(35.1)

(35.1)


(35.1) ရူးသွပ်နေတဲ့ နှလုံးသား


ရုန်ရုန် မျက်လုံးတွေထဲမှာ စိတ်မရှည်မှုတွေ ၊ အေးစက်မှုတွေပြည့်နေတဲ့လင်းကျစ်ယွဲ့ကိုကြည့်လိုက်တယ်။ ကြည့်ရတာ ဟိုးအရင်တုန်းက သူကိုယ်သူ ပြန်ကြည့်နေရသလိုပဲ။


လင်းကျစ်ယွဲ့ ဆေးရုံကိုရောက်သွားတဲ့နေ့တုန်းက ရှစ်ဖန်ပင်လယ်သင်္ဘောရဲ့ဥက္ကဋ္ဌကတော်က ပင်လယ်ထဲကို ခုန်ချပြီး သတ်သေပြီး သူတို့ရဲ့သားငယ် လင်းကျစ်ယွဲ့ကို ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ခဲ့ရကြောင်း သတင်းတွေပြန့်သွားခဲ့တယ်။


မီဒီယာတွေက သတင်းကို ပိုပြီးကြီးထွားသွားအောင်လုပ်ခဲ့ပြီး ရှစ်ဖန်ပင်လယ်သင်္ဘောရဲ့စတော့ရှယ်ယာတွေကလည်း အောက်ဘက်ကိုထိုးကျသွားခဲ့တယ်။


ဖြစ်ပျက်သမျှအရာအားလုံးသည်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့လေတယ်။


ကောလဟာလထဲမှာ လင်းချီဖန်က အမျိုးသမီးအနုပညာရှင်တစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ပြီး သူ့ရဲ့ဇနီးသည် ကျန်းဝမ်ကို စိတ်ကျရောဂါဖြစ်သွားစေပြီး သားငယ်ဖြစ်သူနဲ့ သတ်သေလို့လုပ်ခဲ့တယ်လို့ ဖြစ်လာတယ်။ နောက်ထပ် ကောလဟာလမှာတော့ လင်းချီဖန်က သူ့ရဲ့ဇနီးသည်နဲ့ ကလေးတွေကို အချိန်ကြာရှည်စွာနှိပ်စက်ခဲ့ပြီး ဇနီးသည်ကျန်းဝမ်ကို သေတဲ့အထိ တွန်းအားပေးခဲ့တယ်တဲ့။


ကျန်းဝမ်နဲ့ သူ့ချစ်သူတို့ ချိန်းတွေ့နေတဲ့ပုံကို လိုင်းပေါ်မှာတင်လာတဲ့ ဖြတ်သွားဖြတ်လာတွေလည်းရှိလာပြီး ကျန်းဝမ်ကသာ ဖောက်ပြန်တဲ့သူဖြစ်ကြောင်း သွေးရဲစွာ ခန့်မှန်းခဲ့တဲ့သူတွေလည်းရှိတယ်။


တချို့အင်တာနက်သုံးစွဲသူတွေက ကျန်းဝမ်နဲ့အတူ တွဲလျက်သားရှိနေတဲ့ လူကဟိုးအရင်တုန်းက သူတို့ရဲ့ဇာတိမြို့မှာ ရာဇဝတ်မှုတွေကျူးလွန်ခဲ့ဖူးတဲ့ လူလိမ်လူညာတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသွားကြတယ်။


ထိုအချိန်တုန်းက အင်တာနက်မီဒီယာက ခုချိန်တုန်းကလောက် မတိုးတက်သေးဘူး။ နောက်ပြီး ထိုတစ်ယောက်ရဲ့မိဘတွေကလည်း အလွန်ရှက်ရွံ့ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုမရှိကြဘူး။ ဒါကပဲ ရဲတွေအတွက် စစ်ဆေးမှုကို အခက်တွေ့စေပြီး သက်သေစုဆောင်းမှုတွေကို ခက်ခဲစေကာ ကိစ္စတွေကို ပိုပြီးကြီးမားလာစေတယ်။


 အင်တာနက်သုံးစွဲသူတွေက လင်းချီဖန်ကို သူ့ရဲ့အငယ်ဆုံးသား လင်းကျစ်ယွဲ့ကို ကျန်းမာရေးစစ်ဆေးချက်အမြန်ဆုံးလုပ်ဖို့ နဲ့ ရဲဆီကို တတ်နိုင်သလောက်အမြန်ခေါ်ဖို့ လောဆော်ခဲ့ကြတယ်!!!


