277

277

Out Ber

#မျိုးနွယ်စုတို့ရဲ့မဟာကပ်ဘေး အပိုင်း (၂၇၇)

 ပြသချိန် (၃)

  

 မလှမ်းမကမ်းတွင်။

  

 စုယွီ ခေါင်းမော့ကြည့်လိုက်ရာ ရဲရင့်သော အသွင်အပြင်ရှိသည့် မိန်းမပျို တစ်ဦးက သူ့အား လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏ ဘေးတွင် ဝူလန် ရှိနေ၏။ သူက ထိုအမျိုးသမီး မည်သူမည်ဝါ ဖြစ်ကြောင်း ခန့်မှန်းမိသဖြင့် ရိုးသားသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်ပြီး အကြည့်လွှဲလိုက်သည်။

  

 တစ်ချိန်တည်းမှာပင် လျှိူဟုန်ကလည်း ဝူချီကို လှမ်းကြည့်၍ နွေးထွေးသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်ရာ...

  

 ဝူချီမှာ တစ်စထက်တစ်စ ပို၍ ထူးဆန်းသလို ခံစားလာရတော့သည်။

  

 သူမက လျှိူဟုန်နှင့် စုယွီကို အလှည့်ကျ စိုက်ကြည့်နေသဖြင့် လျှိူဟုန်မှာ အတော်လေး ကြောင်တောင်တောင် ဖြစ်သွား၏။ နောက်ဆုံးတွင် သူမက စုယွီကို လက်ညှိုးထိုး၍ လျှိူဟုန်အား မေးလာသည်။

  

 "သူက ရှင့်ရဲ့ သူလျှိုလား"

  

 "ဘာ"

  

 "ရှင့်ရဲ့ ညီအရင်းလား"

  

 "ဟမ်"

  

 "ရှင့်အမေ မျိုးရိုးက ဘာလဲ"

  

 လျှိူဟုန် နောက်ဆုံးတွင်တော့ သူမ ဘာကို ဆိုလိုချင်နေကြောင်း နားလည်သွားခဲ့လေပြီ။

  

 သူ့မျက်နှာထား ပျက်ယွင်းသွားပြီး... "ငါတို့က ဘာမှ မတော်ဘူး"

  

 ကျစ်... ဒီမိန်းမက ဘယ်လိုတောင် ရဲတင်းရတာလဲ။ ငါ သူ့ကို စိန်ခေါ်ပြီး တိုက်ခိုက်ပစ်သင့်တယ်။ အဲ့ဒါမှ သူ မှတ်လောက်မှာ... ထားလိုက်ပါတော့။ ငါ သူ့ကို နိုင်ချင်မှ နိုင်မှာ။

  

 ဒါပေမဲ့ သူ့အမေရဲ့ မျိုးရိုးကတော့ သေချာပေါက် စု မဟုတ်ဘူးလေ။

  

 ဝူချီက လျှိူဟုန်ကို လျစ်လျူရှု၍ စုယွီကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်တောင် တစ်ချက်ခတ်ပြီး သူမ၏ ညီမလေးကို လှည့်ကြည့်၍...

  

 "သူနဲ့ ဝေးဝေးနေ... နင် သူ့နားမှာ အချိန်ဖြုန်းနေမယ့် အစား အဲ့ဒီ အမှိုက်ကျောင်းသားတွေနဲ့ အချိန်ဖြုန်းနေတာကိုပဲ ငါ ပိုသဘောကျတယ်... တစ်နေ့နေ့ကျရင် နင့်ကို သူက ရောင်းစားသွားပြီး ငါ ရှာလို့မရတော့မှာကို စိုးရိမ်လို့"

  

 ဝူလန် ဆွံ့အသွား၏။

  

 ဝူချီက သူမညီမလေး၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ သူမက လျှိူဟုန်ကို လက်ညှိုးထိုး၍... "အရင်တုန်းက ငါ သူ့ခြေထောက်ကို ရိုက်ချိုးခဲ့တယ်... တက္ကသိုလ်ထဲက လူတော်တော်များများ ဒီကိစ္စကို သိကြတယ်... ဒါပေမဲ့ ဒီကောင်က သူ့ကိုယ်သူ မိစ္ဆာဂိုဏ်းထဲကို စိမ့်ဝင်နိုင်ဖို့အတွက် ငါ့ကို မျိုးနွယ်ပေါင်းစုံဂိုဏ်းဆီ ရောင်းစားခဲ့တယ်ဆိုတာကိုတော့ သိတဲ့လူ တော်တော်လေး နည်းတယ်"

  

 ဝူလန် ပို၍ပင် ဆွံ့အသွားတော့သည်။

  

 ထိုစဉ် လျှိူဟုန်၏ မျက်နှာထား ပြောင်းလဲသွားပြီး အလျင်အမြန် ခွင့်လွှတ်ပေးရန် တောင်းပန်လာ၏။ သူ့ပုံစံမှာ ယှဉ်စရာ မရှိလောက်အောင်ကို အနေခက်နေလေပြီ။

