278
Out Ber#မျိုးနွယ်စုတို့ရဲ့မဟာကပ်ဘေး အပိုင်း (၂၇၈)
နတ်အက္ခရာ ပြိုင်ပွဲ (၁)
ကျောင်းသားများ၏ ရှေ့တွင်တော့ သုတေသီများက တီးတိုး စကားပြောဆိုနေကြသည်။
သားရဲထိန်းကျောင်းမဟာဌာနမှ တိမ်ခွင်းနယ်ပယ် အဆင့်သုံး ပညာရှင် တစ်ဦးလည်း ရောက်ရှိနေ၏။ ချီချုံး ရှေ့ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့်...
"ကံဆိုးတာပဲ... ချီချုံးက ထိပ်ဆုံး ဆယ်ယောက်စာရင်း ဝင်နိုင်လောက်တဲ့အထိ သန်မာပေမဲ့ သူ့ရဲ့ ပထမဆုံး ပွဲစဉ်မှာတင် ရှချန်နဲ့ သွားတွေ့နေတယ်လေ"
နတ်အက္ခရာများကို အသုံးပြု၍ ယှဉ်ပြိုင်ကြရာတွင် လူတစ်ယောက်၏ စိတ်စွမ်းအားနှင့် နတ်အက္ခရာများက အဓိက သော့ချက် ဖြစ်ပေသည်။ ဤကျောင်းသားသစ် အများစုမှာ တူညီသော ကျင့်ကြံခြင်းအဆင့်များ ရှိကြသော်လည်း သားရဲထိန်းကျောင်းမဟာဌာနမှ ကျောင်းသားများက သူတို့၏ သားရဲယဉ်ပါးစေခြင်း ကျင့်စဉ်ဘက်သို့ အာရုံလွှဲထားရသဖြင့် သူတို့၏ စိတ်စွမ်းအားနှင့် နတ်အက္ခရာ ကျင့်ကြံခြင်း အပိုင်းတွင် အနည်းငယ် အားနည်းသွားသည်ကိုတော့ ငြင်းဆို၍ မရနိုင်ပေ။
ထို့အပြင် ချီချုံးက မူလကတည်းက ရှချန်ထက် အားနည်းနေပြီး ဖြစ်ရာ စိတ်စွမ်းအားနှင့် နတ်အက္ခရာများကိုသာ အသုံးပြုခွင့် ပေးထားလျှင် သူက သူမ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
"ထားလိုက်ပါတော့... ချီချုံး အနေနဲ့ တတ်နိုင်သမျှ အကြာကြီး တောင့်ခံထားနိုင်ဖို့ ကြိုးစားရုံပဲ တတ်နိုင်မှာပေါ့... ရှချန်ရဲ့ စိတ်စွမ်းအားက ကိုးဆယ်ရာခိုင်နှုန်း မပြည့်သေးတော့ သူတို့ရဲ့ စိတ်စွမ်းအားတွေက သိပ်မကွာလောက်ပါဘူး"
သူတို့ စကားပြောဆိုနေစဉ် ရှချန်က အေးစက်သော မျက်နှာထားဖြင့် ဘောလုံး၏ တစ်ဖက်ဆီသို့ လျှောက်သွားလိုက်သည်။
သူမက ဘာမှ ပြောမနေဘဲ အချိန်မဆွဲတော့ဘဲ သူမ၏ စိတ်စွမ်းအားကို ဘောလုံးထဲသို့ တိုက်ရိုက် ပို့လွှတ်လိုက်၏။ ထိုအခါ ဘောလုံး တစ်ခုလုံးက အနီရောင် ပြောင်းသွားတော့သည်။
လျှိူဟုန်က ရှင်းပြလာသည်။
"ပထမဆုံး ဝင်သွားတဲ့ အချိန်မှာ မင်းတို့ရဲ့ စိတ်စွမ်းအားတွေ အချင်းချင်း ထိပ်တိုက် မတွေ့သေးတဲ့ သုံးစက္ကန့် ကင်းလွတ်ခွင့် ရှိတယ်... အဲ့ဒါကြောင့် နှစ်ဖက်စလုံးက သုံးစက္ကန့်အတွင်း ဝင်ရမယ်... မဟုတ်ရင် အရင်ဝင်တဲ့သူက အသာစီး ရသွားလိမ့်မယ်"
