270
Out Ber#မျိုးနွယ်စုတို့ရဲ့မဟာကပ်ဘေး အပိုင်း (၂၇၀)
အရသာရှိလှတယ် (၂)
ဟွမ်ချီဖုန်းက ချန်ချီအား အေးစက်စက် စိုက်ကြည့်ကာ ပြောလာ၏။ "ချန်ချီ... မင်းရဲ့ ဆရာက တံခါးပိတ် ကျင့်ကြံနေပြီ... ငါက မင်းကို အလုပ်သေးသေးလေး တစ်ခု လုပ်ခိုင်းတာကို မင်းက ဆင်ခြေတွေ အများကြီး ပေးနေတယ်... ဒါဆိုရင်လည်း မင်းဆရာ တံခါးပိတ် ကျင့်ကြံရာကနေ မထွက်လာခင်အထိ ဘာအရင်းအမြစ်မှ ရဖို့ မစဉ်းစားနဲ့တော့... မင်း အကျိုးဆောင်မှတ် တစ်မှတ်တောင် ရမှာ မဟုတ်ဘူး"
ချန်ချီက ထိုခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များဖြင့် အံတင်းတင်းကြိတ်ထားလိုက်၏။ သူကလည်း အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။ ဟွမ်ချီဖုန်းက သူ၏အဆင့်အတန်းနှင့် ခွန်အားကို အားကိုးပြီး ချန်ချီအား အမြဲတစေ အရှက်ခွဲနေခဲ့သည်။ မှန်ပေသည်၊ ချန်ချီက ယခုအချိန်တွင် ဘာမှ မလုပ်နိုင်သော်လည်း ဤကိစ္စကို မေ့ပစ်မည် မဟုတ်ချေ။
မှတ်ထားလိုက် ဟွမ်ချီဖုန်း...
တစ်ခါတစ်ရံတွင် မဟာမိတ်ဟု ခေါ်ဆိုသူများမှာ အမှန်တကယ် ရန်သူများထက်ပင် ပို၍ ရက်စက်တတ်ကြသည်။ သူတို့ အဖွဲ့အစည်းရှိ တတိယမျိုးဆက် ကျောင်းသားများထဲတွင် ဆယ့်လေးယောက်မှာ ဌာနမှူး၏ မျိုးဆက်များ ဖြစ်ကြသည်။ ထိုအထဲမှ ရှစ်ယောက်မှာ မိုးပျံနယ်ပယ်အောက်တွင် ရှိနေ၏။
ထိုသုံးယောက်မှာ အသက်သုံးဆယ်ကျော်နေပြီ ဖြစ်သည်။ ဤကျောင်းသားများမှာ အဖွဲ့အစည်း၏ စွန့်လွှတ်ခြင်းကို ခံရမည့် ဆဲဆဲတွင် ရှိနေသည်။ တစ်ချိန်တည်းမှာပင် အခြား လေးယောက်က သူ့အား မောင်းထုတ်ရန် ကြိုးစားနေကြသည်။ သဘာဝကျစွာပင် သူတို့က အရင်းအမြစ်များ အားလုံးကို သူတို့ချည်းသာ သိမ်းပိုက်လိုကြခြင်း ဖြစ်ပေမည်။
သူ့ စီနီယာအစ်ကိုမှာလည်း ထိုလေးယောက်ထဲမှတစ်ယောက် အပါအဝင်ပင်။ သို့သော် ထိုစီနီယာအစ်ကိုမှာ ယခုနေရာတွင် မရှိပေ။ ထိုသူ၏အတွေးများကို သူ မသိသော်လည်း သူ့ဘက်တွင် ရပ်တည်ပေးမည်ဟု မျှော်လင့်ချက် သိပ်မထားထားချေ။
အထူးဇုန်မှ ထွက်ခွာလာပြီးနောက် ချန်ချီက အနောက်သို့ လှည့်ကြည့်လိုက်၏။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ့ဆရာမှာ ဤလူများ၏ အရှက်ခွဲခြင်းကို ခံရန် ခွင့်ပြုလောက်အောင် မိုက်မဲလွန်းလှ၏။ သူ့ဆရာတစ်ယောက် လျှိူဟုန်၏ အဆင့်အတန်းသို့ လျှောကျသွားမည့် အချိန်မှာ မဝေးတော့ပေ။
သူတို့အားလုံးမှာ ဌာနမှူးကျိုး၏ တပည့်များ ဖြစ်ကြသည်။ ကျန်းယွီမင်က အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် အကြီးအကဲတစ်ယောက် ဖြစ်သည်။ ကျိုးဖျင်ရှန်းက ကျမ်းစာတိုက်၏ ဒုကြီးကြပ်ရေးမှူးသာ ဖြစ်သည်။ တစ်ဖက်တွင်မူ သူ့ဆရာ ဟူဝမ်ရှန်းမှာ ဘာမှ မဟုတ်ပေ။ အဖွဲ့အစည်းအတွင်း မြင့်မားသော အဆင့်အတန်းပင် မရှိချေ။
ပိုင်ဖုန်းကို ဖိနှိပ်နိုင်စွမ်း ရှိစဉ်က အခြေအနေများ ဤမျှ မဆိုးရွားခဲ့ပေ။ သို့သော် ယခုအခါ တိမ်ခွင်းနယ်ပယ်သို့ တက်လှမ်းရန်မှလွဲ၍ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့။ ဟွမ်ချီဖုန်း ကဲ့သို့သော လူများက အထူးဇုန်တွင် နေထိုင်နိုင်ကြသည်။ ချန်ချီမှာမူ အဆင့်မြင့်ဇုန်တွင်သာ နေထိုင်ခွင့် ရှိလေသည်။