  

 ဝူချီက သူ့ကို လျစ်လျူရှု၍... "သူ မျိုးပျံနယ်ပယ်ကို ဘယ်လို ရောက်သွားလဲ နင် သိလား... ငါ့ကို ရောင်းစားပြီးတော့လေ... ပထမဆုံး သူက ငါ့ကို ရောင်းစားတယ်... ပြီးတော့ ငါ့ကို ကယ်ဖို့ နင့်ရဲ့ အဘွားဝမ်းကွဲကို အကြောင်းကြားတယ်... နင့်အဘွားဝမ်းကွဲ ရောက်လာတာက မိစ္ဆာဂိုဏ်းက ပညာရှင်တွေကို အာရုံလွှဲသွားစေပြီး တခြား မိစ္ဆာဂိုဏ်းသားတွေကို သတ်ဖြတ်ဖို့နဲ့ သူတို့ဆီက ကျင့်ကြံခြင်း အရင်းအမြစ် အများကြီးကို လုယူဖို့ သူ့အတွက် အခွင့်အရေး ဖြစ်သွားခဲ့တာ... အဲ့ဒီ အရင်းအမြစ်တွေနဲ့ သူက မျိုးပျံနယ်ပယ်ကို ချောချောမွေ့မွေ့ တက်လှမ်းသွားနိုင်ခဲ့တာ"

  

 ဝူလန်က လျှိူဟုန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ထို့နောက် သူမအစ်မကို ပြန်ကြည့်လိုက်၏။ ဆိုတော့ သူမ အလွယ်တကူပဲ ရောင်းစားခံခဲ့ရတာပေါ့။ သူမအစ်မက အဲ့ဒီလောက်တောင် တုံးအသလား။ သူမအစ်မကို အရမ်း ဉာဏ်ကောင်းတယ်လို့ သူမ အမြဲတမ်း ထင်ထားခဲ့တာ။

  

 ဝူချီက ခံစားချက် ကင်းမဲ့စွာဖြင့် ဆက်ပြောလာသည်။

  

 "အရင်တုန်းကဆို သူ့မျက်နှာမှာ အမြဲတမ်း ဖော်ရွေ ရိုးသားတဲ့ အပြုံးတစ်ခု ရှိနေတတ်တာ... ငါက သူ့ကို လူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ... သူ့ကို သူငယ်ချင်းတစ်ယောက်လို့ မြင်ခဲ့တာ... ဒါပေမဲ့ ငါ့ကို ရောင်းစားတဲ့ အချိန်ကျတော့ သူက တစ်ချက်လေးတောင် တွန့်ဆုတ်မနေခဲ့ဘူး"

  

 လျှိူဟုန် ပို၍ပင် အနေရခက်သွားပြီး သူ့ကိုယ်သူ ရှင်းပြလာ၏။

  

 "အဲ့ဒါ နားလည်မှု လွဲတာပါကွာ... တကယ်ပါ... ဝူချီ... နှစ်တွေတောင် အများကြီး ကြာခဲ့ပြီလေ... ဘာလို့ နင် ငါ့ကို မယုံနိုင်သေးတာလဲ... အဲ့ဒါက တကယ်ကို နားလည်မှု လွဲခဲ့တာပါ... နင် အဖမ်းခံလိုက်ရတာကို ငါ မြင်တော့ အကြီးအကဲဝူကို အကြောင်းကြားဖို့ ငါ ပြန်လာခဲ့တယ်... ပြီးတော့ နင့်ကို ကယ်ဖို့ ငါ့အသက်ကိုတောင် ပဓာနမထားဘဲ မိစ္ဆာဂိုဏ်းကို တိုက်ခိုက်ခဲ့တာပါ... ငါက အဆင်သင့်လို့ သူတို့ကို လုယူခဲ့ရုံလေးပါ... ကလေး ရှေ့မှာ အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောပါနဲ့"

  

 ဝူချီက သူ့ကို လျစ်လျူရှု၍ စုယွီကို လက်ညှိုးထိုးပြလိုက်သည်။

  

 "မှတ်ထား... ဒီကောင်က လျှိူဟုန်နဲ့ တစ်ပုံစံတည်းပဲ... သူက နတ်အက္ခရာများအဖွဲ့ထဲက လျှိူဟုန်ရဲ့ သူလျှို ဖြစ်မယ်လို့တောင် ငါ သံသယ ဝင်လာပြီ"

  

 ဝူလန်က... "အစ်မ... အစ်မ သူ့ကို မြင်တာ ဒါ ပထမဆုံး အကြိမ်လေ... အဲ့ဒါကို ဘယ်လိုလုပ် သိတာလဲ"

  