ချီချုံး အနေဖြင့် နောက်ထပ် သတိပေးစရာ မလိုတော့ပေ။ သူက လေးနက်သော မျက်နှာထားဖြင့် သူ့စိတ်စွမ်းအားကို ဘောလုံးထဲသို့ ပို့လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် ဘောလုံး တစ်ဝက်က အဝါရောင် ပြောင်းသွားတော့သည်။
အနီရောင်က ရှချန်ကို ကိုယ်စားပြုပြီး အဝါရောင်က ချီချုံးကို ကိုယ်စားပြုပေသည်။
စုယွီနှင့် အခြားသူများက ဘောလုံးကို ကြည့်နေကြသော်လည်းအတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေကိုတော့ မမြင်ရပေ။ သူတို့ မြင်ရသည်မှာ အရောင် နှစ်ရောင် အချင်းချင်း တွန်းကန်နေသည်ကိုသာ ဖြစ်၏။
စုယွီ အနည်းငယ် စိတ်ပျက်သွားသည်။
သို့သော်လည်း ဘာမှ မတတ်နိုင်ချေ။ သူတို့က သူတို့၏ နတ်အက္ခရာများကို ရုပ်လုံးပေါ်လာအောင် မလုပ်နိုင်သေးသဖြင့် ဤပြိုင်ပွဲအတွက် ကောင်းမွန်စွာ တိုက်ခိုက်နိုင်ရန် ပြင်ပ အရာဝတ္ထု တစ်ခု၏ အကူအညီကို ရယူရခြင်း ဖြစ်သည်။ မဟုတ်ပါက ဤနေရာရှိ ကျောင်းသားများထဲမှ မည်သူကမျှ သူတို့၏ နတ်အက္ခရာများကို ရုပ်လုံးမဖော်နိုင်သေးသဖြင့် တိုက်ပွဲ၏ ရလဒ်ကိုပင် မျက်မြင်တွေ့ခွင့် ရကြမည် မဟုတ်ပေ။
စုယွီ တွေးတောနေစဉ် လူအုပ်ကြီးထံမှ ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထိုအသံက စုယွီကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်သွားသည်။ သူ အလျင်အမြန် ဘောလုံးကို ပြန်ကြည့်လိုက်ရာ ဘောလုံးပေါ်ရှိ အနီရောင်က ချက်ချင်းဆိုသလို အဝါရောင်ကို ဖုံးလွှမ်းသွားပြီး အဝါရောင် နေရာယူထားသော နယ်မြေကို စတင် ဝါးမြိုနေသည်အား တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် မျက်လုံးများ မှိတ်ထားသော ချီချုံး၏ မျက်နှာမှာ ဖြူရော်သွားပြီး သူ့နဖူးပေါ်တွင် ချွေးများ ပေါ်လာ၏။ ဆယ်စက္ကန့်ပင် မပြည့်မီ သူက သွေးတစ်လုတ် အန်ချလိုက်ပြီး မျက်လုံးများ ဖွင့်လာသည်။ ထို့နောက် သူက မာနထောင်လွှားနေသော ရှချန်အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်တော့သည်။
ဘောလုံးမှာ လုံးဝ အနီရောင် အဖြစ် ပြောင်းလဲသွားလေပြီ။ ရှချန်က ပွဲစဉ်ကို အနိုင်ရရှိသွားခြင်းပင်။ ကျောင်းသားများကြား တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။ သားရဲထိန်းကျောင်းမဟာဌာနမှ ကျောင်းသား အချို့ဆိုလျှင် မျက်နှာများပင် ဖြူရော်သွားကြသည်။
ချီချုံးက သူတို့ မဟာဌာနတွင် အသန်မာဆုံး ကျောင်းသား ဖြစ်သည်။ သို့သော် သူက ရှချန်နှင့် ယှဉ်လျှင် ဆယ်စက္ကန့်ပင် မတောင့်ခံနိုင်ခဲ့ချေ။
