Article

Article

ဘဟိန်းကျော်

"ဒီမိုကရေစီ လူကြမ်းကြီးများနှင့် အသည်းနုတဲ့ ဒဿဂီရိ"


ငယ်ငယ်က ရာမနဲ့ လက္ခဏဇာတ်ကားကိုကြည့်ပြီး ဒဿဂီရိဘီလူးကြီးကို မုန်းခဲ့ဖူးတယ်။ ဟုတ်တယ်။ သူက ရာမလက်ထဲကနေ မယ်သီတာကို မတရားရယူချင်တာကိုး။ ဒီကြားထဲက ခိုးတောင်ပြေးလိုက်သေးတယ်မဟုတ်လား။ ဇာတ်လမ်းတစ်ခုလုံးမှာ အဲဒီ ဒဿကြီးမွှေလိုက်တာ ဘယ်သူမှကောင်းကောင်းမနေရဘူး။ အဲ့တော့ ဒဿကိုစိတ်ဆိုးတာပေါ့။


အခု အရွယ်လေးရလာတော့ အမြင်တွေက တစ်မျိုးပြောင်းလာတယ်ထင်တယ်။ ရာမနဲ့ လက္ခဏဇာတ်လမ်းထဲက ဒဿကြီးကို သနားလာမိတယ်။ ဘာကြောင့်လဲလို့ ပြန်စဥ်းစားကြည့်တော့ သူက လူတကာရဲ့ အမုန်းတော်ခံ အချစ်ရှုံးသမားကြီး ဖြစ်နေလို့ပဲဗျ။ ငယ်ငယ်ကတော့ ဒဿကြီးက အချစ်ဘီလူးကြမ်းကြီးတစ်ကောင်ရယ်လို့ ကျွန်တော်အမြင်ရှိခဲ့ပြီး ဒဿကြီးကို မုန်းခဲ့မိတာ အားနာလာတယ်။


ဟုတ်တယ်။ ဒီကနေ့ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးလောကကြီးထဲကို ကျွန်တော် စာရေးသူတစ်ယောက်အဖြစ် ထင်မှတ်မထားဘဲ ခြေချဝင်ရောက်လာမိတယ်။ အဲဒီလို နိုင်ငံရေးနယ်ပယ်ထဲကို တဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့တာနဲ့အမျှ နိုင်ငံရေးသမားမျိုးစုံနဲ့ ကျွန်တော်တွေ့ဖူး မြင်ဖူး ရင်းနှီးဖူးတယ်။


အဲဒီလို နိုင်ငံရေးသမားတွေနဲ့ တွေ့ဖူး မြင်ဖူး ရင်နှီဖူးလာတဲ့အခါ နိုင်ငံရေးလောကသားတွေရဲ့အကြောင်းကို အတိုင်းအတာတစ်ခုအထိ အတိအကျသိတာရှိလာသလို ရိပ်ဖမ်းသံဖမ်းသိလာတာတွေလည်း ရှိတယ်ပေါ့။ ထို့အတူပဲ မြန်မာ့နိုင်ငံရေးဆိုတာက တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ဘယ်လိုမှ မကင်းနိုင်သေးတဲ့အခါကျတော့ အဲဒီတပ်မတော်အကြောင်းကိုလည်း အတိုင်းအတာတစ်ခုအထိ လေ့လာသိရှိလာတယ်ဆိုပါတော့။


ဒီလိုပြောလို့ ဘဟိန်းကျော်က နိုင်ငံရေးသမားတွေအကြောင်းနဲ့ တပ်မတော်ကြီးအကြောင်း တော်တော်သိသလားဘဲလို့ မထင်စေချင်ဘူး။ တကယ်တော့ နိုင်ငံရေးသမားတွေနဲ့ တပ်မတော်အကြောင်းကို တစ်တစ်ခွခွ ဂဃနဏသိဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။ သို့သော်လည်း ၎င်းတို့လုပ်နေတဲ့အလုပ်၊ ပြောနေတဲ့အပြော၊ လျှောက်လှမ်းနေတဲ့လမ်းစဥ်တွေကိုကြည့်ပြီး အကဲခတ် အကဲဖြတ်ကြည့်ရင် အနီးစပ်ဆုံးတော့ သိနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆမိပြီး အခုလိုပြောတာပါ။


