7 Things you used to say about online tracking!!
အင်တာနက်ပေါ်က ခြေရာခံမှုတွေကို လျစ်လျုရှုဖို့ သင်ပြောလေ့ရှိတဲ့ အချက်(၇)ချက်အင်တာနက်ပေါ်မှာလှုပ်ရှားသွားလာနေတဲ့ ခြေရာတွေ .... အထူးသဖြင့် အင်တာနက်ပေါ်က ကိုယ်ရဲ့အချက်အလက်တွေဟာ စက္ကန့်တိုင်းမှာ ရွေ့လျားနေတယ်ဆိုတာ ခင်ဗျားယုံလား။
အပြင်လောကမှာ တွေ့တဲ့နေရာမှာ တွေ့တဲ့ သူစိမ်းတစ်စုံတစ်ယောက်ကို ခင်ဗျားရဲ့ နာမည် ဖုန်းနံပါတ် ခင်ဗျားရဲ့ကျန်းမာရေးအခြေအနေ ဘာက်ိုကြိုက်တာလဲ စတာတွေကို အလွယ်တကူမပြောဘူးမလား ? ဒါပေမယ့် အင်တာနက်ပေါ်မှာ ခင်ဗျားမပြောလဲ အလိုလိုသိနိုင်တယ်ဆိုတာ ခင်ဗျားလက်ခံလား ?

1. ငါ့မှာတော့ ဘာမှ လျှို့ဝှက်ဖုံးကွယ်စရာမရှိဘူး ။
ကိုယ်ရေးကိုယ်တာ လုံခြုံခွင့် privacy လို ဆိုလိုက်ပြီဆီရင် နိုင်ငံသား၊ အင်တာနက်အသုံးပြု သူ တစ်ယောက်အနေနဲ့ အမြဲတမ်း စိန်ခေါ်ခံရတာတစ်ခုရှိပါတယ်။ ဒါကတော့ မဟုတ်တာမလုပ်ထားရင် ဘာမှ ဖုန်းကွယ်စရာမလိုဘူး ဆိုတာမျိုးပါ။ ထိန်းချုပ်လိုသူတွေ တောက်လျှောက် အသုံးပြုလာတဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံခွင့်ဆိုတာ ခင်ဗျားမှာ ဖုံးကွယ်စရာရှိခြင်း မရှိခြင်း နဲ့ လားလားမှ မသက်ဆိုင်ပါဘူး ။ ကိုယ်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လွတ်လပ်လုံခြုံစွာထိန်းသိမ်းနိုင်ခွင့်ဆိုတာ ဖုံးကွယ်စရာမရှိတာနဲ့ပဲ မလိုအပ်တော့တာမဟုတ်ပါဘူး ။ ဒါဟာ ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုပုံစံ နဲ့ ရပ်တည်မလဲ လူတွေကို ဘယ်လိုပြသမလဲဆိုတာ လွတ်လပ်စွာ အင်အားရှိရှိနဲ့ ဘာထိန်းချုပ်မှုမှာမပါပဲ ဆုံးဖြတ်နိုင်ခွင့်ပေါ်ပဲ မူတည်ပါတယ်။
ခင်ဗျားနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ ဒေတာအချက်အလက်တွေကို ခင်ဗျားတောင်မသ်ိလိုက်ပဲ ခင်ဗျားရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ရယူနေလဲ ဘယ်တွေကို ရွှေ့ပြောင်းပေးနေလဲ တစ်ဦးတစ်ယောက်ရဲ့ စီးပွားရေးအကျိုးအမြတ်တွက် ရောင်းစားခံနေရလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားကြည့်ဖြစ်မယ်ဆိုရင် Privacy လို့ခေါ်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံခွင့်တွေ တဖြေးဖြေး ချိုးဖောက်ခံနေရယ်ဆ်ိုတာ ခင်ဗျား ဘာမှ မလုပ်လိုက်နိုင်ပဲ ရေရှည်မှာ ခင်ဗျားရဲ့ အလုပ်အကိုင်တွေ သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း ခင်ဗျား ဘာတွေကိုဝယ်ယူပြီး ဘယ်လောက်ကျသင့်တယ် အပါအဝင် တခြားနေရာပေါင်းများစွာမှာ အကျိုးသက်ရောက်မှုတွေရှိနေမှာပဲဖြစ်ပါတယ်။

2. ငါ ဘာမနက်စာ စားနေလဲဆိုတာကို လူတွေသိလည်း ဘာဂရုစိုက်စရာလိုလဲ ?
