Chapter 10

Chapter 10


🚩Ch -10

Arc - 1.10 မင်းသမီးအစားထိုးထိမ်းမြားလက်ထပ်ခြင်း 


ရာသီဥတုက ပိုအေးလာပြီး မျက်စိတစ်မှိတ်အတွင်း ဆောင်းရာသီသို့ ရောက်လာပေပြီ ။ 


အဖိုးအခကို ဂရုမစိုက်ဘဲ ကြင်နာစွာစောင့်ရှောက်ပေးသည့် သမားတော်စီး၏ ဂရုစိုက်မှုဖြင့် စုဝမ်၏ ကျန်းမာရေးက တဖြည်းဖြည်း ပြန်နာလန်ထူလာသည် ။ သူမက မကြာခဏဆိုသလို အရာရှိများကျင်းပသော ဧည့်ခံပွဲ၌ အထက်တန်းကျသော ပုံစံဖြင့် ပေါ်လာတတ်သည် ။ အစိုးရအရာရှိများအားလုံး နှင့် မြို့တော်ရှိ အငယ်တန်းအရာရှိများက ပထမဆုံးအကြိမ်အဖြစ် စုဝမ်ကို သတိထားမိသွားသည့်အလား ခံစားလိုက်ရ၏ ။ နှင်းဖြူရောင်များနှင့် ဆောင်းရာသီတွင် သူမက အမြဲတမ်း တော်ဝင်ဝတ်စုံအနီရောင်ကိုသာ ဝတ်ဆင်သည် ။ ၎င်းမှာ အလွန်ကျက်သရေရှိပြီး တင့်တယ်နေ၏ ။ သူမ၏ အသားအရောင်က ဖြူဖျော့နေသေးသော်လည်း ၎င်းက သူမ၏ သွင်ပြင်ကို ပိုလို့ ပေါ်လွင်စေသည် ။ 


မူလကိုယ်၏ ကံကောင်းမှုကို ကျေးဇူးတင်ရမည်။ သူမက ထိုကဲ့သို့ လှပပြီး ဆွဲဆောင်မှုရှိသော သွင်ပြင်ကို ပိုင်ဆိုင်ထားသည့်အတွက် ၎င်းက စုဝမ်ကို ရေထဲလွှတ်ပေးလိုက်သော ငါးတစ်ကောင်ကဲ့သို့ ခံစားရသည် ။ အတိတ်တွင် စုဝမ်က အပြင်ထွက်ခဲလှသည့်အတွက် သူမအတွက် အမြဲတမ်း ရွှမ်းယွမ်ရွေ့ဆိုသော အမျိုးသားတစ်ယောက်သာ ရှိနေ၏ ။ ယခုတွင် စုဝမ်က တဖြည်းဖြည်းနှင့် အခြားသူများက အားကျရသော မူလကိုယ်၏ အရည်အချင်း နှင့် အားသာချက်တို့ကို ထုတ်ပြလာသည် ။ သူမက နာမည်အကြီးဆုံးဖြစ်ပြီး မြို့တော်ရှိ စံပြပုံစံမျိုးဖြစ်လာဖို့ အချိန်သိပ်မကြာလိုက်ပေ ။ 


ရွှမ်းယွမ်ရွေ့နှင့် ပက်သက်သည့် ကောလဟာလက ဝမ်အိမ်တော်မှ စေလွှတ်ထားသောလူဖြင့် ဖိအားပေး တားမြစ်ခံရသည် ။ သို့သော်လည်း ထိုကဲ့သို့အကြောင်းအရာမျိုးကို ပြောရတာအာသီသတွေ့သောလူများကြားတွင်တော့ ၎င်းက တိတ်တဆိတ်ပြောစရာဖြစ်နေဆဲပင် ။  လူအများက စုဝမ်နေရာကို စောင့်ကြည့်လေ့လာနေကြပြီး ရွှမ်းယွမ်ရွေ့ကိုလည်း ဟာသအနေနှင့် မြင်ရဖို့ စောင့်နေကြ၏ ။ 


ရွှမ်းယွမ်ရွေ့၏ဘဝမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က သာသာယာယာ ဖြတ်ကျော်လာရသည်ဆိုလျှင် စုဝမ်ထွက်သွားပြီး ၊ ယဲ့ကျီးဟွာက သူ့တရားဝင်ဇနီးဖြစ်လာကတည်းက သူ့ဘဝမှာအဆင်မပြေမှုများအပြည့်ဖြစ်လာသည် ။  


