တွင်းထွက်လုပ်ငန်းများ တိုင်းပြည်အကျိုးပြု ဖြစ်ရေး (အပိုင်း-၂)

တွင်းထွက်လုပ်ငန်းများ တိုင်းပြည်အကျိုးပြု ဖြစ်ရေး (အပိုင်း-၂)

ညီညီ (ဘော်တွင်း)

လုပ်ငန်းရှင်များ၏ တာဝန်ကြွေး

တွင်းထွက်လုပ်ငန်းရှင်သည် ကုမ္ပဏီဝန်ထမ်းများ၊ မူလမြေကြီးပိုင်ရှင်ဖြစ်သည့် အနီးကပ်ဌာနေ ပြည် သူများနှင့် နိုင်ငံသားအများပြည်သူအား သယံဇာတပစ္စည်း ထုတ်လုပ်ပိုင်ခွင့် ကျေးဇူးတရားအပြင် မိမိတို့ဖျက် ဆီး၍ ပျက်စီးဆုံးရှုံးခဲ့ရသော ဒေသတွင်းလူမှုအကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင်အတွက်လည်း ပြန်လည် ပေးဆပ်ရန် လိုအပ်ပေသည်။ သို့ဖြင့် ပုံမှန်ဆောင်ရွက်ရမည့် ဥပဒေစည်းကမ်းနှင့် တာဝန်များရှိရခြင်း ဖြစ်၏။ ယင်းတို့အထဲတွင် ပင်မအခြေခံအားဖြင့် အောက်ပါ တာဝန်နှင့်ဝတ္တရားများ ပါဝင်သည် -   

မြေခွန် - သာမန်အားဖြင့် စာငှားခွန်လည်းခေါ်သော မြေခွန်သည် ထုံတမ်းစဉ်လာဥပဒေဖြင့် စီမံမှု ပြုနိုင်ပါသည်။ ရိုးရှင်း၏။ သို့သော် မြန်မာနိုင်ငံအစိုးရအဆက်ဆက် လုပ်ပုံကိုင်နည်းများသည် ပွင့်လင်းမြင် သာမှုမရှိ၊ မြေခွန်အပြင် ဝန်ကြီးနှုတ်မှာရှိသော  Dead Rent ခေါ်  ပုံသေခွန်ဟူ၍ ပေးဆောင်ရခြင်းလည်း ရှိ၏။ လက်မှတ်ရေးထိုးခ ဆိုတာလည်း ရှိသေးသည်။ မည်သည့်ဥပဒေနှင့် အကျုံးဝင်သည် မသိပေ။  

ထိုကိစ္စကို ဆွေးနွေးရသည့် အကြောင်းမှာ နိုင်ငံတွင်းရင်းနှီးမြှုနှံမှုအတွက် ထိပ်ပိုင်းအရာရှိကြီးများ ၏ လုပ်ငန်းစနစ် ကိုင်တွယ်ဖြေရှင်းပုံ မူမမှန်သဖြင့် ပျက်ပြားခဲ့ရသည့် သာဓက ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ ၂၀၀၅/၂၀၀၆ ခန့်ကအဖြစ်အပျက်-မိတ်ဆွေနိုင်ငံခြားသားတစ်ဦး မြန်မာပြည်လာ၍ သတ္တုရှာဖွေရေးကိစ္စ ဝန်ကြီးနှင့်ဆွေးနွေးရာ မပြေလည်၍ အလုပ်မဖြစ်ပဲ ပြန်သွားရသည်။ အလုပ်မဖြစ်သည့် အကြောင်းမှာ ဝန်ကြီးက ပုံသေမြေခွန် (Dead Rent) ကန်ဒါ်လာ ၃ သန်း တောင်းသောကြောင့်ဖြစ်သည်ဟု သိရသည်။ သူအပြန် အီးမေးဖြင့် ပြောသွားသည်မှာ “အဲဒီလူတွေက အလုပ်ဖြစ်ရေး စိတ်ဝင်စားသည်မဟုတ်၊ သတ္တုတောင် မရှာရသေးမီ ပစ္စည်းရှိမရှိလဲ မသိရသေးမီက လက်မှတ်ကြေး (Signature Bonus) တဲ့။ ပုံသေခွန် (Dead Rent) တဲ့။ ဒီလူတွေက အလုပ်ဖြစ်ဖို့ စိတ်မဝင်စား။ အခုငွေများများရဖို့ပဲ စိတ်ဝင်စားတာ။” ဟူ၏။

