276
Out Ber#လီယွင်ရှောင်ရဲ့ဒဏ္ဍာရီ အပိုင်း(၂၇၆)
မိုင်ရူတောင်ပွင့်မည့်တည်နေရာ
“ကောင်းပြီ... အဲ့ဒါဆိုရင် ငါက သူ့အစားအရှုံးပေးမယ်”
ထူလေ့က ဒေါသများကြောင့် တုန်ခါနေသည်။
သူက အောက်သို့ဆင်းသက်သွားပြီး ကောင်းကင်ဝိညာဉ်ကွင်းပေါ်တွင် ရပ်လိုက်သည်။
သူက အနီရောင်ဆေးတစ်လုံးထုတ်ပြီး လော့ချင်းယွင်ကို တိုက်ကျွေးလိုက်သည်။
ကောင်းကင်ထက်တွင်ရှိနေသောလူများက တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။
အမှန်အတိုင်းပြောရလျှင် ပြိုင်ပွဲဝင်ကိုယ်စားအရှုံးပေး၍ရသော စည်းကမ်းမျိုးမရှိပေ။
သို့သော်လည်း လော့ချင်းယွင်၏ အသက်ကိုမနှုတ်နိုင်ဘဲနှင့် ရူးသွပ်လုနီးပါးဖြစ်နေသော ထူလေ့ကို ရန်စဖို့မတန်ပေ။
ထူလေ့က ဘေးတွင်ရှိနေသောဝင်ခွင့်သလင်းကျောက်ကို အသာအယာလွှတ်ပစ်လိုက်သည်။
စည်းကမ်းများအရ အရှုံးပေးပြီးသွားလျှင် ဝင်ခွင့်သလင်းကျောက်ကို ချန်ထားခဲ့ရမည်။
ဝင်ခွင့်သလင်းကျောက်မရှိလျှင်တောင် လော့ချင်းယွင်၏ခွန်အားကြောင့် ကောင်းကင်သင်းရနံ့အင်ပါယာက ဝင်ခွင့်တစ်ခု သေချာပေါက်ထုတ်ပေးလိမ့်မည်။
ထိုကဲ့သို့လူငယ်မျိုးက ကောင်းကင်သင်းရနံ့အင်ပါယာနှင့်မသက်ဆိုင်လျှင်တောင် ဆက်ဆံရေးကောင်းမွန်ဖို့ အကောင်းဆုံးကြိုးစားထားသင့်သည်။
အချိန်ကြာလာလျှင် သူက ပြိုင်ဘက်ကင်းသောကျွမ်းကျင်သူတစ်ယောက် ဖြစ်လာလိမ့်မည်။
...
နှလုံးသားရေကန်၏ဘေးတွင်ရှိသော အဆောက်အအုံထဲတွင် ရှင်းပိတို့သုံးယောက်က ပုံရိပ်ယောင်ဖန်သားပြင်ကို စိုးရိမ်စိတ်များနှင့်အတူ ကြည့်နေကြသည်။
သူတို့က အတွင်းစိတ်ခံစားချက်များကို မဖိနှိပ်နိုင်ပေ။
“သူတို့နှစ်ယောက်က လူကွဲသွားပြီ”
“ရှုံးသွားတဲ့လူအတွက် သလင်းကျောက်တစ်ခုချန်ထားခဲ့တယ်။ ဝင်ခွင့်သလင်းကျောက်တစ်ထောင်လောက် ပိုင်နေတဲ့လူက ဘယ်သူများလဲ”
ဟော်စန်းက ကမောက်ကမဖြစ်စွာပြုံးပြီး ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကို ဂုဏ်ပြုပါတယ်။ ဝင်ခွင့်သလင်းကျောက်တစ်ထောင်ကို အနိုင်ရသွားတဲ့လူက ဘယ်သူများလဲမသိဘူး”
သူ၏လေသံက အားကျမှုများနှင့်ပြည့်နေပြီး အကူအညီမဲ့နေသလိုပင်။
ချူးယု၏မျက်နှာက မည်းမှောင်ပြီး ရုပ်ဆိုးနေသည်။
သူက ယွင်ရှောင်ကိုသတ်ပစ်ဖို့ လော့ချင်းယွင်ကို ပြောခဲ့သောကြောင့် အနိုင်ရသူက လော့ချင်းယွင် မဖြစ်နိုင်လောက်ပေ။
