275
Out Ber#မျိုးနွယ်စုတို့ရဲ့မဟာကပ်ဘေး အပိုင်း (၂၇၅)
ပြသချိန် (၁)
စုယွီက ထိုမိန်းမများကို ဆက်လက် အာရုံစိုက်မနေတော့ဘဲ လျှို့ဝှက်နတ်အက္ခရာ ခန်းမဆောင်ဆီသို့ ဦးတည်သွားတော့သည်။
လမ်းခုလတ်တွင် သူက ရင်းနှီးနေသော မျက်နှာတစ်ခုနှင့် ဆုံတွေ့ခဲ့၏။ တိတိကျကျ ပြောရလျှင် ရင်းနှီးသလိုလို စိမ်းသက်သလိုလို မျက်နှာမျိုးပင်။ ထိုသူမှာ ကျန်းဟုန် ဖြစ်ပေသည်။
စုယွီက ဤလူ့အား ယခင်က သိပ်ဂရုမစိုက်ခဲ့သော်လည်း ကျန်းဟုန်မှာ ကျန်းယွီမင်၏ မြေးဖြစ်ကြောင်း သိလိုက်ရချိန်တွင်တော့ အခြေအနေ ပြောင်းလဲသွားခဲ့လေပြီ။ ကျန်းဟုန်မှာ အတန်းထဲတွင် အမြဲတမ်း နေတတ်ထိုင်တတ်ရှိပြီး ယခုတိုင် ထိုအမူအကျင့်ကို ထိန်းသိမ်းထားဆဲပင်။ သူက စုယွီကို နှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိတ်ပြုံးပြရုံသာ ပြုလုပ်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွား၏။
စုယွီလည်း ခေါင်းညိတ်၍ ပြန်လည် နှုတ်ဆက်လိုက်သည်။ ဤထူးဆန်းသည့် ကောင်များထဲမှ မည်သူ့ကိုမျှ သူ အထင်မသေးရဲချေ။ သူတို့ မည်မျှအထိ ခွန်အားများ ဖုံးကွယ်ထားကြောင်း မည်သူမှ မသိနိုင်ပေ။ ပို၍ တိကျစွာ ပြောရလျှင် လက်ရှိအချိန်၌ သူတို့ထဲမှ မည်သူကမျှ မိမိတို့၏ ခွန်အား အစစ်အမှန်ကို အများကြီး ထုတ်ဖော်ပြသရန် စိတ်မဝင်စားကြခြင်း ဆိုလျှင် ပိုမှန်လိမ့်မည်။
ထိပ်သီးတစ်ရာ စာရင်းထဲပင် မဝင်ရသေးခင် ခွန်အားတွေ ထုတ်ဖော်ပြသနေခြင်းက ဘာများ အဓိပ္ပာယ် ရှိမည်နည်း။
သူ့အနောက်မှ အခြား ရင်းနှီးသော လူတစ်ယောက် ထပ်မံ ထွက်ပေါ်လာပြန်၏။ ယနေ့မှာ အကြီးတန်းအတန်း ကျောင်းသားများ၏ စုဝေးပွဲကြီး တစ်ခုလိုပင်။ ဝမ်မင်ဇီ၏ သိမ်မွေ့သော အသံက ထွက်ပေါ်လာသည်။
"စုယွီ... တကယ်လို့ ငါသာ ပထမရရင် မင်း ငါ့ဆီကနေ စာအုပ် ဝယ်ချင်လား"
စုယွီ လှည့်ကြည့်၍ ပြုံးပြလိုက်၏။
"အဲ့ဒါဆို သိပ်ကောင်းမှာပေါ့... ဒါပေမဲ့ အရမ်း ဈေးကြီးနေရင်တော့ ငါ တတ်နိုင်မှာ မဟုတ်ဘူး"
"မင်းကိုယ်မင်း ပထမရဖို့ ယုံကြည်ချက် မရှိဘူးလား" ဝမ်မင်ဇီက ခင်မင်ဖွယ် အိမ်နီးချင်းတစ်ယောက်ကဲ့သို့ ပြုမူရင်း... "ပထမနေရာက မင်းအတွက်ပဲလို့ ယုံယုံကြည်ကြည် ကြေညာလိမ့်မယ်လို့ ငါ ထင်နေခဲ့တာ"
"ငါ့စိတ်စွမ်းအားက အားနည်းနေတော့လည်း ဘာတတ်နိုင်မှာလဲ" စုယွီက တုံ့ပြန်လိုက်သည်။ "ငါ အားနည်းနေတာက သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် စိတ်စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ရောက်နေတာမှ သိပ်မကြာသေးတာပဲ"