Dead Rent အကြာင်း သိလို၍ ဌာနတွင်းမိတ်ဆွေတစ်ဦးအား မေးကြည့်ရာ Dead Rent တောင်းရသည်မှာ မြန်မာပြည်ဝင်လာပြီး ဘာမှမတွေ့၍ ပြန်ထွက်သွားလျှင် ဘာမျှမရလိုက်မှာ စိုးသောကြောင့်ဟူ၏။ လုပ်ငန်းလိုင်စင် ဝန်ဆောင်ခတွေအတွက်၊ စူးစမ်းရှာဖွေဆဲကာလတွင် သွင်းကုန်အခွန်မျာ:၊ ဝန်ထမ်းဝင်ငွေ အခွန်များ အစိုးရက ရပါသည်။ သတ္တုတွေ့၍ အလုပ်ဖြစ်လျှင် သတ္တုခွန်၊ အမြတ်ခွန်၊ သွင်းကုန်/ရောင်းကုန်/ပို့ကုန်အခွန်များ၊ ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြည်တွင်းအလုပ်အကိုင် တိုးပွားခြင်း၊ အတတ်ပညာ တိုးပွားခြင်းစသော အကျိုးကျေးဇူးများ ရမည်ဖြစ်၍ Dead Rent ထက် အဆပေါင်းများစွာ ပိုမို အကျိုးရှိပါမည်။

မြေငှားခဆိုတာ ယူရပါသည်။ လုပ်ငန်း၏ သက်တမ်းတစ်လျှောက် ကောက်ခံသွားရမည် ဖြစ်သည်။ လိုလျှင်လိုသလို တောင်းခြင်း/ယူခြင်းမျိုးမဟုတ်၊ နှုန်းတစ်ခုဖြင့် ပေးဆောင်ရမြဲဖြစ်၏။ အလုပ်မဖြစ်မီ ပေးရ သည့် အခွန်အခများကို ဘာကြောင့် ပေးရသည်ဆိုစေ၊ ထိုသို့ ပေးရသမျှ ကို Rent ဟု ခေါ်နိုင်ပြီး ဌာနဆိုင်ရာ အကျင့်ပျက်ချစားမှု Corruption စာရင်းထဲ ထည့်နိုင်သည်။ နိုင်ငံအတွက် အကျိုးမဖြစ်၊ သယံဇာတကျိန်စာ၏ အခြေခံ အကြောင်းရင်းတစ်ရပ်ဟု သုတေသီအချို့က ဆိုသည်။

သတ္တုခွန် - တွင်းထွက်လုပ်ငန်းမှ ပုံမှန်ဝင်ငွေမှာ Royalty ခေါ် သတ္တုခွန်ဖြစ်သည်။ ပုံမှန်အားဖြင့် တွင်းဝရောက် သတ္တုအရိုင်းကျောက်ပမာဏ၏ သတ္တုပါဝင်မှုအပေါ် နည်းဥပဒေပါ ရာခိုင်နှုန်း သတ်မှတ်ချက်အတိုင်း တွက်ချက်ထားသော အခွန်ငွေကို ပေးဆောင်ရသည်။ သတ္တုပေါ် မူတည်၍ နည်းဥပဒေဖြင့် သတ်မှတ်သည် - ရွှေအတွက် ၅ ရာခိုင်နှုန်း၊ ကြေးနီ ၃ ရာခိုင်နှုန်း စသည်။ သတ္တုရိုင်းကျောက်တွင်ပါသမျှ ရောင်းကုန်ပစ္စည်းများအတွက် ပေးဆောင်ရသည်။ နည်းပညာရှိလျှက် မထုတ်လုပ်လျှင် သတ္တုခွန် ကောက်ယူသင့်သည်။ သို့မဟုတ် နောက်တစ်နေ့ ထုတ်လုပ်နိုင်ရန် စုဆောင်း ထိန်းသိမ်းထားပေးရမည်။