အဆုံးမှာတော့ ကိစ္စတွေက လင်းချီဖန် အစိုးရိမ်ဆုံးသော အခြေအနေဆီကို ကူးပြောင်းသွားခဲ့တယ်။


သူ့ဇနီးသည်ရဲ့ဖောက်ပြန်မှုနဲ့ယှဥ်ရင် လင်းချီဖန်က သူ့သားငယ်ရဲ့စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကိုသာ အမြန်ဆုံးပျောက်ကင်းသွားစေဖို့ကို ပိုပြီး ဂရုစိုက်ခဲ့တယ်။


လင်းချီဖန်က ဒီကိစ္စတွေကို လူမသိသူမသိ ဖြေရှင်းချင်ခဲ့တာ။


သို့ပေမဲ့ အရာအားလုံးက ဆန့်ကျင်ဘက်သို့ ကူးပြောင်းသွားခဲ့တယ်။


မီဒီယာတွေရဲ့ ဝင်ပါမှုတွေကြောင့် လင်းကျစ်ယွဲ့ရဲ့ လိင်ပိုင်းဆိုင်ရာထိပါးခံရမှုက ပိုပြီး အာရုံစိုက်ခံရပြီး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရတယ်။


အဆုံးမှာ ကျင်းဝမ်ရဲ့ အိမ်ထောင်ရေးသစ္စာဖောက်မှု၊ အရက်သောက်ပြီးအနိုင်ကျင့်မှု၊ ကလေးနှစ်ယောက်ကို အိမ်တွင်းရေးအကြမ်းဖက်ကာ ဆိုးဆိုးရွားရွားရိုက်နှက်မှုတွေက ကျယ်ပြန့်စွာ ပေါက်ထွက်သွားခဲ့တယ်။


ဖောက်ပြန်မှုသက်သက်ကကို ရွံ့ရှာဖွယ်ရာကိစ္စဖြစ်နေခဲ့ပြီးပြီ။ သို့ပေမဲ့ သူမက ဖောက်ပြန်တဲ့အပြင် အရက်မူးပြီး ကလေးနှစ်ယောက်ကိုပါ ရိုက်နှက်နေသေးတယ်။


ဒါ့အပြင်ကိုမှ သားငယ်ကို လက်မောင်းထဲမှာဖက်ထားပြီး ပင်လယ်ထဲကို ခုန်ချပြီး သတ်သေတာက လူထုရဲ့ အမြင်သုံးပါးကို အောက်ခြေလိုင်းအထိ စိန်ခေါ်လာတာပဲ။


ဒီလိုမြင်းစီးပြီးထွက်လာတာက ပုံမှန်လူတွေလုပ်နိုင်တဲ့ကိစ္စလား?


နောက်ပိုင်းမှာ တချို့သော စွမ်းအားကြီးတဲ့ အင်တာနက်သုံးစွဲသူတွေက ကျင်းဝမ်ကို အမှန်တကယ် ပုံမှန်မဟုတ်ကြောင်း ရှာတွေ့ခဲ့ကြတယ်။


ကျင်းဝမ်ရဲ့အစ်ကိုက အလယ်တန်းကျောင်းကတည်းက စိတ်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်တာကြောင်း စိတ်ရောဂါကုဆေးရုံမှာ ကုသနေခဲ့ရတယ်။ အမေကျင်းကတော့ စိတ်ကျရောဂါအတွက် ဆေးဝါးတွေကို ဟိုးအရင်ကတည်းက စွဲပြီးသောက်ခဲ့ရတယ်။ သူမက သူ့သမီးရဲ့ မတော်တဆမှုမတိုင်ခင်ကအထိ ဆေးရုံမှာ ကုသမှုခံယူနေရတုန်းပဲ။