ချီချုံးမှာ အကြီးအကျယ် စိတ်ဓာတ်ကျသွားပုံ ပေါ်သည်။ ရှချန်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် သူက ခေါင်းငုံ့ကာ လူအုပ်ထဲသို့ တိတ်တဆိတ် ပြန်သွားတော့သည်။ သူက အကြီးအကျယ် ရှုံးနိမ့်သွားခဲ့လေပြီ။
"တကယ်ကို ထူးဆန်းတဲ့ ကောင်တွေပါပဲ"
စုယွီ အနီးရှိ ကျောင်းသားတစ်ဦးက အာမေဋိတ်သံဖြင့် ရေရွတ်လိုက်၏။ ချီချုံးမှာ အလွန် မြန်ဆန်စွာ ရှုံးနိမ့်သွားခဲ့သည် မဟုတ်ပါလား။
စုယွီက အာရုံစိုက်လိုက်ရာ တစ်စုံတစ်ယောက်က ချီချုံးအား တိုက်ပွဲ အကြောင်း တီးတိုး မေးမြန်းနေသည်ကို ကြားလိုက်ရသည်။
ချီချုံးက... "သူမ အရမ်း သန်မာတယ်... အဲ့ဒါ နတ်ဘုရား မျိုးနွယ်စုရဲ့ ဖြိုခွင်း နတ်အက္ခရာပဲ... အဲ့ဒါက ငါ့ရဲ့ နတ်အက္ခရာကို ချက်ချင်း ဖြိုခွင်းပစ်နိုင်ခဲ့တယ်... အဲ့ဒီ နတ်အက္ခရာက အဆင့်နှစ်နား ကပ်နေပြီလို့ ငါ ထင်တယ်... တကယ်လို့ မင်းတို့ သူမနဲ့ တွေ့ရင် ဒဏ်ရာ မရချင်ရင် လက်လျှော့လိုက်တာ ပိုကောင်းမယ်"
စုယွီ၏ မျက်နှာထား လေးနက်သွားသည်။
နတ်ဘုရားမျိုးနွယ်စု နတ်အက္ခရာ။
ပြီးတော့ အဲ့ဒါက ဖြိုခွင်း နတ်အက္ခရာပဲ။ သေချာတာပေါ့... ဒါက တိုက်ခိုက်ရေး နတ်အက္ခရာပဲ။ သို့သော် ချီချုံးကို ကြည့်ရသလောက် သူ့ဒဏ်ရာများက အတော်လေး ပေါ့ပါးနေသည်။ ရှချန် အနေဖြင့် အသာစီး ရပြီးနောက် ထပ်မံ ဖိအားမပေးတော့ဘဲ ချီချုံးကို သေးငယ်သော ဒဏ်ရာများနှင့်သာ လွှတ်ပေးခဲ့ခြင်း ဖြစ်လောက်ပေမည်။
"ချီချုံးကို နတ်အက္ခရာ တစ်လုံးတည်းနဲ့ အနိုင်ယူသွားတာပဲ"
စုယွီက ရှချန်ကို ခိုးကြည့်လိုက်၏။ သူမက ယခင်အတိုင်း အေးစက်နေဆဲဖြစ်ပြီး ဝမ်မင်ဇီနှင့် အခြား ထူးဆန်းသော ကောင်များ ဘေးတွင် ရပ်နေသည်။ အခြား မည်သည့် ကျောင်းသားမှ သူတို့ကြား ဝင်ရပ်ရန် မဝံ့ရဲကြပေ။
တစ်ဖက်တွင် သားရဲထိန်းကျောင်းမဟာဌာနမှ သုတေသီ အနေဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းရုံသာ တတ်နိုင်တော့သည်။
ဒါ တကယ်ကို ဆိုးရွားတဲ့ ရှုံးနိမ့်မှုပဲ။
"ရှမိသားစုက လူပီသပါတယ်" ဆရာ တစ်ဦးက မှတ်ချက်ချလာ၏။ "သူတို့ရဲ့ နတ်အက္ခရာတွေကို တကယ် ရုပ်လုံးဖော်နိုင်တဲ့ အချိန်ကျရင် သူတို့ရဲ့ တိုက်ပွဲကို မြင်ခွင့်ရဖို့ ဘယ်လောက်တောင် မျှော်လင့်နေလဲ မသိဘူး... အဲ့ဒီအချိန်ကျမှ ဒီတိုက်ပွဲတွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလာမှာ"
