Chapter 18

Chapter 18


🚩Ch 18

Arc 2.2 နဝမမြောက် အိပ်မက်ဆိုး


ဤကမ္ဘာသည် နေရာတိုင်းတွင် ထိတ်လန့်ဖွယ်ကောင်းပြီး အမျိုးသားများသည် နတ်ဆိုးများကို အနိုင်ယူကာ နောက်ဆုံးတွင် မိန်းမလှလေးတစ်ယောက်ကိုသာ အနိုင်ယူရမည့် ဇာတ်လမ်းအမျိုးအစားဖြစ်သည်။


ဤကမ္ဘာကြီးမှာ အချိန်ကို နောက်ပြန်လှည့်နိုင်သည့် ရွှေလက်ချောင်းအားပိုင်ဆိုင်ထားသူ ရိကျစ်ရွှမ် ကသာ အချိန်တိုင်းလိုလို အိပ်မက်ကမ္ဘာကနေ လွတ်မြောက်သွားလိမ့်မည်။ထို့ကြောင့် ဌာနက ပန်းပွင့်လေး မုန့်ထင်ယောင်က သူ့ကို မျက်စိကျသွားမည်ဖြစ်သည်။


ရိကျစ်ရွှမ်၏ရည်းစားဟောင်းအနေဖြင့် စုဝမ်သည် ဤကမ္ဘာပေါ်တွင် အမြောက်စာ တစ်ယောက်မျှသာဖြစ်သည်။


မည်သူမဆို အလှအပကိုနှစ်သက်ကြသည်။ကားပေါ်က လူကိုးယောက်အနက် အလှဆုံးမှာ မုန့်ထင်ယောင် ဖြစ်သည်။ ဇာတ်လမ်းအစက ရိကျစ်ရွှမ်၏အခန်းဖော် ချမ်ယွီဖုန်းက မုန့်ထင်ယောင်ကို လိုက်ရန် နွေဦးရာသီ ပျော်ပွဲစားခရီးစဉ်အား ငွေအင်အား၊လူအင်အားသုံး၍ အခြားအတန်းဖော်များအား စည်းရုံးခဲ့သည်။ 


 အဆောင်နှစ်ခန်းစာဆိုလျှင် လူ8ယောက်သာ လိုက်ပါမည်ဖြစ်သော်လည်း ချမ်ယွီဖုန်းသည် ယာဉ်မောင်းမကျွမ်းသလို၊အခြားသူများမှာလည်း ယာဉ်မောင်းလိုင်စင်မရှိသောကြောင့် သူ၏ငယ်သူငယ်ချင်း ချီမူအား ကားမောင်းပေးရန် တောင်းဆိုခဲ့သည်။


ချီမူနှင့် ချမ်ယွီဖုန်းတို့နှစ်ဦးစလုံးသည် ချမ်းသာသောမိသားစုမှ ဆင်းသက်လာပြီး အတူတွဲလေ့ရှိကြသည်။ ချမ်ယွီဖုန်းသည် မိန်းကလေးများနှင့် အရောတဝင်နေလို၍ ဤခရီးကိုစီစဉ်မှန်းသိနေတာကြောင့် ချီမူကလည်း လိုက်ပါဖို့ သဘောတူခဲ့သည်။မုန့်ထင်ယောင်ကို မျက်စိနှင့်တပ်အပ်တွေ့ရပြီးနောက်၊ချီမူလည်း သူမကို လိုက်ဖို့ စိတ်ကူးခဲ့သည်။


 ချီမူသည် ချမ်ယွီဖုန်းထက် အသက်လေးနှစ်ပိုကြီးပြီး ယခု သူ့မိသားစု၏ ကုမ္ပဏီတွင် အလုပ်လုပ်နေသူဖြစ်သည်။ ကောလိပ်ကျောင်းသား တော်တော်များများနှင့် ယှဉ်လျှင် မိန်းကလေးတစ်ယောက် အထင်ကြီးလာအောင် ဘယ်လိုပြောဆိုဆက်ဆံရမှန်း သိသူပင်။


ချမ်ယွီဖုန်းက မုန့်ထင်ယောင်ကို တရင်းတနှီးပြောဆို၍ အနေနီးဖို့ကြိုးစားနေချိန်မှာ ချီမူသည် စုဝမ်နှင့် ပိုရင်းနှီးသွားသည်။ 


ဒီမိန်းကလေး လေးယောက်ထဲမှာ မုန့်ထင်ယောင်ပြီးရင် စုဝမ်ရဲ့အလှက ဒုတိယနေရာမှာ ရှိတယ်ဆိုတာ ချီမူ အစကတည်းက မသိဘဲ ဘယ်နေမှာလဲ...