တကယ်လို့ အစ်ကိုနဲ့ အမေနှစ်ယောက်လုံးက စိတ်ကျန်းမာရေးချို့ယွင်းနေခဲ့ရင် ကျန်းရီရဲ့စိတ်ကလည်း ပုံမှန်မဟုတ်လောက်ဘူးဆိုတာကို လူတွေက ခန့်မှန်းပြီး သတ်မှတ်လာခဲ့ကြတယ်


ကျန်းမိသားစုမှာ ပုံမှန်အတိုင်းရှိနေတာက အဖေကျန်းတစ်ယောက်တည်းပဲဖြစ်လောက်လိမ့်မယ်။ 


အင်တာနက်သုံးစွဲသူတွေက မသိခဲ့ကြပေမဲ့ စာရေးသူက လင်းကျစ်ယွဲ့ရဲ့အဆုံးသတ်နောက်ဆုံးအပိုင်းမှာ အမှန်တရားကိုရှင်းပြထားခဲ့တယ်။


မစ်စတာကျန်းက ငယ်ငယ်လေးကတည်းက ပွေရှုပ်တတ်တဲ့သူဖြစ်ခဲ့တယ်။ သို့ပေမဲ့ သူက ယောကျ်ားတွေအပေါ်မှာပဲ စိတ်ဝင်စားခဲ့တာ။


လက်ထပ်ပွဲဆိုတာက စီးပွားရေးအတွက်သက်သက်ပဲ။


သူ့ရဲ့သားငယ် စိတ်ပိုင်းဆိုင်ရာချို့ယွင်းသွားခဲ့တာက သူ့ရဲ့အဖေဖြစ်သူကို သူ့ရဲ့လိင်တူချစ်သူတွေနဲ့ အိမ်မှာ လိင်ဆက်ဆံနေတာကို မြင်တွေ့ခဲ့ရလို့ပဲ။ သူက ထိုအခြေအနေကို သည်းမခံနိုင်ပဲ ရူးသွပ်တဲ့ဘက်ကိုရောက်သွားရတယ်။


မစ်ကျန်းက ကွာရှင်းချင်ခဲ့တယ်။


သို့ပေမဲ့ သူမရဲ့မိဘနှစ်ယောက်မှ ဒူးထောက်ကာတောင်းပန်ခဲ့ကြတယ်လေ။ သူမကို သည်းခံပေးဖို့ တောင်းပန်ကြတယ်။ မဟုတ်ရင် သူတို့ရဲ့သားမက်က နှုတ်ထွက်သွားပြီး သူတို့ရဲ့လုပ်ငန်း ဒေဝါလီခံလိုက်ရလိမ့်မယ်။


သူမသည်လည်း ငိုယိုပြီး ကုမ္ပဏီကိုသာ ဒေဝါလီ ခံဖို့ပြောခဲ့တယ်။ သို့ပေမဲ့ သူမရဲ့မိဘတွေက အဆောက်အအုံမှ ခုန်ချပြီးသတ်သေမဲ့အကြောင်းပြောကာ သူတို့တွေ သရဲဖြစ်သွားရင်တောင် ဝတ္တရားမကျေပွန်တဲ့သမီးကို ခွင့်လွှတ်ပေးမှာမဟုတ်ကြောင်းပြောခဲ့ကြတယ်။


ခြောက်တစ်လှည့် ချော့တစ်လှည့်စကားတွေကြားမှာ မစ်ကျန်းက မျက်ရည်တွေစီးကျရင်းနဲ့ပဲ သူမ မိဘတွေရဲ့တောင်းဆိုမှုကို လက်ခံခဲ့ရုံသာ တတ်နိုင်ခဲ့တယ်။