ပိုကောင်းသော နေထိုင်စရာအတွက် မတတ်နိုင်၍ မဟုတ်ဘဲ သူ့ဆရာက ဟွမ်ချီဖုန်းတို့နှင့် အနီးအနားတွင် မနေရန် သတိပေးထားသောကြောင့် ဖြစ်သည်။ သူ့အား သည်းခံရန်သာ ပြောကြားထားခဲ့၏။
ချန်ချီ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဆရာ... ဆရာက အရမ်း အားနည်းလွန်းတယ်"
ထို့နောက် သူ သက်ပြင်းချလိုက်သည်။ ဤလူများမှာ အလျှော့ပေးလေ အတင့်ရဲလေ အမျိုးအစားများ ဖြစ်ကြ၏။ သို့မဟုတ်ပါက ဟွမ်ချီဖုန်းလည်း ဤမျှ မောက်မာနေမည် မဟုတ်ပေ။
အထူးဇုန်နှင့် အတော်လေး ဝေးကွာသွားပြီးနောက် သူက ဖုန်းနံပါတ်တစ်ခုထံ ခေါ်ဆိုလိုက်သည်။
ခဏတာ စောင့်ဆိုင်းပြီးနောက် သူက စကားစလိုက်၏။ "ငါ ချန်ချီပါ"
ဖုန်းတစ်ဖက်ခြမ်းရှိ စုယွီမှာ အံ့အားသင့်သွားတော့သည်။
"ဟွမ်ချီဖုန်းက မင်းကို ပစ်မှတ်ထားဖို့ စတင်နေပြီ... သူက အဆင့်ကိုး မဟာခွန်အား ကျင့်ကြံသူတစ်ယောက်တည်း မဟုတ်ဘူး... အဆင့်နှစ် အဆုံးမဲ့ခွန်အား ကျင့်ကြံသူတစ်ယောက်ပဲ... သူ့ရဲ့ စိတ်စွမ်းအားက ကိုးဆယ့်ခြောက်ရာခိုင်နှုန်းကို ရောက်နေပြီ၊
သူ့ဆီမှာ နတ်အက္ခရာ သုံးလုံး ရှိတယ်... တစ်လုံးက နတ်ဆိုးမျိုးနွယ်ရဲ့ တိုက်ခိုက်ခြင်း စာလုံး… နောက်တစ်လုံးက နဂါးမျိုးနွယ်ရဲ့ ခိုင်မာခြင်း စာလုံးပဲ... သူ့ရဲ့ တတိယမြောက် စာလုံးနဲ့ ပတ်သက်ပြီးတော့ ငါ သိပ်မသိဘူး... သိတဲ့လူလည်း သိပ်များမယ် မထင်ဘူး... ဒါပေမဲ့ ချိတ်ပိတ်ခြင်းနဲ့ ပတ်သက်တယ်ဆိုတာကိုတော့ ငါသိတယ်... အဲ့ဒါက အရမ်း အစွမ်းထက်တဲ့ စာလုံးတစ်ခုပဲ"
စုယွီ တိတ်ဆိတ်သွားသည်။
ချန်ချီက ထိုတိတ်ဆိတ်မှုကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။ "ဟွမ်ချီဖုန်းက အကြီးအကဲဟုန် မပြန်လာခင် မင်းနဲ့ ဝူကျား နှစ်ယောက်လုံးကို အနိမ့်ဆုံး အခြေအနေထိ ဖိနှိပ်ထားဖို့ ရည်ရွယ်နေတာ... သူက မင်းတို့ နှစ်ယောက်လုံး အဆင့်တစ်ရာထဲ မဝင်နိုင်အောင် ဒါမှမဟုတ် အဖွဲ့အစည်း မပြောင်းနိုင်အောင် သေချာအောင် လုပ်ချင်နေတာ... တကယ်လို့ မင်းတို့ နှစ်ယောက်လုံးကို တက္ကသိုလ်ကနေ နှုတ်ထွက်အောင် ဖိအားပေးနိုင်ပြီး သူ့ရဲ့ ခြေနင်းတုံးအဖြစ် ပြောင်းလဲနိုင်ရင် ပိုတောင် ကောင်းသေးတယ်လို့ တွေးနေတာ"
"အကြီးအကဲကျန်းရဲ့ တပည့် ခြောက်ယောက်ထဲမှာ သူက အားအနည်းဆုံးပဲ... သူ တက္ကသိုလ်မှာ ရောက်နေတာ ငါးနှစ် ရှိပြီဆိုပေမဲ့ မိုးပျံနယ်ပယ်အောက်မှာပဲ တစ်ဆို့နေတုန်းပဲ... အဲ့ဒါကြောင့် သူက စိုးရိမ်ပူပန်လာပြီး အထောက်အပံ့တွေ ပိုလိုချင်နေတာ... သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုက မင်းတို့ကို ဖိနှိပ်ပြီး မင်းတို့ အဖွဲ့အစည်းကြားထဲ မျှော်လင့်ချက် ကင်းမဲ့မှုတွေ မျိုးစေ့ချဖို့ပဲ"