သတ္တုခွန်သည် ရောင်းကုန်/ပို့ကုန်ခွန်မဟုတ်။ သတ္တုခွန်ကို တွင်းဝရောက် သတ္တုကျောက်စုစုပေါင်း၏ ပုံမှန်နမူနာစနစ်နှင့် တိကျသော ဓာတ်ခွဲမှုနည်းစဉ်ကို လုပ်ငန်းရှင်နှင့် အစိုးရဌာန နှစဦးနှစ်ဘက် သဘောတူ လက်ခံနိုင်ရသည်။ အငြင်းပွားလျှင် Audit Sampling and Assaying လုပ်၍ စစ်ဆေးအတည်ပြုနိုင်သည်။ မြန်မာ့သတ္တုတွင်းဥပဒေတွင် ဤကိစ္စ မည်သို့မျှ ဖော်ပြမထားချေ။

ကျောက်မျက်ခွန် – ကျောက်မျက်ခွန် သတ်မှတ်နိုင်ရန် အခွန်ကောက်ခံမည့် ကျောက်မျက်ပစ္စည်းကို အရင်တန်ဖိုးဖြတ်ရန် ဝန်ကြီးဌာန ကျွမ်းကျင်အဖွဲ့က ရှိသည်။ ထိုရာဖြတ်တန်ဖိုးအပါ် မူတည်၍ ကျောက် မျက်အမျိုးအစားအလိုက် ၂၀/၁၀ ရာခိုင်နှုန်း ကောက်ယူရမည်ဟု ဥပဒေရှိသည်။

ကျောက်မျက်များကို တရားဝင်အရောင်းပြခန်းဖွင့်လှစ် ရောင်းချသော်လည်း တရားမဝင်ထုတ်လုပ် ရောင်းဝယ်မှုနှင့် ပြည်ပပို့ကုန် ရောင်းချမှု အများအပြား ရှိသည်။ ၂၀၁၄ ခုနှစ်တစ်နှစ်အတွင်း တရုတ်နယ်စပ် ဖြတ်ကျာ် ကျောက်စိမ်းကုန်သွယ်မှု ကန်ဒေါ်လာ ၃၁ ဘီလျံကျော် ရှိသည်ဟု ဂလိုဘဲဝစ်နက်စ်က အစီရင်ခံစာ ထုတ်ပြန်ဖူးသည်။ အခွန်လွတ် ကုန်သွယ်ရေးက များသည်။ သတ္တုတွင်းဥပဒေကိုကိုင်သော ဦးစီးဌာနသည် ဤကိစ္စများကို လုံးဝမဖြေရှင်းနိုင်။ သမိုင်းဆိုးအမွေ၊ တရားဥပဒေမစိုးမိုးနိုင်မှုနှင့် ဆိုင်ပေသည်။  

သတ္တုပြန်ရနှုန်း - တွင်းထွက်လုပ်ငန်များ၏ လုပ်ငန်း အဆင့်တိုင်းတွင် ကမ္ဘာ့အဆင့်မီ နည်းပညာများ ဖြင့် လုပ်ငန်းအင်အားစုများကို စနစ်တကျ စောင့်ကြည့်စစ်ဆေး၊ အလေအလွင့် ဖြုန်းတီးမှုမရှိ၊ အသုံးပြည့် ပြည့် စီမံလုပ်ကိုင်ခြင်းသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးမှု အခြေခိုင်ရေးကို များစွာအထာက်အကူပြုနိုင်သည်။

တွင်းထွက်များကို တူးဖော်ခြင်း၊ သတ္တုရည်အဆင့်တင်ခြင်း၊ ကျိုချက်သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုး/သယ်ပို့ခြင်း စသည့်လုပ်ငန်းစဉ်များအပြင် တန်ဖိုးတက်ရန် ဆင့်တက်ထုတ်လုပ်ခြင်း၊ နောက်ဆုံး ရောင်းချခြင်းစသည်ဖြင့် အကျိုးဆက်လုပ်ငန်းများကို လုပ်ကိုင်ရသော ကုမ္ပဏီများ၏ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးကို စောင့်ကြည့်အကဲခတ်၍ လိုအပ်လျှင် သယံဇာတပစ္စည်းများ အလေအလွင့်မရှိရေး အစိုးရအာဏာပိုင်အဖွဲ့က ဥပဒေကြောင်းဖြင့် လမ်းပြရမည်။ ဝင်ရောက်တားဆီး ပြုပြင်ရမည်။ (ကုမ္ပဏီအများစုကမူ လက်ငင်းအကျိုးအမြတ်ကိုသာ ကြည့်တတ်ကြ၏။)