ထိုစကားက မှန်ပေသည်။ မျိုးပျံနယ်ပယ်နှင့် အထက်ရှိ ယဉ်ကျေးမှုသုတေသီများ၏ တိုက်ပွဲများမှာ အမှန်တကယ်ပင် အံ့မခန်း ကြည့်ချင်စရာ ကောင်းလှ၏။ နတ်အက္ခရာ အများအပြားနှင့် စွမ်းရည်များ ထွက်ပေါ်လာမှုက ဘောလုံး တစ်လုံးပေါ်ရှိ အရောင် အပြောင်းအလဲများကိုသာ မြင်ရသော ဤပြိုင်ပွဲထက် အများကြီး ပို၍ စိတ်ဝင်စားဖို့ ကောင်းပေမည်။
ထိုဆရာကပင် ဆက်ပြောလာသည်။
"ဒီနှစ် ကျောင်းသားသစ်တွေထဲမှာ စူပါပါရမီရှင် ရှစ်ယောက် ရှိတယ်... သူတို့ အချင်းချင်းကလွဲရင် တခြား ဘယ်သူမှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်... သူတို့ ရှစ်ယောက်လုံးက သေချာပေါက် ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲ ဝင်မှာပဲ... ကျန်တဲ့ နေရာ နှစ်ခုကိုတော့ တခြား အမြင့်ဆုံး အကဲဖြတ်ခံရသူတွေက ယူသွားလောက်တယ်"
ယခုနှစ်တွင် အမြင့်ဆုံး အကဲဖြတ်ခံရသူ အတော်များများ ရှိနေသောကြောင့် ထိုသူက လျှိူဟုန်ကို လှမ်းကြည့်၍ မေးလာ၏။
"ပိုင်ဖုန်းရဲ့ တပည့်က အစွမ်းထက်တဲ့ စိတ်စွမ်းအား မရှိဘူးထင်တယ်... သူ့မှာ နတ်အက္ခရာ ဘယ်နှခု ရှိလဲ"
လျှိူဟုန်က ပြုံး၍... "ငါလည်း သေချာ မသိဘူး... ဒါပေမဲ့ သူလည်း ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲ ဝင်လောက်မှာပါ... သေချာတာပေါ့... တကယ်လို့ သူက အဲ့ဒီ လူထူးဆန်းတွေနဲ့ အရမ်း စောစော တွေ့သွားရင်တော့ အခြေအနေတွေ ပြောင်းလဲသွားနိုင်တာပေါ့"
"မင်း သူ့ကို တော်တော်လေး အထင်ကြီးနေပုံပဲ..." ထိုသူက ရယ်မောလိုက်သည်။ "မင်းက သူ့အတွက် ရန်သူတွေ ဖန်တီးပေးဖို့ ဒါကို တမင် ပြောနေတာလား"
လျှိူဟုန်က ပြုံးရုံသာ ပြုံးပြီး... "စောင့်သာ ကြည့်နေလိုက်ပါ... အဲ့ဒီကောင်က... လုံးဝ အားနည်းတဲ့ကောင် မဟုတ်ဘူး... သူက စိတ်စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ရောက်ခါစ ကျောင်းသားသစ်တစ်ယောက် ဖြစ်နိုင်ပေမဲ့ တကယ့် တိုက်ပွဲမှာတော့ မင်းတို့ မဟာဌာနက ချီချုံးတောင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
"ဟုတ်လို့လား"
ထိုသူက သေချာပေါက် လက်မခံနိုင်ပေ။ ချီချုံးက ရှချန်နှင့် အရမ်း စောစော တွေ့သွား၍သာ ကံဆိုးသွားခြင်း ဖြစ်သည်။ မဟုတ်ပါက သူက ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲ ဝင်နိုင်လောက်အောင် သေချာပေါက် သန်မာပေသည်။