 ဝူချီက ထိုမေးခွန်းကို ပြန်ဖြေရန် စိတ်မဝင်စားပေ။ ဘာကို ယုံချင်သလဲဆိုတာ သူမညီမလေး အပိုင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမ၏ ဆုံးဖြတ်ချက်ကို သူမ ယုံကြည်၏။ လူကဲခတ်ရာတွင် သူမ၌ အမြင်ကောင်း ရှိသည်။ ဟုတ်ပါသည်... အရင်တုန်းကတော့ သူမက လူကဲခတ်ရာမှာ အတော်လေး ညံ့ဖျင်းခဲ့သည်။ သို့သော် လျှိူဟုန်၏ ရောင်းစားခြင်း ခံရပြီးနောက် လူကဲခတ်ရာတွင် အများကြီး ပိုတော်လာခဲ့လေပြီ။

  

 တစ်ဖက်တွင် လျှိူဟုန်၏ မျက်နှာပေါ်၌ အပြစ်ကင်းစင်သည့် အမူအရာ ရှိနေ၏။ သူတို့က ဘာလို့ သူ့ကို မယုံရတာလဲ။ အဲ့ဒါက တကယ်ကို နားလည်မှု လွဲခဲ့တာပါလေ။ အဲ့ဒီ ပြန်ပေးဆွဲမှုက တကယ်ကို မတော်တဆ ဖြစ်ခဲ့တာပါ။ သူက အဲ့ဒီ မတော်တဆမှုကို အခွင့်ကောင်းယူပြီး သူ့အိတ်ကပ်ထဲ နည်းနည်း ဖြည့်ခဲ့ရုံလေးကို။

  

 ဘာပဲဖြစ်ဖြစ် သူမရဲ့ အဘွားဝမ်းကွဲက အဲ့ဒီမှာ ရောက်နေပြီလေ... ပြီးတော့ သူမရဲ့ လုံခြုံရေးကလည်း သေချာနေပြီ... အဲ့ဒါကြောင့်မလို့ သူက အဲ့ဒီတုန်းက သူမနဲ့အတူ ထွက်ပြေးမယ့် အစား မိစ္ဆာဂိုဏ်းကို လုယက်ဖို့ကိုပဲ အာရုံစိုက်ခဲ့တာပေါ့။

  

 လျှိူဟုန် သက်ပြင်းချလိုက်သည်။ သူ တကယ်ကို မတရား ခံစားနေရ၏။ သူမကို ကယ်တင်ဖို့ သူ့အသက်ကို ပဓာနမထားဘဲ အဘွားဝမ်းကွဲကို သွားအကြောင်းကြားပေးခဲ့တာလေ။ သူမက ကျေးဇူးမတင် ဖင်လှန်ပြကာ အဲ့ဒီအချိန်ကတည်းက သူ့ကို လူကြမ်းတစ်ယောက်လို မြင်နေခဲ့တာ။ တကယ်ကို ဆိုးရွားလွန်းပါတယ်။

  

 သူက စုယွီကို လှမ်းကြည့်၍ သက်ပြင်းချလိုက်ပြန်သည်။ တွေ့လား။ ပြုံးပြတဲ့ အခါတိုင်း အလွန်အကျွံ မလုပ်ဖို့ ဒီကလေးကို သတိပေးခဲ့သားပဲ။ အခုတော့ သူ့စကား မှန်ကန်ကြောင်း သက်သေပြလိုက်ပြီလေ။ တစ်စုံတစ်ယောက်က ဒီကလေးရဲ့ ဟန်ဆောင်မှုကို တစ်ချက် ကြည့်ရုံနဲ့ သိသွားခဲ့ပြီ မဟုတ်ပါလား။

  

 ခဏအကြာတွင် လျှိူဟုန်က မတ်တပ်ရပ်၍ ချောင်းတစ်ချက် ဟန့်ကာ စကားစလာ၏။

  

 "ကျောင်းသားတွေ... တိတ်တိတ်နေကြ... နတ်အက္ခရာ ပြိုင်ပွဲ မကြာခင် စတော့မယ်... မင်းတို့ရဲ့ ပြိုင်ဘက်တွေအတွက် မဲနှိုက်ရမယ်... တကယ်လို့ မင်းတို့ နှိုက်လိုက်တဲ့ မဲက ဗလာ ဖြစ်နေရင် ပထမ အချီကို ကျော်ခွင့်ရမယ်... စည်းကမ်းကတော့ စည်းကမ်း မရှိတာပဲ... မင်းတို့ရဲ့ စိတ်စွမ်းအားကို ဂူဗိမာန်ထဲ ပို့လွှတ်ပြီးတစ်ယောက် နိုင်တဲ့အထိ တိုက်ခိုက်ရုံပဲ... တိုက်ခိုက်တဲ့ လုပ်ငန်းစဉ်က အရေးမကြီးဘူး... ရလဒ်ကသာ အရေးကြီးတယ်... ဆုတွေကို မင်းတို့ အားလုံး သိပြီးသားပါ... ဒါ့အပြင် အနိုင်ရတဲ့ ပွဲတိုင်းအတွက် အကျိုးဆောင်မှတ် ငါးမှတ် ရလိမ့်မယ်"