ခရီးစဉ်အတွင်း စုဝမ်နှင့် ဖန့်ထျန်းထျန်းသည် ဒရိုင်ဘာခုံနောက်မှ ပထမအတန်းတွင် ထိုင်နေသောကြောင့် စုဝမ်နှင့် ချီမူတို့ စကားစမြည်ပြောဖြစ်ကြသည်။


ပထမဆုံး အိပ်မက်ကမ္ဘာထဲကို မ၀င်ရသေးမီ စုဝမ်နှင့် ဖန့်ထျန်းထျန်းတို့သည် တောအုပ်အလယ်မှာ ပိတ်မိနေခဲ့သည်။ သူတို့နှင့် ပထမဆုံးတွေ့သူက ချီမူပင်။ကြောက်စရာကောင်းသည့် အဖြစ်အပျက်တစ်ချို့ ဆက်တိုက်ကြုံလာရပြီး နောက်ဆုံးမှာတော့ သူတို့သုံးယောက်သည် တခြားသူများနှင့်ပါ တွေ့ဆုံခဲ့ကြသည်။သို့သော်လည်း အားလုံးစုပြီးနောက်မှ ထိတ်လန့်သည်းဖို အမှန်တရားတစ်ခုအား တွေ့ရတော့သည်။


 ပထမအိပ်မက်ကမ္ဘာတွင် လူတစ်ဦးသေဆုံးရမည်။


ဒုတိယအိပ်မက်ကမ္ဘာသို့ မရောက်မချင်း ရိုးရိုးလေး အိပ်မက်မက်နေသည်ဟု အားလုံး အစက ထင်နေကြသည်။  ကြောက်လန့်တကြားနှင့် ပထမဆုံးအိပ်မက်ကမ္ဘာမှ အတွေ့အကြုံများကို သူတို့တဖြည်းဖြည်းပြန်သတိရလာပြီးနောက်၊ သူတို့ကြားထဲမှာ ပုန်းခိုနေသော သေဆုံးပြီးသားသူကို ရှာဖို့ ခိုင်းစေခြင်းခံရလေသည်။


 "စုဝမ်၊ နင် ဘာဖြစ်သွားတာလဲ"


စုဝမ် အတွေးလွန်နေသည်ကို ဖန့်ထျန်းထျန်း မြင်လိုက်သည်။  သူရဲဘောကြောင်သော သူမသည် စုဝမ်၏ အင်္ကျီကို သတိကြီးကြီးထားပြီး ဆွဲကိုင်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။


 "ဘာမှ မဖြစ်ပါဘူး"


စုဝမ်၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေသော အကြည့်များ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။


ပထမဆုံး အိပ်မက်ကမ္ဘာမှာ သေဆုံးသွားသူက သူရဲဘောကြောင်သည့် ဖန့်ထျန်းထျန်းဖြစ်ပြီး  ဒုတိယသေဆုံးသွားသူမှာ သူမကိုယ်တိုင်ပင်။


 တကယ်တမ်းတွင်၊ အချိန်ကို နောက်ပြန်လှည့်နိုင်စွမ်းရှိသည့် ရိကျစ်ရွှမ်သည် စုဝမ်ကို ကယ်တင်ဖို့ အခွင့်အရေးရခဲ့သော်လည်း တုံ့ဆိုင်းနေတာကြောင့် သူမ သေဆုံးသွားခဲ့ရ၏။  သို့နှင့် ဒုတိယအိပ်မက်ကမ္ဘာသည် သူမသေဆုံးသွားသဖြင့် တိုက်ရိုက်အဆုံးသတ်ပြီး ပျောက်ကွယ်သွားသည်။


 "လမ်းလျှောက်ကြရအောင်၊ အချိန်ကလည်း မှောင်လာပြီ၊မမှောင်ခင်မှာ အားလုံးနဲ့ အမြန်ဆုံသင့်တယ်"


