Chapter 17

Chapter 17


🚩Ch -17

Arc -2.1 နဝမမြောက်အိပ်မက်ဆိုး 


ဂိုဒေါင်ထဲမှာရောက်နေသည့် စုဝမ် မျက်လုံးဖွင့်ကြည့်လိုက်ရင်း ချက်ချင်းမထသေးဘဲ မသိစိတ်မှ ပုခုံးများကိုအသာအယာ ပွတ်သပ်လိုက်သည်။


 အရမ်းနာတာပဲ...


သူမ ထွက်လာစဥ်က စုရွေ့၏ မျက်နှာအမူအရာသည် ရူးသွပ်လုနီးပါးဖြစ်နေသည်ကို ယခုထိ ထင်ရှားစွာမှတ်မိနေသေးသည်။သူမသာ အမြန်ထွက်မသွာားနိုင်ပါက၊ စုရွေ့ကြောင့် သူမ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးကြေရမည်မှာသေချာသည်။ယခုလည်း သူမသည် မူလခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသော်ငြား စိတ်ထဲမှတစ်ဆင့် နာကျင်မှုကို ခံစားနေရဆဲဖြစ်သည်။


စုဝမ် မတ်တပ်ထရပ်ပြီး နာကျင်မှုကို စိတ်ထဲမှာ သိုဝှက်ထားလိုက်၏။တစ်ချိန်တည်းမှာပင်၊ သူမသည် ထိုကမ္ဘာကြီးကို ကျော်လွန်နိုင်ပြီဖြစ်ကြောင်းနှင့် ထိုကမ္ဘာရှိလူများသည် သူမနှင့် အဆက်အစပ်မရှိတော့ကြောင်း စိတ်ထဲမှ အဖန်ဖန် သတိပေးနေလိုက်သည်။ 


နှစ်များကြာလာသည်နှင့်အမျှ သူမသည် ပုံစံမျိုးမျိုး ခံစားချက်မျိုးမျိုးဖြင့် အိပ်ရာမှနိုးထလာခဲ့တာကြောင့် သူမ နှလုံးသားမှာလည်း ထုံကျင်လာခဲ့ပြီဖြစ်သည်။ သူမသည် မည်သည့်ကမ္ဘာတွင်မျှ အချိန်အကြာကြီးနေရမည်မဟုတ်မှန်း သိထားသောကြောင့် ထိုကမ္ဘာများထဲက ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ခံစားချက်မရှိသင့်ပေ။


အချစ်၊ ခင်မင်မှု၊ သံယောဇဉ်၊မေတ္တာ စသည်တို့နှင့် ပတ်သက်ပြီး  သူမကတော့ အချိန်ကုန်ပြီး အကျိုးမရှိသောအရာများဟုသာ မှတ်ယူထားသည်။ 


သူမ ကိုယ်ပိုင်နေအိမ်သို့ ပြန်ရောက်သောအခါ သက်တောင့်သက်သာ ရေချိုးပြီး အဝတ်အစားလဲလိုက်၏။ ထို့နောက် သူမနှင့် မထိတွေ့ရသည်မှာ ကြာပြီဖြစ်သော ကုတင်ကြီးပေါ်တွင် လှဲလျောင်းနေခဲ့သည်။တကယ်တမ်းမှာ ဤကမ္ဘာရှိအချိန်နှင့်  မစ်ရှင်ကမ္ဘာတစ်ခုစီ၏ အချိန်က မတူ‌ညီပါချေ။ဥပမာဆိုရလျှင် သူမ မဟာရှမင်းဆက်တွင် လအနည်းငယ်ကြာအောင် နေထိုင်ခဲ့သော်လည်း ဤနေရာ၌ဖြတ်သန်းခဲ့သောအချိန်ပမာဏသည် တစ်ရက်တည်းသာ ကုန်သွားခြင်းဖြစ်သည်။


လုံလောက်စွာအနားယူပြီးနောက် သူမ၏လက်ရှိရမှတ်ကိုကြည့်ရန် လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးကိရိယာကို စစ်ဆေးကြည့်သည်။ 123,400 မှတ်....


