Chapter 169

Chapter 169

Imperial Meow


Chapter 169

ချမ်းသာပြီး ကျော်ကြားသော။




သခင်ချန်က ကြောင်အသွားသည်။ သူကလှည့်ကြည့်လာပြီး မျက်မှောင်ကြုတ်ကာ သူမကိုဆူလာသည်။


“အားရုံ မင်းယောက်မကို မိခင်လိုဘဲလေးစားသင့်တယ်၊ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးပြောထွက်ရတာလဲ”


ချန်ရုံအကြည့်လွှဲသွားသည်ကို မြင်သောအခါ သူ့နှလုံးသားကနူးညံ့သွားပြီး သိမ်မွေ့စွာပြောလိုက်သည်။


“ မိန်းမငယ်လေးတစ်ယောက်က ဒီလိုမျိုးကိစ္စတွေကိုပြောတယ်ဆိုတာ အပြင်လူတွေကြားသွားရင် မင်းကိုအရိုအသေတန်ပြီး အမြော်အမြင်မရှိဘူးလို့ စွပ်စွဲကြလိမ့်မယ်၊ အားရုံ ယောက်မကြီးဆိုတာ မိခင်လိုဘဲလို့ ပညာရှိတွေဆိုခဲ့ဖူးတယ်။ မင်းကိုသားသမီးဝတ္တရားမကျေပွန်ဘူး၊ မဖြောင့်မတ်ဘူးဆိုပြီးတော့ လောကကြီးက ဝိုင်းပယ်ထားကြလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အခန်းထဲမှာငါတို့နှစ်ယောက်ဘဲရှိတာ ငါဘယ်သူ့ကိုမှလိုက်မပြောပြဘူးဆိုတာ စိတ်ချလို့ရတယ်”


“ဟုတ်ပါပြီ ကျွန်မမလုပ်ရဲပါဘူး”


ချန်ရုံက နူးညံ့စွာပြန်ဖြေလိုက်သည်။ သူမ၏အစ်ကိုက အနည်းငယ်ရှေးရိုးစွဲသည်ကိုသူမသိပေသည်။ ထို့ကြောင့် သူမ သူ့ကိုစကားပြောသောအခါ လူတိုင်းကိုစိတ်ထဲမှထုတ်ပစ်လိုက်သည်။


သူ၏ညီမက ဆိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ ချန်ချီက သက်ပြင်းချကာ ပြောလိုက်သည်။


“ အားရုံ မင်းရဲ့ယောက်မက မရိုးသားဘဲ စက်ဆုပ်ဖွယ်ကောင်းနေရင်တောင်မှ ငါ့အတွက် သားယောက်ျားလေးတစ်ယောက်မွေးပေးထားတယ်လေ၊ ပြီးတော့ဒီနှစ်တွေအတွင်းမှာ ငါသူ့ကိုအများကြီးခံစားစေခဲ့မိတယ်”


ချန်ရုံက သူ့ကိုအသိအမှတ်ပြုသလို အသံပြုလိုက်သည်။


မောင်နှမနှစ်ယောက်က နေဝင်ချိန်အထိစကားပြောနေလိုက်ကြပြီးနောက်မှ သူမအစ်ကိုက တွန့်ဆုတ်စွာအိမ်ပြန်သွားသည်။


ချန်ရုံ၏ခြံဝင်းထဲကထွက်လာပြီးနောက် ကျက်သရေရှိသောခြံဝင်း၏မြင်ကွင်းကိုလှည့်ကြည့်လိုက်ကာ သူ့ဘာသာတွေးလိုက်သည်။ သူ၏ခေါင်းမာကာ ရူးအသောညီမငယ်လေးက နှစ်အနည်းငယ်ကြာသွားပြီးနောက် အလွန်ကြီးပြင်းလာခဲ့သည်ကို ယုံကြည်ရန်ခက်ခဲပေသည်။ သူမဘာသာ တောင်ဘက်ကိုခရီးထွက်လာခဲ့ရုံသာမက ပညာရှိတစ်ယောက်နှင့်ပါ ရင်းနှီးနေပြီး ကျန့်ခန်းတွင် အိမ်တစ်လုံးကိုလည်း ဝယ်နိုင်ပေသည်။


