Chapter 19

Chapter 19


🚩Ch -19

Arc -2.3 နဝမမြောက်အိပ်မက်ဆိုး


ပထမအလွှာမှာ ဘယ်သူသေမည်ဆိုသည်ကို ကြိုသိထားသော်လည်း၊စုဝမ် နည်းနည်းလေးမှ ပေါ့ဆမနေရဲသေး။ ဤကမ္ဘာကြီးမှာ ဘာမဆိုဖြစ်သွားနိုင်သည်။သူမသည် ဇာတ်ကြောင်းကို ကြိုသိထား၍ အကျိုးရှိအောင် အသုံးချရမည်။ 


သူမတောင် အဲ့ဒီလိုလုပ်နိုင်ရင် တခြားသူတွေလည်း ဒီလိုပဲ လုပ်နိုင်မှာ မဟုတ်လား…


သူမ ချီမူကို သတိထားပြီး ခပ်ကွာကွာနေရပေမည်။သူ့ကိုကြည့်ပြီး သူမရင်ထဲမှာ မကောင်းသည့် ခံစားချက်များ ဖြစ်လာသည်။မူရင်းဇာတ်လမ်းတွင် သူသည် လူကိုးယောက်အနက်မှ ထက်ဝက်ခန့်ကို သေဆုံးစေခဲ့သော မျက်နှာနှစ်ဖက်ရှိသူ ဗီလိန်တစ်ဦးလည်းဖြစ်သည်။


 အိပ်မက်ကမ္ဘာ၏ ပဉ္စမအလွှာသို့ ရောက်ရှိလာသောအခါ အတွက်အချက်ကျွမ်းကျင်သော ချီမူသည် အိပ်မက်ကမ္ဘာအလွှာတိုင်းတွင် သတ်မှတ်ထားသောပုံစံတစ်ခုရှိကြောင်း တွေ့ရှိခဲ့သည်။အလွှာတစ်ခုစီတွင် သေမင်းခွဲတမ်းတစ်ခုစီ ရှိမည်ဖြစ်သည်။သေချာသည်က၊ တစ်လွှာမှာ လူတစ်ယောက် သေမည်ဖြစ်၏။


 အိပ်မက်ကမ္ဘာသည် အလွှာ 9 ခု ဖြစ်၍ နောက်ဆုံးအလွှာအထိ အသက်ရှင်နေထိုင်နိုင်သူမှာ တစ်ယောက်တည်းသာ ဖြစ်မည်။


ဤပုံစံက်ို သိပြီးကတည်းက ချီမူသည် သူ အသက်ရှင်ဖို့ တခြားသူများကို မရည်ရွယ်ဘဲ သို့မဟုတ် တမင်တကာ လှည့်ဖြားပြီး အနိုင်ယူပါတော့သည်။ အဆုံးမှာ သူ့အဖော်များကိုပင် သတ်ပစ်ခဲ့သည်။


သူ ရိကျစ်ရွှမ်ကို သတ်ဖို့ကြိုးစားနေချိန်မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့၏။ချီမူက သူ့ကိုသတ်တော့မည့် အချိန်မှာ ယီကျစ်ရွှမ်က အချိန်ကိုနောက်ပြန်ဆုတ်လိုက်ခြင်းပင်။နောက်ပိုင်းတွင် သူ ချီမူကို ထိန်းချုပ်နိုင်ခဲ့သည်။ 


ချီမူ သူမတို့ကို ဦးဆောင်ခေါ်သွားပြီး နောက်ဆုံးမှာ သုံးယောက်သား မြေကွက်လပ်တစ်ခုကို ရောက်သွားခဲ့သည်။မြေကွက်လပ်၏ အစွန်းရှိ ထင်းခြောက်ပုံကြီးကိုကြည့်ရင်း စုဝမ်သည် ချီမူအား သံသယစိတ်ဖြင့်ကြည့်လိုက်သည်။


 "အစ်ကိုချီ ဒါတွေကို ပြင်ထားတာလား"