ဤသို့ ဝန်ဆောင်မှုပြုနိုင်ရန် အချိန်နှင့်တစ်ပြးညီ တိုးတက်နေသော နည်းပညာများကို အစဉ်စွဲမြဲစွာ လေ့လာဆန်းစစ် သုတေသနပြု၍ ပညာတိုးပွားနေရန် လိုအပ်သည်။ သို့မဟုတ်လျှင် အထူးပညာ သုံးရန်လို တိုင်း ပြည်ပပညာရှင်များကို အလုံးစုံအားပြုနေရခြင်းမှ လွတ်မြောက်မည်မထင်။ မိမိကိုယ်ကို အားကိုးနိုင် သော နည်းလမ်းမှာ ရင်းနှီးမြှုပ်နှံမှု/ဖွံ့ဖြိုးမှုဘဏ်များ၊ တွင်းထွက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ယခုသတ္တု တွင်း ဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းသင့်သည်။ သို့သော် အတတ်ပညာ ဦးစီးသောဌာနဖြစ်ရန် လိုပေသည်။

ကုမ္ပဏီအမြတ်ခွန် - ကုမ္ပဏီအမြတ်ခွန် (Corporate tax)ကို လုပ်ငန်းတည်ဆောက်ဆဲနှင့် ထုတ်လုပ် ရေးကာလ (အမြတ်ထွက်ရန် အကြောင်းနည်းသော) ပထမ ၂ နှစ်ခန့် ကင်းလွတ်ခွင့် ပေးရိုးထုံးစံ ရှိ၏။ အရင်း အနှီးကြီးမားသော သဘာဝကို မျက်နှာမူ၍ တွင်းထွက်လုပ်ငန်းများ ပထမနှစ်အနည်းငယ်တွင်း လှုပ်သာလှည့်သာရရှိအောင်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်အောင် အားပေးမြှင့်တင်သည့် သဘောလည်းပါသည်။

ကုမ္ပဏီအမြတ်ခွန်နှုန်းထားများသည် နိုင်ငံအလိုက် ကွဲပြားကြ၏။ မြန်မာ့ဥပဒေတွင် အကြမ်းအမြတ် ၏ ၁၅ ရာခိုင်နှုန်း ဖြတ်သည်။ သတ္တုတွင်းလုပ်ငန်းများတွင် ၃၀ ရာခိုင်နှုန်းအထိ ကောက်ယူလေ့ရှိ၏။ စီးပွား ရေးလုပ်ငန်းအားလုံး၊ ပြည်သူပိုင်၊ တပ်ပိုင်၊ အများပိုင်၊ စီးပွားရေးလုပ်ငန်းမှန်သမျှ အကျုံးဝင်သည်။

သတ္တုခွန်နှင့် ကုမ္ပဏီအမြတ်ခွန်ကို အစိုးရတို့ စီမံခန့်ခွဲရာတွင် သာမန်အစိုးရအသုံးစရိတ်များအတွက် မသုံးသင့်၊ ပြည်သူလူထုနှင့် ထိုထုတ်ကုန်ထွက်ရာဒေသ ပြည်သူများအတွက် ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်များအဖြစ် သီးခြားဖွံ့ဖြိုးရေးအစီအမံများ ချမှတ်လုပ်ဆောင်သင့်သည်။ ဒေသသားတို့ ဆုံရှုံးခဲ့ရသည်ကို သီးခြားမျှဝေပေးဆပ်ခြင်းမျိုးဖြစ်သည်။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ စာပေယဉ်ကျေးမှု စသည်။