သူ၏အတွေးနှင့် ပျော်ရွှင်စွာပြုံးလိုက်ကာ တစ်ဖက်လှည့်ပြီး အိမ်ကိုသွက်လက်စွာပြန်သွားလိုက်သည်။


သူ၏ ငါးစိမ်းသည်ကဲ့သို့ မိန်းမက ဆူပူကျိန်းမောင်းနေသည်ကို ကြားလိုက်ရသောအချိန်တွင် သူကအိမ်ထဲတောင်မဝင်ရသေးပေ။ ထို့ပြင် ဤဝေဖန်မှုကိုခံနေရသူမှာ သူမ မတိုင်ခင် အိမ်တော်ထဲဝင်လာခဲ့သော အိပ်ရာဖော်မှလွဲ၍ အခြားသူမရှိတော့ပေ။


အဆူခံရသောအချိန်တိုင်း ကြောက်လန့်တကြား နောက်ဆုတ်ကာ ခိုးငိုနေတတ်သည့် အားကုအကြောင်းတွေးလိုက်မိသောအခါ ချန်ချီက သက်ပြင်းချလိုက်မိကာ ရိုးရှင်းစွာပင် သူခြေလှမ်းများက တွန့်ဆုတ်သွားသည်။


အဆုံးတွင် ခြံဝင်းကတိတ်ဆိတ်လာသောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်လိုက်ပြီး အထဲသို့ဝင်သွားလိုက်သည်။


အားကုက အလုပ်များဖြင့် အလုပ်ရှုပ်နေသည်ကို သူမြင်လိုက်ရသည်။ မျက်ရည်စီးကြောင်းများက သူမမျက်နှာပေါ်တွင်ရှိနေဆဲဖြစ်သည်။ သူ၏ဇနီးက သူ့အိပ်ခန်းထဲတွင်ထိုင်နေကော သူမစိတ်ထဲတွင် ဘာတွေးနေသည်ကိုတော့ သူ မသေချာပေ။


သူက သူမဆီလျှောက်သွားလိုက်သည်။


သူဝင်လာရုံမျှသာရှိသေးသော်လည်း သူ့ဇနီးကဆူငေါက်လာလေသည်။


“ရှင်မကောင်းတဲ့ကောင်၊ အိမ်ပြန်လာရမယ်ဆိုဝာာတော့ သိသေးတယ်ပေါ့”


သခင်ချန်က လျင်မြန်စွာပင် ပြုံးပြလိုက်သည်။


“ ငါ အားရုံကိုသွားတွေ့တာ”


သူ့ဇနီးက သူ့ကိုစိုက်ကြည့်လာကာ ထပ်မံနားပူတော့မည်ကို မြင်လိုက်ရသောအခါ ထပ်ပေါင်းပြောလိုက်သည်။


“စိတ်ဝင်စားစရာကောင်းလောက်အောင်ကိုဘဲ ငါချန်ရုံရဲ့ခြံဝင်းထဲကိုဝင်ဝင်ချင်း ဟွမ်းအိမ်တော်ရဲ့ ကျိုးလန်က အိမ်ထဲကထွက်လာတာကို တွေ့လိုက်ရတယ်၊ ငါ့ညီမလေးက အံ့ဩစရာဘဲ၊ တောင်ဘက်ကိုကိုယ့်ဘာသာလာနိုင်ရုံသာမက ဒီလိုကျော်ကြားတဲ့ပညာရှင်တွေနဲ့လည်း ရင်းနှီးနေသေးတယ်”