"မင်းပြောတာ မှန်ပါတယ်... နှမြောစရာပဲ... ဒါပေမဲ့ အချိန် အလုံအလောက် ပေးမယ်ဆိုရင် မင်း နောက်ဆုံးကျရင် မှီလာနိုင်မယ်လို့ ငါ ယုံကြည်ပါတယ်" ဝမ်မင်ဇီက စုယွီနှင့် ယှဉ်လျှောက်လာရင်း... "တက္ကသိုလ်မှာဆိုရင် နတ်အက္ခရာမဟာဌာနက အတွင်းရေး ပဋိပက္ခ အပြင်းထန်ဆုံးပဲ... အမှန်တကယ်တော့ ဒီပဋိပက္ခတွေက မကြာသေးခင် နှစ်တွေအတွင်းမှာ တက္ကသိုလ်ရဲ့ ပုံမှန် လည်ပတ်မှုကိုပါ ထိခိုက်လာပြီလေ... ငါ့အမြင်အရ ပြောရရင် ကျောင်းအုပ်ကြီးဝမ်က မျိုးနွယ်ခြား ကျောင်းသားတွေကို လက်ခံလိုက်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုက အဲ့ဒါပဲ ဖြစ်မယ်... ဘုံရန်သူတစ်ယောက် ဖန်တီးပြီး အတွင်းရေး ပဋိပက္ခတွေကို လျှော့ချဖို့အတွက်ပေါ့"
စုယွီက သံသယဖြင့် လှမ်းကြည့်လာသောအခါ ဝမ်မင်ဇီက တီးတိုး ဆက်ပြောလာ၏။
"မင်း တော်တော်လေး အရည်အချင်း ရှိတယ်ဆိုတာ ငါ သိတယ်... ဒီအသုတ်ကလည်း ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာ... ပြင်ပရန်သူတွေကို အားလုံး ပူးပေါင်းပြီး တိုက်ခိုက်ကြတာကို ငါ မြင်ချင်တယ်... ငါတို့ အချင်းချင်း အာရုံစိုက်နေမယ့် အစား မျိုးနွယ်ခြား ကျောင်းသားတွေကိုပဲ အာရုံစိုက်သင့်တယ်"
စုယွီ ခေါင်းညိတ်လိုက်သည်။
"ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်... ငါက ဘယ်တုန်းကမှ ပြဿနာကို လိုက်ရှာတဲ့သူ မဟုတ်ဘူး... အေးအေးချမ်းချမ်းပဲ ကျင့်ကြံချင်ခဲ့တာ... ဒါပေမဲ့ တချို့လူတွေက ငါ့အတွက် ပြဿနာတွေ လိုက်ဖန်တီးပေးဖို့ အတင်း လုပ်နေကြတာလေ"
စုယွီက ဝမ်မင်ဇီအား စိုက်ကြည့်ရင်း... "တကယ်လို့ သူတို့က မင်းရဲ့ ဘယ်ဘက် ပါးကို ရိုက်ပြီး ဒုတိယ တစ်ချက် ထပ်ရိုက်ဖို့ ညာဘက် ပါးကိုပါ ထပ်ပေးဖို့ တောင်းဆိုလာရင် မင်း ပေးလိုက်မှာလား"
စုယွီက ပြုံးလိုက်၏။
"မင်း ဘာလုပ်နေတယ်ဆိုတာ ငါ နားလည်ပါတယ်... မင်းက ငြိမ်းချမ်းရေး ဖန်တီးပေးတဲ့သူ ဖြစ်ချင်တာမလား... မင်းကို အထင်သေးတာတော့ မဟုတ်ဘူး... ဒါပေမဲ့ မင်းက အဲ့ဒီလို လုပ်ဖို့ အရည်အချင်း အလုံအလောက် မရှိသေးဘူး... ပြီးတော့ ဒီအကြောင်းတွေကို ငါ့ကို လာပြောနေလည်း အလကားပဲ... တကယ်လို့ မင်းသာ ငါ့ကို ပစ်မှတ်ထားနေတာတွေ ရပ်တန့်သွားအောင် အဲ့ဒီလူတွေကို သွားဖျောင်းဖျနိုင်မယ်ဆိုရင် သူတို့အပေါ် ငါ အချိန်ဖြုန်းနေစရာတောင် လိုမှာ မဟုတ်ဘူး"