ယဲ့ကျီးဟွာကလည်း သူ့အရိပ်ကိုတောင် သူပြန်လန့်နေပြီး ဆက်တိုက်ဆိုသလို စိတ်ချောက်ချားလျက်ရှိ၏ ။ 


" ဝမ်ယဲ ၊  ပွင့်ပွင်းလင်းလင်းပြောမိတာကို ခွင့်လွှတ်ပေးပါ ။ ဝမ်ယဲ နဲ့ ဝမ်ဖေးရဲ့ လက္ခဏာရှစ်ချက်က မကိုက်ညီသလို အတူတွဲဖက်ဖို့လည်း မသင့်လျော်ပါဘူး ။ တကယ်လို့ ဝမ်ယဲသာခေါင်းမာစွာနဲ့ အတူရှိနေအုန်းမယ်ဆိုရင် ပြဿနာတွေနဲ့ အပူရှာမိနေပြီး အဆုံးကျ ဝမ်ယဲရဲ့ ဘဝကိုတောင် ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး ။ " 


တာအိုဘုန်းကြီး၏ စကားကိုကြားသောအခါ ရွှမ်းယွမ်ရွေ့ချက်ချင်းပဲ ဒေါသများအလိပ်လိုက်တက်လာ၏ ။


တကယ်လို့ ယဲ့ကျီးဟွာရဲ့ အကူအညီကြောင့်သာမဟုတ်ရင် အစောကတည်းက အဲ့ဒီ စိတ်ရိုင်းနဲ့မြေခွေးကောင်  ရွှမ်းယွမ်ချင်းကြောင့် သူက အသတ်ခံနေရလောက်ပြီ ။ သူမရဲ့ လက္ခဏာရှစ်ချက်က ဘယ်လိုလုပ် ငါနဲ့ မကိုက်ညီနိုင်ရတာလဲ ။ 


သူတို့လက်ထပ်သည့်အခါက နက္ခတ်ဗေဒအဖွဲ့မှ လူများကို ခေါ်ပြီး လက္ခဏာရှစ်ချက်ကို ကြည့်ခိုင်းခဲ့သည် ။


လက္ခဏာရှစ်ချက်...


လက္ခဏာရှစ်ချက်...


အမှားလုပ်မိသူက တာအိုဘုန်းကြီးပဲ ဖြစ်လိမ့်မည်ဟု ရွှမ်းယွမ်ရွေ့က သူ့ကိုယ်သူဖြေသိမ့်နေမိသည် ။ သို့သော် မကြာသေးခင်က ထိုစိတ်ရှုပ်စရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရတာကို သူပြန်တွေးမိလျှင် ရွှမ်းယွမ်ရွေ့ အနည်းငယ် ချီတုံချတုံဖြစ်နေ၏ ။ 


တကယ်လို့ တာအိုဘုန်ကြီးပြောတာမှန်နေရင်ရော ဘယ်လိုလုပ်မလဲ ။ အဲ့ဒီလိုမှမဟုတ်ရင် သူတို့လက်ထပ်ပြီးကတည်းက ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း အဆင်မပြေမှုတွေနဲ့ကြုံနေရပြီး ယဲ့ကျီးဟွာကလည်း ထူးထူးဆန်းဆန်းဖျားနာပြီး ဂယောင်ချောက်ချားဖြစ်နေမှာလဲ ။ 


ထိုကိစ္စနှင့်ပက်သက်ပြီး ရက်အနည်းငယ်လောက်စိုးရိမ်နေပြီးနောက် နက္ခတ်ဗေဒအဖွဲ့အစည်း နှင့် ယဲ့အိမ်တော်သို့ စုံစမ်းရန် တိတ်တဆိတ်လူများလွှတ်လိုက်သည် ။ တိတ်တဆိတ်စုံစမ်းပြီး ရလဒ်များထွက်လာချိန်၌ သူအတော်လေး အံ့အားသင့်သွားရ၏ ။ 