သူ၏အသံတွင် ဂုဏ်ယူမှုများပြည့်နေသည်။


သူ၏ဇနီးက ဒီလိုအကြောင်းအရာမျိုးကိုနားထောင်ရတာကြိုက်သည်ကို သူသိပေသည်။ သေချာပေါက်ပင် သူမကထိုင်ခုံမှခုန်ထွက်လာပြီး မျက်လုံးပြူးကာ အံ့အားတကြီးအော်ပြောလာသည်။


“ဟွမ်းအိမ်တော်က တိုက်ရိုက်မျိုးဆက်က ချန်ရုံရဲ့အိမ်ကို အသွားအလာလုပ်နေတာလား”


“ဟုတ်တယ်”


ချန်ချီက ရယ်မောကာ စိတ်လှုပ်တရှားဆက်ပြောလာသည်။


“ ငါကိုယ်တိုင်တောင် လန့်သွားတာ၊ ငါကအားရုံကို သူ့ရဲ့အပျော်မယားလို့ထင်လိုက်မိသေးတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ သူက ချန်ရုံကိုသူငယ်ချင်းလိုပဲမြင်တာတဲ့ ဟားဟား အားရုံက အံ့ဩစရာဘဲ”


ရုတ်တရက်ပင် သခင်မချန်က သူမကိုယ်သူမရိုက်လိုက်သည်။


၎င်းက ပြင်းထန်သောရိုက်ချက်တစ်ခုဖြစ်သည်။ ချန်ချီက ဘာက သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုဖြစ်လာစေသည်ကို သတိရလိုက်သည်။ သူကချက်ချင်းပင် နောင်တများဖြင့် ပြည့်နှက်သွားလေသည်။ သူမက လောဘကြီးတဲ့ မိန်းမဆိုတာ ငါသိရဲ့သားနဲ့ ဘာလို့ပြောပြလိုက်မိတာလဲ။


သူကအမြဲတမ်းဒီလိုပင်ဖြစ်သည်။ သူကြုံခဲ့ရသော သတင်းကောင်းများကို သူ့ဇနီးအား မပြောပြဘဲ မနေနိုင်ပေ။ အကြောင်းမှာ သူကအမြဲတမ်းသူမပြုံးသည်ကို လိုချင်တာကြောင့်ဖြစ်နိုင်သလို၊ သို့မဟုတ် အေးအေးချမ်းချမ်းနေရမည့်နေ့တစ်နေ့နှင့် အလဲအလှယ်လုပ်ချင်သောကြောင့် ဖြစ်နိုင်ပေသည်။ သူကဤအရာကို လုပ်နေကျဖြစ်နေသောကြောင့် တစ်ခါတစ်လေတွင် သူ့ပါးစပ်ကိုသူ မထိန်းချုပ်နိုင်ပေ။


သခင်မချန်က ထရပ်လိုက်သည်။ သူမက သူမခင်ပွန်းလက်ကိုဆွဲပြီး စိတ်အားထက်သန်စွာမေးလိုက်သည်။


“ယောက်ျား ကျွန်မကိုပြောပြပါဦး၊ ရှင့်ညီမရဲ့ နေရာမှာဘာဖြစ်ခဲ့သေးလဲ၊ ဟွမ်းအိမ်တော်ရဲ့ ကျိုးလန်က ရှင့်ကိုစကားပြောလာလား။ အစေခံတွေကရော ဘယ်လိုလဲ၊ အခုလေးတင် ရှင်ခြံဝင်းအကြောင်းပြောလိုက်တာလားလို့၊ မြေယာဈေးတွင် အရမ်းမြင့်တဲ့ ကျန့်ခန်းလိုနေရာမှာ သူမက ဘယ်လိုလုပ်ပြီးအိမ်တစ်လုံးဝယ်နိုင်သွားတာလဲ”


သခင်ချန်က တွန့်ဆုတ်စွာဖြင့် သူမမေးခွန်းတစ်ခုချင်းစီကို ဖြေပေးလာသည်။


သူပြောပြသည်ကို ကြားလိုက်ရပြီးနောက် သူ့ဇနီးက သူ့လက်ကိုလွှတ်ကာ ထရပ်ပြီးအော်ပြောလိုက်သည်။