ဒါတွေအကုန်လုံးကို သူမရဲ့ သမီးမသိစေဖို့ ဖုံးကွယ်ထားခဲ့တယ်။


ခင်ပွန်းသည်ရဲ့ လိင်စိတ်အတွေးအခေါ်နဲ့ တစ်ဦးတည်းသောသားရဲ့ စိတ်ရောဂါတို့ကြောင့် စိတ်ဆင်းရဲမှုနှစ်ဆဖြစ်ခဲ့ရပြီး မစ်ကျန်းရဲ့ စိတ်ကလည်း ပြိုကွဲလာခဲ့တယ်။ သူမသည်လည်း စိတ်ရောဂါနဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားလာရတယ်။


ကိစ္စတွေအများကြီး ဖြတ်သန်းပြီးချိန်မှာ ထင်ယောင်ထင်မှားဖြစ်မှုတွေကလည်း ဖြစ်ပေါ်လာသလိုပဲ။ 


ဘယ်လောက်ထိ ရယ်စရာကောင်းလိုက်သလဲ။


တကယ်တမ်းမှာ အမှန်တကယ် ရူးသွပ်နေတဲ့သူက ပုံမှန်အတိုင်းပဲလို့ထင်ရတဲ့ မစ်စတာကျန်းပဲ။


ကျန်းဝမ်ရဲ့ သတ်သေမှုမှ ကျန်းမိသားစုရဲ့ ရွံရှာဖွယ်ရာအမှန်တရားတွေ၊ လင်းကျစ်ချောင်နဲ့ လင်းကျစ်ယွဲ့တို့ ညီအစ်ကိုအကြောင်းတွေက အင်တာနက်ပေါ်မှာ ဆက်ပြီး ပြန့်ပွားနေခဲ့တယ်။ ရှစ်ဖန်ပင်လယ်သင်္ဘောလုပ်ငန်းရဲ့ စတော့ရှယ်ယာတွေကလည်း နောက်ဆုံးသတ်မှတ်ချက်အထိ ကျဆင်းလာခဲ့တယ်။


စီးပွားရေးပြိုင်ဖက်တွေကလည်း ဒီအခွင့်အရေးကိုယူပြီး ရှစ်ဖန်ပင်လယ်သင်္ဘောရဲ့ နယ်မြေကို ထိပါးလာကြတယ်။


ဒီအချိန်အတွင်းမှာ လင်းချီဖန်က ဇနီးသည်ရဲ့သေဆုံးမှု ၊ ကုမ္ပဏီကိစ္စတွေတို့နဲ့ အလုပ်ရှုပ်နေခဲ့ကာ ဆေးရုံမှာရှိနေတဲ့ သားငယ်ဆီကို သွားမကြည့်နိုင်ခဲ့ဘူး။


လင်းကျစ်ချောင်သည်လည်း ကျန်းဝမ်ရဲ့ ကာလတာရှည်အိမ်တွင်းရေးအကြမ်းဖက်မှုကြောင့် ဆေးရုံမှာကုသမှုခံယူနေခဲ့ရတယ်။


သူ့အနေနဲ့ သူ့ရဲ့ညီဖြစ်သူရှိနေတဲ့အခန်းကို အချိန်မှာ သွားပြီးကြည့်ပေးခဲ့တယ်။ သို့ပေမဲ့ သူကိုယ်တိုင်သည်လည်း လူနာတစ်ယောက်သာဖြစ်ပြီး လည်ပတ်ခွင့်အများကြီးမရဘူးလေ။ အချိန်အများစုမှာ ကျန်းမာရေးဝန်ထမ်းတွေက သူ့ရဲ့အခန်းထဲမှာရှိနေခဲ့ကြပြီး သူ့ရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက် ကိုယ်ပိုင်အခန်းထဲမှာသာ နေသင့်ကြောင်း ပြောလာလိမ့်မယ်။


ဒါကြောင့် လင်းကျစ်ယွဲ့ရဲ့ စိတ်ထဲမှ အလိုလားအတောင့်တဆုံးအချိန်မှာ သူ့ရဲ့မိသားစုဝင်တွေက ဘယ်သူမှ ရှိမနေခဲ့ဘူး။