" ဒစ်ဂျစ်တယ်ခြေရာတိုင်းက အရေးကြီးမနေပါဘူးကွာ ။ မနက်စာဘာစားလဲဆိုတာက အရေးမကြီးသလိုပဲပေါ့ " .. ဒါပေမယ့် ..... ခင်ဗျားကိုယ်တိုင်လုပ်နေခဲ့တဲ့ ဒစ်ဂျစ်တယ်ခြေရာတိုင်းကို သေသေချာချာ ဂရုတစိုက် ပြန်ကြည့်မိရင်ဆိုရင် တချို့သောကိစ္စတွေက ခင်ဗျားမနက်စာစားသလိုပဲ အရေးမကြီးတာမှန်ပေမယ့် ဘယ်သူနဲ့စားတာလဲ ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ပြီး ဘာတွေကိုလုပ်နေလဲဆိုတဲ့ တည်နေရာ အချက်အလက်တွေ ပိုပြီး ကိုယ်ရေးကိုယ်တာ ဆန်တဲ့ ကိစ္စတွေကတော့ အရေးကြီးသွားပါပြီ။ နောက်ပြီး ခင်ဗျားရဲ့ ချစ်သူ အိမ်ထောင်ဖက် မိသားစုကို အသိပေးချင်မှပေးမယ် ခင်ဗျားသိချင်တာကို Google မှာသွားရှာတယ် Facebook မှာ လိုက်ရှာကြည့်တယ် ။ အဲ့အတွက် ခင်ဗျားဘယ်တော့မှ သူများကိုမပြောဖြစ်နိုင်ပေမယ့် ခင်ဗျားရှာဖွေထားတဲ့ browser တွေကနေ ခြေရာခံပြီး ခင်ဗျားကျန်းမာရေး .. ခင်ဗျားဘယ်သွားချင်တယ် ဘာလုပ်ချင်တယ်... ဘာဖြစ်ချင်နေတယ်ဆိုတာတွေကို သိနိုင်တာပေ့ါဗျာ။
အဲ့တော့ မေးခွန်းထုတ်စရာရှိတာက လျှို့ဝှက်ထားဖို့လိုအပ်တဲ့ ဒစ်ဂျစ်တယ်ခြေရာတွေနဲ့ လူသိလို့ ဘာမှမဖြစ်ပါဘူးလို့ ခင်ဗျားထင်ကောင်းထင်နေတဲ့ ဒစ်ဂျစ်တယ်ခြေရာတွေဟာ ခင်ဗျားထင်သလိုတကယ်ဟုတ်ရဲ့လား? စဉ်းစားပါကိုယ့်လူ။ ဒါတွေဟာ ဒီနေ့မှာအရေးမကြီးလို့ထင်ရပေမယ့် မနက်ဖြန်မှာ အရေးကြီး သွားနိုင်ပါတယ်။ သင့်အတွက် အသုံးမဝင်ပါဘူးအရေးမကြီးပါဘူးဆိုတဲ့ အချက်အလက်တွေက အခြားလူ အတွက် စိတ်ဝင်စားစရာ အသုံးချစရာအချက်အလက်လဲဖြစ်သွားနိုင်သလို ခင်ဗျားထင်ထားတာထက်ပိုပြီး တော့လည်း သင့်အချက်အလက်တွေကို ပေးနရတာတွေလဲ ဖြစ်နေနိုင်တယ်ဆိုကို မမေ့ပါနဲ့ ။

3. ဒီတိုင်းအင်တာနက်ပါပဲကွာ အဲ့လောက်လည်း ဘာမှအရေးမကြီးပါဘူး
ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ခင်ဗျားအလုပ်ရှာတယ်ဆိုပါစို့။ ခုခေတ်အလုပ်ရှင်တွေက အလုပ်လျှောက်တဲ့ လူတွေရဲ့ ဆိုရှယ်မီဒီယာတွေအထိ ဘယ်လိုလူမျိုးဆိုတာကိုပါ သေချာစစ်ဆေးကြည့်တတ်ပါတယ်။ တကယ်လို့ ခင်ဗျားက အလုပ်လျှောက်လာပြီး အဲ့ဒီ ကုမ္ပဏီနဲ့ ပတ်သတ်တဲ့ မကြိုက်တာတွေ အဆင်မပြေတာတွေ ရေးတင်လိုက်မိတယ်ဆိုရင် အလုပ်ရှင်က ခင်ဗျား ဘယ်လိုလူလဲ...