ကုမ္ပဏီများ အမြတ်ခွန်ရှောင်ခြင်းသည် ပြည်သူ့နီတိတာဝန်ပျက်ကွက်ပြီး ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်၏။ အများပြည်သူ၊ အထူးသဖြင့် ဒေသခံများ၏ သယံဇာတပစ္စည်းအပါ် ခံစားခွင့်အပြင် ထိုဒေသ၏ လူမှု စီးပွားနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မျက်ကွယ်ပြုရာလည်း ရောက်သည်။

Depreciation ခေါ် ကုမ္ပဏီပိုင် လုပ်ငန်းပစ္စည်းများအပေါ် တန်ဖိုးလျှော့ကိန်းကို လုပ်ငန်းကုန်ကျ စရိတ်အဖြစ် နှစ်စဉ်ခွင့်ပြုခြင်းသည်လည်းကုမ္ပဏီအတွက် အရင်းပြန်ရနှုန်းအဖြစ် အကြမ်းအမြတ်မတွက်မီ ဝင်ငွေမှနှုတ်ယူခွင့် ပြုရသည်။ ဤကိစ္စ ကုမ္ပဏီ၏ အတွင်းရေး ဖြစ်သော်လည်း အစိုးရတို့က ဥပဒေခွင့်ပြု ချက်ရှိရသည်။ နှုတ်ကိန်းမှာ ပစ္စည်းတစ်ခုချင်း တစ်မျိုးချင်း၏ သက်တမ်းအပေါ် အခြေခံသည်။ သက်တမ်း ၅ နှစ်ဆိုလျှင် ပစ္စည်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း၊ ၁၀ နှစ်ဆိုလျှင် ၁၀ ရာခိုင်နှုန်း စသည်ဖြစ်၏။ လုပ်ငန်းကာလအ တွင်း ထပ်မံ ရင်းနှီးမြှုပ်နှံမှုများကိုလည်း အလားတူတန်ဖိုးလျှော့ခွင့် ပြုရသည်။

ဘေးအန္တရာယ် ကင်းရှင်းရေး - သတ္တုတွင်းအလုပ်ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဟူသည် ကျယ် ပြန့်နက်နဲသော ဘာသာရပ်ဖြစ်သည်။ ဤနေရာတွင် သဘောသိရုံ အကျဉ်းမျှကိုသာဆိုမည်။ သတ္တုတွင်းလုပ် ငန်းခွင်သည် စည်းကမ်းရှိလျှင် အခြားအင်ဂျင်နီယာလုပ်ငန်းများထက် အန္တရာယ် ပိုမများသော်လည်း စည်း ကမ်းစနစ်အရာ အားနည်းလျှင် အထူးအန္တရာယ်များသော လုပ်ငန်းခွင်ဖြစ်၏။

သတ္တုတွင်းနည်းဥပဒေများတွင် သတ္တုတွင်းအမျိုးအစားနှင့် သုံးစွဲသော ကိရိယာ၊ သံထည်၊ သစ်သားထည်နှင့် စက်မှု/လျှပ်စစ်နည်းပညာအလိုက် အန္တရာယ်ကင်းရှင်းရေး စည်းကမ်းများကို အကြွင်းမရှိ အသေးစိတ် နည်းဥပဒေပြဌာန်းချက်များ ရှိရပြီး လုပ်ငန်းအလိုက် ဘိုင်လောများ (Bylaws)ကို ကုမ္ပဏီက ထပ် မံရေးဆွဲ အသုံးပြုရသည်။ အလုပ်ခွင်အတွင်း လှုပ်ရှားသွားလာ/လုပ်ကိုင်မှု မှန်သမျှ ဆောင်ရန်/ရှောင်ရန် အ ချက်များပါဝင်ရသည်။ ကောင်းစွာ လေ့ကျင့်ပြီးသောအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ရှိရသည်။