"သူက မင်းကို မျက်စိကျနေပြီ... မင်းက အဆင့်နှစ် စာလုံးတစ်ခု ပိုင်ဆိုင်ထားတဲ့ အဆင့်ငါး မဟာခွန်အား ကျင့်ကြံသူတစ်ယောက်မှန်းလည်း သူ သိသွားပြီ... မင်းရဲ့ လျှို့ဝှက်ချက်တွေ အကုန် ပေါက်ကြားသွားပြီ... မင်း အဆင့်တစ်ရာကို စိန်ခေါ်မယ့်နေ့က သူ မင်းကို လှုပ်ရှားမယ့်နေ့ပဲ ဖြစ်လိမ့်မယ်... ဒါမှမဟုတ် အဲ့မတိုင်ခင်လေးမှာ မင်းကို စိန်ခေါ်ဖို့ လူတချို့ကိုတောင် လွှတ်ကောင်း လွှတ်လိမ့်မယ်"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် စုယွီက မေးလိုက်သည်။ "သူ အဆင့်တက်ဖို့အတွက် သွေးကြောဆုံမှတ် ဘယ်နှစ်ခုကို ပေါင်းစပ်ခဲ့တာလဲ"
ချန်ချီက အေးစက်စက် တုံ့ပြန်လာ၏။ "ကိုးခု... အဲ့ဒီကောင်ကို အထင်မသေးနဲ့... ယဉ်ကျေးမှုသုတေသီတွေထဲမှာ သွေးကြောဆုံမှတ် ကိုးခု ပေါင်းစပ်ပြီး အဆင့်တက်တဲ့သူ အရမ်း ရှားတယ်... ပြီးတော့ သူ့ရဲ့ အဓိက ခွန်အားက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကနေ လာတာ မဟုတ်ဘူး... သူ့ရဲ့ တိုက်ခိုက်ခြင်း စာလုံးကနေ လာတာ... အဲ့ဒီစာလုံးက သူ့ကို အထင်ကြီးလောက်စရာ တိုက်ခိုက်ရေး စွမ်းအားကို ပေးစွမ်းတယ်... သူ့ရဲ့ တကယ့် ခွန်အားက အဆင့်လေး အဆုံးမဲ့ခွန်အား ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှနေလောက်ပြီ... အတုအယောင် အဆုံးမဲ့ခွန်အား ကျင့်ကြံသူတွေ မဟုတ်ဘဲ အစစ်အမှန် အဆုံးမဲ့ခွန်အား ကျင့်ကြံသူကို ပြောတာ"
"..."
ချန်ချီ ဆွံ့အသွားပြီး ပြောလိုက်သည်။ "ချမ်းသာတယ်... ဒါပေမဲ့ သူ့ဆီက ပိုက်ဆံနိုင်ဖို့တော့ အိမ်မက် မမက်နဲ့... စုယွီ... မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှန်း ငါသိပါတယ်... ဒါပေမဲ့ မင်းက သူ့ပြိုင်ဘက် မဟုတ်သေးဘူး"
စုယွီက ပြုံး၍… "ငါ သိပါတယ်... သတိပေးတဲ့အတွက် ကျေးဇူးပဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါ သူ့ကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိပါဘူး... ငါ အရမ်း အားမကောင်းသေးဘူးလေ... လိုအပ်တဲ့အခါ သည်းခံနေတာက ဘယ်တော့မှ မကောင်းတဲ့ အကြံဉာဏ် မဟုတ်ပါဘူး... အဲ့ဒါကြောင့် ရိုးရိုးသားသား ပြောရရင် ဒီသတိပေးချက်ကို ငါ မလိုအပ်ပါဘူး"
စုယွီက စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်၏။ "သူ ငါ့စီနီယာအစ်မကို အနိုင်ယူခဲ့တုန်းက တကယ်ပဲ အားမထိန်းနိုင်ခဲ့တာလား"
"..."
ချန်ချီက ပြောလိုက်သည်။ "သေချာပေါက် မဟုတ်ဘူးပေါ့... အဲ့ဒါကို မေးနေစရာတောင် လိုသေးလို့လား... သူက ဝူကျားထက် အများကြီး ပိုသန်မာတာ... ဝူကျားက သူ့ကို ခွန်အားတွေ ထိန်းချုပ်မှု လွတ်သွားအောင် ဘယ်လိုလုပ် ဖိအားပေးနိုင်မှာလဲ"
စုယွီက ပြုံးလိုက်ပြီး… "ငါ နားလည်ပါပြီ... ကျေးဇူးပဲ... မင်း ဒါကို စေတနာသက်သက်နဲ့ လုပ်နေတာ မဟုတ်မှန်း ငါသိပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး... ဒါနဲ့ စကားမစပ်... ကျောင်းသားသစ်တွေထဲမှာ နတ်အက္ခရာတစ်လုံးတည်းအဖွဲ့က လူတွေ ရှိသေးလား... ငါ ဆိုလိုတာက အဖွဲ့အစည်းရဲ့ အဓိက မျိုးဆက်ထဲက လူတွေကို ပြောတာ"
"ရှချန်..."