စုဆောင်းထားသော အမှတ်များသည် ဆက်လက်တက်လှမ်းရမည့် အခြေခံအုတ်မြစ်အမှတ်များဖြစ်သည်။ ဌာနတစ်ခုချင်းစီ၏ အဆင့်အတန်းကို စုဆောင်းရရှိသော စုစုပေါင်းရမှတ်များပေါ်တွင် မူတည်၍ ဆုံးဖြတ်ကြသည်။အဆိုပါအမှတ်များကို အလုပ်တာဝန်များတွင် မစ်ရှင်ပြီးမြောက်ရန်အတွက် လိုအပ်သည့်အရာအားလုံးကို ဝယ်ယူဖို့အတွက်လည်း ငွေကြေးအဖြစ် အသုံးပြုနိုင်သည်။


ယခုတစ်ကြိမ်တွင် စုဝမ်သည်  အမှတ် 10,000 စုဆောင်းနိုင်ခဲ့သည်။ သူမ လိုအပ်သည့်ပစ္စည်းအချို့၏ စျေးနှုန်းကို တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ချက်ချင်းပင် အမှတ် 10,000 စုဆောင်းထားသောကြောင့် ပျော်နေသော အပျော်လေးတို့ ပျောက်ကွယ်သွားရ၏။ယခု သူမ၏ အမှတ်များဖြင့်ဆိုပါက သူမလိုချင်သော အရာများကို ဝယ်ရန် မလုံလောက်ပါချေ။


နောက်ထပ် အမှတ်များများရရန် သူမ ပို၍ ကြိုးစားအားထုတ်ရန် လိုအပ်နေသည်။


 ဤကဲ့သို့တွေးကာ စုဝမ်သည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ဖျက်ဆီးရေး ဌာနချုပ်ကို ဖွင့်ပြီး အသစ်ပြန်လည်ပြင်ဆင်ထားသော အလုပ်များစာရင်းကို ကြည့်လိုက်သည်။ စာရင်းထဲရှိ "ရည်းစားဟောင်း" တက်ဂ်နှင့်ပတ်သက်သည့် အလုပ်အားလုံးကို သူမ တစ်ချက်စစ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် အမှတ်အများဆုံးရသော အလုပ်တစ်ခုကို ရွေးချယ်လိုက်သည်။


 နဝမမြောက် အိပ်မက်ဆိုး....


 "ဒါကို ငါယူမယ်"


ရွေးချယ်ထားသောတာဝန်ကို နှိပ်ပြီးနောက် နဝမမြောက်အိပ်မက်ဆိုးနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို သူမ၏ ဆက်သွယ်ရေးကိရိယာထံ ပေးပို့လာခဲ့သည်။


' နံပါတ် 003 ကို အောင်မြင်စွာ လက်ခံရရှိသွားပါပြီ၊ ကျေးဇူးပြုပြီး နှစ်နာရီအတွင်း တာဝန်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်လိုက်ပါ...'


စုဝမ် တာဝန်ကိုအောင်မြင်စွာလက်ခံရရှိပြီးကာနီးတွင်၊ နဝမမြောက်အိပ်မက်ဆိုးမစ်ရှင်သည် ဇာတ်ကြောင်းဖျက်ဆီးရေးဌာနချုပ်မှ တစ်ကီလိုမီတာသာကွာဝေးသော ဇာတ်ကြောင်းပြန်လည်ပြုပြင်ရေး၏ HQ တွင်ပေါ်လာခဲ့သည်။


*****


နဝမမြောက် အိပ်မက်ဆိုး... အိပ်မက်ဆိုးကမ္ဘာတစ်ခု


ဇာတ်လမ်းက သာမာန်ကောလိပ်ကျောင်းသား ရိကျစ်ရွှမ် နှင့် စတင်ခဲ့လေ၏။


ရိကျစ်ရွှမ် သည် ဝတ်စားဆင်ယင်တတ်ပြီး ချောမောပြေပြစ်သော်လည်း သူ့အိမ်ခြေအနေက သာမန်ပင်။သူ့ချစ်သူနှင့် ချစ်သူသက်တမ်း တစ်နှစ်ကြာ တွဲခဲ့ပြီးနောက် သဘောထားချင်းမတိုက်ဆိုင်၍ လမ်းခွဲခဲ့ကြ၏။