---


လင်းချီဖန်က အခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီးနောက် နောက်ဆုံးမှာတော့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ခဲ့တယ်။


ကျန်းဝမ် ဆုံးပြီးတဲ့နှစ်အကုန်မှာပဲ လင်းချီဖန်က သူနဲ့ နှစ်တွေအများကြီး အလုပ်အတူလုပ်လာတဲ့ အတွင်းရေးမှူးနဲ့ လက်ထပ်လိုက်တယ်။


မိထွေးရလာမယ်ဆိုရင် ပထွေးပါရလာလိမ့်မယ်လို့ ပြောကြတာပဲမလား။


မစ်လင်းအသစ်က သူတို့ကို အကြမ်းဖက်မှုတွေမလုပ်ပဲ ဂရုစိုက်ပေးခဲ့တယ်။


နောက်ထပ် အသက်တစ်ခုမွေးဖွားလာမှုနဲ့အတူ အရာအားလုံးက ဖြေးညှင်းသိမ်မွေ့စွာနဲ့ ပြောင်းလဲသွားခဲ့တယ်။


လင်းချီဖန်က သူ့ရဲ့အငယ်ဆုံးသားနဲ့ အချိန်အများကြီး အတူရှိပေးခဲ့ကာ သူ့ရဲ့ပထမသားနဲ့ ဒုတိယသားကိုဘယ်တုန်းကမှ မပေးခဲ့ဖူးတဲ့ ဂရုစိုက်မှုတွေပေးခဲ့တယ်။


ပထမအိမ်ထောင်ရေးမှာ အားအင်ကုန်ခမ်းခဲ့ရတဲ့ လင်းချီဖန်အတွက်တော့ လက်ရှိဇနီးသည်နဲ့ နတ်သားလေးလို သားငယ်လေးက သူ့ရဲ့ စိတ်အေးသက်သာရာရတဲ့နေရာပဲ။


အရင်ဇနီးဟောင်းဆီမှ မွေးဖွားခဲ့တဲ့ သားနှစ်ယောက်ကတော့ သူ့အတွက် ကန့်သတ်ချက်ကိုကျော်နေပြီ။


မိခင်ဖြစ်သူရဲ့ဖောက်ပြန်မှုနဲ့ သတ်သေမှု ကောလဟာလက ထိုကလေးကို အကြိမ်ထောင်ပေါင်းများစွာ သတ်ဖို့ လုံလောက်နေပြီးပြီလေ။ နောက်ထပ် အဖေဖြစ်သူရဲ့ နောက်အိမ်ထောင်၊ သွေးသားတစ်ဝက်စပ်ပြီး မွေးလာတဲ့ ညီလေး၊ နောက်ပြီး အဖေဖြစ်သူရဲ့ သူနဲ့ သူ့အစ်ကိုကို ရည်ရွယ်ချက်ရှိရှိရော၊ ရည်ရွယ်ချက်မရှိသလိုမျိုးပါ လျစ်လျူရှုမှုတွေ....


ဒါတွေအားလုံးက ချွန်မြတဲ့ဓားတွေတစ်ချောင်းပြီးတစ်ချောင်းနဲ့ လင်းကျစ်ယွဲ့ရဲ့နှလုံးပေါ်မှာ ဖျောက်ဖျက်မရနိုင်တဲ့ အမှတ်အသားတွေ ထင်ကျန်စေခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ကာရိုက်တာကလည်း ပိုလို့ အထိမခံဖြစ်လာကာ ပိုပြီး သံသယလွန်ကဲလာခဲ့တယ်။


ရုန်ရုန်ရဲ့ဘက်မှ ကြည့်ရဲ့တော့ လင်းကျစ်ယွဲ့ရဲ့ အတွေ့အကြုံတွေက သူနဲ့ အလွန်ပဲ တူညီနေခဲ့တယ်။


အချိန်အကြာကြီး တစ်ယောက်တည်းကြီးပြင်းလာခဲ့ဖို့ ဖိအားပေးခံရပြီး အကူအညီကင်းမဲ့နေခဲ့တယ်။