 သူမနှင့် ကံကြမ္မာတူညီသူ ဖန့်ထျန်းထျန်းကို အလွန်နူးညံ့သိမ်မွေ့စွာ ပြောဆိုမိ၏။ သူမ စကားကိုကြားလျှင် ဖန့်ထျန်းထျန်းသည် ခေါင်းကို တဆတ်ဆတ်ညိတ်ပြပြီး သူမ နောက်မှ ချက်ချင်း လိုက်လာခဲ့သည်။


 မူလက အပန်းဖြေရန် လာကြသောကြောင့် သူမတို့ နှစ်ယောက်လုံး အားကစားဖိနပ်များ ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် တော်ထဲတောင်ထဲမှာ အပြေးအလွှားသွားရသည်က သူမတို့အတွက် သိပ်မခက်ခဲချေ။


နေကိုကြည့်၍ အရပ်မျက်နှာကို အကြမ်းဖျင်း ခန့်မှန်းကာ စုဝမ်သည် ဖန့်ထျန်းထျန်းနှင့်အတူ မြောက်ဘက်သို့သွားကြသည်။


 ဇာတ်လမ်း၏ ဤအပိုင်းကို မူရင်းကမ္ဘာမှာ သေသေချာချာ မဖော်ပြထားပေ။သာမာန်သာရေးထား၏။


ဟုတ်တယ်လေ၊အမြောက်စာနှစ်ကောင်၏ စွန့်စားခန်းတွေကို ဘယ်သူက အချိန်ပေးပြီး ဂရုစိုက်မလဲ..


ထို့ကြောင့် စုဝမ် လှုပ်ရှားမှုတိုင်းကို အထူးသတိထားသည်။သူမ၏ အတွေးအရ ပထမအိပ်မက်ကမ္ဘာတွင် ဖန့်ထျန်းထျန်းသည် ဤအချိန်ကာလအတွင်း အသတ်ခံရဖွယ်ရှိသည်။ယခုလည်း သူမတို့နှစ်ဦးသာရှိနေသောကြောင့် အန္တရာယ်ဖြစ်နိုင်ခြေ များ၏။


 ထို့အပြင်.....


သူမ နိုးလာသောအခါက ခေါင်းနောက်ဖက်မှာ နာကျင်နေပြီး တစ်ကိုယ်လုံးလည်း ဖုန်မှုန့်များ လူးနေခဲ့သည်ကို သတိရမိသည်။ ဖန့်ထျန်းထျန်း၏ ခန္ဓာကိုယ်ကမူ သူမနှင့် နှိုင်းယှဉ်ကြည့်လျှင် သန့်ရှင်းနေပြီး ခြစ်ရာ၊ အမာရွတ် တစ်ခုပင်မရှိ။


 အစကတည်းက ဖန့်ထျန်းထျန်း သေဆုံးသွားပြီလား။ဒါလည်း....ဖြစ်နိုင်ခြေရှိတယ်...


 သူ့ဘေးနားက ချစ်စရာကောင်းသည့် ကောင်မလေးသည် ခြေလက်များကောက်ကွေးပြီး သွေးများလူးနေသော သရဲတစ္ဆေ တစ်ကောင်ဟု စဉ်းစားလိုက်ရင်း စုဝမ် အလိုလိုကျောမတ်သွားမိသည်။ 


တဖြည်းဖြည်း နေဝင်သွားသောအခါ၊ စုဝမ်နှင့် ဖန့်ထျန်းထျန်းတို့၏ အထိတ်တလန့် အသက်ရှုသံများသာ တိတ်ဆိတ်သည့် တောင်တောထဲမှာ ပဲ့တင်ထပ်နေတော့၏။


 နှစ်ယောက်သား ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့ကြလဲ မသိ။  တောင်ပေါ်သစ်တောသည် အကန့်အသတ်မရှိသော ဝင်္ကပါတစ်ခုလို ဘယ်လောက်သွားသွား အဆုံးမသတ်တော့မည့်ပုံ ပေါက်လာသည်။


ကျောပိုးအိတ်ထဲမှာ ရေတစ်ဘူးသာ ကျန်တော့သည်။ တစ်ကိုယ်လုံး မောဟိုက်နာကျင်ပြီး လမ်းမလျှောက်နိုင်တော့သော ဖန့်ထျန်းထျန်းသည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်ကာ "စုဝမ်၊ ငါ လမ်းမလျှောက်နိုင်တော့ဘူး!"