"သူ့အကြောင်းတော့ ငါသိတယ်... တခြား ဘယ်သူမှ မရှိတော့ဘူးလား"
ချန်ချီက အနည်းငယ် စဉ်းစားပြီးနောက် ဖြေလာ၏။ "နောက်ထပ်တစ်ယောက် ရှိသေးတယ်... ကျန်းဟုန်... မင်း အတန်းထဲက ပါရမီရှင်လေ... သူက အကြီးအကဲကျန်းရဲ့ မြေးပဲ... ဒါပေမဲ့ သူက အမြဲတမ်း ပုန်းကွယ်နေလေ့ ရှိတယ်... မင်းက သူ့ရဲ့ ပစ်မှတ် မဟုတ်ဘူး... သူ့မျက်လုံးထဲမှာ ရှချန်တို့ ဝမ်မင်ဇီတို့ကိုပဲ အရေးလုပ်တာ... ဒါပေမဲ့ အဲ့ဒါက ပြောင်းလဲသွားနိုင်တယ်... သတိသာ ထားနေ"
ကျန်းဟုန်။
စုယွီ အတော်လေး အံ့အားသင့်သွားသည်။ သူတို့ အတန်းထဲရှိ ပါရမီရှင် ခြောက်ယောက်ထဲတွင် ထိုကောင်လေးက အသံတိတ်ဆုံး ဖြစ်နေခဲ့သည် မဟုတ်ပါလား။
စုယွီက ရှချန်၊ ကျန်းရွင်ဟွေ့၊ ကျောက်ရှီကျီ၊ ဝမ်မင်ဇီနှင့် ဟူချိုးရှန် ကဲ့သို့သော လူများအကြောင်းကို အနည်းငယ် သိထားသည်။ သို့သော် ကျန်းဟုန်တစ်ယောက် ရှိနေကြောင်းကိုမူ လုံးဝ မေ့လုနီးပါး ဖြစ်နေခဲ့၏။ ရှဟူယို စုဆောင်းပေးထားသော အချက်အလက်များတွင်ပင် ကျန်းဟုန်၏ အချက်အလက်များ မပါဝင်ခဲ့ပေ။
သူ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။ "ကျန်းဟုန်က အကြီးအကဲကျန်းရဲ့ မြေးလား"
"အင်း..." ချန်ချီက ဆိုလာ၏။ "လူအများကြီး မသိကြဘူး... ဟွမ်ချီဖုန်း တစ်ခါက မတော်တဆ စကားလွတ်သွားလို့ ငါ သိလိုက်ရတာ... သူက အကြီးအကဲကျန်းရဲ့ နောက်ဆုံး တပည့်ဆိုတော့ အကြီးအကဲကျန်း အကြောင်းကို အရမ်း ကောင်းကောင်း သိတယ်... ကျန်းဟုန်က အကြီးအကဲကျန်းဆီမှာ ပညာသင်နေတာ မဟုတ်ဘူးလို့ ပြောတယ်... အဲ့ဒီအစား အကြီးအကဲစွန်းဆီမှာ ပညာသင်နေတာတဲ့"
စုယွီတစ်ယောက် ချက်ချင်း သဘောပေါက်သွားတော့သည်။ နတ်အက္ခရာတစ်လုံးတည်းအဖွဲ့တွင် တောင်ပင်လယ်နယ်ပယ် ပညာရှင် အများအပြား ရှိသည်။ ထိုအထဲမှတစ်ယောက်၏ မျိုးရိုးနာမည်မှာ စွန်းဖြစ်ပြီး နောက်တစ်ယောက်၏ မျိုးရိုးနာမည်မှာ ကျောက် ဖြစ်သည်။ ကျောက်ဟု အမည်ရသူမှာ လျှိူဟုန်၏ ဆရာပင်။ ဒီလိုကိုး။
စုယွီက အကြီးအကဲစွန်း၏ တပည့်များကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ၏အာရုံစိုက်မှုက အမြဲတမ်း ကျိုးမင်ရန်၏ မျိုးဆက်ပေါ်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။
"နားလည်ပြီ... ကျေးဇူးပဲ"
အချက်အလက်များအတွက် ချန်ချီကို ကျေးဇူးတင်ပြီးနောက် စုယွီ ဖုန်းချလိုက်သည်။
သုတေသနစင်တာအတွင်း။
နတ်အက္ခရာတစ်လုံးတည်းအဖွဲ့၏အတွင်းရေး အခြေအနေမှာ တကယ်ကို ရှုပ်ထွေးလှသည်။ ကျိုးမင်ရန်၊ အကြီးအကဲစွန်း၊ အကြီးအကဲကျောက်... ဤလူများ အားလုံးမှာ လုံးဝ စည်းလုံးညီညွတ်မှု မရှိပုံရသည်။ လျှိူဟုန်ကိုသာ ကြည့်လိုက်။ သူက အခြေခံအားဖြင့် အဖွဲ့အစည်း၏ ဘေးထွက် လူတစ်ယောက် အဖြစ်သို့ လျှောကျသွားခဲ့လေပြီ။ ဤသည်မှာ အတော်လေး သိသာထင်ရှားလှ၏။