  

 "ဒါက ကျောင်းသားသစ်တွေအတွက် ပထမဆုံး ပြိုင်ပွဲပဲ... ဘယ်မဟာဌာနက ဖြစ်ဖြစ် အရေးမကြီးဘူး... မင်းတို့ရဲ့ ခွန်အားတွေကို ထုတ်ဖော်ပြသပြီး တက္ကသိုလ်အတွက် မင်းတို့ရဲ့ တန်ဖိုးကို သက်သေပြဖို့ သေချာ လုပ်ကြ... ပြိုင်ပွဲ ဆုတွေ အပြင် အနိုင်ရတဲ့သူတွေက တခြား တစ်ခုခုကိုပါ ရရှိနိုင်တယ်... အဲ့ဒါကတော့ တက္ကသိုလ်နဲ့ သုတေသီတွေရဲ့ အာရုံစိုက်မှုပဲ... မင်းတို့ထဲက တချို့က ဘယ်သူ့ရဲ့ အာရုံစိုက်မှုကိုမှ မရသေးလို့ ဆရာ မရှိသေးဘူးလေ... ဒီပြိုင်ပွဲအတွင်းမှာ အဲ့ဒါတွေ ပြောင်းလဲသွားနိုင်တယ်... ဒါက မင်းတို့ရဲ့ အခွင့်အရေးပဲ"

  

 "ဒါက မင်းတို့ရဲ့ ဇာတ်လမ်း အစပဲ ဖြစ်လိမ့်မယ်... မင်းတို့ တက်လမ်းရဲ့ အစပေါ့... အလားအလာရှိတဲ့ ရန်သူတွေကို လှည့်စားနိုင်ဖို့အတွက် အားနည်းသယောင် ဟန်ဆောင်နေစရာ မလိုဘူး... မင်းတို့ မတိုက်ခိုက်ရင် နေ... တိုက်ခိုက်ရင် အနိုင်ရအောင် တိုက်... အနိုင်ရဖို့ ရည်မှန်းမထားတဲ့ ကျောင်းသားတွေက လူတိုင်းရဲ့ အချိန်ကို သက်သာအောင်လို့ လုံးဝ ဝင်မပြိုင်တာ အကောင်းဆုံးပဲ"

  

 ထို့နောက် သူက စုယွီကို လှမ်းကြည့်၍... "စုယွီ... မင်းက တောင်ပင်လယ် ငြိမ်းချမ်းရေးမဟာဗျူဟာကျမ်းကို လက်မလွှတ်ဘူးလို့ ပြောခဲ့တယ်နော်... ပထမရဖို့ မင်း ယုံကြည်ချက် ရှိရဲ့လား"

  

 စုယွီက လျှိူဟုန်၏ အကြည့်ကို ပြန်လည် ရင်ဆိုင်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ အခန်းထဲရှိ ကျောင်းသားတိုင်း၏ အကြည့်က စုယွီထံ ကျရောက်လာ၏။ သူ့ကို မသိသော သူများပင်လျှင် သူ့အကြောင်းကို စတင် စုံစမ်း မေးမြန်းလာကြသည်။

  

 စုယွီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး... "ဆရာလျှိူ... ခင်ဗျားကို စိတ်ပျက်အောင် မလုပ်မိဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်... ဒီနေ့ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကို သုံးခွင့် မရတာ တော်တော်လေး နှမြောစရာ ကောင်းတယ်... အနာဂတ်မှာ ဆရာ့ရဲ့ ထူးချွန်တဲ့ တပည့်နဲ့ ဖလှယ်ခွင့် ရဖို့ မျှော်လင့်ပါတယ်... ကျွန်တော် စုယွီက အရည်အချင်း မရှိပါဘူး... ဒါပေမဲ့ ဆရာလျှိူရဲ့ သင်ကြားပြသမှု စွမ်းရည်က ဆရာ့ရဲ့ တခြား စွမ်းရည် တစ်ခုလောက် ကောင်းမကောင်းဆိုတာကိုတော့ တကယ် သိချင်မိတယ်"

  

 ထိုစကားများ ကြားလိုက်ရချိန်တွင် သုတေသီ အချို့၏ မျက်နှာပေါ်၌ စိတ်ဝင်စားသည့် အမူအရာများ ထွက်ပေါ်လာ၏။

  

 စိတ်ဝင်စားစရာပဲ။

  

 တစ်ဖက်တွင် လင်းယောင်က တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားရင်း လူတိုင်းအတွက် ဟန်ဆောင် ပြသနေသော သူ၏ညီလေးစုနှင့် ဆရာဖြစ်သူ အပေါ်အတွင်းစိတ်ထဲမှ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

  