အမှန်ပဲ။ စာအုပ်ထဲမှ ရူးသွပ်နေတဲ့ ဗီလိန် လင်းကျစ်ယွဲ့ရဲ့ နောက်ဆုံးအဆုံးသတ်က သူ့ရဲ့အမြှောက်စာခံ ဇာတ်ကောင်ထက် အများကြီးပိုပြီး ဆိုးရွားခဲ့တယ်လေ။


---


လင်းကျစ်ယွဲ့ အချိန်အကြာကြီးစောင့်နေခဲ့ပေမဲ့ ရုန်ရုန်က စကားပြောမလာသေးဘူး။


သူရဲ့မျက်နှာက ပိုပိုပြီးမည်းမှောင်လာခဲ့တယ်။


"မင်းက ငါနဲ့ ကစားချင်နေတာပဲ ဟုတ်တယ်မလား"


ရုန်ရုန် နူးညံ့စွာပြောလိုက်တယ်

"မင်း ကျင်းရီကိုကြိုက်လား"


လင်းကျစ်ယွဲ့ စကားကို တစ်ခွန်းချင်းပြောလာတယ်။


"မင်း ! လေလည်စရာရှိတာကိုလည်လိုက်"


ရုန်ရုန်ရဲ့တုံ့ပြန်မှုက တည်ငြိမ်နေခဲ့တယ်။


" ငါ အဲဒီစကားနဲ့ အဆဲခံပြီးသွားပြီလေ.. နောက်တစ်မျိုးပြောင်းပြော"


လင်းကျစ်ယွဲ့:"....."


ချီးပဲ!


ဒေါသထွက်လိုက်တာ!


ခြံဝန်းထဲမှာ ဒန်းတစ်ခုရှိနေတယ်။


ရုန်ရုန် ထိုဒန်းအနီးကိုသွားပြီး ထိုင်ချလိုက်ကာ ဘေးတစ်ဖက်မှ ခုံကို လက်နဲ့ပုတ်လိုက်တယ်


"ထိုင်ပြီး စကားပြောရအောင်"


"___အကြောင်းကိုပဲပြော"


လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်တုန်းက ငှက်သိုက်လေးကို ဆွဲယူခံရလုနီးပါးဖြစ်သွားတဲ့ အရိပ်မည်းကြီးက ကျန်ရှိနေသေးတာကြောင့် လင်းကျစ်ယွဲ့ နောက်ဆုံးစကားကို မပြောနိုင်ခင်မှာပဲ ရပ်တန့်သွားရတယ်။


ထိုသို့မွန်းကြပ်စေခဲ့ခံစားချက်က သူ့ကို ပိုပြီးစိတ်ဓာတ်ကျစေတယ်။


ရုန်ရုန်ရဲ့ခြေထောက်က မြေပြင်မှာ ခပာဖွဖွ ထိရင်း ဒန်းကို ဖြည်းညင်းစွာ လွှဲနေခဲ့တယ်။ ပြီးနောက် သူ လင်းကျစ်ယွဲ့ကိုကြည့်လိုက်တယ်။


"ငါ မင်းကိုကူညီပေးနိုင်တယ်"


အစမရှိသလို အဆုံးသတ်လည်းမပါဘူး။ လင်းကျစ်ယွဲ့သာ နားလည်နိုင်ရင် သရဲတွေတောင် ရောက်လာလိမ့်မယ်။


လင်းကျစ်ယွဲ့ မျက်မှောင်ကြုတ်ကာ အသံပြတ်နဲ့မေးလာတယ်။


"ဘာကိုကူညီမှာလဲ?"