သိချင်လို့လာကြည့်လိုက်တာနဲ့ ဒါတွေကိုမြင်သွားခဲ့တယ်ဆိုရင် ခင်ဗျားအဲ့ဒီအလုပ်ကိုရမရက သေချာနိုင်ဦးပါ့မလား။ ဒီအလုပ်က ခင်ဗျားအတွက် သိပ်အရေးမကြီးလို့ လက်လွှတ်လိုက်ရတာ ကိစ္စမရှိဘူးဆိုရင်တော့ နောက်အလုပ်တွေကလည်း ဒီလိုရေးတင်တတ်တဲ့ ခင်ဗျားရဲ့ သဘောထားကို သိသွားခဲ့ရင် … ကဲမိတ်ဆွေ ... အရေးမကြီးတဲ့ အင်တာနက်ပါကွာလို့ပြောနိုင်ဦးမလား ။
ခင်ဗျားက နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ယူပြီး သူငယ်ချင်းတွေနဲ့ ခရီးတစ်ခုထွက်လာတယ်ဆိုပါစို့ ခင်ဗျားက ငြိမ်ငြိမ်လေးနေတာတောင် အတူတူပါလာတဲ့ သူငယ်ချင်းက အဖွဲ့လိုက် ဓာတ်ပုံတွေကို ခင်ဗျားကို Tag တွဲပြီး ဆိုရှယ်မီဒီယာပေါ်မှာတင်ချလိုက်တယ် ဆိုရင်ရော .... အရေးမကြီးတဲ့ အင်တာနက်ပါကွာလို့ပြောနိုင်ဦးမလား ။
3D ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မစခင် Sound box စမ်းရင်ဖွင့်တဲ့ " All Around You “ ဆိုတာကို ပတ်ပတ်လည်က ကြားရသလ်ိုပဲ အင်တာနက် ပေါ်က ခင်ဗျားရဲ့ ပတ်ပတ်လည်မှာရှိနေတဲ့ ဒစ်ဂျစ်တယ်ခြေရာတွေဟာ ခင်ဗျားရဲ့ လူမှုဘဝနဲ့ ဂုဏ်သိက္ခာပိုင်းထိ ထိခိုက်နိုင်တဲ့ထိ အစွမ်းရှိပါတယ်။

4. ငါက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာထဲက တစ်ယောက်ပဲလေ ။ ငါ့ကို ဘယ်သူက သတိထားမိမှာလဲ ?
ခင်ဗျားထင်တာက သန်းပေါင်းများစွာသော လူတွေရဲ့ အချက်အလက်(Data) တွေကို လူတွေက ကွန်ပြူတာတွေရဲ့နောက်တစ်နေရာမှာ ထိုင်ပြီး ခြေရာခံစောင့်ကြည့်နေတယ်လို့ထင်နေတာလား ?
တကယ့်လက်တွေ့မှာတော့ ဒေတာအချက်အလက်တွေအများကြီးကို ဆန်းစစ်လေ့လာစောင့်ကြည့်ဖို့ အထူးထုတ်လုပ်ထားတဲ့ စက်တွေ နည်းပညာတွေနဲ့ အလိုအလျောက်စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။
ဒါကြောင့် သန်းပေါင်းများစွာသော လူတွေထဲက တစ်ယောက်ဖြစ်ခြင်းက အဲ့ဒီသန်းပေါင်းများစွာသော လူတွေကြားထဲမှာ သင့်ကိုမမြင်နိုင်အောင်ဝှက်ပေးထားပါတယ်လို့သင်ထင်ရင် အမှားကြီးမှားမှာပေါ့ဗျာ။ စက်တွေ နည်းစနစ်တွေက တခြားလူတွေအများကြီးရဲ့အချက်အလက်တွေနဲ့ သင့်အချက်အလက်တွေကို နှိုင်းယှဉ်လေလေ မတူကွဲပြားတဲ့အကြောင်းအရာတွေကို လယ်ပြင်မှာဆင်သွားသလို ထင်းကနဲ လင်းကနဲ ဖြစ်လာလေလေပါလို့ ကျနော်ပြောရင် မိတ်ဆွေ ယုံလိုက်ပါဗျာ ....