ယဲ့ကျီးဟွာရဲ့ လက္ခဏာရှစ်ချက်က အတုကြီးပဲ ။


လက်ထပ်သည့်အချိန်က အစိုးရဌာနကို သူမ ပေးလိုက်သော လက္ခဏာရှစ်ချက်မှာ တကယ်က ယဲ့ကျီးကျင်၏ လက္ခဏာဖြစ်နေ၏ ။ စုံစမ်းမှုက ပိုပြီးအတွင်းကျလာသောအခါ ယဲ့ကျီးဟွာက ယဲ့ကျီးကျင်၏ လက္ခဏာရှစ်ချက်နှင့် လဲလှယ်ထားပြီး ၊ ရွှမ်းယွမ်ချင်းနှင့် လက်ထပ်ရမည့်နေရာ၌ ယဲ့ကျီးကျင်ကို အစားထိုးလိုက်သော ကိစ္စများအားလုံး ထွက်ပေါ်လာ၏ ။ 


တစ်ခဏလောက် ရွှမ်းယွမ်ရွေ့ ရှုပ်ထွေးသွားသည် ။


ယဲ့ကျီးဟွာက သူ့ကို ဘာလို့ လိမ်ခဲ့ရတာလဲ ။ ပြန်တွေးကြည့်ရင် အဲ့ဒါတွေအကုန်လုံးက ရွှမ်ယွမ်ချင်းကို သူမ လက်မထပ်ချင်တာ တစ်ခုတည်းကြောင့်ပဲ မဟုတ်ဘူးလား ။ ဒီနေရာမှာ တစ်ခြားလျှို့ဝှက်ပူးပေါင်းကြံစည်တဲ့ ကိစ္စတွေရောရှိနေသေးတာလား။ 


ရွှမ်းယွမ်ရွေ့က အကွက်ချသည့်နေရာ ၊ လျှို့ဝှက်ကြံစည်ရာ၌ ဆရာကျသူဖြစ်သည် ။ ထိုသို့မဟုတ်လျှင် တော်ဝင်မိသားစုထဲမှာ အခုချိန်အထိ သူကဘယ်လိုလုပ် ရပ်တည်နေနိုင်ပါ့မလဲ ။


စိတ်ပျက်စရာကိစ္စများတစ်ခုပြီးတစ်ခုဖြစ်လာပြီးသောအခါ အချစ်ကြောင့် ရှုပ်ထွေးနေသည့် ရွှမ်းယွမ်ရွေ့စိတ်က တစ်ဖန်ပြန်ကြည်လင်လာပြီး သူ၏ ဉာဏ်ရည်ကလည်း နောက်မှလိုက်ပါသည် ။ ဤနက်နက်နဲနဲတွေးတောမှုက ရွှမ်းယွမ်ရွေ့ကို တစ်ကိုယ်လုံးချွေးအေးများပင် ထွက်လာစေ၏ ။ 


အကယ်၍ အားလုံးမှာ အစကတည်းက ပရိယာယ်ဆင်ခံလိုက်ရခြင်းသာဆိုလျှင် အခြေအနေတစ်ခုလုံး၏ နောက်ကွယ်မှာ ကြိုးကိုင်နေသည့်သူက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲ ။ 


ဒါဆို စိတ်ကူးယဥ်ရတာကြိုက်တဲ့ အကြံအစည်သမားရဲ့ နောက်ဆုံးရလဒ်က ဒါပဲပေါ့ ။ 


ယဲ့ကျီးဟွာ၏ ရွှင်မြူးနေရသောနေ့ရက်များက ကြာကြာမခံလိုက်ပေ ။ ပုံမှန်အားဖြင့်ဆိုလျှင် ရွှမ်းယွမ်ရွေ့က နေ့တိုင်းလိုလို သူမဆီသို့ သွားပြီး အဖော်ပြုပေးလေ့ရှိသည် ။ သူ၏ နူးညံ့ညင်သာသောစကားလုံးများက သူမ၏ စိုးရိမ်ထိတ်လန့်နေရသော နှလုံးသားကို ငြိမ်သက်စေခဲ့သော်လည်း ယခုတွင်တော့ ယဲ့ကျီးဟွာအပေါ်၌ ဒွိဟဖြစ်ပြီး သံသယများရှိနေခြင်းကြောင့် သူမခြံဝင်းထဲသို့ ရွှမ်းယွမ်ရွေ့က ရောက်လာတာရှားသွားသည် ။ 