“အားကု၊ အားကု ကြက်မကိုယူလာခဲ့ ငါတို့တွေ ငါ့ညီမလေးအိမ်ကို အလည်သွားကြမယ်”


သို့သော် အပြင်ဘက်ရှိ ညကောင်းကင်ကို ကြည့်လိုက်ပြီးနောက် သူမဘာသာရေရွတ်လိုက်သည်။


“အခုက အရမ်းနောက်ကျနေပြီ မနက်ဖြန်မှဆိုရင် ပိုအဆင်ပြေလိမ့်မယ်”


သူမက အားကုကို စိတ်မရှည်စွာ စိုက်ကြည့်လိုက်ပြီး အော်လိုက်သည်။


“ နင်က ငါ့ကိုဘာလို့ကြည့်နေတာလဲ၊ အခုဘယ်အချိန်ရှိနေပြီလဲဆိုတာ မသိဘူးလား၊ နောက်ကျနေပြီ သွားပြီးတော့မီးမွှေးထားလိုက် ငါရေချိုးဖို့ စောင့်နေတုန်းဘဲ”


“ဟုတ်၊ ဟုတ်ကဲ့ပါ”


အားကုက ထပ်ခါတလဲလဲဖြေလိုက်ကာ ပြေးထွက်သွားသည်။


ဒီနေ့ညတွင် သခင်မချန်က ကောင်းကောင်းမအိပ်နိုင်ပေ။ သူမက သူမယောက်ျားကိုဆွဲကာ ချန်ရုံ၏အကြောင်းကို ထပ်ခါတလဲလဲမေးနေလိုက်သည်။ ဟိုလှည့်ဒီလှည့်ဖြင့် ကြွက်အချိန်(ညသန်းခေါင်)ရောက်သည်အထိဖြစ်ကာ ထို့နောက်တွင်မှအိပ်ပျော်သွားသည်။


နောက်တစ်နေ့မနက်စောစောအချိန်တွင် သခင်ချန်က သူ့မိန်းမအော်သံကြောင့်နိုးသွားလေသည်။


“ဒါတွေအားလုံးကို ငါတို့ကဘာအတွက်ယူသွားရမှာလဲ၊ ငါ့ယောက်မဆီကိုလည်ပတ်ဖို့ ဒီကြက်မနဲ့တင် လုံလောက်ပြီ”


ထို့နောက် သူမကဆက်ပြောလာ၏။

“သွားပြီးတော့ ငါ့အစ်ကိုတွေကိုခေါ်ခဲ့ အဲ့လိုမှဘဲ ငါတို့ကောင်မလေးဆီကို အလည်သွားနိုင်မှာ”



ချန်ချီက အိပ်ရာပေါ်မှထကာ မေးလိုက်သည်။


“ဘာလို့ မင်းအကိုတွေကိုခေါ်သွားမှာလဲ”


သူ့မိန်းမကလှည့်ပြီး စိုက်ကြည့်လာကာ သူ့ကိုဘဲတစ်ကောင်လို ဇက်ပုသွားစေပြီး ကျန်စကားလုံးများကို မြိုချစေလိုက်သည်။


ကြီးမားသောလူအုပ်ကြီး ချန်ရုံ၏အိမ်တော်သို့ရောက်လာချိန်တွင် နေတောင်ထွက်ကာစပင်ရှိသေးသည်။


သခင်မချန်က လှပသောအိမ်ရာကို မျက်လုံးပြူးများဖြင့် စိုက်ကြည့်လိုက်မိသည်။ ၎င်းကသေချာပေါက်ပင် သူမ၏အိမ်ထက်ပိုကောင်းပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကမျက်နှာပေါ်တွင် အပြုံးဆင်လိုက်ကာ အိမ်တံခါးဆီသို့ လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်သွားသည်။