အသုံးပြုသော ဘောင်ခွေသစ်သား၊ လှေခါးဘောင်နှင့် လှေခါးဆံ၊ လှေခါးခုံ/လူနင်းခုံများ၏ အရွယ်အစား/သစ်အမျိုးအစားတို့ကို ပုံမှန်ပြဌာန်းချက်ရှိရန် လိုသည်။ စိုက်တွင်း/ဆင်းတွင်းမျာတွင် ဝန်ချီ/ဝန်ချ၊ လူတင်လူချအလုပ်တွင် တပ်ဆင်သုံးစွဲသော ၀န်ချီစက်အားနှင့် သံမဏိကြိုး အန္တရယ်ကင်းဆကိန်းကို သတ်မှတ် အသုံးပြုရသည်။ လုပ်ငန်းခွင်သုံး ပစ္စည်းအားလုံး စံချိန်စံညွှန်းများ ရှိရသည်။ စိတ်ချယုံကြည်မှု ရှိရသည်။ ဦးထုပ်မာ၊ ထိပ်မာဘွတ်ဖိနပ်စသော လူပုဂ္ဂိုလ်ကာကွယ်ရေး ပစ္စည်းများလည်း ဝတ်ဆင်ရသည်။

ရမ်းဘီလူးများကို တင်းကြပ်သော စည်းကမ်းစနစ်များဖြင့် ပစ္စည်းအမျိုးအစားအလိုက် ထားသို/ရွှေ့ ပြောင်း/သုံးစွဲရသည်။ လက်မှတ်ရ ကျွမ်းကျင်သူများသာယမ်းဘီလူး ကိုင်တွယ်သုံးစွဲခွင့်ရှိသည်။

အန္တရာယ်ရှိသော အခေါင်းအပေါက်မှန်သမျှ၌ အတားအဆီး/အဖုံးအပိတ်/အမှတ်အသား ရှိရသည်။ တက်တွင်း/ဆင်းတွင်း/ဓာတ်လှေခါးတွင်းများကို အပတ်စဉ်ပုံမှန်စစ်ဆေး၍ စာအုပ်တွင် သတင်းရေးမှတ်ပြီး လိုအပ်သလို အန္တရာယ်ကင်းရေး ဆောင်ရွက်ကြရသည်။ လုပ်ငန်းခွင်အတွင်း အခြားသွားလမ်း/လာလမ်း များကိုလည်း နေ့စဉ်စစ်ဆေး၍ အချိန်မဆိုင်းပဲ လိုအပ်သလို မွမ်းမံပြင်ဆင်ရသည်။ ဓာတ်လှေခါးဆွဲ သံမဏိ ကြိုးများကို အပတ်စဉ်/လစဉ် စစ်ဆေး၍ အချိန်မှန် ချောဆီလိမ်းခြင်း/ဆေးခြင်း လုပ်ရသည်။ သစ်သားအ သုံးများသော သတ္တုတွင်းအတွင်း၌ ဆေးလိပ်သောက်ခြင်း/မီးဖိုခြင်း လုံးဝမရှိစေရပေ။

ကျန်းမာရေး - တွင်းထွက်လုပ်ငန်းများသည် ကုမ္ပဏီဝန်ထမ်းများအပြင် ပတ်ဝန်းကျင်နေ ပြည်သူတို့ ၏ ကျန်းမာရေး ထိခိုက်သည်တို့ ရှိနိုင်၏။ ထိုသို့ လုပ်ငန်းကြောင့် အနာရောဂါဖြစ်လျှင် ကုမ္ပဏီက တာဝန်ယူ ရပါသည်။ တာဝန်ခံမှု/တာဝန်ယူမှု အငြင်းပွားမှု မဖြစ်စေရန် တွင်းထွက်လုပ်ငန်းဥပဒေ ကျန်းမာရေးဆိုင်ရာ နည်းဥပဒေတွင် ဤအချက်ကို ထည့်သွင်းပြဌာန်းရပါမည်၊ တာဝန်ယူမှု ပျက်ကွက်ပါက ထိုက်တန်သော လျော် ကြေးငွေရရှိရန် နစ်နာသူက ကုမ္ပဏီအား တရားစွဲဆိုပိုင်ခွင့် ရှိရမည်။

မြန်မာနိုင်ငံတွင် တွင်းထွက်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးဖြစ်သော အဆိပ်ငွေ့သင့်၊ အဆိပ်ပြာကျ၊ အဆိပ်မိုးရွာ၍ သီးနှံ၊ စိုက်ပျိုးမြေနှင့် သောက်သုံးရေ ပျက်စီးဆုံးရှုံးမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ရှိသော် လည်း ကုမ္ပဏီများက ကျေလည်အောင်ဖြေရှင်းမပေးသဖြင့် နစ်နာမှုပြဿနာများ ရှိနေဆဲဖြစ်သည်။