ယခုအခြေအနေအရ ယွင်ရှောင်နိုင်သွားခြင်းဖြစ်လိမ့်မည်။
ရှင်းပိက ချူးယု၏မျက်နှာကို တစ်ချက်လှည့်ကြည့်သည်။
သူ၏လက်ဖဝါးထဲတွင် ချွေးများထွက်နေပြီး နှလုံးသားထဲတွင် ယုံကြည်မှုအနည်းငယ်ရှိလာသည်။
ရေပုံရိပ်ယောင်ဖန်သားပြင်ပေါ်ရှိဝင်ခွင့်သလင်းကျောက်များက ပိုမိုများပြားလာပြီး သိပ်မကြာခင်မှာပင် တစ်ထောင်ကျော်သွားသည်။
ချုံဟွားကျွန်းက ပျက်စီးသွားသောကြောင့် နတ်ဘုရားအာရုံကို တားဆီးထားသောအစီအရင်က အလုပ်မဖြစ်တော့ပေ။
ကျွန်းတစ်ခုလုံးက ဖရိုဖရဲဖြစ်သွားပြီး လူများက အပြင်းအထန်တိုက်ခိုက်နေကြသည်။
တစ်ယောက်ပြီးတစ်ယောက် သေကြေနေကြသည်။
စည်းကမ်းထိန်းသိမ်းရေးမှူးများက ပျာယာခတ်နေပြီး အခြေအနေကို မကိုင်တွယ်နိုင်တော့ပေ။
ယွင်ရှောင်က ထိန်းချုပ်မှုမရှိဘဲ ဝင်ခွင့်သလင်းကျောက်များကို ဆက်တိုက်ရိန်သိမ်းနေသည်။
နောက်ဆုံးတွင် သူက ပင်ပန်းလာပြီး တစ်နေရာတွင်ထိုင်၍ အနားယူလိုက်သည်။
သူက ဝင်ခွင့်သလင်းကျောက်တစ်ထောင်ကျော် ခြံရံပြီးထိုင်နေသည်။
ကျွန်းပေါ်ရှိတပည့်များက မနာလိုအားကျနေသော်လည်း လုမယူရဲကြပေ။
သူတို့အားလုံးက အဝေးသို့ရှောင်တိမ်းသွားပြီး ယွင်ရှောင်က သူတို့ကို ဂရုမစိုက်သည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
“သုံးရက်မြောက်နေ့က ကုန်တော့မယ်။ ဝင်ခွင့်သလင်းကျောက်တွေက ဘာဖြစ်လို့ထွက်မလာရသေးတာလဲ”
တပည့်အများအပြားက ဤအချိန်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။
ကောင်းကင်ထက်တွင် တာဝန်ကျနေသောလူများက တိတ်ဆိတ်နေသည်။
“ငါတို့ ဘာလုပ်သင့်လဲ.. အစီအရင်တွေအားလုံး ပျက်စီးသွားပြီ။ ကျွန်းပေါ်မှာရှိနေတဲ့ ဝင်ခွင့်သလင်းကျောက်တွေကို မဖော်ပြနိုင်တော့ဘူး”
ဟွမ်ရှောင်လုံက ခေါင်းခါလိုက်ပြီး ပြောသည်။
“ငါတို့ ဒီအတိုင်းပဲအဆုံးသတ်လိုက်ရအောင်။ အခုမှ အစီအရင်ကိုပြုပြင်ဖို့ မဖြစ်နိုင်ဘူး။ ဒီတစ်ကြိမ်ဖြစ်သွားတဲ့တိုက်ပွဲက အရမ်းကိုကြီးမားပြင်းထန်လွန်းတယ်။ ငါတို့ကို အပြစ်တင်လို့မရဘူး”
တစ်ယောက်က ပုံရိပ်ယောင်ဖန်သားပြင်ကိုဖွင့်ပြီး ရေတွက်ကြည့်လိုက်သည်။
“ကျွန်းပေါ်မှာ ဝင်ခွင့်သလင်းကျောက်၁၃၂ခုကျန်ပါသေးတယ်”
“၁၃၂ခုလား”
ဟွမ်ရှောင်လုံက ရေရွတ်လိုက်သည်။
“ထားလိုက်ပါတော့… မင်းတို့နှစ်ယောက် ဘယ်လိုထင်လဲ”