ဤအချိန်တွင် သူမ၏ဗလတောင့်သော အစ်ကိုကြီးက ရှေ့သို့ထွက်လာပြီး တံခါးကိုရိုက်ကာ အော်လိုက်သည်။


“တံခါးဖွင့် တံခါးဖွင့်”


အလျင်မလိုသောခြေသံအတွဲလိုက်က တံခါးဆီသို့ဦးတည်လာသည်။


မကြာခင်မှာဘဲ လူကြီးတစ်ယောက်၏အသံထွက်လာသည်။


“ဘယ်သူလဲ”


သခင်မချန်က အလျင်အမြန်ပင်ရှေ့တိုးလာကာ ပြုံးပြီးဖြေလိုက်သည်။


“နင်တို့သခင်မလေးကို သူ့ယောက်မက လာတွေ့တယ်လို့အသိသွားပေးလိုက်၊ ငါ့ကို လာထွက်တွေ့ဖို့ ပြောလိုက်”


“ငါတို့သခင်မလေးရဲ့ ယောက်မတဲ့လား၊ ငါတို့သခင်မလေးက ဒီကျန့်ခန်းမှာ အစ်ကိုကြီးမရှိပါဘူး၊ ဘယ်လိုဖြစ်ပြီး သူမမှာယောက်မရှိမှာလဲ”


ထို့နောက် သူကပြောလာသည်ကိုကြားလိုက်သည်။

“သေချာနားထောင်ကြနော်၊ တကယ်လို့မသက်ဆိုင်တဲ့သူတွေက ဒီမှာ ပြသနာလာရှာရင် မင်းတို့က အဲ့ဒီလူတွေကို သေချာပေါက်မောင်းထုတ်ပစ်ရမယ်”


သခင်မချန်၏မျက်နှာက စိမ်းပြာလာသည်။ သူမကဒေါသဖြင့် တုန်ရီလာ၏။ သူမ၏မောင်ငယ်က ငေါ့တော့စွာမေးလာသည်။


“ဘာတွေဖြစ်နေတာလဲ၊ ငါက သူ့ကိုနင်ရဲ့ အသုံးမကျတဲ့ယောက်ျားရဲ့ ညီမလို့ထင်ထားတာ၊ ဘာလို့ငါတို့ကမသက်ဆိုင်ရမှာလဲ”


သခင်မချန်က သူ့ကိုပြန်မဖြေပေ။ ခနကြာသွားပြီးနောက် သူမကစတင်အော်ဟစ်လာလေသည်။


“ခွေးသူတောင်းစား၊ နင်ကများငါ့ကို ဒီလိုပုံစံနဲ့ စကားပြောရဲတယ်လား၊ နင်တို့သခင်မလေးကို သူ့ရဲ့အစ်ကိုကြီးဆိုတာ ဖခင်လိုဘဲဆိုတာ သွားပြောပြလိုက်၊ တာဝန်ဝတ္တရားကျေပွန်ရမယ်ဆိုတာ ဘာလဲသူသိသေးရဲ့လား၊ ဒီလောကကြီးမှာ မိသားစုမရှိဘဲနဲ့ နေလို့မရဘူးဆိုတာ သူ့ကိုသွားပြောပြလိုက်”


ဤအဆင့်တွင် သူမတွေးလိုက်မိသောအရာမှာ ဆဲဆိုလိုက်၍မဖြစ်ဟူ၍ဖြစ်သည်။


ဤအချိန်တွင် သူမ၏အစ်ကိုကြီးက အစားအော်ဟစ်လာသည်။


“ငါတို့တွေ စကားပြောတာရပ်လိုက်လို့ရမလား၊ ဒီတိုင်းတံခါးကိုဖျက်လိုက်မယ်၊ သူက သူ့ယောက်မကိုတောင် ပေးမဝင်ဘူး၊ ဒီလိုမိန်းမပေါ့မျိုးကို သင်ခန်းစာပေးမှရမယ်”