သူတို့နှစ်ဦး လမ်းခွဲပြီးနောက် ရိကျစ်ရွှမ် အပြင်းအထန် အသည်းကွဲခဲ့ရသည်။ ကျိုးကြောင်းဆီလျော်မှု ပျောက်ဆုံးနေသည့် အခြေအနေတွင် သူ့ရည်းစားအတွက် ရည်စူးပြီးဝယ်ခဲ့သော ကျောက်စိမ်းဆွဲသီးကို တစ်စစီ လုပ်ပစ်ခဲ့သည်။ သို့သော် သူ့လက်ချောင်းနှင့် မတော်တဆ ခြစ်မိပြီး ကျောက်စိမ်းဆွဲသီးမှာ သွေးများပေကျံကုန်၏။ ထို့နောက် ထိုမှော်ကျောက်စိမ်းဆွဲသီးသည် သူ့အရေပြားထဲတွင် မထင်မှတ်ပဲ ထိုးစိုက်တွယ်ကပ်သွားသည်။ 


ထိုအချိန်မှစပြီး ရိကျစ်ရွှမ်သည် အချိန်ရီးသွားနိုင်ခဲ့သည်။အစပိုင်းမှာ ၁၀ စက္ကန့်သာ အချိန်ခရီးသွားနိုင်သော်လည်း၊ဤသည်ကပင် အတော်အံ့ဩစရာကောင်းနေပေပြီ။


ထိုစွမ်းအားကိုရရှိပြီးနောက် ရိကျစ်ရွှမ်သည် ကျောင်းတွင် သြဇာကြီးပြီး နာမည်ကျော်ကြားသူတစ်ဦးအဖြစ် ပြောင်းလဲလာခဲ့သည်။ ယခင်က လူမသိသူမသိ ကောင်လေးအဖြစ်မှ ယခုဆို ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်လာတော့သည်။


ရိကျစ်ရွှမ် ၏ရည်းစားဟောင်းသည် သူ ယခုလို ရုတ်တရက်နာမည်ကြီးလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ စိတ်ထဲမှာ နောင်တနည်းနည်းရမိသော်လည်း ပင်ကိုယ်အခံမာနစိတ်လေးကြောင့် စွန့်ပစ်ပြီးသားပစ္စည်းကို ပြန်ရယူဖို့ တွန့်ဆုတ်မိသည်။ 


သို့နှင့် နှစ်ဝက်ကျော်ကြာသွားခဲ့သည်။


ဌာနရှိ မိန်းမလှလေးများနှင့် ခင်မင်ရင်းနှီးစေရန်အတွက် ရိကျစ်ရွှမ်၏ အခန်းဖော်ဖြစ်သော ချမ်ယွီဖုန်း အမည်ရှိ ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးလေးသည် နွေဦးရာသီ ပျော်ပွဲစားခရီးလေးကို စီစဉ်ခဲ့သည်။သူတို့တစ်ဖွဲ့လုံး အားလုံး 9ယောက်ပါဝင်သည်။သူတို့ 9‌ ယောက်သည် ဘတ်စ်ကားစင်းလုံးငှားကာ မြို့ပြင်ရှိ သစ်တောဥယျာဉ်သို့ သွားကြသည်။ သို့သော် လမ်းတွင် ကြီးမားသော ယာဉ်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ကားတစ်ခုလုံး ပက်လက်လန်သွားရ၏။ဤနည်းအားဖြင့် သူတို့သည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ပြီး နဝမမြောက်အိပ်မက်ဆိုးကမ္ဘာသို့ ဝင်ရောက်လာကြသည်။


 အိပ်မက်ကမ္ဘာ၏ ပထမအလွှာတွင်၊ သူတို့သည် ကြောက်မက်ဖွယ် အတွေ့အကြုံများကို အတူတကွ ဖြတ်သန်းကြရပြီး နောက်ဆုံးတွင် ရှည်လျားထွေပြားသော အိပ်မက်ရှည်ကြီးတစ်ခုအား မက်ရသလိုမျိုး ပြန်လည်နိုးလာမည်ဖြစ်သည်။ 


 ဒါပေမယ့် တကယ်က အိပ်မက်တစ်ခုပဲလား။


 နွေဦးရာသီ ပျော်ပွဲစားခရီးသို့  သွားရာလမ်းသည် အဘယ်ကြောင့် အချိန်ကြာလာလေလေ ဦးတည်ရာနှင့် ပို၍ ဝေးကွာသွားသလို ဖြစ်ရမှန်း ဘယ်သူမှ မသိကြချေ။နှစ်နာရီခြားတိုင်း ဘတ်စ်ကားပေါ်ရှိလူများသည် သတိမထားမိဘဲ အိပ်ပျော်သွားကာ အိပ်မက်ကမ္ဘာ၏ နောက်ထပ်အလွှာတစ်ခုဆီသို့ ဝင်ရောက်လာကြမည်ဖြစ်သည်။