ဟုတ်ပြီ။ ပြောချင်တာက အဲဒီလို နိုင်ငံရေးသမားတွေအကြောင်း မတောက်တခေါက်၊ တပ်မတော်အကြောင်း တိုးတိုးတောက်တောက်ကလေး သိလာတာနဲ့အမျှ အထက်မှာပြောတဲ့ ရာမနဲ့ လက္ခဏတို့ အဓိကပါဝင်ထားတဲ့ "ယာမာယဏ" ဇာတ်လမ်းကို ပြန်သုံးသပ်မိတဲ့အကြောင်းဖြစ်ပါတယ်။


ရာမာယဏဇာတ်လမ်းကို ပြန်သုံးသပ်ကြည့်တယ်ဆိုပြန်တော့ ပြောစရာတစ်ခု ရှိလာပြန်တယ်။ ဘာလဲဆိုတော့ အဲဒီဇာတ်လမ်းကလည်း ပုံတူမျိုးကွဲတွေက အများသားမဟုတ်လား။ အဲ့တော့ ကျွန်တော်ပြန်စဥ်းစားမိတာက ငယ်ငယ်ကကြည့်ဖူးတဲ့ ဗွီဒီယိုဇာတ်ကားထဲကအကြောင်းဆိုတာပါ။ အဲဒီမှာ တကယ့်ရာဇဝင်ဇာတ်လမ်းနဲ့ ဗွီဒီယိုဇာတ်ကားက ကွဲလွဲမှုအနည်းငယ်ရှိနေတဲ့အတွက် အခုလို စကားပလ္လင်ခံနေရတာဖြစ်ပါတယ်။


ကျွန်တော်တို့ကြည့်ဖူးတဲ့ဇာတ်ကားထဲမှာက ဝိဒေဟတိုင်းရဲ့ အရှင်သခင် ဘုရင်ဇနကမင်းကြီးဟာ သူ့ရဲ့သမီးတော်အတွက် ကျင်ယာတော်ရွေးတဲ့အနေနဲ့ လေးတင်ပွဲပြုလုပ်ဖို့ အတိုင်းတိုင်းအပြည်ပြည်ကို စာပေးပို့ပြီး ကြေညာတယ်မဟုတ်လား။ ပြောရမယ်ဆိုရင် အဲဒီကိစ္စမှာ သမီးတော်စိတ်ကြိုက် အိမ်ထောင်ဘက်ကို ရွေးခွင့်မရှိလို့ ဒီမိုကရေစီနည်းလမ်းကျတယ်လို့ မဆိုနိုင်ပေမယ့် ဖခင်စိတ်ကြိုက်လည်း ရွေးချယ်တာမဟုတ်တဲ့အပြင် လက်ကြိတ်ထိုးစနစ်နဲ့မဟုတ်ဘဲ အတိုင်းတိုင်းအပြည်ပြည်ကို အိပ်ဖွင့်ပေးစာနဲ့ ကြေညာပြီးလုပ်တာဖြစ်တဲ့အတွက် တရားနည်းလမ်းကျတယ်လို့တော့ ဆိုနိုင်ပါတယ်။


အဲဒီမှာ ဒဿဂီရိလို့ လူသိများတဲ့ ရာဝဏကြိးကလည်း အဲဒီဖိတ်စာကိုကောက်ရပြီး လေးတင်ပွဲကို ဝင်ပြိုင်တယ်။ အယုဒ္ဓရပြည်က ဒသရထမင်းကြီးရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရာမနဲ့ လက္ခဏတို့လည်း ဝင်ပြိုင်ကြတယ်ပေါ့။ ဒါတွေက အားလုံးသိပြီးသားပဲ။ ဒါပေမယ့် အဲဒီမှာ လက္ခဏက အစ်ကိုဖြစ်သူ ရာမကို ညှာသလိုလိုနဲ့ လေးကိုတင်နိုင်ပါလျှက်နဲ့ မတင်တော့ဘဲ အစ်ကို့အတွက် တစ်ကွက်ချန်ပြီး အလျှော့ပေးလိုက်တယ်။ ပြောမယ်ဆိုရင် ဒါဟာ မတရားမှုတစ်ခုပဲ။ အစ်ကိုဖြစ်သူကို ညှာတယ်ဆိုရင် အစကတည်းက လေးတင်ပွဲကို ဝင်မပြိုင်နဲ့ပေါ့။ အခုတော့ အစ်ကိုကို မျက်နှာလုပ်ချင်တာနဲ့ မယ်သီတာကို သူများလက်ထဲထည့်လိုက်တယ်ဆိုတာ သဘာဝတော့ မကျလှဘူး။