 ညီလေးစု ပြောခဲ့သော ထူးချွန်သည့် တပည့်နှင့် ပတ်သက်၍မူ ထိုသူမှာ သူ မဟုတ်တန်ရာ။ ဖြစ်နိုင်သည်မှာ စီနီယာအစ်ကို ယန်ရှ ဖြစ်နိုင်မည်လော။ ညီလေးစုက စီနီယာအစ်ကို ယန်ရှနှင့် ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားနေတာလား။

  

 သူက စီနီယာအစ်ကိုနှင့် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ဖန်တီးရန် သူတို့နှင့် ရန်လိုသယောင် တမင်တကာ ဟန်ဆောင်နေခြင်းလော။ လင်းယောင်တစ်ယောက် အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီဟု ခံစားလိုက်ရသည်။

  

 အခြားသူများကို လှမ်းကြည့်လိုက်ချိန်တွင် လူတိုင်းက ဤဟန်ဆောင်မှုအောက်၌ လှည့်စားခံထားရသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူ့ညီလေးစုအပေါ် သူ၏လေးစားမှုမှာ ပို၍ပင် ကြီးမားလာတော့သည်။ ထို့အပြင် အိပ်မက် မက်နေသူများ ကမ္ဘာတွင် သူတစ်ယောက်တည်းသာ နိုးကြားနေသကဲ့သို့ ခံစားရပြီး အတော်လေး မာနတက်နေမိ၏။

  

 လူတိုင်းက စုယွီနှင့် သူ့ဆရာကြား အဆင်မပြေဘူးဟု ယုံကြည်နေကြသည်။ ထိုနှစ်ယောက်က အချိန်အကြာကြီး ကတည်းက ပြန်လည် အဆင်ပြေသွားခဲ့ပြီဆိုတာကို သူတို့ နည်းနည်းလေးမှ မသိကြဘူးလေ။

  

 လင်းယောင်က ဖြောင့်မတ်သော ဒေါသဖြင့် စုယွီကို စိန်ခေါ်ရန် ခုန်ထွက်သွားပြီး သူတို့၏ ဟန်ဆောင်မှုကို ကူညီပေးချင်စိတ် တထောင်းထောင်း ထနေသော်လည်း ပြိုင်ပွဲအတွက် စွမ်းအင် ချန်ထားရန် လိုအပ်သောကြောင့် ထိုအတွေးကို လက်လျှော့လိုက်ရသည်။ ယနေ့ ဟန်ဆောင်မှုအတွက်တော့ ညီလေးစုနှင့် ဆရာ့ကိုပဲ ဇာတ်ဆောင်တွေအဖြစ် ပေးလုပ်လိုက်တော့မည်။ အနာဂတ်တွင် သူလည်း ကူညီနိုင်လောက်ပေသည်။

  

  

 သူက လျှိူဟုန်၏ ပြိုင်ဘက် မဟုတ်သေးသောကြောင့် ဆက်ပြောနေလည်း အလကားသာ။ သို့သော် ဤဖြစ်ရပ်လေးကြောင့် စုယွီက လျှိူဟုန်အပေါ် ပို၍ပင် ရန်ငြိုးထားရန် ဆုံးဖြတ်လိုက်သည်။

  

 တကယ်လို့ လျှိူဟုန်သာ တကယ့် သူလျှို ဖြစ်နေရင် စုယွီက သူ့ကို ခွင့်လွှတ်ဖို့ စဉ်းစားပေးနိုင်လောက်တယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့... အင်း... စောင့်သာ ကြည့်နေလိုက်တော့။

 ဆရာများက ကျောင်းသားများအား ပြိုင်ဘက်များအတွက် မဲစတင် နှိုက်စေသည်။

  

 ဤသည်မှာ ပါဝင်သူ အယောက် နှစ်ရာပင် မပြည့်သော ပြိုင်ပွဲငယ်လေး တစ်ခုသာ ဖြစ်သောကြောင့် ထိုမျှလောက် ကြီးမားသော ပွဲကြီးတစ်ခုတော့ မဟုတ်ပေ။

  

 ထို့ကြောင့် မဲနှိုက်ခြင်းကိုလည်း ရိုးရှင်းစွာပင် ပြုလုပ်ကြသည်။ သူတို့က စက္ကူလိပ်လေး အများကို သံပုံး တစ်ပုံးထဲ ထည့်ထားရုံသာ။ ဆရာ တစ်ဦးက ကြေညာလိုက်၏။

  

 "နံပါတ်တစ်က နံပါတ်နှစ်နဲ့ ယှဉ်ပြိုင်ရမယ်... နံပါတ်သုံးက နံပါတ်လေးနဲ့... အဲ့ဒီလိုမျိုး အစဉ်လိုက် သွားမယ်... စုစုပေါင်း ပါဝင်သူ တစ်ရာ့ကိုးဆယ့်ရှစ်ယောက် ရှိတယ်... အဲ့ဒါကြောင့် မင်းတို့တစ်ယောက်ချင်းစီတိုင်း ပြိုင်ဘက်တစ်ယောက်စီ ရလိမ့်မယ်... တကယ်လို့ မဲနှိုက်ပြီးမှ ဘယ်သူမဆို လက်လျှော့သွားရင် ပြိုင်ဘက်က အလိုအလျောက် အနိုင်ရလိမ့်မယ်"

