတော့ လှုပ်ခတ်သွားစေနိုင်၏။


ဒါပေမယ့် ကံမကောင်းစွာဘဲ......


 "မင်းတို့အားလုံး ပြန်ရောက်ပြီမို့ မြန်မြန်ဝင်ကြလေ"


အဆုံးမှာတော့ ရိကျစ်ရွှမ်က တခြားခံစားချက်များ မရှိတော့သည့် ခပ်ဩဩအသံဖြင့်ပြောလာသည်။ 


တံခါးဘေးတွင်ရှိသော ချမ်ယွီဖုန်းသည် ဘေးသို့ရွှေ့သွားပြီး ချီမူကို တတိတ်တိတ်လေး နှုတ်ခမ်းမဲ့ပြလိုက်သည်။ ရိကျစ်ရွှမ် နှင့် စုဝမ် လမ်းခွဲခဲ့သည်မှာ တစ်နှစ်ခွဲကျော်ရှိနေပြီဖြစ်သည်။သူတို့နှစ်ယောက်လုံးက Single များဖြစ်နေကြသော်ငြား ပြန်တွဲဖို့ အလားအလာမရှိချေ။


စုဝမ် တစ်နေရာတည်းမှာရပ်နေဆဲဖြစ်ပြီး မလှုပ်ပေ။ ချီမူကလည်း မလှုပ်သေး။


ဖန့်ထျန်းထျန်းကသာ ချင်လု နောက်ကို လိုက်သွားသည်။သူမက တံခါးဆီသို့ လျှောက်သွားပြီး နောက်ပြန်လှည့်ကာ စုမ်ကို ကြည့်လိုက်ရင်း


 "နင်တို့အားလုံး ဘာလို့ မဝင်ကြတာလဲ"


ပြောနေရင်း သူမ၏ ခြေထောက်က ဝါးအိမ်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။


 "ပြန်လာခဲ့"


စုဝမ်သည် ဖန့်ထျန်းထျန်း၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဝါးအိမ်ဟာ ပုံမှန်မဟုတ်စွာ ကွဲအက်သွားပါတော့သည်။ နောက်ဆုံးတွင် အကန့်အသတ်မရှိသော အမည်းရောင်အပေါက်ကြီးဖြစ်သွား၏။


ချင်လု၊ ရိကျစ်ရွှမ်နှင့် ချမ်ယွီဖုန်းတို့သည် မျက်စိရှေ့တွင် အနက်ရောင် မြူခိုးများ ဖြစ်သွားကြသည်။ 


စုဝမ် ဖန့်ထျန်းထျန်း၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲဖြစ်သည်။ အနက်ရောင် မြူခိုးများက ခန္ဓာကိုယ်တစ်ဝက်လောက်ကို မျိုချခံ နေရသော ဖန့်ထျန်းထျန်း ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ထိုအခါ ဆိုးဆိုးရွားရွား ပျက်စီးနေသော သူမ မျက်နှာကိုတွေ့လိုက်ရ၏။  မျက်လုံးနှစ်လုံးစလုံးက မျက်အိမ်ထဲမှ ထွက်ကျလာပြီး ကြောက်စရာကောင်းသော မျက်နှာပေါ်တွင် အဆက်မပြတ် ရွေ့လျားနေသည်။


 နီရဲနေသော သူမ၏ နှုတ်ခမ်းများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးချင်းချင်းနီရဲလျက် ချွန်ထက်သော သွားဖြူဖြူများကလည်း အထင်းသား ပေါ်လွင်လျက်ရှိသည်။


 "စုဝမ်၊ ငါ အရမ်းသနားစရာကောင်းလောက်အောင် သေ‌ရတော့မယ်၊ ​​အရမ်းဝမ်းနည်းစရာကောင်းလောက်အောင် သေရတော့မယ်!"


တမုဟုတ်ချင်း ဖန့်ထျန်းထျန်း၏လက်သည် ချွန်ထက်သောအရိုးများအဖြစ်သို့ ရုတ်တရက်ပြောင်းသွားပြီး စုဝမ် နှလုံးသားကိုထိုးဖောက်ရန် ကြိုးစားလာလေသည်။


 "သတိထား"


ထိုစဉ် ချီမူက တစ်ဖက်မှ ရုတ်တရက် ခုန်ဝင်လာပြီး ဖန့်ထျန်းထျန်း၏လက်ကို အတင်းဆွဲခွာလိုက်သည်။ထို့နောက် သူက စုဝမ်ကိုဆွဲကာ နောက်ပြန်မလှည့်ဘဲ တောထဲသို့ ပြေးသွားခဲ့သည်။


 အနက်ရောင် မြူခိုးများက တောအုပ်ထဲတွင် တိတ်တဆိတ် ပျံ့လွင့်နေ။  သူတို့သွားလေရာလမ်းတိုင်း၌ သစ်ပင်များသည် အသက်ရှင်လာသလိုမျိုး အကိုင်းအခက်များဖြန့်ကျက်ကာ စုဝမ်နှင့် ချီမူကို တိုက်ခိုက်လာကြသည်။ ထူထဲချွန်ထက်သော အကိုင်းအခက်များသည် သူတို့ခြေဖဝါးအောက်မှလည်း ပေါက်ထွက်လာသည်။ 