ထိုအချိန်တွင် ဆရာတစ်ဦးက အော်ဟစ်လိုက်၏။
"နံပါတ်သုံး နဲ့ နံပါတ်လေး... ဒီပွဲ ပြီးရင် နောက်ပွဲစဉ်တွေအတွက် နံပါတ် ခေါ်တာကို စောင့်နေစရာ မလိုဘဲ ပွဲပြီးတာနဲ့ ကိုယ့်ဘာသာ တက်လာခဲ့ကြပါ"
ဝမ်မင်ဇီက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထွက်လာခဲ့သည်။ အခြား ကျောင်းသားတစ်ယောက်က ဝမ်မင်ဇီ ဖြစ်နေမှန်း မြင်လိုက်ရချိန်တွင် သူ့မျက်နှာထား ပျက်ယွင်းသွား၏။ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ လူထူးဆန်း နှစ်ယောက်က တစ်ဆက်တည်း ယှဉ်ပြိုင်နေရတာလဲ။
ဝမ်မင်ဇီက ပြုံး၍... "ကျောင်းသား... ငါ့ကို အဲ့ဒီလိုကြီး မကြည့်ပါနဲ့... ငါ့ ပခုံးပေါ်မှာလည်း ဖိအားတွေ အများကြီး ရှိပါတယ်... ဒီပွဲကို အချင်းချင်း ဖလှယ်တဲ့ ပွဲလို့ပဲ သဘောထားလိုက်ကြရအောင်... ငါတို့ ဒီလိုမျိုး ယှဉ်ပြိုင်ခွင့် ရတာ တော်တော်လေး ရှားပါတယ်"
အခြား ကျောင်းသားက ထိုစကားများကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူက ပြုံး၍... "အဲ့ဒါဆိုရင် စီနီယာအစ်ကိုဝမ်ရဲ့ လမ်းညွှန်မှုအတွက် ကြိုတင် ကျေးဇူးတင်ပါတယ်"
သူက ဝမ်မင်ဇီ အပေါ် အမြင်ကောင်း ရှိသဖြင့် အချိန်မဆွဲတော့ဘဲ ဘောလုံးဆီသို့ တက်လှမ်းသွားတော့သည်။ ဝမ်မင်ဇီက ယဉ်ကျေးစွာဖြင့် သူ့ပြိုင်ဘက်ကို အရင် စတင်ရန် လက်ဟန် ပြလိုက်၏။ ချက်ချင်းဆိုသလိုပင် ဘောလုံးမှာ အနက်ရောင်ဖြင့် ဖုံးလွှမ်းသွားသည်။ ထို့နောက် ဝမ်မင်ဇီ ဝင်ရောက်လာပြီး ဘောလုံး တစ်ဝက်ကို အဖြူရောင်ဖြင့် ဖုံးလွှမ်းသွားစေသည်။ ဘောလုံးက ကျောင်းသား တစ်ဦးစီ၏ အရောင်ကို မည်သို့ ဆုံးဖြတ်သလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိချေ။
ဤပွဲစဉ်၏ ရလဒ်အတွက် အံ့အားသင့်စရာ မရှိခဲ့ပေ။
ပွဲစဉ်က စက္ကန့် သုံးဆယ်သာ ကြာမြင့်ခဲ့သည်။
ဝမ်မင်ဇီ၏ ပြိုင်ဘက်က ဂူဗိမာန်ထဲမှ သူကိုယ်တိုင် ဆုတ်ခွာသွားခဲ့သည်။ ဖြူရော်နေသော မျက်နှာဖြင့် သူက ဦးညွှတ်၍... "စီနီယာအစ်ကိုဝမ်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
သူ ရှုံးနိမ့်သွားခဲ့ပြီ။ သူ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့လေပြီ။