အိပ်မက်ကမ္ဘာ၏ ဒုတိယအလွှာတွင် သူတို့ကို လာပြောသော အသံတစ်ခုကို ကြားသည်။ထိုအကြောင်းမှာ လူကိုးဦးအနက်မှ တစ်ဦးသည် အိပ်မက်ကမ္ဘာ၏ ပထမအလွှာတွင် သေဆုံးသွားခဲ့ပြီး၊ယခုသူတို့8ဦး ရောက်ရှိသော ကမ္ဘာက ထိုကိုးယောက်မြောက်လူ၏ အိပ်မက်ဆိုးကမ္ဘာဖြစ်ကြောင်းဆိုတာပင်။ 


 အိပ်မက်ကမ္ဘာသည် အလွှာတစ်ခုပြီးတစ်ခု ဖြတ်ကျော်လာသည်။အိပ်မက်ကမ္ဘာရဲ့ ကိုးလွှာအထိ ဘယ်သူကများ အသက်ရှင်နိုင်မလဲ။ နောက်တစ်နေ့ နေထွက်လာတာကိုမြင်ဖို့ အရမ်းကြောက်ဖို့ကောင်းတဲ့ ကမ္ဘာအလွှာတွေကနေ ဘယ်သူက လွတ်မြောက်နိုင်မလဲ။


 …………


 "စုဝမ်! စုဝမ်!"


ပြတ်သားပြီး နားထောင်ကောင်းသော အသံတစ်ခုသည် ကြောက်ရွံ့မှု အရိပ်အမြွက်များခိုအောင်းနေကာ ဝေးလာလိုက်၊နီးလာလိုက်ဖြစ်နေ၏။ 


စုဝမ် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် ငယ်ရွယ်နုပျိုသော မိန်းကလေး၏ မျက်နှာတစ်ခုအား မြင်ရသည်။


"စုဝမ်၊ နင် နောက်ဆုံးတော့ နိုးလာပြီပဲ"


 ကောင်မလေးက စုဝမ် နိုးလာသည်ကို မြင်သောအခါ ချက်ချင်းပင် သူမကို အားတက်သရော ပွေ့ဖက်ထားလိုက်၏။ 


"နင် ငါ့ကို တကယ်လန့်အောင် လုပ်တာပဲ"


 "ထျန်းထျန်း...."


စုဝမ် ဇဝေဇဝါဟန်ဖြင့် ရှေ့ကလူကို ကြည့်လိုက်သည်။သူမရှေ့က ကောင်မလေးသည် အပြာရောင်အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာဝက်ဝံကျောပိုးအိတ်လေးကို  ကိုင်ထားသည်။သူမနာမည်က ဖန့်ထျန်းထျန်း ဖြစ်ပြီး နာမည်အတိုင်းလိုက်ဖက်စွာ ချော‌မောလှပေ၏။ 


ဖန့်ထျန်းထျန်းနှင့် စုဝမ်တို့သည် တက္ကသိုလ်အတန်းဖော်များဖြစ်ကြပြီး သူမတို့နှစ်ဦးစလုံးက အခန်း 503 တွင်နေထိုင်ကြသဖြင့် အခန်းဖော်လည်းဖြစ်သည်။


တက္ကသိုလ်အဆောင်၏ အခန်းတိုင်းတွင် လူလေးယောက်ရှိသည်။ အခန်း 503 တွင် နေထိုင်သူနှစ်ဦးမှာ ပိုင်ရှောင်ယွဲ့နှင့် မုန့်ထင်ယောင် ဟူ၍ ဖြစ်သည်။  ပိုင်ရှောင်ယွဲ့သည် အကျင့်ပုပ်ပြီး ဒေါသထွက်လွယ်သည်။မုန့်ထင်ယောင်က ဌာန၏ ပန်းပွင့်ဖြစ်နေချိန်မှာ သူမကတော့ လူကြိုက်မများသူ ဖြစ်ပေသည်။မုန့်ထင်ယောင်သည် လှပရုံသာမက ချမ်းသာသော မိသားစုမှ ဆင်းသက်လာကာ စာတော်သောထိပ်တန်း ကျောင်းသူတစ်ဦးလည်း ဖြစ်သည်။