ရုန်ရုန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။


"ကူညီပေးမယ် ကျင်းရီကို မင်းကို အများကြီးမမုန်းတော့အောင်"


လင်းကျစ်ယွဲ့ လက်သီးကို တင်းတင်းဆုတ်လိုက်တယ်။ 


"သူကြိုက်မကြိုက်ကို ဘယ်ငရဲက ကောင်က ဂရုစိုက်နေလို့ ! "


သူ ပြောပြီးနောက် ရုန်ရုန်က ဒန်းကို ထပ်လွှဲလိုက်တယ်။


သူ့ရဲ့လေသံက တိုးဖျော့နေပြီး သူပြောတာကို သူကိုယ်တိုင်တောင်မယုံမှန်း ထင်ရှားနေခဲ့တယ်!


ရုန်ရုန်က ဒီလိုမျိုး (ဒန်းနဲ့)အပေါ်တက်လိုက် အောက်ကိုဆင်းလိုက်နဲ့ လွှဲနေတာကိုမြင်တော့ လင်းကျစ်ယွဲ့ရဲ့ခေါင်းတွေ ဆိုးဆိုးရွားရွားနာကျင်လာရသလိုပဲ။ သူ့ရဲ့နှလုံးသားထဲမှ မီးကလည်း ပိုပြီးလောင်ကျွမ်းလာတယ်။


သူ ခြေလှမ်းကျဲကျဲနဲ့လျှောက်လာပြီး ဒန်းကြိုးကို လှမ်းဆွဲကာ လွှဲနေတာကို အားနဲ့ ရပ်တန့်လိုက်တယ်။ 


"ငါက မဟုတ်ဘူးလို့ပြောရင် မဟုတ်လို့ပဲပေါ့! မင်းက မြင်းပေါ်ကိုတက်နေလို့ လူစကားကိုနားမလည်တော့တာလား ?!"


( t/n _ အရင်အပိုင်းမှာကတည်းက ထည့်ရေးနေပေမဲ့ မရှင်းရသေးလို့


ဒီမြင်းပေါ်ကိုတက်နေတယ်ဆိုတဲ့ဟာက ဆဲတာပါပဲ


အဓိပ္ပါယ်ကတော့ Slang တွေကိုလိုက်ရှာကြည့်ပေမဲ့ မတွေ့ဘူးဖြစ်နေလို့ ။ ဒါပေမဲ့ မြင်းရဲ့အသံထွက်က မား လို့ပဲထွက်တာဆိုတော့ အမေကိုထည့်ဆဲတာလို့ထင်တယ်)


လင်းကျစ်ယွဲ့ ကြိုးကို ခက်ခက်ခဲခဲဆွဲလိုက်ပြီးနောက်မှာ ရုန်ရုန်က ဒန်းပေါ်နေ အောက်ကို ပြုတ်ကျသွားခဲ့တယ်။


လင်းကျစ်ယွဲ့တစ်ယောက် တောင့်တင်းသွားရတယ်။


သူ့ရဲ့ဦးနှောက်က အေးခဲနေပြီး သူ့ခန္ဓာကိုယ်မှ ကြွက်သားတွေရဲ့မှတ်ဥာဏ်အတိုင်း ရုန်ရုန်ရဲ့ခြေထောက်ကို လှန်းကန်လိုက်တယ်။


"ဟေး အမွှေးလုံး ---- မင်း အသက်ရှိသေးလား"


လင်းကျစ်ယွဲ့ရဲ့အမူအယာက သိသိသာသာမြင်နေရလောက်အောင် ထိတ်လန့်ကြောက်ရွံ့နေကြောင်း ဖော်ပြပေမဲ့ သူ့ရဲ့ပါးစပ်ကတော့ ကြမ်းတမ်းတဲ့စကားတွေထွက်လာတုန်းပဲ။


"အမွှေးလုံးကောင် ငါမင်းကိုသတိပေးနေတယ်နော်.. မင်း ငါ့ရှေ့မှာ သေချင်ယောင်ဆောင်ရဲရင် ငါမင်းကိုသတ်မှာ!"


ရုန်ရုန်က တုံ့ပြန်လာခြင်းမရှိသေးဘူး။


လင်းကျစ်ယွဲ့ရဲ့မျက်နှာက ဖြူဖျော့သွားခဲ့ပြီး အတွင်းပိုင်းကို ပြေးတော့တယ်။


****



Report Page