  

 ကျောင်းသား တစ်ဦးက မေးလာသည်။ "ဆရာ... ဖောက်ထွင်းမြင်နိုင်တဲ့ နတ်အက္ခရာ ရှိတဲ့သူတွေက သူတို့ ဘာနှိုက်နေလဲဆိုတာကို မြင်နိုင်မှာ မဟုတ်ဘူးလား"

  

 တစ်စုံတစ်ယောက်က ရယ်မောလိုက်၏။

  

 သုတေသီတစ်ဦးက ဖြေလာသည်။

  

 "အဲ့ဒီလိုဆိုရင်တော့ အဲ့ဒီလို စွမ်းရည်မျိုး ပိုင်ဆိုင်ထားတဲ့ ကျောင်းသားကို မင်း လေးစားရုံပဲ တတ်နိုင်မှာပေါ့... တကယ်လို့ မင်းမှာလည်း အလားတူ စွမ်းရည်မျိုး ရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါတယ်... ဒါက နတ်အက္ခရာ ပြိုင်ပွဲလေ... လူတွေကို သူတို့ရဲ့ နတ်အက္ခရာတွေ အသုံးပြုတာကို ငါတို့က တားမြစ်ရမှာလား"

  

 မည်သူမှ ဘာမျှ ဆက်မပြောနိုင်တော့ချေ။ သုတေသီ၏ စကားက တော်တော်လေး အဓိပ္ပာယ် ရှိသည် မဟုတ်ပါလား။

  

 သို့သော် ထိုမေးခွန်းက မိန်းကလေး အချို့ကိုတော့ သတိထားမိသွားစေသည်။ တစ်ယောက်က စိုးရိမ်တကြီး မေးလာ၏။ "ဆရာ... ဖောက်ထွင်းမြင်နိုင်တဲ့ နတ်အက္ခရာတွေ တကယ် ရှိတာလား"

 "..."

  

 ထိုမေးခွန်းက သုတေသီကို ခဏတာ ဆွံ့အသွားစေသည်။ ခဏအကြာမှ သူက ဖြေလာ၏။

  

 "အဲ့ဒီလို နတ်အက္ခရာမျိုး သေချာပေါက် ရှိပါတယ်... ဒါပေမဲ့ ကျောင်းသားသစ်တွေဆီမှာတော့ ရှိမှာ မဟုတ်ဘူး... တကယ်လို့ ရှိခဲ့ရင်တောင် တစ်ယောက်ယောက်က နင့်ကို ချောင်းကြည့်တဲ့အခါ နင် သေချာပေါက် ခံစားသိရှိနိုင်မှာပါ... ငါတို့ အားလုံးက အစွမ်းထက်တဲ့ စိတ်စွမ်းအား ရှိကြတဲ့ ယဉ်ကျေးမှုသုတေသီတွေလေ... အဲ့ဒီလောက် အလွယ်တကူနဲ့တော့ ချောင်းကြည့်ခံရမှာ မဟုတ်ပါဘူး"

  

 ကျောင်းသားများက တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကြပြီး မိန်းကလေး အချို့ကမူ သံသယဖြင့် ဘေးဘီဝဲယာသို့ စတင် ကြည့်ရှုလာကြသည်။ ထိုအခိုက်အတန့်တွင် သူမတို့ကို တစ်ချက်လေး လှမ်းကြည့်သူတိုင်းက သူမတို့ မျက်လုံးထဲ၌ နှာဘူးတစ်ယောက်လို ဖြစ်နေတော့သည်။

 စုယွီမှာမူ ပြိုင်ဘက်အတွက် မဲနှိုက်ရန် သူအလှည့် ရောက်လာသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ သူ့လက်ကို စိတ်စွမ်းအား အလွှာတစ်ခုဖြင့် ရစ်ပတ်ပြီးနောက် သံပုံးထဲသို့ နှိုက်လိုက်၏။ စက္ကူလိပ် တစ်ခုကို ဆုပ်ကိုင်မိသည်နှင့် သူက လက်ထဲတွင်သာ ဆုပ်ထားလိုက်ပြီး ဖွင့်ကြည့်ရန်ပင် စိတ်မဝင်စားတော့ချေ။

  

 သူက သူ့ကို ပစ်မှတ်ထားရန် မည်သူ့ကိုမျှ အခွင့်အရေး မပေးချင်ပေ။ သို့သော် ပထမရရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ကြောင်းကိုလည်း သူ သိထား၏။ မည်သို့ပင်ဖြစ်စေ ကနဦး ပွဲစဉ်များတွင် သူ၏စွမ်းအင်များကို တတ်နိုင်သမျှ ချွေတာနိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။