ဝမ်မင်ဇီ ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပါတယ်... အစပိုင်းမှာတော့ အရာအားလုံးက အမြဲတမ်း ခက်ခဲတာချည်းပါပဲ... ကိစ္စမရှိပါဘူး... ငါတို့ အချိန်ယူလို့ ရပါတယ်... စုယွီ... လူသားမျိုးနွယ်ရဲ့ လက်ရှိ အခြေအနေက သိပ်မကောင်းလှဘူး... ကောင်းကင်ဘုံစစ်မြေပြင်မှာ လူသားမျိုးနွယ်က ရန်သူ မျိုးနွယ်စုတွေကို ခုခံနိုင်စွမ်း ရှိနေသေးပေမဲ့ ဆုံးရှုံးမှုတွေကို ပါရမီရှင်သစ်တွေနဲ့ အစားထိုးနိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာနေပြီ... လူလတ်ပိုင်း မျိုးဆက်တွေရဲ့ ကြီးထွားမှုက သက်ကြီးပိုင်း မျိုးဆက်တွေရဲ့ ဆုံးရှုံးမှုကို မမီနိုင်တော့ဘူး"
စုယွီ မျက်မှောင်ကြုတ်သွား၏။
"မဟာရှက စစ်ပွဲတွေကို ရပ်တန့်တော့မယ်လို့ ထင်ထားတာ"
"ငါတို့က လုံးဝ ရပ်တန့်လိုက်တာ မဟုတ်ပါဘူး... မလိုအပ်တဲ့ စစ်ပွဲတချို့ကို လျှော့ချလိုက်ရုံတင်ပါ... ငါတို့ တိုက်ခိုက်နေရတုန်းပဲ... မကြာသေးခင်က နတ်ဘုရား၊ နတ်ဆိုးနဲ့ သားရဲ မျိုးနွယ်စုတွေက ကောင်းကင်ဘုံစစ်မြေပြင်မှာ မျိုးနွယ်ပေါင်းစုံ ညီလာခံ တစ်ခု ကျင်းပခဲ့တယ်... လူသား ပညာရှင် တချို့လည်း အဲ့ဒီမှာ ရှိနေခဲ့တယ်လေ... ပထမ နတ်ဘုရား မျိုးနွယ်စုက ပညာရှင်တစ်ယောက်က မျိုးနွယ်စုတွေ အားလုံး ပူးပေါင်းပြီး ဗဟို ကုန်သွယ်ရေး အချက်အချာတစ်ခု တည်ဆောက်ဖို့ အကြံပြုခဲ့တယ်"
ဝမ်မင်ဇီက အံကို တင်းတင်းကြိတ်ရင်း... "ဒီဗဟို ကုန်သွယ်ရေး အချက်အချာ အဖြစ် လူသားလောကကို အသုံးပြုဖို့ သူတို့က အကြံပြုခဲ့ကြတာ... သူတို့က လောကအသီးသီးက အရင်းအမြစ်တွေကို လူသားလောကထဲ စုဆောင်းပြီး လူသားလောကကို မျိုးနွယ်စု အားလုံးအတွက် မဟာဗျူဟာမြောက် နေရာတစ်ခု အဖြစ် ပြောင်းလဲချင်နေကြတယ်... နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ၊ အင်မော်တယ်နဲ့ တခြား အင်အားကြီး မျိုးနွယ်စုတွေကို လူသားလောကထဲမှာ ကိုယ်ပိုင်အုပ်စိုးခွင့်ရ နယ်မြေတွေ အငှားချထားပေးတဲ့ ပုံစံမျိုးနဲ့ ပေးဖို့ သူတို့က တောင်းဆိုခဲ့ကြတာ"