နောက်တစ်ချက်က ဒဿဂီရိ။ သူက လေးကိုမတင်နိုင်ပေမယ့် သူ့အနေနဲ့ မယ်သီတာကို အရူးအမူးချစ်မိသွားတယ်။ အဲဒီအတွက် သူမယ်သီတာကိုရဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ အဲဒီလို ကြိုးစားခဲ့တဲ့ ဒဿဂီရိကြီးကိုတော့ လူတွေက မုန်းလိုက်ကြတာ။ တကယ်ဆိုရင် သူလည်း သူ့အချစ်အတွက် ကြိုးစားပိုင်ခွင့် ရှိတာပဲမဟုတ်ဘူးလား။ အဲဒါသူ့အခွင့်အရေးပဲလေ။ လောကမှာ ပြောကြတဲ့စကားတောင်ရှိသေးတာပဲ။ "အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး"တဲ့။


ဘာပဲဖြစ်ဖြစ် မယ်သီတာကိုချစ်တဲ့ ဒဿဂီရိရဲ့အချစ်က ရာမရဲ့အချစ်ထက်တော့ မနည်းဘူးဆိုတာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက သက်သေခံနေပါတယ်။ အဲဒီဇာတ်လမ်းမှာ ဇာတ်ဆရာက ရာမကို မင်းသားနေရာမှာ ထားလိုက်လို့သာ ရာမက နာမည်ကောင်းရသွားတာပါ။ တကယ်လို့သာ ဒဿဂီရိကို မင်းသားနေရာ ထားလိုက်မယ်ဆိုရင် ရာမဟာ ဒဿဂီရိရဲ့အချစ်ကိုလုယူတဲ့ လူကြမ်းကြီးနေရာရောက်သွားပြီး လူတွေက မုန်းကြဦးမှာ။


ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ လက္ခဏက ညှာလိုက်လို့ လေးတင်ပွဲမှာ တစ်ကြိမ်လေး အနိုင်ရလိုက်ပြီး မင်းသားခေါင်းဆောင်းထားတဲ့ ရာမတွေက ဒီမိုကရေစီအမည်တပ် တိုင်းပြည်အလုံးစုံပျက်သုဥ်းရေးကို ဇာတ်ရှိုန်မြှင့် ကပြနေကြတယ်။ ပရိတ်သတ်ကြီးကလည်း မင်းသားတွေဘာလုပ်လုပ် လက်ခုပ်တီးအားပေးနေကြတာ မြင်လို့မကောင်းတာတော့ အမှန်ပဲ။


ဒီလိုပဲ အနောက်အုပ်စုကို ကြည့်ပြန်တော့လည်း လူအုပ်ကြီးဝါဒနဲ့ မင်းသားခေါင်းဆောင်းထားသူတွေ မင်းမူနေကြတာကို တစ်ကမ္ဘာလုံးက လက်ခုပ်တီးနေရတာမြင်ရတော့ တော်တော်ကို စိတ်မသက်မသာဖြစ်ရသလို ဒဿဂီရိကြီးကို ပိုပြီးသနားလာမိတယ်။ ငါတို့က မင်းသားဆိုပြီး ကျန်တဲ့သူတွေကို နင်းပြားလိုသဘောထားဆက်ဆံတာကိုတော့ ဘဝင်မကျလှတော့ဘူး။