သို့သော် အရောင် နှစ်ရောင် အချင်းချင်း အဆက်မပြတ် ရုန်းကန်နေကြသည်ကို လူတိုင်း မြင်တွေ့ခဲ့ရသည်။ သေချာသည်က ဝမ်မင်ဇီ အနေဖြင့် သူ့ပြိုင်ဘက်ကို ချက်ချင်း အကြီးအကျယ် ရှုံးနိမ့်သွားအောင် မလုပ်ခဲ့ပေ။ ယင်းအစား သူက သူ့ပြိုင်ဘက်ကို အစွမ်းကုန် တိုက်ခိုက်ခွင့် ပေးခဲ့ပြီးမှ အနိုင်ယူရန် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ တကယ့် လူကြီးလူကောင်းတစ်ယောက်လို ပြုမူခဲ့ခြင်းပင်။
ထိုအချိန်တွင် ရှဟူယိုက စုယွီ အနီးသို့ ထပ်မံ ရောက်ရှိလာ၏။ သူက တီးတိုး ပြောလာသည်။
"ဒီကောင်က ပြုံးနေတဲ့ ကျားပဲ... မင်း သူ့ကို သတိထားတာ ပိုကောင်းမယ်... လူမြင်ကွင်းမှာတော့ သူ့ရဲ့ အပြုံးနဲ့ လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်နေတာပဲ... ဒါပေမဲ့ သူ့စိတ်ထဲမှာ တကယ် ဘယ်လို လူစားမျိုးလဲဆိုတာ မင်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး"
ရှဟူယို စကားဆုံးသည်နှင့် စုယွီ၏ မျက်နှာပေါ်တွင် ကျယ်ပြန့်သော အပြုံးတစ်ခု ပွင့်လန်းလာတော့သည်။
သူ ရှေ့ထွက်လာခဲ့၏။ သူ ယှဉ်ပြိုင်ရမည့် အလှည့် ရောက်လာခဲ့လေပြီ။
သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေသည်။ သူ့ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မြင်လိုက်ရချိန်တွင် သူ့အပြုံးက ပို၍ပင် ကျယ်ပြန့်သွားပြီး...
"ကျုံးကျိ... ငါ ပထမရဖို့ လိုတယ်... အဲ့ဒီအရာက ငါ့ဆရာဘိုးဘိုးနဲ့ သက်ဆိုင်တာလေ... ငါ လက်လျှော့မှာ မဟုတ်ဘူး... မင်းလည်း လက်လျှော့မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်... ငါတို့ အစွမ်းကုန် တိုက်ခိုက်ကြရင် မင်း စိတ်မဆိုးဘူး မလား"
ဟူကျုံးကျိ၏ မျက်နှာထားမှာ ကြည့်ရဆိုးနေ၏။ သို့သော် သူ့ပြိုင်ဘက်က စုယွီ ဖြစ်နေသဖြင့် သူ ဝမ်းသာနေဆဲပင်။ စုယွီက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းတွင် သန်မာသော်လည်း စိတ်စွမ်းအား ကျင့်ကြံခြင်းတွင် အားနည်းကြောင်း သူ မှတ်မိသည်။ ထိုအတွေးကြောင့် သူ့စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာခဲ့သည်။
စုယွီ မျက်နှာပေါ်တွင် ထိုမျှ ဖော်ရွေသော အပြုံးမျိုး ရှိနေသဖြင့် ဟူကျုံးကျိ အနေဖြင့်... "ငါတို့ နှစ်ယောက်လုံး အစွမ်းကုန် ကြိုးစားကြတာပေါ့... စုယွီ... ငါ လက်လျှော့မှာ မဟုတ်ဘူး" ဆိုသည်မှလွဲ၍ ဘာမျှ မပြောနိုင်တော့ချေ။
စုယွီက မျက်နှာပေါ်ရှိ အပြုံးကို ထိန်းသိမ်းထားရင်း ခေါင်းညိတ်ပြလိုက်၏။
သူ ဘောလုံးဆီသို့ လျှောက်သွားပြီး ဟူကျုံးကျိ ရောက်လာသည် အထိ စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက် သူက... "ဝင်ကြရအောင်... ကျုံးကျိ... အတူတူ ကြိုးစားကြတာပေါ့"