ထို့အပြင် ချန်ချီက ယခင်က လင်းယောင်ကို အကွက်ဆင်ခဲ့သေးသည်။ ယခုတွင် ဟွမ်ချီဖုန်းက ချန်ချီကို ပစ်မှတ်ထားနေပုံရသည်။ သို့မဟုတ်ပါက ဤဖုန်းခေါ်ဆိုမှု ဖြစ်လာမည် မဟုတ်ပေ။ နတ်အက္ခရာများအဖွဲ့သာ တည်ရှိမှု ရပ်တန့်သွားသည့် အခိုက်အတန့်တွင် နတ်အက္ခရာတစ်လုံးတည်းအဖွဲ့မှာလည်းအတွင်းပိုင်းမှ ပြိုကွဲသွားနိုင်သည်ဟု စုယွီ သံသယ ဝင်လာတော့သည်။
"ဆရာနဲ့ ဆရာဦးလေးက ဆက်ဆံရေး ကောင်းတဲ့ပုံပဲ... ဒီလိုအတွင်းပိုင်း ပဋိပက္ခဆိုတာက ဟန်ဆောင်မှုများလားလို့တောင် ငါ စဉ်းစားမိလာပြီ"
စုယွီက စတင် ခန့်မှန်းနေမိသည်။ နတ်အက္ခရာတစ်လုံးတည်းအဖွဲ့၏ အထက်လူကြီးများက ပိုင်ဖုန်းနှင့် ချန်ယုံတို့ကို တမင်တကာ မဖိနှိပ်ဘဲ ထားခြင်းများ ဖြစ်နိုင်လောက်သည်။ မည်သို့ပင်ဖြစ်စေ ပိုင်ဖုန်းနှင့် ချန်ယုံတို့၏ အဆိုအရ နတ်အက္ခရာများအဖွဲ့မှာ ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ သို့ဆိုလျှင် ပိုင်ဖုန်း၏ ဘဝမှာ အဘယ်ကြောင့် အတော်လေး ကောင်းမွန်နေသည်ဟု ခံစားနေရသနည်း။
နတ်အက္ခရာတစ်လုံးတည်းအဖွဲ့အတွင်းရှိ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရန်အတွက် နတ်အက္ခရာတစ်လုံးတည်းအဖွဲ့က သူတို့ကို ပြင်ပရန်သူများ အဖြစ် တည်ရှိခွင့် ပေးထားခြင်းများ ဖြစ်နိုင်မလော။
"ဆရာဘိုးဘိုးက သူတို့အတွက် သက်ရှိ ပစ်မှတ်တစ်ခုပဲ ဖြစ်လောက်တယ်"
ဟုန်ထန်နှင့် ပတ်သက်၍ စုယွီ ရရှိထားသော အမြင်မှာ ပြင်ပကိစ္စများကို ဂရုမစိုက်ဘဲ သုတေသနကိုသာ အာရုံစိုက်တတ်သူတစ်ယောက် အဖြစ်ပင်။ စုယွီ၏ အမြင်တွင် ထိုကဲ့သို့ လူမျိုးမှာ အကွက်ဆင်ခံရရန် အလွန် လွယ်ကူလှသည်။ သို့ဆိုလျှင် နတ်အက္ခရာတစ်လုံးတည်းအဖွဲ့နှင့် နှစ်ပေါင်းများစွာ ပြိုင်ဆိုင်ခဲ့ပြီးနောက်တွင်ပင် ဟုန်ထန်တစ်ယောက် တက္ကသိုလ်၌ မည်သို့ ဆက်လက် တည်ရှိနေနိုင်မည်နည်း။
နတ်အက္ခရာတစ်လုံးတည်းအဖွဲ့က တမင်တကာ အလျှော့ပေးထားခဲ့ခြင်းလော သို့မဟုတ် သူ့ဆရာဘိုးဘိုးက အရမ်း အစွမ်းထက်လွန်းနေခြင်းလော။
"ငါ ခဏလောက် ထပ်စောင့်လိုက်ဦးမယ်"
စုယွီက သူ့ကိုယ်သူ သည်းခံရန် ဖိအားပေးလိုက်၏။ သူ၏မူလချီကို သန့်စင်ပြီး ကောင်းကင်အဆင့် သိုင်းပညာကို လေ့ကျင့်ကာ နတ်အက္ခရာ အသစ်များ ပိုမို ဖွဲ့စည်းပြီးနောက်တွင် စုယွီလည်း ထိုဟွမ်ချီဖုန်းကို စတင် လှုပ်ရှားနိုင်ပေလိမ့်မည်။
ဟွမ်ချီဖုန်းလည်း ချမ်းသာပါစေဟုသာ သူ ဆုတောင်းနိုင်တော့သည်။ သို့သော် ချမ်းသာကြွယ်ဝမှုနှင့် ပတ်သက်လာလျှင် နတ်အက္ခရာတစ်လုံးတည်းအဖွဲ့က သူ့ကို ဘယ်သောအခါမှ စိတ်ပျက်စေခဲ့ခြင်း မရှိပေ။
သူက ထိုအသေးအဖွဲ မစ်ရှင်များကို လုပ်ဆောင်ရန် စိတ်မပါသလို ကောင်းကင်ဘုံစစ်မြေပြင်သို့ ဝင်ရောက်ခွင့်လည်း ကန့်သတ်ခံထားရသောကြောင့် သူ့တွင် ဝင်ငွေရလမ်း မရှိချေ။ ထို့ကြောင့် နတ်အက္ခရာတစ်လုံးတည်းအဖွဲ့က ကောင်းမွန်သော ငွေတွင်းကြီး တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ပေလိမ့်မည်။