စုဝမ် အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ သူမ တစ်ကိုယ်လုံးကို ချီမူက ပွေ့ဖက်ကာကွယ်ထား၏။ထိုအခါ ဓားနှင့်တူသော အကိုင်းအခက်များသည် ချီမူ၏ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းထိုးဖောက်ဝင်ရောက်သွားကာ သွေးများထွက်လာ၍ အပေါက်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ထိုအပေါ်မှ သွေးများသည် ချောင်းစီးသလိုမျိုး ဒလဟောစီးဆင်းနေသည်။ယခု စုဝမ်၏ အမြင်အာရုံမှာ အနီရောင်သွေးများသာ စိုးမိုးနေတော့၏။


 "ချီမူ...."


 အချိန်အတော်ကြာပြီးနောက် သူမ အသံပြန်ထွက်လာသည်။


ချီမူ၏မျက်နှာမှာ သွေးချင်းချင်းနီရဲနေသော်လည်း သူ့ပါးစပ်ထောင့်များက ပြုံးပြနေသေးသည်။


 "ဟီးရိုးက မိန်းမလှလေးကို ကယ်တင်ခဲ့ပေမယ့် အဲ့ဒါက ငါ့စတိုင်လ်မဟုတ်ဘူး......ဒါပေမယ့်..... မင်းရဲ့စကားက......"


သူ စကားမဆုံးခင် ထိုချွန်ထက်သော အကိုင်းအခက်များက ကောင်းကင်ကိုစိုးမိုးပြီး မြေကြီးထုထဲသို့ပါ ထိုးဖောက်သွားလေသည်။ချီမူ သူ့ကံကြမ္မာကို လက်ခံလိုက်သလိုပင် မျက်လုံးမှိတ်ထားလိုက်သည်။


ယခုအချိန်မှာ စုဝမ်၏ မျက်လုံးများကလည်း နီရဲနေသည်။သူမ ချီမူ၏ ရင်ခွင်ထဲတွင် နေရင်း လက်နှင့်ခြေများပါ မလှုပ်ရှားနိုင်တော့ချေ။သို့သော်လည်း  သူမဘာမှ မလုပ်နိုင်ဟု မဆိုလိုသေး။


 "ထတော့...."


သူမ သူ့ကို ရုတ်တရက် အော်လိုက်သည်။


 "ထတော့လို့ ကျွန်မ ပြော​နေတယ်​"


 မှောင်မဲနေသော တောအုပ်ထဲမှာ မီးများဝိုင်းနေအောင် လောင်ကျွမ်းနေပြီဖြစ်သည်။


 ညချမ်းလေက အရမ်းအေးပေမယ့်......


ချီမူသည် အိပ်ပျော်ရာမှ  ချွေးများနစ်ရွှဲနေအောင်ထွက်ကာ နိုးလာလျှင် သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည်။မြင်ကွင်းထဲ၌ စုဝမ် နှင့် ဖန့်ထျန်းထျန်း တို့သည် တစ်ယောက်ကိုတစ်ယောက် မှီထားကာ အသက်ရှုသံများကလည်း ပုံမှန် ထွက်ပေါ်နေသည်။


ဒါ အိပ်မက်လား......


ချီမူ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ချက်မှမရှိပေ။


အိပ်မက်ဆိုးတွေ မက်နေပုံပေါ်ပေမယ့် ..... အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိသလိုလို ဖြစ်ကာ ရှုပ်ထွေးနေရတာလေ...


အိပ်မက်တစ်ခုပဲလား?


သူ ယခုထိ ကြောက်ရွံ့နေသေးကာ အိပ်မပျော်နိုင်တော့ဘဲ ထင်းမီးပုံကိုသာ ကြောင်နန စိုက်ကြည့်နေမိ၏။သူ အတွေးလွန်နေခိုက် တစ်ဖက်မှ လူတစ်ယောက်၏ ခန္ဓာကိုယ်က မသိမသာ လှုပ်ရှားသွားသည်ကို သတိမထားမိလိုက်ပေ။ ထိုမိန်းကလေး၏ အသက်ရှုသံကလည်း ခဏတာ မူမမှန်ဖြစ်သွားသော်လည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားသည်။


 နောက်ဆုံးတော့ ဒါဟာ အိပ်မက်တစ်ခုပဲလား။ သူလည်းမသိသလို၊ သူမလည်း မသိနိုင်ချေ။


🚩

ဒါကလည်း နောက်ထပ် အိမ်မက်တစ်ခု 

ပုံစံက ထပ်ခါတလဲလဲ ကြုံရသလိုမျိုးပဲလား

နားလည်ပေမဲ့ မရှင်းပြတတ်ဘူး 🥲

Report Page