ဝမ်မင်ဇီမှာ ဒေါသတကြီး အံကြိတ်ထားဆဲပင်။ စုယွီ၏ မျက်နှာမှာလည်း နီရဲလာခဲ့လေပြီ။ သူက ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ရာ ထိုအရာ၏ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်ထား၏။ မြေနေရာတွေ အငှားချပေးရမယ် ဟုတ်လား။ ထိုသည်မှာ ကျူးကျော်ရန်အတွက် ဆင်ခြေပေးခြင်း သက်သက်သာ မဟုတ်ပါလား။
"လူသားမျိုးနွယ်က ဒီလို ကိစ္စမျိုးကို သဘောတူမှာ မဟုတ်ဘူး" စုယွီ အံကြိတ်လိုက်သည်။
ဝမ်မင်ဇီ ခေါင်းညိတ်ထောက်ခံလာ၏။
"သေချာတာပေါ့ ငါတို့ သဘောမတူဘူး... အခြေခံအားဖြင့် သူတို့က ငါတို့ကို တဖြည်းဖြည်းချင်း ပျက်စီးသွားအောင် တွန်းပို့ပြီး ငါတို့ရဲ့ တိုက်ခိုက်လိုစိတ်ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေကြတာ... သူတို့က လူသားလောကကို ကျူးကျော်ဖို့ ပိုပြီး သိမ်မွေ့တဲ့ နည်းလမ်းကို သုံးဖို့ ကြိုးစားနေကြတယ်"
ဝမ်မင်ဇီက ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ဆက်ပြောလာသည်။
"ပြီးတော့ မျိုးနွယ်စု အများစုကလည်း အဲ့ဒီ အဆိုပြုချက်ကို သဘောတူခဲ့ကြတယ်... သူတို့က ငြိမ်းချမ်းရေးနဲ့ စစ်ပွဲတွေ အားလုံး အဆုံးသတ်ရေးအတွက် တရားဟောခဲ့ကြတာလေ... လူသားတွေ ကိုယ်ပိုင် မြေနေရာတွေကို မျိုးနွယ်စုတွေဆီ ခွဲပေးဖို့ တောင်းဆိုခဲ့ကြတယ်... ငါတို့နဲ့ လက်တွဲပြီး ဂုဏ်ကျက်သရေရှိတဲ့ ခေတ်သစ် တစ်ခုကို အတူတကွ တည်ဆောက်သွားမယ်လို့ ကတိပေးခဲ့ကြတယ်... ဒီကုန်သွယ်ရေး အချက်အချာ အသစ်တွေ တည်ဆောက်ဖို့တောင် အရင်းအမြစ် အမြောက်အမြား ရင်းနှီးမြှုပ်နှံပေးမယ်လို့ ကမ်းလှမ်းခဲ့ကြသေးတယ်"
ဝမ်မင်ဇီက လှောင်ပြုံး ပြုံးလိုက်၏။
"နှမြောစရာကောင်းတာက... အသိဉာဏ်ကင်းမဲ့တဲ့ အရူးတချို့ ဒါမှမဟုတ် ဘာမှမသိသလို တမင် ဟန်ဆောင်နေတဲ့ လူတချို့က လက်ရှိမှာ ဒီအဆိုပြုချက်ကို လူသားလောကထဲမှာ အရောင်းမြှင့်တင်နေကြတယ်... စစ်မရှိတဲ့ ကမ္ဘာကြီးကို ကတိပေးရင်းနဲ့ပေါ့... ငါတို့ သွေးမြေကျစရာ မလိုတော့တဲ့ ကမ္ဘာတစ်ခု... ပိုပြီး သာယာဝပြောတဲ့ လူသားလောက တစ်ခုဆိုပြီးတော့လေ"
"မျိုးနွယ်ပေါင်းစုံဂိုဏ်းလား"
ဝမ်မင်ဇီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... မျိုးနွယ်ပေါင်းစုံဂိုဏ်းပဲ... ငါတို့ ဘုရင်ရဲ့ သံမဏိသွေး မူဝါဒနဲ့ ဖိနှိပ်မှုတွေကြောင့် မဟာရှမှာတော့ သူတို့ အရမ်း အင်အား မကြီးကြဘူး... ဒါပေမဲ့ တခြား တိုင်းပြည်တချို့မှာတော့ အဲ့ဒီမိစ္ဆာဂိုဏ်းက တော်တော်လေး ဩဇာလွှမ်းမိုးမှု ရှိနေတယ်"
ဝမ်မင်ဇီက နှာမှုတ်လိုက်ရင်း...