ဤသည်မှာ သူ့အနေဖြင့် ပိုကြီးမားသော မစ်ရှင်များကို လက်ခံရန် အချိန် မဟုတ်သေးပေ။ ထို့အပြင် နတ်အက္ခရာများအဖွဲ့မှာ အလွန် ဆင်းရဲလွန်းသောကြောင့် သူက နတ်အက္ခရာတစ်လုံးတည်းအဖွဲ့ကိုသာ ဝင်ငွေရလမ်း တစ်ခုအဖြစ် အားကိုး ညှစ်ထုတ်နိုင်လေသည်။
"ကျန်းဟုန်၊ လျှိူဟယ်... ပြီးတော့ ယန်ရှလည်း ရှိသေးတယ်..."
ယန်ရှမှာ လျှိူဟုန်၏ ပထမဆုံး တပည့်ကြီး ဖြစ်သည်။ သူက ထိုလူများကိုတစ်ယောက်ချင်းစီ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။
စုယွီ လောမနေပေ။ သူတို့ကို ညှစ်ထုတ်ရာတွင် အားနည်းသူမှ အားကြီးသူထံသို့ တစ်ယောက်ချင်းစီ ညှစ်ထုတ်ရပေမည်။ သူတို့ထဲမှတစ်ယောက်ကိုမျှ လက်လွတ်ခံ၍ မရပေ။ သို့မဟုတ်ပါက အရှုံးပေါ်သွားနိုင်သည်။ လျှိူဟုန်၏ သူလျှို အဆင့်အတန်းနှင့် ပတ်သက်၍မူ... အကျိုးဆောင်မှတ်များ ပါဝင်လာချိန်တွင် ထိုသည်က အရေးမကြီးတော့ပေ။
သူက တကယ် သူလျှိုတစ်ယောက် ဖြစ်နေလျှင်တောင် သူတို့က အများပြည်သူရှေ့တွင် ရန်သူတွေ ဖြစ်နေရမည် မဟုတ်ပါလား။ သူတို့ ဆက်ပြီး ဟန်ဆောင်နေရမည် မဟုတ်ပါလော။ ထို့ကြောင့် စုယွီက သူ့တပည့်များထံမှ ငွေယူခြင်းက လျှိူဟုန်ကို မျက်နှာသာ ပေးနေခြင်း မဟုတ်ပါလော။
စုယွီတွင် အပြစ်ကင်းစင်သော စိတ်ထား အပြည့်အဝ ရှိနေ၏။ သူက လျှိူဟုန်၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ရန် ကူညီပေးနေခြင်းသာ ဖြစ်သည်။ ဆရာလျှိူက သူ့ကို ကျေးဇူးတင်သင့်သည်။ သူက အလွန် ကြင်နာတတ်ပြီး ကောင်းမွန်သော ကျောင်းသားတစ်ယောက် မဟုတ်ပါလား။
ထိုအရာများ အားလုံးကို တွေးတောနေစဉ်ပင် စုယွီက သူ့စိတ်စွမ်းအားကျမ်းစာများကို ဆက်လက် လေ့လာရန် မမေ့လျော့ခဲ့ချေ။ ရုတ်တရက် သူ့အမူအရာ ပြောင်းလဲသွားသည်။ သူ စာလုံးအသစ် တစ်လုံး ထပ်မံ ဖွဲ့စည်းတော့မည်လော။
"ဒါက ဘာလဲ... ငါ တစ်ခုခုကို နားလည်မှု လွဲသွားတာလား... ဒီစာလုံးက... သေချာပေါက် ငါနဲ့ မကိုက်ညီဘူး"
လှည့်ဖြားခြင်း။ ဟုတ်သည်။ ထိုသည်မှာ သူ၏ နတ်အက္ခရာသစ်ပင်။ စုယွီ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွား၏။ ဒါက ဘာအဓိပ္ပာယ်နည်း။ သူက တခြားသူများကို အနည်းငယ်မျှသာ အကွက်ဆင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဤစာလုံးက သူ့ရှေ့တွင် ပေါ်လာရသနည်း။ သူက စာလုံး တစ်လုံးတည်းကို ဂရုစိုက်နေမည်လော။ သူ ကိုးဆယ့်လေးလုံးတောင် လိုအပ်နေသေးသည်လေ။ အဘယ်ကြောင့် ဤစာလုံး တစ်လုံးတည်းကို ဂရုစိုက်နေရမည်နည်း။