ချီမူ ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ်လေ၊ငါ စောစောက တောအုပ်ထဲမှာ နောက်ထပ် လျှောက်ကြည့်တော့မယ့်အချိန်မှာ မင်းတို့နှစ်ယောက်လုံးဆီ လာခဲ့တာလေ၊အင်း ဒီထင်းတွေနဲ့ဆို လုံလောက်ပါတယ်"


စကားပြောနေရင်း ချီမူသည် ထိုင်ချလိုက်ပြီး သေသေသပ်သပ်ပင် သူ့အိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးကို ထုတ်လိုက်သည်။


အထင်ကြီးလောက်မည့် လှည့်ကွက်အချို့အား ပြနေသောအခါ စုဝမ်ကတော့ စိတ်အနှောင့်အယှက်မဖြစ်ဘဲ မျက်ကွယ်ပြုထားနိုင်သော်လည်း၊ခပ်အအ ဖန့်ထျန်းထျန်းသည် ချီမူကို ရှိခိုးမတတ် အထင်ကြီးသွားတော့သည်။သူမလို မိန်းကလေးမျိုးက အပေါ်ယံအသွင်အပြင်ကိုသုံး၍ အလွယ်တကူဆွဲဆောင်နိုင်သူပင်။


ခဏအကြာတွင် ချီမူသည် မီးတောက်အကြီးကြီးဖြစ်အောင် မွှေးနိုင်သွားသည်။ ညဘက်  မှောင်မိုက်နေချိန်တွင် လိမ္မော်ရောင် မီးတောက်က သူတို့အား နွေးထွေးစေသည်။ရင်ထဲမှာ အသီးသီးကိန်းအောင်းနေကြသည့် ကြောက်စိတ်များတောင် လွင့်ပါးသွားသလိုပင်။


ဖန့်ထျန်းထျန်း နှင့် စုဝမ်တို့သည် မီးပုံ၏တစ်ဖက်တွင် ထိုင်နေကြပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် မှီတွယ်ထားကြသည်။ ခဏအကြာတွင် ဖန့်ထျန်းထျန်း၏ ပုံမှန်အသက်ရှူသံထွက်လာပြီး အိပ်ပျော်သွားဟန်တူသည်။


စုဝမ် ပင်ပန်းနေသော်လည်း အိပ်ငိုက်ခြင်းမရှိချေ။ သို့သော်လည်း ချီမူသည် သူမနှင့် ဖန့်ထျန်းထျန်းတို့ကို မီးပုံ၏အခြားဘက်စွန်းမှ အေးအေးဆေးဆေး ကြည့်နေသည်ကိုမြင်၍ သူမ မျက်လုံးများကို  မှိတ်ထားလိုက်သည်။သိပ်မကြာခင် သူမလည်း အိပ်ပျော်သွားသည်။


သူမတို့နှစ်ယောက် အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသဖြင့် ချီမူသည် မီးတောက်ကို ခဏကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် သတိကြီးစွာထပြီး တောနက်ထဲသို့ လျှောက်သွားခဲ့သည်။


ချီမူ ပျောက်ကွယ်သွားပြီးနောက် စုဝမ်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အိပ်ထားခြင်းမရှိသလို တက်ကြွလန်းဆန်းစွာ နိုးထ,လာ၏။ 


အချိန်က အရမ်းနောက်ကျနေပြီ၊ ချီမူ တစ်ယောက်တည်း ဘာထွက်လုပ်နေတာလဲ.. သူမနဲ့ ဖန့်ထျန်းထျန်း မနိုးလာခင်အထိ သူဘာကြောင့် မစောင့်ရသလဲ…


သူမသည် ကျောပိုးအိတ်ရှိ ဇစ်ကိုဖွင့်လိုက်ပြီး စောစောက မျက်နှာ သုတ်ထားသော လက်သုတ်ပုဝါကို  ထုတ်လိုက်သည်။


 မျှော်လင့်ထားသလိုပင်.....