သူက နာကျင်နေမိသည်။ အကယ်၍ အစီအရင်ကိုပြုပြင်လိုက်လျှင်တောင် ဝင်ခွင့်သလင်းကျောက်အများစုကို ယွင်ရှောင်က ယူသွားလိမ့်မည်။
ထို့ကြောင့် အဆုံးသတ်လိုက်ခြင်းက ပိုကောင်းသည်။
ထူလေ့က ရုပ်ဆိုးနေပြီး နှာမှုတ်လိုက်သည်။
“မင်းတို့နှစ်ယောက် မငြင်းရင် ငါ့မှာ ပြဿနာမရှိဘူး”
ဖန့်တိက ဤအခြေအနေကို မလိုချင်သော်လည်း ကျန်နှစ်ယောက်၏အကူအညီမရှိလျှင် အစီအရင်ကိုပြုပြင်ဖို့ မဖြစ်နိုင်ပေ။
ထို့အပြင် ဤတစ်ကြိမ်တွင် မီးကျီးကန်းအင်ပါယာဘက်မှလူက ဝင်ခွင့်သလင်းကျောက်အများအပြား ရထားသောကြောင့် လောဘကြီးနေလို့ မဖြစ်ပေ။
ထို့ကြောင့် သူက သဘောတူလိုက်သည်။
“ဒါဆိုရင် လေးနာရီအတွင်းမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုအသက်သွင်းပြီး တပည့်တွေကို ထုတ်လိုက်ကြမယ်”
“ကျွန်းရဲ့အစီအရင်က ပျက်စီးသွားတဲ့အတွက် ကျန်တဲ့ဝင်ခွင့်သလင်းကျောက်တွေကို ဖော်ပြဖို့မဖြစ်နိုင်တော့ဘူး။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို လေးနာရီအတွင်းမှာအသက်သွင်းပြီး တပည့်တွေအားလုံးကို အပြင်ထုတ်လိုက်မယ်”
အားကောင်းသောအသံတစ်ခုက စည်းကမ်းထိန်းသိမ်းရေးမှူးများ၏ အသံလွှင့်အစီအရင်ကြောင့် လေထုထဲတွင်ပျံ့နှံ့လာသည်။
ထိုအသံက ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံသွားပြီး တပည့်တိုင်းက ကြားလိုက်ရသည်။
“ဘာ၊ အစီအရင်က ပျက်စီးသွားတယ်တဲ့လား”
“အရူးတွေ... ပျက်စီးနေတဲ့အကြောင်းကိုငါ တို့ကိုအစကတည်းကပြောပါ့လား။
ငါတော့သွားပြီ၊ အခုထိ တစ်ခုမှရှာမတွေ့သေးဘူး”
“ဂိုဏ်းတူညီမလေး... စိတ်ပူမနေပါနဲ့။ ဒီည အစ်ကိုကြီးရဲ့အခန်းကိုလာရင် အံ့အားသင့်စရာတစ်ခုရလိမ့်မယ်”
ဝင်ခွင့်သလင်းကျောက်မရသေးသောတပည့်များက စိုးရိမ်စိတ်များကြောင့် မျက်လုံးများနီရဲနေပြီး ကျိန်ဆဲနေကြသည်။
သူတို့က တစ်ယောက်ပြီးတစ်ယောက် ဝှက်ဖဲများထုတ်သုံးပြီး ဆေးလုံးများသောက်၍ နောက်ဆုံးရုန်းကန်မှုကို ပြုလုပ်လိုက်သည်။
ချက်ချင်းဆိုသလိုပဲ ကျွန်းပေါ်တွင် သွေးနံ့များပြန့်လွင့်လာပြီး တိုက်ခိုက်မှုမျိုးစုံ ဖြစ်ပွားနေသည်။
တချို့က မြင်သမျှအရာတိုင်းကို ခုတ်ပိုင်းနေသည်။
လျှို့ဝှက်စွာပျော်ရွှင်သွားကြသောလူများလည်း ရှိသည်။
သူတို့က နတ်ဘုရားအာရုံကိုရုတ်သိမ်းပြီး တည်နေရာမရွှေ့ပြောင်းခင်မှာ ပုန်းဖို့နေရာရှာလိုက်သည်။