ဤကဲ့သို့ ပြောင်းလဲခြင်းများက တိတ်တဆိတ်ဖြစ်ပေါ်လာ၏ ။ အစပိုင်းတွင် ယဲ့ကျီးဟွာက စိတ်ထဲမထားပေ ။ သို့သော် အချိန်ကြာသောအခါ သူမစတင် ပူပန်လာရပြီး သူမ၏ ပင်ပန်းပြီး နာမကျန်းနေသောခန္ဓာကိုယ်ကိုပင် ဂရုမစိုက်နိုင်တော့ချေ ။ သူမက ရွှမ်းယွမ်ရွေ့ကို တွေ့ရန် သူ၏ စာကြည့်ခန်းသို့ အမြဲကျူးကျော်ဝင်ရောက်လာတတ်ပြီး သူတို့ တွေ့ဆုံလိုက်တိုင်းလည်း မကောင်းသောအခြေအနေနှင့်သာ ပြန်ခွဲခွာလိုက်ရသည် ။ 


****


မကြာခင် နှစ်ကုန်တော့မည်ဖြစ်ပြီး လက်အောက်ခံပြည်နယ်တိုင်းရှိ အုပ်ချုပ်သူများအားလုံးက အစီရင်ခံစာတင်ပြရန် မြို့တော်သို့ လာရောက်ရလိမ့်မည် ။  စုဝမ်၏ အာရုံစိုက်မှုကို ရရန် တော်ဝင်မိသားစု၏ လူငယ်များက တိုက်ခိုက်နေကြပြီး စုယွီဖုန်းကလည်း တစ်လနေလျှင် တော်ဝင်ရုံးတော်သို့ အစီရင်ခံစာတင်ရန် ပြန်လာမည့်အကြောင်းရွှမ်းယွမ်ရွေ့ကသတင်းရထားသည် ။ ငြိမ်သက်နေသော စုအိမ်တော်တွင် ထိမ်းမြားမည့်လက်တွဲဖော်ကို ရွေးချယ်ခြင်းက စုယွီဖုန်း၏ လက်ထဲမှာသာ ရှိသည်။


သူ၏ အချစ်ဦးက လက်ထပ်ထိမ်းမြားပြီး တစ်စုံတစ်ယောက်၏ ဇနီးမယားဖြစ်လာမည်ကို တွေးမိသောအခါ ရွှမ်းယွမ်ရွေ့၏ စိတ်အခြေအနေက အရမ်းကို နေမထိထိုင်မသာဖြစ်လာ၏ ။ 


မကြာသေးခင်က စုဝမ်နှင့် မတွေ့အောင် သူကြိုးစားပြီး ရှောင်တိမ်းနေသော်လည်း သူမကို အကြိမ်အနည်းငယ်လောက် သူအဝေးမှ ကြည့်နေမိသည် ။ သူ၏ မှတ်ဉာဏ်ထဲ၌ သူမက အမြဲတမ်း အားနည်းပြီး သိမ်မွေ့သည့် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း အခုတွင်တော့ သူမက တောက်ပပြီး စွဲမက်ဖွယ်ကောင်းနေ၏ ။ သမားတော်စီး၏ အရည်အချင်းက ထိပ်တန်းတွင်ရှိကြောင်း သူမ ပြောခဲ့သော်လည်း စုဝမ်အတွက် သမားတော်စီးက သူ့ကိုယ်ပိုင်မူများကိုနိမ့်ချလိုက်လိမ့်မည်ဟုတော့ ရွှမ်းယွမ်ရွေ့ မထင်ထားခဲ့ပေ ။ စီးအိမ်တော်၏ နှစ်တစ်ရာတိုင်အောင် အဆင့်ဆင့်လက်ဆင့်ကမ်းလာသော ရှေးဟောင်းဆေးများက စုဝမ်အတွက် အသုံးပြုလိုက်ပြီး သူမခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပြန်သက်သာလာသည် ။ ယခုဆိုလျှင် စုဝမ်က အခြားသော သာမန်လူများကဲ့သို့ နေထိုင်နိုင်ပြီး အိမ်ထောင်ပြု ၊ကလေးယူလို့ပင် ရနိုင်၏ ။


ဤအထိ သူတွေးလိုက်မိတိုင်း ရွှမ်းယွမ်ရွေ့က မနာလိုမှုများနှင့် တောက်လောက်နေရသည် ။ သူနှစ်ပေါင်းများစွာ မထိမတွေ့ဘဲ တန်ဖိုးထားလာရသော မိန်းမငယ်လေးက အခြားအမျိုးသားတစ်ယောက်၏ ပျော်ရွှင်မှုဖြစ်လာတော့မည် ။ ဤမြင်ကွင်းက ရွှမ်းယွမ်ရွေ့ တွေးကြည့်ရုံနှင့်ပင် လက်ခံပေးလို့မရပေ။