"အရင်တုန်းက မျိုးနွယ်ပေါင်းစုံဂိုဏ်းရဲ့ အထက်လူကြီး တချို့က လူသားလောကထဲမှာ စမ်းသပ်စခန်းတစ်ခု တည်ဆောက်ဖို့ ခွင့်ပြုချက်ရဖို့ မျှော်လင့်ချက်နဲ့ စစ်နတ်ဘုရားကျောင်းတော်နဲ့ ဉာဏ်ရှာဖွေရာနယ်မြေဆီကိုတောင် စာရေးသား ပေးပို့ခဲ့ကြသေးတယ်... သူတို့က ကုန်သွယ်ရေး အချက်အချာ အဆိုပြုချက်ကို စမ်းသပ်ဖို့နဲ့ အဆင်ပြေမပြေ ကြည့်ဖို့ ကိုယ်ပိုင်အုပ်စိုးခွင့်ရဖို့ တောင်းဆိုခဲ့ကြတာ... သူတို့က တော်တော်လေး လှပတဲ့ ဆင်ခြေ တစ်ခု ပေးခဲ့တယ်လေ... စစ်ပွဲတွေက ငါတို့အတွက် အဆင်မပြေခဲ့ရင် ဒါက လူသားမျိုးနွယ်အတွက် အရန် အစီအစဉ် တစ်ခု ဖြစ်နိုင်တယ်လို့ သူတို့က အခိုင်အမာ ပြောဆိုခဲ့ကြတယ်... ကုန်သွယ်ရေးက ငါတို့ လျှောက်လှမ်းနိုင်တဲ့ တခြား လမ်းကြောင်းတစ်ခု ဖြစ်နိုင်တယ်လို့ သူတို့က အကြံပြုခဲ့ကြတာ"
စုယွီ မျက်မှောင်ကြုတ်သွားပြီး ဘာမှ မပြောတော့ချေ။
ခဏအကြာမှ သူက စကားစလာ၏။
"သူတို့ ခွင့်ပြုပေးသင့်တယ်"
ဝမ်မင်ဇီ ကြောင်အသွားသည်။
"ဟမ်"
စုယွီက တည်ငြိမ်စွာ ရှင်းပြလာ၏။
"ဒီမိစ္ဆာဂိုဏ်းက လူမြင်ကွင်းမှာ ထွက်ပေါ်လာဖို့ ဆန္ဒရှိနေမှတော့ သူတို့ကို အခွင့်အရေး မပေးရမယ့် အကြောင်းရင်း မရှိဘူးလေ... သူတို့ အားလုံးကို ဒီစမ်းသပ်စခန်းမှာ စုဝေးစေပြီးမှ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖမ်းဆီးလိုက်တာ... အဲ့ဒါက အကြံကောင်း တစ်ခု မဟုတ်ဘူးလား"
ဝမ်မင်ဇီ ရယ်မောလိုက်သည်။ သူက စုယွီအား နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်ရင်း... "ဒါက အဲ့ဒီလောက် မရိုးရှင်းဘူးလေ... ဒီမိစ္ဆာဂိုဏ်းက အဲ့ဒီလောက် မမိုက်မဲဘူး... သူတို့က အရေးမပါတဲ့ လက်အောက်ငယ်သား တချို့ကိုပဲ လူမြင်ကွင်းမှာ သူတို့ရဲ့ မျက်နှာစာ အဖြစ် ထားလိမ့်မယ်... တကယ့် ပညာရှင်တွေက ထွက်ပေါ်လာမှာ မဟုတ်ဘူး... ပြီးတော့ ချွင်းချက်တစ်ခု ပြုလုပ်ပေးပြီးသွားရင် အခြေအနေတွေက ထိန်းချုပ်လို့ မရအောင် ဖြစ်လာနိုင်တယ်"
"အဲ့ဒါဆို ဘာလို့ ငါတို့ တက္ကသိုလ်က မျိုးနွယ်ခြားကျောင်းသားမဟာဌာနကို စတင်ခဲ့ရတာလဲ"
ဝမ်မင်ဇီက ပြုံး၍... "ဒါတွေက မတူညီတဲ့ ကိစ္စ နှစ်ခုပါ... ကျောင်းအုပ်ကြီးဝမ်ရဲ့ စီမံကိန်းက မျိုးနွယ်စုငယ်တွေကို စည်းရုံးဖို့နဲ့ ငါတို့ရဲ့ အတွင်းရေး ပဋိပက္ခတွေကို လျှော့ချဖို့အတွက်ပါ"
စုယွီ တိတ်ဆိတ်သွား၏။ ခဏအကြာမှ သူ ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စများ အားလုံးက သူ့အတွက် အလွန် ဝေးကွာနေသေးသည် မဟုတ်ပါလား။