ဟူကျုံးကျိ လုံးဝ စကားမပြောနိုင် ဖြစ်သွားသည်။ စုယွီက ဒီလောက် ယဉ်ကျေးနေမှတော့ သူက စုယွီကို ရိုက်နှက်သင့်သေးရဲ့လား။
တစ်ဖက်တွင် ရှဟူယိုက လူအုပ်ထဲ၌ မျက်နှာမဲ့နေ၏။ သူ့သတိပေးချက်က အလကား ဖြစ်သွားပုံပေါ်သည်။ နောက်တစ်နည်း တွေးကြည့်လျှင် သူ ဒီအကြောင်းကို သိထားသင့်သည်။ စုယွီက သေချာပေါက် ရိုးရှင်းတဲ့ ကလေးတစ်ယောက် မဟုတ်ဘူးလေ။ ဝမ်မင်ဇီက ဟန်ဆောင်ကောင်းတဲ့သူ ဖြစ်နိုင်ပေမဲ့ စုယွီကတော့... သေချာပေါက် သူတော်စင်တစ်ပါး မဟုတ်ဘူး။
သူ့ရဲ့ ယခင် ပြိုင်ဘက်တွေ အားလုံး ဘာဖြစ်သွားလဲဆိုတာ ကြည့်လိုက်ဦး။ လင်းယောင်တစ်ယောက် စုယွီကို ပြဿနာ လာရှာတာ အချိန်တစ်ခုတောင် ကြာသွားခဲ့ပြီ မဟုတ်ပါလား။ ရှဟူယိုက သူတို့ ဆုံတွေ့တိုင်း လင်းယောင်တစ်ယောက် စုယွီကို အသံတိတ် အပြုံးတစ်ခုဖြင့် နွေးထွေးစွာ နှုတ်ဆက်နေသည်ကိုပင် သတိထားမိခဲ့သေးသည်။
ကျန်းရွင်ဟွေ့နှင့် ပတ်သက်၍မူ သူက စုယွီကြောင့် ရန်သူ အဖြစ်မှ မိတ်ဖက် အဖြစ်သို့ တစ်နည်းနည်းဖြင့် ပြောင်းလဲသွားခဲ့လေပြီ။ ရှဟူယို အနေဖြင့် ချန်ချီနှင့် ပတ်သက်သော ကိစ္စကို ရှင်းရှင်းလင်းလင်း မသိသောကြောင့် ထိုအကြောင်းကို ဘာမှ ပြောစရာ မရှိချေ။
နန်ယွမ်မှာတုန်းက စုယွီကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့ရတဲ့ ဝူလန်တောင် အခုတော့ စုယွီအပေါ် တော်တော်လေး ကောင်းမွန်နေပြီလေ။ စုယွီက သူမကို အကြီးအကျယ် စော်ကားခဲ့တယ်ဆိုတဲ့ ကောလာဟလက သိသာထင်ရှားတဲ့ လိမ်ညာမှု တစ်ခုပဲ။ ပြီးတော့ ဒီနေ့တိုင်အောင် အဲ့ဒီ အလယ်အလတ်တန်း ကျောင်းသားတွေက သူနဲ့ တွေ့တိုင်း အတန်းခေါင်းဆောင် ဆိုပြီး ပျော်ပျော်ရွှင်ရွှင် ခေါ်နေကြတုန်းပဲ။
"ဟန်ဆောင်ကောင်းသူ နံပါတ်နှစ်"
ရှဟူယိုက တီးတိုး ရေရွတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဘောလုံးမှာ အရောင် နှစ်ရောင်ဖြင့် ဖုံးလွှမ်းသွားခဲ့လေပြီ။
တစ်ဖက်တွင် ရွှေရောင် ရှိနေပြီး စုယွီကို ကိုယ်စားပြုသည်။
အခြား တစ်ဖက်တွင် အစိမ်းရောင် ရှိနေပြီး ဟူကျုံးကျိကို ကိုယ်စားပြု၏။
သူတို့နှစ်ယောက် အခုလေးတင် ဝင်ရောက်သွားခြင်း ဖြစ်သောကြောင့် ဘောလုံး တစ်ဝက်စီကို ခွဲဝေယူထားကြသည်။
စုယွီ၏ ပတ်ပတ်လည်ရှိ လောကကြီးက လည်ပတ်သွား၏။