5. အာမခံ ကုမ္ပဏီကနေ လျော့စျေးလေး နည်းနည်းရဖို့ ဒါတွေပေးလိုက်မှာလား
ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးခြင်းဟာ များသောအားဖြင့်တော့ လူနာတွေအတွက် စိတ်ချလုံခြုံတဲ့ ခံစားမှုတစ်ခု ရစေပါတယ်။ ဘာလို့လဲ ဒါဟာ ဆရာဝန်တွေနဲ့လူနာတွေကြားက ဆွေးနွေးမှုတွေဟာ လျှို့ဝှက်ထားရမယ် ဆိုတာဟာ ဆရာဝန်တိုင်းလက်ခံထားတဲ့ “ကမ္ဘာလုံးဆိုင်ရာနိယာမ” တစ်ခုမလို့ပါ။ ဒီတော့စိုးရိမ်စရာ မလိုပဲ ခင်ဗျားရဲ့ ကျန်မားရေးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖလှယ် ကြတယ်ပေါ့ဗျာ။ ဒီတော့ ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေကို unseen ဖြစ်နေတဲ့ အာမခံ ကမ္ပဏီတွေက ခင်ဗျားရဲ့ ကျန်းမာရေးဆိုင်ရာ Premium ကြေးကို Discount ပေးဖို့ လက်တွန့်ကြမှာပါပဲ။
ဒီကနေ့ခေတ်မှာတော့ သင့်လက်မှာ ပါတ်ထားတဲ့ နည်းပညာနဲ့ မွမ်းမံထားတဲ့ လက်ပတ်နာရီလေးတလုံးဟာ သင့်ရဲ့ နှလုံးခုန်းနှုန်း၊ အသက်ရှုမှန်မှုကနေ၊ နေ့စဉ်လှုပ်ရှားမှု အခြေအနေအထိ မှတ်တမ်းတင်ထားနိုင်ပါတယ်။ ဒီလို သင့်ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ကို မိတ်ဆွေ …ခင်ဗျားက အာမခံ ကုမ္ပဏီတစ်ခုခုနဲ့ အလဲလှယ်လုပ်ပြီး ပရီမီယံကြေးလေး နည်းနည်းလျှော့လိုက်တာ တကယ်တန်လို့လား မိတ်ဆွေစဉ်းစားပါ။ ဒါကိုမှ ငါက လျှော့ဈေးရတာပဲကွာ ဆိုရင်တော့ မိတ်ဆွေရေ သင့်ဘဝ သင့်အကြောင်း ပါပဲ .....

6. အခမဲ့ဝန်ဆောင်မှုတွေတဲ့လား !
လောကကြီးမှာ ဘယ်အရာများအလကားရတယ်ရှိလို့လဲ မိတ်ဆွေရယ်။ အင်တာနက်မှာတော့ သင်တစ်ခုခုကို အခမဲ့ရဖို့ ခင်ဗျားရဲ့အချက်အလက်တွေကို ပေးလိုက်ရတာပါပဲဗျာ။ ခင်ဗျားအင်တာနက်မှာ Social Media တွေ အခမဲ့သုံးနေရတယ်မလား။ သုံးရမှာပေါ့ သူတို့က ခင်ဗျား တစ်နေ့တာ လှုပ်ရှားသမျှတွေကို စောင့်ကြည့်ပြီး ခင်ဗျားစိတ်ဝင်စားနိုင်တာကို ခွဲခြမ်းစိတ်ဖြာတယ်။ ပြီးတော့ အဲဒီအချက်အလက်တွေကို မူတည်ပြီး ကြော်ငြာရှင်တွေကို ရောင်းစားမယ်။ အဲ့လို … အဲ့လို နဲ့ ခင်ဗျားက အခမဲ့ရနေတာ မိတ်ဆွေရ။ (ခင်ဗျားက ဝါးတီးတွေ များများရှာရင် KFC တွေ Pizza Hut တွေရဲ့ ကြော်ငြာတွေ Wall ပေါ်ခနခန ပေါ်လာတာ အဲဒါကြောင့်ပေါ့ဗျာ) ။ ခင်ဗျားရဲ့ Data တွေက သူတို့ရဲ့ ရောင်းကုန်ပေါ့ မိတ်ဆွေရာ ။ သင်သိသည်ဖြစ်စေ သင်မသိသည်ဖြစ်စေ ဒါတွေဟာ ဒါတွေဟာ သူတို့ရဲ့ စီပွားရေးလုပ်ငန်းအတွက် မိတ်ဆွေရဲ့ ပေးဆပ်မှုကြီးပါဗျ။ ဒါကြောင့် အခမဲ့ ဆိုတာ အခမဲ့ မဟုတ်ပါဘူး ဘော်ဒါရေ ....