သူ မျက်လုံးလှန်လိုက်ပြီး သူ့ကိုယ်သူ ယုံကြည်အောင် ဖျောင်းဖျလိုက်သည်။ "ဒီလှည့်ဖြားခြင်းဆိုတာက သစ္စာဖောက်တာကို ဆိုလိုတာ သေချာပေါက် မဟုတ်ဘူး... ရုပ်ဖျက်တာကို ဆိုလိုတာ ဖြစ်လိမ့်မယ်... ဟုတ်တယ်... ဒါက ဖုံးကွယ်ခြင်းနဲ့ ပတ်သက်တဲ့ စာလုံးတစ်ခု ဖြစ်လောက်တယ်... မှန်တယ်... အဲ့ဒီလိုပဲ ဖြစ်ရမယ်"
စုယွီ စတင် ဖြေသိမ့်နေမိသည်။ သူက လှည့်ဖြားတတ်ပြီး သစ္စာဖောက်တတ်သော လူတစ်ယောက် ဖြစ်ကြောင်းကို လုံးဝ ဝန်ခံမည် မဟုတ်ချေ။ သူ စုယွီက မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခုနှင့်အတူ ဂုဏ်သရေရှိသော လူတစ်ယောက် ဖြစ်သည်။ သူက နူးညံ့သော နေရောင်ခြည်ကဲ့သို့ နွေးထွေးပြီး အပြစ်ကင်းစင်လုနီးပါး ရိုးရှင်းကာ ရိုးသားသော လူတစ်ယောက်ပင်။ သူ တစ်သက်လုံး လိမ်ညာစကား တစ်ခွန်းမှ မပြောခဲ့ဖူးပေ။ ဤစာလုံးမှာ သူ ဖုံးကွယ်ခြင်း၏ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်သွားပြီးနောက်တွင် သေချာပေါက် ပေါ်လာခြင်း ဖြစ်ရမည်။
ထို့နောက် သူ့ခေါင်းထဲရှိ အခြား နတ်အက္ခရာများ နိုးထလာကြသည်။ သတ်ဖြတ်ခြင်း စာလုံးက ၎င်း၏ သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် စာလုံးအသစ်မှာ မှေးမှိန်သွားတော့သည်။ ၎င်းမှာ အလွန် အားနည်းလှ၏။ ထို့နောက် သွေးစာလုံးက ထိုမျက်မှန်းတန်းမိသူ အသစ်ကို ပျင်းရိသွားပုံဖြင့် လှည့်ဖြားခြင်း စာလုံးအား ပတ်ချာလှည့်ပြီးနောက် နတ်အက္ခရာကျင့်စဉ် ပုံစံခွက်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
မိုးကြိုးစာလုံးမှာ တိုက်ခိုက်ရန် အလွန် စိတ်အားထက်သန်နေပုံရသော်လည်း လှည့်ဖြားခြင်း စာလုံးမှာ ကြောက်ရွံ့မှုကြောင့် လုံးဝ အကြောသေနေခဲ့သည်။ မိုးကြိုးစာလုံးလည်း ပျင်းရိသွားပြီး စိတ်ပျက်စွာဖြင့် ပြန်သွားလေပြီ။
စုယွီ လုံးဝ ဆွံ့အသွား၏။ ဤစာလုံးအသစ်က ဤမျှတောင် အားနည်းနေသလော။ ဤစာလုံးက တိုက်ခိုက်ရန် လုံးဝ မစွမ်းဆောင်နိုင်ဘူးဟု သူ အဘယ်ကြောင့် ခံစားနေရသနည်း။ ၎င်းမှာ တိုက်ပွဲစာလုံးထက်ပင် ပို၍ အားနည်းနေသေးသည်။ ဤကျမ်းစာကို ရေးသားခဲ့သူမှာ သူ့ဆရာထက်ပင် ပို၍ အားနည်းပြီး ယုံကြည်ရမှု ပိုနည်းပါးလောက်ပေမည်။
လှည့်ဖြားခြင်း စာလုံးမှာ မည်သည့် အရိုက်အနှက်ကိုမျှ မခံရချေ။ ၎င်းမှာ တိုက်ပွဲစာလုံးထံမှ အကန်အနည်းငယ်သာ ခံလိုက်ရပြီးနောက် နတ်အက္ခရာကျင့်စဉ် ပုံစံခွက်ထဲသို့ လိမ္မာရေးခြားရှိစွာ ခုန်ဝင်သွားတော့သည်။
ထိုအခိုက်အတန့်မှာပင် စုယွီ၏ စိတ်ထဲသို့ အချက်အလက်သစ် အချို့ ထွက်ပေါ်လာခဲ့သည်။ သူက ထိုစာလုံးအသစ်၏ စွမ်းရည်နှင့် ပတ်သက်သော အချက်အလက်များကို လက်ခံရရှိနေခြင်း ဖြစ်သည်။
"ဟင်"
သူ ကြောင်အသွားသည်။ ဒါက ဘာလဲ။ ဤစာလုံး၏ စွမ်းရည်မှာ တကယ်ကို အသုံးမဝင်ပုံ ပေါ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့အတွက် အတော်လေး အသုံးဝင်ပုံလည်း ရနေသည် မဟုတ်ပါလော။
"ဖုံးကွယ်ခြင်း အကာအကွယ်တစ်ခု ဖန်တီးခြင်း..."