ဝမ်မင်ဇီက သူ ဘာတွေးနေသည်ကို သိနေသည့်အလား ဆက်ပြောလာသည်။
"စုယွီ... ငါ မင်းကို ဒီအကြောင်းတွေ အားလုံး ပြောပြနေတာက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ပခုံးထမ်းတင်ရမယ့် ငါတို့လို လူတွေ အချင်းချင်း ခွန်အားတွေ အလဟဿ ဖြုန်းတီးပစ်တာကို မမြင်ချင်လို့ပါ... ငါ ရိုးရိုးသားသားပဲ ပြောမယ်... တခြားလူသာဆိုရင် ငါ အချိန်ဖြုန်းနေမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ကွာခြားတယ်... မင်းက တော်တော်လေး မြန်မြန် ကြီးထွားလာနေတာ"
အတိုချုပ် ပြောရလျှင် စုယွီက သူ့အချိန်များကို ပေးရလောက်အောင် အရည်အချင်း ရှိသောကြောင့်ပင်။
စုယွီ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"မင်းက ကျောင်းအုပ်ကြီးဝမ်ကို ကိုယ်စားပြုတာလား"
ဝမ်မင်ဇီက ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ပါဘူး... ကျောင်းအုပ်ကြီးဝမ်ကို ငါက ဘယ်လိုလုပ် ကိုယ်စားပြုနိုင်မှာလဲ... အဲ့ဒီအတွက် ငါက အရည်အချင်း မပြည့်မီသေးပါဘူး... ငါ ဒီကို ရောက်လာတာက ကြားနေနတ်အက္ခရာအဖွဲ့ရဲ့ ကိုယ်စားလှယ် အနေနဲ့ပါ"
"ဘာ"
ဝမ်မင်ဇီ ရယ်မောလိုက်၏။
"နတ်အက္ခရာများအဖွဲ့ကလွဲရင် ကျန်တဲ့ နတ်အက္ခရာမဟာဌာန တစ်ခုလုံးက နတ်အက္ခရာတစ်လုံးတည်းအဖွဲ့နဲ့ သက်ဆိုင်တယ်လို့ မင်း ထင်နေတာလား... နတ်အက္ခရာမဟာဌာနက ကြီးမားကျယ်ပြန့်တယ်... နတ်အက္ခရာတစ်လုံးတည်းနဲ့ နတ်အက္ခရာများအဖွဲ့ဆိုတာက မဟာဌာနရဲ့ အစိတ်အပိုင်း တစ်ခုကိုပဲ ဖွဲ့စည်းထားတာ...
ငါ့ကို ပြောစမ်းပါ... ရှယွီဝမ်နဲ့ ဝူချီတို့လို လူတွေက နတ်အက္ခရာတစ်လုံးတည်းအဖွဲ့မှာ ပါဝင်လို့လား... သေချာတာပေါ့... အဲ့ဒီလူတွေမှာ ဘယ်လို နတ်အက္ခရာ သိုင်းပညာမှ မရှိဘူး... ဒါပေမဲ့ အဲ့ဒါက သူတို့ကို နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ဝင်တွေ ဖြစ်သွားစေလို့လား"
ဝမ်မင်ဇီက ရှင်းပြလာသည်။
"တချို့လူတွေမှာ ဆရာတောင် မရှိကြဘူး... ပြီးတော့ အဲ့ဒီလူတွေမှာ နတ်အက္ခရာ သိုင်းပညာတွေလည်း မရှိဘူး... ဒါဆိုရင် ဒီလူတွေက နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ဝင်တွေလား... နတ်အက္ခရာမဟာဌာနမှာ တတိယအုပ်စု တစ်ခု ရှိတယ်... မဟာဌာနထဲက လူအများစုက တတိယအုပ်စုနဲ့ သက်ဆိုင်တယ်... သူတို့က ဘယ်အုပ်စုက အသာစီး ရနေလဲဆိုတာကို ဂရုမစိုက်ဘူး... ဘယ်အုပ်စုက တက္ကသိုလ်မှာ ဦးဆောင် အခန်းကဏ္ဍက ပါဝင်နေလဲဆိုတာကိုလည်း ဂရုမစိုက်ဘူး... အဲ့ဒါတွေ တစ်ခုမှ သူတို့အတွက် အရေးမကြီးဘူး"