ဖန့်ထျန်းထျန်း၏ ပျော့ညံ့သောအသံသည် စိတ်ပျက်အားငယ်စရာအရိပ်အမြွက်ပြနေသည်။ 


"စုဝမ်၊ ငါတို့သေတဲ့အထိ ဒီမှာပိတ်မိနေမှာတော့ မဟုတ်ဘူးမလား....ငါအရမ်းကြောက်တယ်"


 "အဲဒီလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောနဲ့"


စုဝမ် ခြေလှမ်းရပ်လိုက်ပြီး အိတ်ကပ်ထဲက ဖုန်းကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ နေ့ခင်း 2:48 ဖြစ်ပြီး ဖုန်းဘက်ထရီမှာလည်း ဘားနှစ်ခု ကျန်နေသေးသည်။သို့သော် ဖုန်းလိုင်းတိုင် မတွေ့ရသေး။


 "ထျန်းထျန်း ငါတို့ အရင်ဆုံး ဒီမှာပဲ ရပ်လိုက်ရအောင်..."


သူမ စကားမဆုံးသေးခင် အနက်ရောင် အရိပ်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး အနားသို့ ရုတ်တရက် ရောက်ရှိလာလေသည်။


 "အား..."


တစ်ဖက်မှာထိုင်နေသည့် ဖန့်ထျန်းထျန်း ကြောက်လန့်တကြားအော်လိုက်သည်။ထိုအော်သံကြောင့် စုဝမ် သတိတစ်ချက်ဝင်လာပြီး အနက်ရောင်အရိပ်ကို ပေါ့ပေါ့ပါးပါး ရှောင်လိုက်၏။


ချက်ချင်းပင် လေပြင်းတိုက်ခတ်သံနှင့်အတူ အနက်ရောင်အရိပ်သည် လျင်မြန်စွာ ပြေးထွက်သွားသည်။


 "စုဝမ် အဆင်​​ပြေရဲ့လား"


ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော ဖန့်ထျန်းထျန်းသည် စုဝမ် နံဘေးသို့ ချက်ချင်းပြေးလာလေသည်။


 "ငါ အဆင်ပြေပါတယ်"


စုဝမ် သတိဝင်လာကာ လက်ကို မြှောက်လိုက်ပြီး မျက်နှာကို အသာအယာပွတ်သပ်ရင်း မျက်မှောင်ကြုတ်ထားလိုက်သည်။ 


 "အာ... နင် သွေးထွက်နေတယ်!"


ဖန့်ထျန်းထျန်းသည် သူမ၏မျက်နှာတွင် နီရဲနေသည့် သွေးကွက်များ ရှိနေသည်ကို သဘောပေါက်လိုက်သည်။


 "အဲ့ဒီ မကောင်းဆိုးဝါးက နင့်ကို ကိုက်လိုက်တာလား၊ စုဝမ် နင်တကယ်အဆင်ပြေလား...အဲ့ဒီကောင်က အဆိပ်ရှိသလား"


 အမ် ..


ထိုစဉ် အသံတစ်ခုအား သူမတို့ကြားလိုက်ရသည်။


 "ဒီမှာ ဘယ်က နတ်ဆိုး ရှိနိုင်မလဲ၊ စောစောက ပျံထွက်သွားတာ လင်းနို့ပါ၊သူ့မျက်နှာပေါ်က ဒဏ်ရာက လင်းနို့ကနေ ခြစ်မိနေတာ ဖြစ်နိုင်တယ်"


 ညနေ နေဝင်ချိန်၏ နီညိုရောင်သည် သစ်ပင်အကိုင်းအခက်များပေါ်ကို ထူထပ်စွာ ဖုံးလွှမ်းနေပြီဖြစ်သည်။  ထူထဲနက်မှောင်သော တောအုပ်အလယ်တွင်၊ သွယ်လျပြီး ဖြောင့်စင်းသော ကိုယ်နေဟန်ထားတစ်ခုသည် သူမတို့ မြင်ကွင်းထဲတွင် တစိမ့်စိမ့် ပေါ်လာသည်။


ချီမူသည် ရုပ်ရည် ချောမောလွန်းတာမဟုတ်သော်လည်း စမတ်ကျသူဖြစ်သည်။ လိုက်ဖက်သော ပေါ့ပေါ့ပါးပါး ၀တ်စုံနှင့် အပြုံးတစ်ခုကြောင့် သူ့ကိုကြည့်ပြီး အားကိုးချင်စိတ်ဖြစ်လာစေသည်။ 


 "အစ်ကိုချီ"