 အတိုချုပ်ပြောရလျှင် မုန့်ထင်ယောင်သည် နာမည်ကြီးလွန်း၍ မိန်းကလေးများက မုန်းတီးခြင်းခံနေရသူပင်။ဤအခြေအနေမျိုးမှာ ဖန့်ထျန်းထျန်း နှင့် စုဝမ်တို့က အိပ်ဆောင်ထဲမှာ အချစ်ဆုံး ညီအစ်မများ ဖြစ်လာခဲ့သည်။


 "ထျန်းထျန်း ငါ......ဘာဖြစ်သွားတာလဲ...ငါတို့ ဘတ်စ်ကားစီးလာတာမဟုတ်ဘူးလား..."


စုဝမ်က ခေါင်းနောက်ကို ပွတ်သပ်ရင်း 


 "ငါလည်းမသိဘူး"


စုဝမ်၏စကားကိုကြားတော့ ဖန့်ထျန်းထျန်း၏ မျက်နှာသည် ပို၍ဖြူဖျော့သွားလေသည်။သူမသည် အမြဲတမ်းလိုလို သတ္တိကြောင်သူဖြစ်ပြီး စုဝမ်၏ နောက်လိုက်သာ ဖြစ်သည်။သူမက ကြောက်လန့်စွာဖြင့် ခပ်တိုးတိုးလေးပြောသည်။


 "စုဝမ်၊ ငါတို့တွေ အရမ်းဆိုးဝါးတဲ့ ဘေးအန္တရာယ်တစ်ခုခုများ ကြုံခဲ့သေးသလားဟင်...သိပ်မကြာသေးခင်က တောင်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတစ်ခု ကြုံခဲ့ရတာကို နင် မှတ်မိသေးတယ်မလား"


 အခင်းဖြစ်ပွားရာနေရာကို ဇလီဖာလမ်းခင်းတုံးများနှင့် အလွှာလိုက်ပိတ်ဆို့ထားပြီးဖြစ်သည်။ထို့အပြင်သော်လည်း အခင်းဖြစ်ပွားရာ နေရာနှင့်ဘတ်စ်ကားကြားသည် အလွန်ဝေးကွာသော်လည်း ဖန့်ထျန်းထျန်းမှာ မြေပြင်ပေါ်တွင် သွေးများစွာကိုတွေ့မြင်နေရဆဲဖြစ်၍ အလွန်ကြောက်လန့်သွားခဲ့သည်။


 "ထျန်းထျန်း လန့်မနေပါနဲ့...ငါတို့ ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေသွားမှာပါ စိတ်အေးအေးထား


စုဝမ် မျက်နှာလွှဲကာ မတ်တပ်ရပ်လိုက်ရာ သူမနှင့် ဖန့်ထျန်းထျန်းတို့သည် လှပသောရှုခင်းများရှိသည့် တောတောင်အလယ်တွင် ရှိနေသည်ကို သိလိုက်ရသည်။


 မူလပိုင်ရှင်၏ မှတ်ဉာဏ်ကိုပြန်သုံးသပ်ကြည့်လိုက်ပါက၊သူမသည် ဘတ်စ်ကားပေါ်မှာထိုင်ပြီး ဖန့်ထျန်းထျန်းနှင့် သီချင်းနားထောင်နေခဲ့တာဖြစ်သည်။သို့သော် ပြန်နိုးလာပြီးနောက်မှာတော့ ဤထူးဆန်းသည့်နေရာကို ရောက်လာခဲ့လေ၏။ သေချာသည်၊သူမတို့ နဝမမြောက် အိပ်မက်ဆိုးကမ္ဘာထဲကို ဝင်လာနေပြီဖြစ်၏။


စုဝမ် ရှေ့ကမြင်ကွင်းများအားလုံးကိုကြည့်ပြီး အိပ်မက်ဆိုးကမ္ဘာ၏ ပထမအလွှာမှာ ရှိနေမှန်းသိလိုက်သည်။ 


ဒီပထမအလွှာမှာ လူတစ်ယောက်သေလိမ့်မယ်၊ အဲဒီလူက.....ဘယ်သူများဖြစ်မလဲ


🚩

Report Page