7. သားရီး… ငါ့က မြန်မာနိုင်ငံသားလေ .... အနောက်တိုင်းသားကြီးမှမဟုတ်တာပါ။
အဲ့လိုတွေးနေရင်တော့ လုံးဝကိုငါးပါးမှောက်ပါပြီ။ ဒေတာအချက်အလက်တွေ စုဆောင်းခံနေရတဲ့ ကိစ္စတွေက တစ်ကမ္ဘာလုံးနဲ့ပတ်သတ်တဲ့ကိစ္စပါ ။ ဒါကြောင့်လဲ မိတ်ဆွေပြောတဲ့ အနောက်နိင်ငံနဲ့ တခြားနိုင်ငံတွေမှာ နိုင်ငံသားတွေရဲ့ အင်တာနက်ပေါ်က ဒေတာအချက်အလက်တွေကို Data Protection Law တွေရေးဆွဲပြီး ကာကွယ်ပေးနေတာပေါ့
ဥပမာတစ်ခု ပြောပြမယ် ကိုယ့်လူ … အာဖရိကက ငွေချေးတဲ့သူတွေက အမေရိကားက ဘဲကြီးတွေလိုပဲ သူတို့အကြွေးပေးမယ့် သူတွေရဲ့ Social Media ရဲ့ ဖုန်းမှတ်တမ်းတွေကို လှမ်းကြည့်ပြီး ငွေးချေးသင့် မချေးသင့် ဆုံးဖြတ်ကြတယ်တဲ့။ ဒါဟာဘာကို ပြသလဲဆိုရင် Data တွေကို အသုံးချနေမှုဟာ အနောက်နိင်ငံတွေပဲတော့ မဟုတ်ဘူး ကိုယ်ဆရာရေ့ .....
ဒီတော့ ငါက မြန်မာနိုင်ငံသားမလို့ ဆိုပြီးတော့တော မတွေးလိုက်ပါနဲ့ ......
ဒါကြောင့် .....ဒါကြောင့် .....ဒီအချက် ၇ ချက်ကိုဖတ်ကြည့်ပြီးတဲ့နောက်မှာ အင်တာနက်ပေါ်က ကိုယ်ရဲ့ဒေတာအချက်အလက်တွေ ခြေရာခံရလဲ ကိစ္စမရှိပါဘူး အရေးမကြီးပါဘူး ဒါလေးခြေရာခံရလို့ ဘာမှမဖြစ်နိုင်ပါဘူးကွာလို့ ခင်ဗျားကိုယ်တိုင် ပြောရဲတာ သေချာရဲ့လား ။ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာအရေးမကြီးပါဘူး ဆိုတာ သေချာရဲ့လား .....

နွေဦးလုံခြုံရေးက မျှဝေပေးတဲ့ ဒီအကြောင်းအရာလေးကိုဖတ်ပြီး အင်တာနက်က ကိုယ့်အတွက် ဘယ်လောက်ထိ အန္တရာယ်များပြီး အကျိုးသက်ရောက်မှုတွေရှိနေနိုင်လဲ ဒီဂျစ်တယ်လုံခြုံရေး ဘာကြောင့်လိုအပ်လဲဆိုတာကိုတော့ နားလည်သွားလောက်ပီထင်ပါတယ်ဗျ။