ချီမူကိုမြင်သော် ဖန့်ထျန်းထျန်း၏ လေသံက ပြောင်းသွားလေသည်။သူမတို့ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သက်ရှိလူသားတစ်ဦးကို တွေ့လိုက်ရသည်ဖြစ်၍ အားကိုးတကြီးဖြစ်နေမိသည်မှာ မဆန်းပေ။


ချီမူသည် ပြုံး၍ သူမတို့ဆီသို့ ပြေးလာသည်။  


 "မင်းတို့ ဘယ်လိုဖြစ်ပြီး အခုလို ဖြစ်နေကြတာလဲ"


သူ့လေသံက ပျော့ပြောင်းမနေသော်လည်း ဂရုတစိုက်ဟန်တို့ ခိုတွဲနေ၏။


 မိန်းကလေးများရှေ့မှာဖြစ်၍ ချီမူ ယခုလို ပြောရုံကလွဲ၍ ရွေးချယ်စရာမရှိချေ။သူကတော့ မိန်းကလေးများအား အထင်ကြီးအောင်လုပ်သည့်နေရာမှာ‌ အထူးကျွမ်းကျင်လှပေ၏။


 "မင်း အရေပြားက ကွဲနေတော့ နည်းနည်းကြည့်ရဆိုးတယ်" 


စုဝမ် သတိထားမိသွားပြီး သူမ မျက်နှာပေါ်ရှိ သွေးများသုတ်ရန် ပုဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။ သုတ်ပြီးနောက် သွေးစွန်းနေသည့် ပုဝါကို လွှင့်ပစ်ဖို့ကြံသော်လည်း ချီတုံချတုံဖြစ်ပြီး သူမနှင့်အတူ အမြဲဆောင်ထားသော အိတ်သေးသေးလေးထဲကို ပုဝါအား အေးအေးဆေးဆေး ထည့်လိုက်၏။


ချီမူ စုဝမ်ကို ဘာမှမပြောဘဲ တိတ်တဆိတ်ကြည့်နေသည်။ သူမ လုပ်ရပ်ကိုမြင်ပြီးနောက် သူ့အကြည့်က  အနည်းငယ် တောက်ပလာပြီး နောက်မကြာမီ သူ့အမူအရာက ဘာမှမထူးခြားသည့် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။


 "လမ်းမှာ တခြားလူတွေနဲ့လည်း မတွေ့ခဲ့ဘူး.... အခု မင်းတို့နှစ်ယောက်ကို တွေ့ရတာ အရမ်းကောင်းတယ်၊ ငါတို့ သုံးယောက်တူတူသွားကြရအောင်၊ကျန်တဲ့ လူတွေကိုလည်း လိုက်ရှာကြစို့၊သူတို့လည်း ဒီတောထဲမှာ ရှိနေမယ်ထင်တယ်"


 "အင်း..."


ချီမူ ၏အကြံပြုချက်ကို ကြားလျှင် ဖန့်ထျန်းထျန်း ချက်ချင်း ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ အနည်းငယ် တုံ့ဆိုင်းသွားသည်။


"ဒီတောက အရမ်းနက်တယ်၊သူတို့ကို ဘယ်လိုရှာရမှာလဲ"


"ငါ လာတုန်းက ဒီမနီးမဝေးက အနောက်မြောက်ဘက်မှာ ကွက်လပ်တစ်ခု တွေ့ခဲ့တယ်၊အခုက မှောင်နေပြီ‌ဆိုတော့ အဲဒီနေရာကို သွားပြီး မီးထွန်းရမယ်၊အနီးအနားက သူများတွေလည်း မီးမြင်ရင်၊ ငါတို့ဆီကို ရောက်လာမှာပဲလေ" 


 "အစ်ကိုချီက အရမ်းတော်တာပဲ!"


ချီမူ စကားကို ဖန့်ထျန်းထျန်း သဘောကျစွာတုံ့ပြန်လိုက်သည်။ဘေးက စုဝမ်ကမူ ဘာမှမပြောသေးပေ။ 


မီးထွန်းမယ် ဆိုပါလား။မီးထွန်းတာက လုပ်သင့်တဲ့ အလုပ်ဆိုတာ သေချာရဲ့လား၊မီးထွန်းရင် ငါတို့ သေခြင်းတရားကို တည့်တည့်ရင်ဆိုင်ရမှာတော့ မဟုတ်ပါဘူးနော်...


🚩

Report Page