စုယွီ၏ အမြင်အာရုံ မှောင်မိုက်သွားသည်နှင့်အမျှ သူ့စိတ်စွမ်းအားမှာ ခုန်ပေါက်လာခဲ့၏။ သူက မိမိ၏ ကိုယ်ပိုင် မျက်လုံးများအပေါ်တွင် အကာအကွယ် တစ်ခုကို အသုံးပြုလိုက်ခြင်းပင်။ သို့သော် ဤစွမ်းရည်မှာ အသုံးဝင်ရန် အလွန် အားနည်းနေသေးကြောင်းကိုလည်း သူ သိထားသည်။ သို့သော်... ၎င်းမှာ အခြားအရာများကို ဖုံးကွယ်ရန်တော့ စွမ်းဆောင်နိုင်ပုံ ရနေ၏။
ထို့နောက် မူလက တောက်ပစွာ လင်းလက်နေသော သူ၏ပွင့်နေသည့် သွေးကြောဆုံမှတ် အချို့မှာ အမှောင် အကာအကွယ်များ တစ်ခုပြီးတစ်ခု ဖုံးလွှမ်းသွားတော့သည်။ ချက်ချင်းဆိုသလိုပင် ထိုတောက်ပနေသော သွေးကြောဆုံမှတ်များမှာ မှေးမှိန်သွားလေပြီ။
စုယွီက တီးတိုးရေရွတ်လိုက်သည်။ "ဘာလို့ ငါ့သွေးကြောဆုံမှတ်တွေကို ဖုံးကွယ်ဖို့က ငါ့ရဲ့ ပထမဆုံး အတွေး ဖြစ်နေရတာလဲ"
အဘယ်ကြောင့်နည်း။ သူက ကျားစားရရန်အတွက် ဝက်ယောင်ဆောင်ရန် သေချာပေါက် စီစဉ်နေခဲ့ခြင်း မဟုတ်ပေ။ သို့သော် ထိုစွမ်းရည်ကို ရရှိလိုက်သည့် အခိုက်အတန့်တွင် ဤသည်က အမှန်တကယ်ပင် သူ့ပထမဆုံး အတွေး ဖြစ်နေခဲ့၏။ မည်သို့ပင်ဖြစ်စေ ဤစွမ်းရည်မှာ ရန်သူများကို ဆန့်ကျင် အသုံးပြုရန်အတွက် အလွန် အားနည်းနေသေးသည်။ သူက အာရုံလှည့်စားခြင်းများကို အသုံးပြုခြင်းက ပိုကောင်းပေမည်။ သို့သော် သူ့ကျင့်ကြံမှုကို ဖုံးကွယ်ရန်အတွက်တော့ ပြီးပြည့်စုံနေပုံ ပေါ်သည်။
စုယွီ သက်ပြင်းချလိုက်ပြီး ဤသည်မှာ အသုံးမဝင်သော စာလုံးတစ်လုံး ဖြစ်ကြောင်း သူ့ကိုယ်သူ ပြောလိုက်သည်။ သူ့သွေးကြောဆုံမှတ်များကို ဖုံးကွယ်ခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။ သူက ရိုးသားပြီး ပွင့်လင်းသော လူတစ်ယောက်ပင်။ သူ့အစစ်အမှန် ခွန်အားကို အခြားသူများ သိသွားမည်ကို သူက အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။
ထိုအရာများ အားလုံးကို သူ့ကိုယ်သူ ပြောနေစဉ်မှာပင် သူ့စိတ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျန်ရှိနေသော သွေးကြောဆုံမှတ်များကို သူ၏စွမ်းရည်သစ်ဖြင့် စတင် ဖုံးကွယ်တော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ တောက်ပနေသော အစက် တစ်ရာ့ရှစ်စက်မှာ တစ်ခုပြီးတစ်ခု စတင် မှေးမှိန်သွားခဲ့၏။
သွေးကြောဆုံမှတ် ဆယ့်နှစ်ခု၊ သွေးကြောဆုံမှတ် နှစ်ဆယ့်လေးခု၊ သွေးကြောဆုံမှတ် သုံးဆယ့်ခြောက်ခု... သူက သွေးကြောဆုံမှတ် ခုနှစ်ဆယ်ခုသာ ကျန်တော့သည့် အချိန်မှသာ ရပ်တန့်လိုက်သည်။ ဤအကာအကွယ်များကို ထိန်းသိမ်းထားခြင်းကြောင့် စိတ်စွမ်းအား ယုတ်လျော့မှုမှာ မပြောပလောက်ကြောင်း စစ်ဆေး အတည်ပြုလိုက်၏။ ၎င်းတို့ကို သူ အချိန်အကြာကြီး ဖွင့်ထားနိုင်ပေသည်။