 ရှုံ့တွနေသော လက်သုတ်ပဝါကို စိုက်ကြည့်နေရင်း သူမ မျက်နှာပျက်သွား၏။


 "စုဝမ် နိုးပြီလား"


ချီမူ၏အသံသည် သူမ နောက်မှ ရုတ်တရက်ထွက်ပေါ်လာသည်။ သူမ ထိတ်လန့်ဟန်ဆောင်ကာ တွန့်ကြေနေသောလက်သုတ်ပုဝါကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မျက်နှာကလည်း ဖြူဖျော့လာပြီး နောက်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။


 "အစ်ကိုချီ လန့်လိုက်တာ၊ ဘာလို့ ကျွန်မတို့နောက်ကို ရောက်သွားတာလဲ"


ချီမူ၏မျက်နှာမှာ အနည်းငယ် အဆင်မပြေဖြစ်သွားသည်။


 "အဲဒါက....ငါ အိမ်သာသွားရင်း လမ်းပျောက်သွားတယ်၊ညရောက်ရင် ဒီနေရာက အဆင့်မြင့် ဝင်္ကပါ ဖြစ်သွားသလိုပဲ၊ ဒီနေရာကို တကယ်ကို ရှာမတွေ့ဘူး"


 "အို..တကယ်လား"


သူမ မျက်နှာကလည်း ရှက်ဝဲဝဲဖြစ်သွားကာ- "တကယ်တော့ ကျွန်မလည်း အိမ်သာသွားရဦးမယ်"


 "အာ...ဒါဆိုလည်း သိပ်အဝေးကြီး မသွားပါနဲ့... စိတ်ချပါ၊ငါ မင်းကို ချောင်းမကြည့်ပါဘူး"


ပြောပြီးနောက် သူသည် စောစောက အိပ်ရာဆီသို့ ပြန်သွားခဲ့သည်။စုဝမ် ရှက်နေမှာကို စိုးရွံ့နေသလိုမျိုး သူ့အင်္ကျီနှင့် သူ့ကိုယ်သူ ခြုံပြီး သူမကို ကျောပေးထားသည်။


စုဝမ်သည် သူမ၏ ကျောပိုးအိတ်ထဲမှ လက်ကိုင်ဖုန်းကို ရှာဖွေကာ ဓာတ်မီးအဖြစ် အသုံးပြုလိုက်သည်။ထို့နောက်နောက်မှ တောအုပ်ထဲသို့ လမ်းလျှောက်ထွက်လာခဲ့သည်။


 တောင်ပေါ်တောကြီးသည် ညဘက်တွင် ကြီးမားပြီး အနက်ရောင် မကောင်းဆိုးဝါးကောင်ကြီးလို ဖြစ်နေသည်။အချိန်မရွေး ပါးစပ်ဟ,ကာ သားကောင်ကိုချောင်းနေသော အကောင်ကြီးလိုပင်။တကယ်တမ်း စုဝမ်သည် အပေါ့သွားလိုခြင်းမဟုတ်ပေ၊ ချီမူကို သံသယမ၀င်စေချင်၍ အကြောင်းပြချက်ပေးလိုက်ခြင်းပင်။


တောအုပ်ထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမ ရပ်လိုက်ပြီး ဘေးနားရှိ ကျောက်တုံးပေါ်တွင် ထိုင်နေလိုက်သည်။ ထို့နောက် သူမသည် အဖြူရောင်အလင်းတန်းများ ထွက်နေသည့် ဖုန်းမျက်နှာပြင်ကို ကြည့်ရင်းအချိန်ကို တစ်ချက် ကြည့်လိုက်သည်။ မထင်မှတ်ပဲ၊ ည ၁၀း၅၀ ပြနေပြီး ဖုန်းဘက်ထရီမှာလည်း ဘားနှစ်ခု ကျန်နေပါသေး၏။


သူမ ဖုန်းဖန်သားပြင်ကို စိုက်ကြည့်နေချိန်မှာပင် ဖန်သားပြင်က ရုတ်တရက် ပြောင်းလဲသွားပြီး ဖုန်းမြည်သံအကျယ်ကြီး ကြားလိုက်ရသည်။သူမ လန့်ဖျပ်ပြီး ဖုန်းကို ပစ်ချလုနီးပါး ဖြစ်သွား၏။မြည်သံက ဆက်လက်၍ စူးရှနေဆဲပင်။