  

 ရုတ်တရက် ရှဟူယိုက လူအုပ်ကြားမှ တိုးထွက်လာပြီး တီးတိုး မေးလာသည်။

  

 "မင်း နံပါတ် ဘယ်လောက်လဲ... မင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲ ကြည့်ရအောင်လေ... မင်းရဲ့ ပွဲစဉ်အတွက် လောင်းကြေး အသေးစားလေး တစ်ခု ဖွင့်လို့ ရမလားလို့"

  

 စုယွီ မျက်လုံးလှန်ပြလိုက်၏။ ထိုမေးခွန်းကို သူ အကြောင်းပြန်နေရန်ပင် စိတ်မဝင်စားတော့။

  

 ရှဟူယိုက နောင်တရစွာဖြင့်... "ကောင်းပြီလေ... ထားလိုက်တော့... အဲ့ဒီအစား တခြား ပွဲစဉ်တွေအတွက် လောင်းကြေး ဖွင့်လိုက်တော့မယ်... စုယွီ... ဒီတစ်ခေါက် မင်း ပထမရဖို့ ခက်လိမ့်မယ်လို့ ငါ ထင်တယ်... စိတ်စွမ်းအားမဟာဌာနမှာ ထူးဆန်းတဲ့ ကောင်တစ်ကောင် ရှိတယ်... အဆောင်မဟာဌာနမှာလည်း ထူးဆန်းတဲ့ ကောင်တစ်ကောင် ရှိတယ်... သူတို့ နှစ်ယောက်လုံးမှာ ရာခိုင်နှုန်း ကိုးဆယ်ကျော်တဲ့ စိတ်စွမ်းအား ရှိကြတယ်... သူတို့မှာ နတ်အက္ခရာ အများကြီး မရှိနိုင်ပေမဲ့ သူတို့ရဲ့ စိတ်စွမ်းအားနဲ့ဆို နတ်အက္ခရာ တစ်ခုတည်းနဲ့တောင် တော်တော်လေး အစွမ်းထက်နိုင်တယ်"

  

 "နေဦး... စိတ်စွမ်းအားမဟာဌာနက ကျောင်းသားတွေကလည်း နတ်အက္ခရာတွေကို ကျင့်ကြံကြတာလား"

  

 စုယွီ အံ့အားသင့်သွားသည်။ ရှဟူယိုက ပခုံးတွန့်၍... "ငါက ဘယ်လိုလုပ် သိမှာလဲ... သူတို့က နတ်အက္ခရာ တစ်ခု နှစ်ခုလောက် တိတ်တဆိတ် ကျင့်ကြံနေကြတယ်ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး... အဲ့ဒါက တကယ်တော့ တော်တော်လေး အဖြစ်များပါတယ်"

  

 စုယွီ ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မမေးတော့ပေ။ ဖြစ်ချင်ရာ ဖြစ်တော့လေ။ နတ်အက္ခရာမဟာဌာန တစ်ခုတည်းကပင် ဒုက္ခပေးနိုင်သော ပြိုင်ဘက်များနှင့် ပြည့်နှက်နေပြီ မဟုတ်ပါလား။

  

 ထိုအချိန်တွင် လျှိူဟုန်နှင့် အခြားသူများက ခန်းမဆောင်အတွင်းရှိ စက်ကိရိယာ တစ်ခုကို စတင် ဖွင့်လှစ်လိုက်သည်။ ခန်းမဆောင် အလယ်တွင် ကြီးမားလှသော ဘောလုံးကြီး တစ်လုံးက ကြမ်းပြင်ပေါ်မှ ရုတ်တရက် ပျံတက်လာ၏။

  

 လျှိူဟုန်၏ အသံ ထွက်ပေါ်လာသည်။

  

 "ဒါက လျှို့ဝှက်နတ်အက္ခရာ ဂူဗိမာန်ပဲ... နေလနယ်ပယ်ကို တက်လှမ်းဖို့ နီးစပ်နေတဲ့ တောင်ပင်လယ်နယ်ပယ် အထွတ်အထိပ် ပညာရှင်တစ်ယောက် ချန်ထားရစ်ခဲ့တဲ့ နတ်အက္ခရာကနေ ဖွဲ့စည်းထားတာ... ဒါပေမဲ့ နေလနယ်ပယ် ရောက်နေတဲ့ သူတွေကပဲ ထာဝရ နတ်အက္ခရာတွေကို ချန်ထားရစ်နိုင်ကြတာလေ... တောင်ပင်လယ်နယ်ပယ် အထွတ်အထိပ်တစ်ယောက်ရဲ့ ဒီနတ်အက္ခရာနဲ့ ပတ်သက်လို့တော့ ဒါက ကန့်သတ်ချက် ရှိတဲ့ ပုံစံမျိုးနဲ့ပဲ တည်ရှိနိုင်ပြီး တည်ရှိနေသလိုနဲ့ မတည်ရှိနေသလို ဖြစ်နေတဲ့ အိတ်ဆောင် လောကလေး တစ်ခုကို ဖန်တီးပေးထားတာပါ"