ရွှေကျင်ရာတွင် သုံးသော ပြဒါးကို ပတ်ဝန်းကျင် မြေနှင့်ရေတွင် မပြန့်နှံ့အောင် လုပ်ငန်းလုပ်သူတို့က တာဝန်ယူရသည်။ ပြဒါးသည် မြေဆီလွှာအတွင်းရှိ မြေဆွေးသစ်ဆွေးနှင့်ပေါင်း၍ တီကောင်စသော သတ္တဝါ များနှင့် ရေညှိရေမှော်များမှတစ်ဆင့် ငါးများစာသုံးခြင့်ဖြင့် ငါးကိုစားသော လူကိုလည်း ပြဒါးဆိပ်သင့်စေ၏။ ရွှေလုပ်ငန်းတွင် အများအပြားသုံးသော ဆိုဒီယံဆိုင်ယင််နိုက်သည်လည်း အဆိပ်ပြင်းသည်။

ဤကိစ္စမျိုးကို ထိန်းကွပ်ရာတွင် “မသုံးရ”၊ သို့မဟုတ် “အခြားနယ်တွင်သုံးနိုင်သည်”စသည်ဖြင့် အမိန့်စာထုတ်ပြန်ခြင်းမျိုးသည် လွဲမှားနေပေသည်။ ပိတ်ပင်ခြင်းသည် လူ၏ သက်မွေးမှုကို ထိခိုက်စေသည်။ နေရာ လွှဲပြောင်းခြင်းသည် အန္တရာယ်ကို နေရာရွှေ့ခြင်းသာ ဖြစ်၏။ အဆိပ်မသင့်စေသောနည်းများရှိ၏။ ယင်းနည်းလမ်းများကို စနစ်တကျသုံးလျှင် ဘေးကင်းပါသည်။ နည်းဥပဒေ သတ်မှတ်ပြဌာန်းပေးရပါမည်။

သတ္တုတွင်းအနီး၊ သီးနှံစိုက်ပျိုးရာ နယ်မြေအတွင်း သတ္တုတွင်းလုပ်ငန်းသုံး ငရဲမီးထုတ်လုပ်ရေး စက်ရုံ ရှိနေခြင်းခြင်းသည်လည်း မိုက်မဲမှုဖြစ်သည်။ ထိုစက်ရုံမှ ဝန်းကျင်လေနှင့်မြေတွင် စွန့်သော ပစ္စည်းများက ပတ်ဝန်းကျင်ရှိ လူ၊ ကျွဲနွားတိရစ္ဆာန်နှင့် သီးနှံများကို အဆိပ်သင့်စေပါသည်။ ငရဲမီးစက်ရုံ ဟူသည် အချိန်မရွေး မတော်တဆ ပေါက်ကွဲနိုင်၏။ လူနေကျေးလက် မြို့ရွာများအကြား မတည်ရှိသင့်ချ။

အဖြစ်အများဆုံးသော အလုပ်ခွင်မှရသည့် ရောဂါများမှာ ကျောက်စွဲအဆုပ်၊ ကျောက်ဂွမ်းစွဲအဆုပ် နှင့် ကျောက်မီးသွေးစွဲအဆုပ်မည်းနှင့် နားပင်းရောဂါများ ဖြစ်သည်။ ကုမ္ပဏီပိုင် ဆေးရုံရှိလျှင် ရင်ဘတ်ဓာတ်မှန်ရိုက်စက်များ ရှိသင့်သည်။ ဆေးခန်းအဆင့်သာရှိလျှင် စက်ရှိရာဆေးရုံကြီးများတွင် တစ်နှစ်တစ်ကြိမ်ဖြစ်စေ စစ်ဆေးမှတ်တမ်းတင်ပြီး ရောဂါကြီးသူများကို လူမှုဖူလုံရေး နည်လမ်းများဖြင့် စောင့်ရှောက်သင့်သည်။ လုပ်ငန်းခွင်တွင် နှာခေါင်းစီးတပ်ခြင်း၊ ရေစိုလွန်တူးနည်းနှင့် ကျောက်သယ်ယာဉ် လမ်းများကို ပုံမှန် ရေဖျန်းခြင်း စသော နည်းလမ်းများကို အသုံးပြုခြင်းဖြင့် ဤပြဿနာကို အရင်းကနေ ဖြေရှင်းနိုင်၏။   