သူ့စိတ်စွမ်းအားကို ဘောလုံးထဲသို့ ပို့လွှတ်လိုက်ချိန်တွင် ထိုခံစားချက်မှာ သူ၏အသိပင်လယ်ထဲသို့ ပြန်ရောက်သွားသည့် အချိန်နှင့် ဆင်တူနေသည်။
သူက ဘောလုံးထဲတွင် သူ့ကိုယ်သူ ပုံစံငယ်လေး တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ရှေ့ မလှမ်းမကမ်းတွင်တော့ ဟူကျုံးကျိ၏ ပုံစံငယ်လေး တစ်ခု ရှိနေ၏။ သူတို့နှစ်ယောက် အချင်းချင်း စိုက်ကြည့်နေကြသည်။ ဤဂူဗိမာန်ထဲတွင် သူတို့ စကားပြော၍ မရသော်လည်း အချင်းချင်းကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဟူကျုံးကျိက တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် စုယွီက ပြုံး၍ သူ့ကို အရင် စတင်ရန် လက်ဟန် ပြလိုက်၏။
ဟူကျုံးကျိ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ စုယွီက သူ ပိုသန်မာတယ်လို့ ထင်နေတာလား။ စုယွီက ပိုမို အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ရှိနိုင်သော်လည်း စိတ်စွမ်းအား ကျင့်ကြံခြင်းတွင်တော့ သူက ပိုသန်မာကြောင်း ဟူကျုံးကျိ ယုံကြည်ထား၏။ ဘာလို့ စုယွီက ဒီနေရာမှာ လာပြီး ဟန်ရေးပြနေရတာလဲ။
ဟူကျုံးကျိက စုယွီကို အကြီးအကျယ် အနိုင်ယူပြီး အရှက်ခွဲပစ်မည်ဟု ကျိန်တွယ်လိုက်သည်။ ကြီးမားသော နတ်အက္ခရာ တစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာပြီး ရေတွက်၍ မရနိုင်သော ဓားများ အဖြစ် ပြောင်းလဲသွားကာ စုယွီထံ ပျံသန်းသွားတော့သည်။
"ဓား"
ဤသည်မှာ နတ်ဘုရား သို့မဟုတ် နတ်ဆိုး နတ်အက္ခရာ မဟုတ်ပေ။ ယင်းက ကျားဖြူ မျိုးနွယ်စု၏ နတ်အက္ခရာ တစ်ခုဖြစ်ပြီး အတော်လေး အစွမ်းထက်သော အရာတစ်ခုဟု သတ်မှတ်နိုင်သည်။ ဟူကျုံးကျိ၏ စိတ်စွမ်းအားက ခြောက်ဆယ်ရာခိုင်နှုန်းသို့သာ ရောက်ရှိနေသေးသဖြင့် ထူးခြားမှုတော့ မရှိလှချေ။
သို့သော် ဤဂူဗိမာန်ငယ်လေးထဲတွင် သူက သူ့ရှေ့၌ ရေတွက်၍ မရနိုင်သော ဓားများ ဝဲပျံနေသဖြင့် အတော်လေး ဩဇာညောင်းပုံ ပေါ်နေ၏။ ဝင်ရောက်လာသော ဓားများကို ရင်ဆိုင်ရင်း စုယွီ ပြုံးလိုက်သည်။ သူက တည်ငြိမ်နေဆဲဖြစ်ပြီး သူ့လက်မောင်းကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ဝင်ရောက်လာသော ဓားများကို ချေမှုန်းပစ်လိုက်သည်။
ဟူကျုံးကျိ၏ မျက်နှာထား ပျက်ယွင်းသွား၏။ သူက ဓားများကို ပိုမို ဖန်တီးလိုက်ပြီး စုယွီကို ဝန်းရံ အနိုင်ယူရန် ပို့လွှတ်လိုက်တော့သည်။
📒 စာစဉ် ဖတ်ရန်လင်ခ်👇