ဖန်သားပြင်ထက်မှာ ခေါ်ဆိုသူ၏အမည်ကို ပြသထားသည်။ ဖန်းရှုကျွင်း ဖြစ်၏။


ဖန်းရှုကျွင်း နှင့် ရိကျစ်ရွှမ်တို့သည် ယောက်ျားလေးအဆောင်၏ အခန်း 503 တွင် အတူနေကြသည်။စုဝမ်နှင့် ရိကျစ်ရွှမ်တို့ အဆက်အသွယ်ရှိခဲ့စဉ်က ဖန်းရှုကျွင်းနှင့် စကားစမြည်ပြောရင်း သူမဖုန်းနံပါတ်ကို သူ ရထားခြင်းဖြစ်သည်။


မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ ဖန်းရှုကျွင်းသည် အလုပ်မလုပ်ဘဲ ပျင်းရိနေသူဖြစ်သည်။ သာမန်နေ့များတွင် သူသည်  အိမ်မှာသာ အချိန်ဖြုန်းခြင်း၊အိပ်ခန်းထဲမှာ ဂိမ်းဆောခြင်း၊ချင်လုနှင့် အဖွဲ့ဖွဲ့ကာ အင်တာနက် ကော်ဖီဆိုင်တွင် တစ်ညတာ အိပ်စက်ခြင်း ဖြစ်သည်။


သူကလည်း နွေဦးရာသီ ခရီးစဉ်တွင် ပါဝင်သော လူ9ယောက်ထဲက တစ်ယောက်ဖြစ်၏။


စုဝမ်၏ အကြည့်များ တောက်ပလာသည်။ သူမ ဖုန်းမှာ လိုင်းမရှိိသေးသော်လည်း၊ ဖန်သားပြင်ပေါ်မှ မှိတ်တုတ်မှိတ်တုတ် ပေါ်လာသည့် နံပါတ်ကြောင့် အခုဖြစ်ပျက်နေသည့်အဖြစ်များမှာ ထင်ယောင်ထင်မှားမဟုတ်ကြောင်း ပြောပြနေပေသည်။


 "ဝေ့....ဖန်းရှုကျွင်း"


တုံ့ဆိုင်းနေရန် အချိန်မရှိသဖြင့် သူမ ချက်ချင်းဖုန်းကိုင်လိုက်သည်။


 "ရှားရှား... ရှားရှား...."


ဖုန်းလက်ခံသူထံမှ ထူးထူးခြားခြား အသံပလံများ ထွက်ပေါ်လာတာကြောင့် စုဝမ် ကျောပင်တောင့်သွားရ၏။ 


 "ဖန်းရှုကျွင်း လားဟင်"


သူမ ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နောက်တစ်ကြိမ် ထပ်မေးမိ၏။


"နဝမ......နဝမ......နဝမ......"


ဖုန်းလက်ခံသူထံမှ ကြမ်းတမ်းသော အမျိုးသားအသံတစ်ခု ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။ ဖန်းရှုကျွင်း၏အသံဟုတ်မဟုတ်ကိုပင် သူမ မဆုံးဖြတ်နိုင်ချေ။


 "နဝမ ဆိုတာဘာလဲ"


 "မုန့်......မုန့်.....အား..."


 ဖုန်းမှ ထွက်လာသော အသံသည် ထူးဆန်းပြီး ကြက်သီးမွေးညှင်းများ  ထလာစေသည်။


စုဝမ် ဖုန်းကို ကိုင်ထားဆဲဖြစ်သော်လည်း ဖန်းရှုကျွင်း၏အသက်ရှူသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူမခံစားခဲ့ရသည်။


 ဒူဒူ တူ......


 ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားပြီး သူမ ဖုန်းကို စိုက်ကြည့်နေသည်။ချက်ချင်း ဖုန်းဖန်သားပြင်တစ်ခုလုံးသည် ယခင်ပုံစံအတိုင်း ပြောင်းလဲသွားခဲ့သည်။ ဖုန်းတိုင်လည်း မရှိတော့။ဖုန်းဘက်ထရီမှာ ဘားနှစ်ခုရှိနေကာ အချိန်ကလည်း 10:50 သာ ရှိသေးသည်။


🚩

Report Page