ဤတစ်ခဏတွင် ရွှမ်းယွမ်ရွေ့ နောင်တရမိသည်ဟု ပြောနိုင်၏ ။ 


သို့သော် ထိုအချိန်က စုဝမ်ကို သူစွန့်ပစ်ပြီး အအေးနန်းဆောင်သို့ မောင်းထုတ်ခဲ့တာကိုတော့ သူနောင်တမရမိပေ ။ ထိုညက သူမကို ထွက်သွားခွင့်ပေးလိုက်ပြီး သိမ်းထားဖို့ မကြိုးစားမိတာကိုသာ သူနောင်တရ၏ ။ 


ထိုအချိန်တုန်းက အခြေအနေတိုင်းသာဆိုလျှင် စုဝမ်က သူ့အပေါ်ခံစားချက်ရှိနေသေးသည် ။ စုဝမ်က ဝမ်အိမ်တော်တွင် ရှိနေသ၍ စုအိမ်တော်ကလည်း သူ့ဘက်မှာပဲ ရှိနေလိမ့်မည် ။ 


ဗိုလ်ချုပ်ကြီးစု မြို့တော်သို့ပြန်လာမည့်ရက်က နီးကပ်လာတာနှင့် အမျှ အခြားသောအဖွဲ့များလည်း အင်တိုက်အားတိုက်လှုပ်ရှားလာကြပြီး ရွှမ်းယွမ်ရွေ့မှာ နောက်ဆုံးမနေသောတော့ဘဲ သဝဏ်လွှာပေးပို့လိုက်ရသည် ။ 


ထိုသဝဏ်လွှာက ဘဏ္ဍာစိုးမှတစ်ဆင့် စုရွေ့၏ လက်ထဲသို့ တန်းတန်းမတ်မတ်ရောက်သွား​လေ၏ ။ 


သဝဏ်လွှာပေါ်ရှိ ကြီးမားပြီး ဟိတ်ဟန်များသော လက်ရေးလက်သားကို ကြည့်ကာ စုရွေ့အထင်သေးသလိုသာ လှောင်ရယ်လိုက်မိသည် ။ 


" ဒီရွှမ်းယွမ်ရွေ့က တကယ် အရေထူတာပဲ ။ "


စုရွေ့ စိတ်အခြေအနေမကောင်းတာကို တွေ့ရသောအခါ ဘေးနားရှိ ဘဏ္ဍာစိုးက ရို့ကျိုးစွာမေးလိုက်သည် ။ 

" သခင်လေး ၊ ကျွန်တော်တို့ ဝမ်အိမ်တော်ကလူတွေကို ငြင်းလိုက်ရမလား ။ "


" မဟုတ်ဘူး ၊ မငြင်းနဲ့ ။ "


စုရွေ့က သူ့မျက်လုံးကို ကျဥ်းမြောင်းလိုက်သည်။ သူက သူ့ကို​ယ်သူ ချုပ်တည်းမထားတော့ဘဲ မျက်စိတစ်မှိတ်စာအတွင်း အခန်းထဲ၌ မွန်းကြပ်စေသော အငွေ့အသက်များ အပြည့်ဖြစ်သွား၏ ။ 

" စိတ်ပျက်စရာကောင်းတဲ့သူတွေက အရမ်းများလွန်းတယ် ။  သူတို့အားလုံးကို တစ်ခါတည်းအပြတ်ရှင်းလိုက်တာက ပိုကောင်းမယ် ။ "


အဝါရောင် ဖယောင်းတိုင်မီးရောင်က စုရွေ့မျက်နှာပေါ်၌ ကျရောက်နေ၏ ။ ယခုတွင် သူ့မျက်လုံးများက အလွန်ကို အကြင်နာတရားကင်းမဲ့နေပြီး သူ၏ မှုန်မိုင်းနေသောအမူအရာကို မြင်တွေ့နေကျ ဘဏ္ဍာစိုးပင်လျှင် ကြောက်ရွံ့ကာ ကြက်သီးမွှေးညင်းများ ထလာမိသည် ။ 


အခု သခင်လေးက စစ်ပွဲတစ်ပွဲကို စတင်ဖို့ အရမ်းစိတ်အားထက်သန်နေတာပဲ ။ တစ်ချို့လူတွေက အခုကစပြီး တကယ်ဒုက္ခတွေ့ကိုတော့မှာကိုတော့ သူစိုးရိမ်မိသား...


​🚩

Report Page