နှလုံးသားရေကန်ဘေးသို့ ပြန်ရောက်သွားလျှင် သူတို့ လုံခြုံလိမ့်မည်။
ဤလေးနာရီအတွင်းမှာဖြစ်ပွားခဲ့သော မတော်တဆမှုများက လွန်ခဲ့သောသုံးရက်ကထက် ပိုမိုများပြားသောကြောင့် စည်းကမ်းထိန်းသိမ်းရေးမှူးများက အလုပ်ရှုပ်နေကြသည်။
ယွင်ရှောင်က မလှုပ်ရှားဘဲ တင်ပျဉ်ခွေထိုင်နေသည်။
ဝင်ခွင့်သလင်းကျောက်များက သူ့အတွက် ကြွယ်ဝလာဖို့ လုံလောက်သည်။
တိုက်ပွဲအပြီးတွင် သူ၏ခန္ဓာကိုယ်က ထိခိုက်သွားသော်လည်း အာဏာရှင်နတ်ဘုရားခန္ဓာကိုယ်ပညာရပ်ကြောင့် အပြည့်အဝနီးပါး ပြန်ကောင်းလာသည်။
ထို့အပြင် သူက အဆင့်တက်ရန် ကြိုးစားနေသည်။
“ဒါက ဘာလဲ... တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လား”
သူက အဆင့်တက်သွားတော့မည့်အချိန်တွင် ကောင်းကင်ထက်မှ အလင်းလွှာတစ်ခု ကျဆင်းလာပြီး ချုံဟွားကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
တပည့်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့လိုက်သည်။
သူတို့၏မျက်နှာက ပျော်ရွှင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ငေးမောခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်နေသည်။
အလင်းလွှာက သူတို့ကို လွှမ်းခြုံသွားသည်အထိ တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။
ချက်ချင်းဆိုသလိုပဲ ဗလာဖြစ်နေသောနှလုံးသာရေကန်ဘေးသို့ လူအများအပြားရောက်လာကြသည်။
တည်ငြိမ်သောရေကန်ဘေးတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားသည်။
တပည့်များက နီရဲနေသောမျက်လုံးများနဲ့ ပြိုင်ဘက်များကို ကြည့်လိုက်ကြသည်။
ရုတ်တရက်ဆိုသလိုပဲ လူအုပ်ကြားထဲမှ အလင်းရောင်တစ်ခုထွက်လာသည်။
ယွင်ရှောင်၏မျက်နှာက တည်ငြိမ်နေသည်။
ချုံဟွားကျွန်းတိုက်ပွဲအပြီးတွင် သူက အဆင့်ခြောက် စက်ဝိုင်လေးပါးသိုင်းသခင်အဖြစ် အဆင့်တက်သွားသည်။
“ဒီကျင့်ကြံခြင်းအဆင့်က အဆင်ပြေရုံပဲရှိတယ်” သို့သော်လည်း တပည့်တစ်သောင်းကတော့ သူ့ကို အဆင်ပြေရုံပဲရှိသည်ဟု မယူဆရဲပေ။
တချို့တပည့်များက ဘေးတွင်ရပ်နေသောယွင်ရှောင်ကို သတိထားမိသွားကြသည်။
ယွင်ရှောင်တစ်ယောက်သာ ထိုနေရာတွင်ရှိနေခြင်းဖြစ်သည်။
“အားလုံးပဲ ရပ်ကြစမ်း”
ထည်ဝါသောအသံတစ်ခု ထွက်ပေါ်လာပြီး သိုင်းအင်ပါယာတစ်ယောက်၏ဖိအားက တိုက်ခိုက်နေသောတပည့်များအားလုံးကို တိတ်ဆိတ်သွားအောင် ဖိနှိပ်လိုက်သည်။