အခု ကျွန်တော်တို့တိုင်းပြည်ကိုကြည့်ပေါ့။ အရပ်သားအစိုးရ၊ အရပ်ထဲကလူ၊ ပြည်သူဆိုတဲ့ မင်းသားခေါင်းကြီးဆောင်းပြီး တပ်မတော်ဆိုတဲ့ ဒဿဂီရိကြီးကို အမျိုးမျိုး ပုတ်ခတ်စော်ကား တိုက်ခိုက်နေကြတာ တော်တော်ကို စိတ်ပျက်ဖို့ကောင်းလာသလို အဲဒီအရပ်သား၊ ပြည်သူဆိုတဲ့ မင်းသားခေါင်းကြီးကိုလည်း ရွံမုန်းလာမိတယ်။


တကယ်ဆိုရင် ဒဿမှာလည်း ဒဿအခွင့်အရေးရှိတယ်။ ပြီးတော့ ဒဿမှာ ချစ်တတ်တဲ့နှလုံးသားလည်းရှိတယ်။ အဲဒါကြောင့် မယ်သီတာရဲ့အချစ်ကိုရဖို့ သူနည်းအမျိုးမျိုးနဲ့ ကြိုးပမ်းတယ်။ အဲဒါကို ဒဿက လူကြမ်းဖြစ်လို့ မယ်သီတာကို ချစ်ခွင့်မရှိဘူးဆိုတာ ဒီမိုကရေစီလားလို့ ဇာတ်ဆရာတွေကို မေးကြည့်ချင်တာ။


အခုဟာက သေနတ်ကိုင်ထားတဲ့ တပ်မတော်ဖြစ်နေတာနဲ့ ပြည်သူ့စာရင်းကနေပယ်ဖျက်ပြီး အာဏာရှင်တံဆိပ်ကပ် လူကြမ်းအခန်းကရပ်ခိုင်းနေတာ ခင်ဗျားတို့ တရားမျှတမှုရှိရဲ့လားလို့ ပြန်စဥ်းစားကြည့်စေချင်တယ်။ ငါတို့ကသာ ရာမမင်းသား ငါတို့သာလျှင် မယ်သီတာနဲ့တူတဲ့ မြန်မာပြည်ကို အပိုင်စီးမယ်ဆိုတာကရော လွန်လွန်းနေတယ်လို့ မထင်မိဘူးလား မေးကြည့်ချင်မိတယ်။ တကယ်တော့ ဒဿဂီရိလည်း မယ်သီတာကို ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ သိဖို့လိုတယ်။


အခုဆိုရင် မင်းသားခေါင်းဆောင်းထားတဲ့ ဒီမိုကရေစီ လူကြမ်းကြီးတွေကို ဖမ်းမိထားပေမယ့် အသည်းနုတဲ့ ဒဿဂီရိကြီးက မစားဘဲ ပြန်လွှတ်ပေးနေတာမြင်ရတော့ ကျွန်တော်တို့ပွဲကြည့်ပရိတ်သတ်တွေက သာဓုပဲခေါ်ရတော့မှာလိုလို၊ မျက်ရည်ပဲ ဝဲရတော့မှာလိုလိုနဲ့ ဘယ်လိုဝေခွဲရမှန်းမသိလောက်အောင် လမ်းပျောက်ရပါတယ်ဗျာ။


တကယ်ဆိုရင် ကျွန်တော်တို့ပွဲကြည့်ပရိတ်သတ်က ဒီပွဲမှာ ဒဿဂီရိကိုအားပေးဖို့ စောင့်ကြည့်နေခဲ့တာ အခုတော့ ဇာတ်အိမ်ပြောင်း ဇာတ်ကြောင်းလွှဲပြီး မင်းသားခေါင်းဆောင်းထားတဲ့ ဒီမိုကရေစီလူကြမ်းကြီးတွေနဲ့ အသည်းနုတဲ့ ဒဿဂီရိကို ကြည့်နေရတော့ သိပ်ပြီး ဟန်မကျလှဘူးလို့ မြင်မိကြောင်းပါဗျာ။


ဘဟိန်းကျော် 

Report Page