"မင်းက အရည်အချင်းရှိပြီး မြန်မြန်ဆန်ဆန် တိုးတက်လာနေတယ်... အဲ့ဒါကြောင့် တတိယအုပ်စုက အခု မင်းကို တရားဝင် ဖိတ်ခေါ်နေတာ... နတ်အက္ခရာတစ်လုံးတည်းအဖွဲ့နဲ့ နတ်အက္ခရာများအဖွဲ့ ကြားက ပဋိပက္ခကနေ နုတ်ထွက်ဖို့ ငါတို့ မင်းကို ဖိတ်ခေါ်ပါတယ်"
"မင်း ဘာကို ဆိုလိုတာလဲ"
ဝမ်မင်ဇီက လေးနက်စွာ ရှင်းပြလာ၏။
"ငါတို့ မင်းကို ကာကွယ်ပေးမလို့ပါ... မင်း ချောချောမွေ့မွေ့ တိုးတက်လာဖို့ ငါတို့ ကူညီချင်တယ်... မင်းကိုယ်မင်း သူတို့ရဲ့ ပဋိပက္ခတွေထဲကနေ ဖယ်ထုတ်လိုက်ဖို့ပဲ ငါတို့ တောင်းဆိုတာပါ... မင်းကို နတ်အက္ခရာများအဖွဲ့ကို သစ္စာဖောက်ဖို့ ငါတို့ တောင်းဆိုနေတာ မဟုတ်ဘူး... မင်း သူတို့ရဲ့ ပဋိပက္ခတွေထဲ ပါဝင်ပတ်သက်နေတာကို ရပ်တန့်လိုက်သရွေ့ နတ်အက္ခရာတစ်လုံးတည်းအဖွဲ့က မင်းကို အေးအေးဆေးဆေး ထားလိမ့်မယ်လို့ ငါတို့ ကတိပေးနိုင်တယ်"
စုယွီ မျက်မှောင်ကြုတ်သွားသည်။
"ငါက နာမည်ခံ အနေနဲ့ပဲ နတ်အက္ခရာများအဖွဲ့ဝင်အဖြစ်နေပြီး သူတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မပါဝင်ရဘူးလို့ ဆိုလိုချင်တာလား... ဥပမာ အနေနဲ့ ပြောရရင် ဟွမ်ချီဖုန်းက ငါ့စီနီယာအစ်မကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ကိစ္စကို ဒီအတိုင်း လွှတ်ထားလိုက်ရမယ်ပေါ့"
ဝမ်မင်ဇီက အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းညိတ်လာ၏။
"သာမန် ယှဉ်ပြိုင်မှုတွေကိုတော့ ခွင့်ပြုထားဆဲပါ... မင်းအနေနဲ့ နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ဝင်တွေကို တမင်တကာ ပစ်မှတ်မထားဖို့ပဲ ငါတို့ တောင်းဆိုတာ... အဲ့ဒါက ငါတို့ရဲ့ အကူအညီအတွက် စည်းကမ်းချက်ပဲ"
ဝမ်မင်ဇီက ရိုးသားစွာ ဆက်ပြောလာသည်။
"ငါတို့ ဖိတ်ခေါ်ထားတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး... နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ထဲက လူတွေကိုတောင် ငါတို့ ဖိတ်ခေါ်ထားတာ... ငါတို့ရဲ့ ရည်မှန်းချက်က လူတိုင်း အတွင်းရေး ပဋိပက္ခတွေကနေ နုတ်ထွက်ပြီး ကျင့်ကြံဖို့နဲ့ ခွန်အားကြီးလာဖို့ကိုပဲ အာရုံစိုက်ကြဖို့ပါ"
"ပြီးတော့ မင်းတို့ အဖွဲ့ထဲမှာ ဘယ်သူတွေ ရှိလဲ"
"ငါတို့ထဲမှာ လူတွေ အများကြီး ရှိတယ်... မင်းကို တစ်ခါက ဖိတ်ခေါ်ခဲ့ဖူးတဲ့ သုတေသီ ဟွမ်ယောင်လို လူတွေနဲ့ သုတေသီ ဟူဝမ်ရှန်းရဲ့ ပထမဆုံးတပည့် ဟန်ချန်လို လူတွေလည်း အပါအဝင်ပေါ့... ဒီလူတွေ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ တတိယ အုပ်စုထဲ ဝင်ရောက်ခဲ့ကြတာ... အတွင်း အာဏာလုပွဲတွေက ငါတို့ အချင်းချင်းကြား ခွန်အားတွေ ကုန်ခမ်းသွားအောင် လုပ်ဖို့ပဲ အသုံးဝင်တာလေ"