ရှင်းပိတို့သုံးယောက်က အဆောက်အအုံထဲမှထွက်လာပြီး နေရာလွတ်တွင် တစ်ယောက်တည်းရပ်သောယွင်ရှောင်ကို မြင်လိုက်ရသောအခါတွင် ဖြစ်ပျက်သမျှကို နားလည်သွားသည်။
ချူးယု၏မျက်နှာက အရုပ်ဆိုးနေသည်။ ဝင်ခွင့်သလင်းကျောက်တစ်ထောင်ကို ဆုံးရှုံးလိုက်ရရုံတင်မကဘဲ သူ့အတွက်အလွန်အရေးပါသော ကျိုးမိသားစု၏ ပစ္စည်းကိုလည်း လက်လွှတ်လိုက်ရသည်။
တစ်ဖက်မှာတော့ ရှင်းပိက ပျော်ရွှင်နေပြီး လက်များတုန်ခါသည်အထိ စိတ်လှုပ်ရှားနေသည်။
ဟော်စန်းက အသာအယာသက်ပြင်းချလိုက်သည်။
ဝင်ခွင့်သလင်းကျောက်တစ်ထောင်ကျော်က သစ်သားနေမင်းအင်ပါယာနှင့် သက်ဆိုင်မှုမရှိကြောင်း သူသိထားသည်။ သို့သော်လည်း ကိုယ်တိုင်မြင်လိုက်ရသောအခါတွင် စိတ်ပျက်သွားသည်။ သူက လေးနက်စွာပြောသည်။
“ပြိုင်ပွဲပြီးသွားတဲ့အတွက် သတ်ဖြတ်မှုကို ခွင့်မပြုတော့ဘူး။
တပည့်တွေအားလုံး ဂိုဏ်းကိုပြန်ပြီး မိုင်ရူတောင်ဖွင့်မယ့်အချိန်ကို စောင့်နေကြပါ။
ပြီးရင် ဝင်ခွင့်သလင်းကျောက်တွေနဲ့ ဝင်ခွင့်ရမယ်”
ထိုအချိန် ကောင်းကင်ထက်တွင် လှိုင်းတွန့်များပေါ်လာပြီး လူသုံးယောက်ပျံသန်းလာသည်။
သူတို့က ဖန့်တိ၊ ထူလေ့နှင့် ဟွမ်ရှောင်လုံတို့ ဖြစ်သည်။
ကျန်စည်းကမ်းထိန်းသိမ်းရေးမှူးများက ဂိုဏ်းသို့ပြန်ပြီး သတင်းပို့နေကြသည်။
သူတို့သုံးယောက်က ရှင်းပိတို့ကို နှုတ်ဆက်ပြီး ဖန့်တိက ပြောလိုက်သည်။
“ကျွီထျန်းဂိုဏ်းကနေ သတင်းရထားတယ်။ မိုင်ရူတောင်ဖွင့်မယ့် အချိန်နဲ့နေရာကို ဂိုဏ်းသုံးဂိုဏ်းရဲ့ကျွမ်းကျင်သူတွေက တွက်ချက်ပြီးသွားပြီတဲ့”
“တွက်ချက်ပြီးသွားပြီလား”
လူတိုင်းက စိတ်လှုပ်ရှားသွားသည်။
အထူးသဖြင့် ဝင်ခွင့်သလင်းကျောက်ရထားသော တပည့်များဖြစ်သည်။
သူတို့က နားစွင့်ထားသည်။ ရှင်းပိတို့ကလည်း သေချာနားထောင်နေသည်။
ဖန့်တိက လူအုပ်ကိုတစ်ချက်ကြည့်ပြီး ယွင်ရှောင်ကိုကြည့်လျက် ပြုံးလိုက်သည်။
ထို့နောက် ကြည်လင်သောအသံဖြင့် ပြောလိုက်သည်။
“မိုင်ရူတောင်က ငါးရက်အကြာမှာဖွင့်မယ်။
နေရာကတော့ မီးကျီးကန်းအင်ပါယာနဲ့ ထျန်းရှီးပြည်နယ်ကြားမှာပဲ။
အဲ့ဒီမှာ ယန်ဝူမြို့ရှိတယ်... ယန်ဝူမြို့ရဲ့ကောင်းကင်ထက်က ပေသုံးထောင်အကွာမှာ ပွင့်လာလိမ့်မယ်”
ယန်ဝူတဲ့လား…
လူတိုင်းက မျက်ဆန်များကျုံ့ဝင်သွားပြီး အထီးကျန်စွာရပ်နေသောယွင်ရှောင်ကို ကြည့်လိုက်သည်။