သခင်မချန်နှင့် သူမ၏လူရမ်းကားအစ်ကို၏ စူးရှသောအသံများက လူတိုင်း၏နားတွင် တဝီဝီမြည်လာစေပေသည်။ ချန်ရုံ၏ခြံဝင်းက တိတ်ဆိတ်နေဆဲဖြစ်သော်ငြား သူမ၏အိမ်နီးချင်းအိမ်တော်၏ ဘေးတံခါးမှ ကြီးမားသည့် အစောင့်အနည်းငယ်ထွက်လာလေသည်။ သူတို့က လူအုပ်ကိုစိုက်ကြည့်လိုက်ကာ အော်ပြောလာသည်။


“ဘယ်သူတွေ ဆူညံပူညံလာလုပ်နေတာလဲ‌”

သူတို့က ခါးတွင်ချိတ်ထားသည့် ဓားကိုကိုင်ရင်းမေးလာသည်။


သခင်မချန်နှင့် သူမအစ်ကိုကြီးတို့ ဦးညွှတ်ကာ ရူးကြောင်ကြောင်နှင့် ပြုံးပြလာစေရန် စကားတစ်ခွန်းနှင့် အကြည့်တစ်ချက်သာလိုလိုက်သည်။


“ကျွန်မတို့က ရှုပ်ရှုပ်ယှက်ယှက်လုပ်နေတာမဟုတ်ပါဘူး၊ တကယ်ဘဲ ကျွန်မတို့ရဲ့ဆွေမျိုးကိုလာတွေ့တာပါ”


သို့သော် ဤအစောင့်များက သူတို့လိုအဆင့်မှလူများနှင့် အဖက်လုပ်ပြီးအကျိုး‌ကြောင်းသင့်ပြနေမှာတဲ့လား။ အစောင့်များက ချက်ချင်းပင် စိမ်းစိမ်းဝါးဝါးကြည့်ကာ သူတို့ဆီသို့ပြေးလာကြသည်။ သူတို့ပြေးလာသည်နှင့် သူတို့၏ဓားအိမ်ထဲမှ ဓားသွားကိုဆွဲထုတ်လာကြသည်။ အစောင့်များ၏တူညီဝတ်စုံများက သူတို့သခင်အင်အားကိုဖော်ပြနေကာ လေအဝှေ့တွင် ခြိမ်းခြောက်နိုင်စွမ်းအပြည့်ဖြင့် တဖျတ်ဖျတ်လှုပ်ခပ်နေကြသည်။


သခင်မချန်က ထိတ်လန့်သွားသည်။


“ကျွန်မတို့သွားပါမယ်၊ ကျွန်မတို့သွားတော့မှာပါ”


သူမကအော်ပြောလိုက်သည်။

သူမကလက်ရမ်းပြလိုက်ကာ တစ်ခနအတွင်းတွင် လူစုက ရှုံးနိမ့်ကာ ပြန်ဆုတ်သွားကြသည်။


တံခါးကြားမှ ကြည့်နေလိုက်ပြီးနောက် အထိန်းတော်ဖျင်က ချန်ရုံ၏အခန်းသို့မသွားခင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။


“သူတို့တွေ သွားပြီ”


သူမ ဗျပ်စောင်းကြိုးကိုညှိနေသော ချန်ရုံကိုပြောပြလိုက်သည်။


“ကံကောင်းပြီး မမလေးကဉာဏ်ကောင်းနေလို့ပေါ့”


အကယ်၍ သူမသာထိုနေ့တုန်းက ပြတ်ပြတ်သားသားသံယောစဉ်မဖြတ်ခဲ့ပါက ဒီနေ့ဘယ်လိုဖြစ်နေမှာလဲ။ တွေးကြည့်လိုက်ရုံဖြင့်တင် မလွယ်ဘူးဟု သူမခံစားလိုက်မိသည်။





Report Page