  

 ဘောလုံးကြီးကို ကြည့်ရင်း စုယွီ အနေဖြင့် ထိုအထဲတွင် ပါဝင်နေသော အစွမ်းထက်သည့် စိတ်စွမ်းအားကို ခံစားနေရ၏။ ဘောလုံးကြီးမှာ ဖောက်ထွင်းမြင်နိုင်ပြီး အတွင်း၌ မသဲကွဲသော အရိပ်အချို့ကို သူ မြင်နေရသည်။ သို့သော် သူတို့၏ အသွင်အပြင်များမှာ သူ သေချာ ကြည့်နိုင်ရန် မသဲကွဲလွန်းလှပေ။

  

 လျှိူဟုန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

  

 "ရှေ့ကို နှစ်ယောက် တစ်တွဲ ထွက်ခဲ့ကြ... မင်းတို့ ဂူဗိမာန်ထဲမှာ တိုက်ခိုက်ရမယ်... တကယ်လို့ လက်လျှော့ချင်ရင် ဂူဗိမာန်ထဲကနေ အလွယ်တကူ ထွက်လာခဲ့လို့ ရတယ်... တကယ်လို့ တိုက်ပွဲက အရမ်း ကြာနေရင် အချိန် ကန့်သတ်ချက်ကို ဆယ်မိနစ် သတ်မှတ်ထားမယ်... မင်းတို့ ဂူဗိမာန်ထဲ ဝင်သွားတဲ့အခါ ဘောလုံးကြီးက အရောင် နှစ်ရောင်နဲ့ ဖုံးလွှမ်းသွားလိမ့်မယ်... တိုက်ပွဲမှာ မင်းတို့ ပိုကောင်းကောင်း လုပ်နိုင်လေ မင်းတို့ရဲ့ အရောင်က နေရာပိုယူလေပဲ... ဆယ်မိနစ် ပြည့်တဲ့အခါ နေရာအများဆုံး ယူထားနိုင်တဲ့သူက အနိုင်ရရှိသူ ဖြစ်လိမ့်မယ်"

  

 သူက ရှင်းပြနေရင်း ဘောလုံးကြီးကို လက်ညှိုးထိုးပြလိုက်၏။

  

 ဤစနစ်ဖြင့် တိုက်ပွဲတွင် မည်သူက အသာစီး ရနေကြောင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပေမည်။ သဘာဝကျကျပင် ရှုံးနိမ့်လုနီးပါး အခြေအနေမှ ပြန်လည် ရုန်းထွက်ပြီး အနိုင်ရရှိသွားသူများ၏ ဖြစ်ရပ်များလည်း အများအပြား ရှိလာနိုင်သည်။ မည်သို့ပင်ဖြစ်စေ အချိန် ကန့်သတ်ချက် ဆယ်မိနစ် မပြည့်မီ အရင်ဆုံး ထွက်ခွာသွားသူကိုသာ အရှုံးသမား အဖြစ် သတ်မှတ်မည် ဖြစ်သည်။

  

 ထို့နောက် လျှိူဟုန်က... "နံပါတ်တစ် နဲ့ နံပါတ်နှစ်... ရှေ့ထွက်ခဲ့"

  

 ထိုအခါ ကျောင်းသား နှစ်ဦး ရှေ့ထွက်လာကြသည်။ လူအများအပြားက အံ့အားသင့်စွာ အာမေဋိတ်သံများ ပြုလိုက်ကြ၏။

  

 "ရှချန်"

  

 "ချီချုံး"

  

 ရှချန်က စုယွီအတွက် စိမ်းသက်သော သူတစ်ယောက် မဟုတ်ပေ။ ချီချုံးနှင့် ပတ်သက်၍မူ ထိုသူမှာ ယခုနှစ် သားရဲထိန်းကျောင်းမဟာဌာန၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ကြောင်း စုယွီ ကြားဖူးထား၏။ သူက ရာခိုင်နှုန်း ရှစ်ဆယ်ရှိသော စိတ်စွမ်းအားဖြင့် အမြင့်ဆုံး အကဲဖြတ်ခံရသူအဖြစ် တက္ကသိုလ်သို့ ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ ဝင်ခွင့် စာမေးပွဲ အချိန်က သူက အမှတ် တစ်ထောင် နီးပါး ရရှိခဲ့ဖူးသည်။

  

ပထမဆုံး ပွဲစဉ်ကတည်းက စူပါပါရမီရှင် နှစ်ဦး ပါဝင်နေပြီ ဖြစ်သည်။ အခြား ကျောင်းသားများမှာ စိတ်လှုပ်ရှားမလာဘဲ မနေနိုင်တော့ချေ။

Report Page