ယွင်ရှောင်ကလည်း အံ့အားသင့်သွားသည်။
ထိုနေရာဖြစ်နေလိမ့်မည်ဟု သူထင်မထားပေ။
“အားလုံးပဲ ထွက်သွားလို့ရပြီ”
ဖန့်တိက ပြောလိုက်သည်။
“ငါးရက်အကြာမှာ ဝင်ခွင့်သလင်းကျောက်တွေနဲ့ ယန်ဝူကိုလာခဲ့လို့ရတယ်”
လူအုပ်က ဆူပွက်သွားပြီး ထွက်သွားတော့မည်။
ထိုအချိန်မှာ ယွင်ရှောင်က ရုတ်တရက်အော်ဟစ်လိုက်သည်။
“နေပါဦး”
လူတိုင်းက ရပ်တန့်လိုက်ပြီး သူ့ကို အံ့အားသင့်စွာကြည့်သည်။
သူတို့က သူပြောမည့်စကားကို သိချင်နေကြသည်။
“သုံးရက်ကြာရင် ယန်ဝူမြို့မှာ ဝင်ခွင့်သလင်းကျောက်အတွက် လေလံပွဲရှိလိမ့်မယ်”
ယွင်ရှောင်က ပြုံးလျက်ပြောလိုက်သည်။
“မီးကျီးကန်းအင်ပါယာကလူတိုင်း ဝင်ပါနိုင်တယ်။
လေလံပွဲမှာ ပါဝင်မယ့်လူကိုကန့်သတ်ဖို့အတွက် အာမခံကြေးအနေနဲ့ တစ်ယောက်ကို အလယ်အလတ်အဆင့်ချီကျောက်တုံး တစ်သန်းပေးရမယ်။
အဲ့ဒါကိုမတတ်နိုင်ရင် မလာကြနဲ့။ မဟုတ်ရင် မျက်နှာပျက်ရလိမ့်မယ်”
“ဘာ”
အချိန်အတော်ကြာအောင် သိထားသောရှင်းပိမှလွဲ၍ ကျန်လူများက အံ့အားသင့်သွားကြသည်။
“ဝင်ခွင့်သလင်းကျောက်ကို ရောင်းမှာလား။ သူက ဝင်ခွင့်သလင်းကျောက်တွေကိုရောင်းမယ်လို့ ပြောလိုက်တာလား။
အဲ့ဒါက အမှန်ပဲလား... ငါများနားကြားမှားနေတာ မဟုတ်ပါဘူးနော်”
“ဟားဟား... ကောင်းတယ်… ဒါကိုကြိုသိခဲ့ရင် ကျွန်းပေါ်မှာ အသက်စွန့်ပြီး သုံးရက်လုံးနေခဲ့မှာမဟုတ်ဘူး”
“အရူးပဲ... သူက အဖိုးတန်တဲ့ဝင်ခွင့်သလင်းကျောက်တွေကို ရောင်းစားနေတယ်”
“ရှူး၊ တိုးတိုးပြော... မင်းသေချင်လို့လား။ သူတို့က ဝင်ခွင့်သလင်းကျောက်တွေအားလုံးကို မသုံးနိုင်ဘူးလေ။ နည်းနည်းလောက်ရောင်းတာက ပုံမှန်ပါပဲ”
“ဘာဖြစ်လို့ မီးကျီးကန်းအင်ပါယာကလူတွေပဲ ဝယ်နိုင်ရတာလဲ။ မတရားလိုက်တာ”
“အဲ့ဒါက သူတို့ဟာလေ... ရောင်းဖို့ဆုံးဖြတ်တာကလည်း သူတို့သဘောပဲပေါ့။
သူ့ဘာသာ သန့်စင်ခန်းမှာ အလှဆင်ထားရင်တောင် မင်းနဲ့မဆိုင်ဘူးလေ”
“ပြီးတော့ မင်းက ဦးနှောက်မကောင်းဘူးလား။ မီးကျီးကန်းအင်ပါယာရဲ့ လူတစ်ယောက်ဆီကပြန် ဝယ်လိုက်လေ”
ဖန့်တိကလည်း အံ့အားသင့်သွားသည်။ ယွင်ရှောင်က ဝင်ခွင့်သလင်းကျောက်များကို လေလံတင်လိမ့်မည်ဟု သူကထင်မထားပေ။
သူက ရှင်းပိကို ထိတ်လန့်စွာကြည့်လိုက်သည်။
ရှင်းပိက ပခုံးတွန့်ပြီး အကူအညီမဲ့စွာဖြင့် ခါးသီးစွာပြုံးပြလိုက်သည်။
နောက်ဆက်တွဲစာစဉ်များ ဖတ်ရန်လင့်ခ် 👇