စုယွီက စဉ်းစားဟန်ဖြင့်... "တကယ်လို့ ငါသာ ဝင်ရောက်ခဲ့ရင် မင်းတို့က နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ ရန်ကနေ ငါ့ကို ကာကွယ်ပေးမယ်... ဒါပေမဲ့ ငါကလည်း သူတို့ကို ပြန်ပြီး ဘာလှုပ်ရှားမှုမှ လုပ်လို့ မရတော့ဘူး... ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ရမယ်... အဲ့ဒါ မင်း ပြောချင်တဲ့ သဘော မဟုတ်လား"
"ဟုတ်တယ်"
"ငါ့ရွေးချယ်မှုကြောင့် ငါ့ဆရာ၊ ဆရာဦးလေးနဲ့ ဆရာဘိုးဘိုးတို့က မကျေမနပ် ဖြစ်မသွားနိုင်ဘူးလား"
"ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်... ဒါပေမဲ့ သူတို့က မင်းရဲ့ ရွေးချယ်မှုကို နားလည်ပေးနိုင်လောက်မှာပါ... လူကြီးကောင်းတွေ အနေနဲ့ သူတို့က မင်းလို လူတွေကို ပဋိပက္ခ နွံထဲ ဆွဲမသွင်းသင့်ဘူးလေ... ဝူကျားတောင် အရင်က ဖိတ်ခေါ်ခံခဲ့ရဖူးတယ်... ဒါပေမဲ့ သူမက ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာ"
"တကယ်လို့ တတိယအုပ်စုက အဲ့ဒီလောက် အင်အားကြီးနေရင် ဘာလို့ နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ကို နတ်အက္ခရာများအဖွဲ့အပေါ် ပစ်မှတ်ထားနေတာတွေ ရပ်တန့်ဖို့ မင်းတို့ သွားမဖျောင်းဖျတာလဲ... ငါတို့က လူနည်းစုလေးတင် ရှိတာ... သူတို့ရဲ့ အကျိုးအမြတ်တွေကို ဝင်ရောက် စွက်ဖက်ဖို့တောင် ငါတို့ဆီမှာ လူအလုံအလောက် မရှိဘူး... ငါတို့ ရသမျှ အားလုံးက ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့လို့ ရတာတွေချည်းပဲ... ငါတို့က ဘယ်သူ့ဆီကမှ ဘာကိုမှ ယူမထားခဲ့ဘူး"
ဝမ်မင်ဇီက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
"အဲ့ဒါက ငါတို့အတွက် တော်တော်လေး ခက်ခဲနေတုန်းပဲ... အဓိကက ဒီပဋိပက္ခက သက်ကြီးပိုင်း မျိုးဆက်တွေ ကြားမှာ အဓိက ဖြစ်နေတာလေ... ဒါကို အလွယ်တကူ ဖြေရှင်းလို့ မရနိုင်ဘူး... အဲ့ဒါကြောင့် ငါတို့က လူငယ် မျိုးဆက်တွေဆီကနေ စတင်ပြီး ယခင် မျိုးဆက်မှာတင် ပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတာ... တကယ်တော့ ငါတို့က ဟွမ်ချီဖုန်းလို လူတွေအပေါ်မှာလည်း ကြိုးစားနေကြပါတယ်"
စုယွီ၏ မျက်နှာထား ပြောင်းလဲသွားသည်။
"မင်းတို့က သူ့ကိုတောင် ဖိတ်ခေါ်ထားတာလား"
"စုယွီ... ရန်ငြိုးကို အသက်ဆက်ထားတာထက် ခြေမှုန်းပစ်တာက ပိုကောင်းပါတယ်..."