ဆေးရုံဆေးခန်း အလွယ်တကူ ရှိသင့်သည်။ လုပ်ငန်းကြပ်များ ရှေးဦးသူနာပြုအတတ် အခါခါလေ့ကျင့် တတ်မြောက်ထားရ၏။ မတော်တဆဖြစ်မှုများ၊ အလုပ်ခွင်အတွင်း နာမကျန်းဖြစ်ခြင်း စသည်တို့ကို စနစ်တကျ သတင်းပို့ရသည့်အပြင် ချက်ချင်ဆေးခန်း/ဆေးရုံသို့ ပို့လွှတ်ရသည်။ ဆေးခွင့် စသည်များ ဥပဒေနှင့်အညီ ခွင့်ပြုရသည်။ အလုပ်ခွင် ပျက်ကွက်မှု၊ ကိုယ်လက်အင်္ဂါပျက်စီးမှု စသည်တို့ အတွက် အလုပ်သမား လျော်ကြေး၊ အလုပ်ရုံစက်ရုံဥပဒေစသည်တို့နှင့်အညီ သီးခြားတွက်ချက် ခံစားခွင့်ပြုရသည်။

တွင်းထွက်လုပ်ငန်းနှင့် ရေရှည်ခံ လူမှု-စီးပွားဖွံ့ဖြိုးရေး

သဘာဝတွင်းထွက်များ၊ အထူးသဖြင့် သတ္တုများသည် တူးထုတ်ပြီးနောက် ကုန်ခန်းသွားသည်။ အသစ်ပြန်မဖြစ်။ တွင်းထွက်အသစ်များကိုသာ ရှာဖွေထုတ်လုပ်ရသည်။ ၁၈ ရာစု စက်မှုလုပ်ငန်းများ တဟုန်ထိုး တိုးတက်ဖြစ်ထွန်းခဲ့သည်မှစ၍ သံ၊ ကြေးနီ၊ ခဲမဖြူ၊ ခဲ၊ သွပ်မှအစ သတ္တုမျိုးစုံ ထုတ်လုပ်သုံးစွဲခဲ့ရာတွင် မရပ်နားသော ကမ္ဘာ့လူဦးရေတိုးပွားခြင်းနှင့်အတူ လူမှုစီးပွားနှင့် နည်းပညာများ တိုးတက်လာခြင်း ကြောင့် သတ္တုများကို ပို၍ပို၍ သုံးစွဲ၊ ပို၍ပို၍လိုလာသဖြင့် သတ္တုများ ပို၍ပို၍ ရှားသွားသည်။

သို့ဖြင့် မြေပြင်နှင့်နီးရာ သတ္တုသိုက်များကုန်ခန်းသွားသောအခါ သတ္တုသိုက်အသစ်များ အရှာရ ပို၍ ပို၍ ခက်လာသည်။ နည်းပညာသစ်များကြောင့် အသစ်များ ထပ်မံတွေ့ရှိနိုင်သေးသော်လည်း အကန့်အသတ် ရှိနေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် သတ္တုများ အလေအလွင့်မရှိ ထုတ်လုပ်/သုဲးစွဲခြင်း၊ ပစ္စည်းဟောင်း ပြန်လည်လှည့်ပတ် အသစ်တီထွင်အသုံးပြုခြင်း၊ အစားထိုးပစ္စည်း သုံးစွဲခြင်းစသည်ဖြင့် ရေရှည်တွင် လူသုံး ကုန်ပစ္စည်းများ မရှားပါးရေးကို ကြံဆတီထွင်ရသည်။ မလိုမသုံး၊ ခြွေတာထုံးကိုလည်း နှလုံးမူရမည်။

အရေးကြီးဆုံးအပိုင်းမှာ သတ္တုတွင်းများတည်ရှိရာ အရပ်ဒေသများနှင့် ကုန်ခန်းသွားသော သဘာဝ သယံဇာတ ပစ္စည်းတို့၏ အကျိုးကျေးဇူးကို သားစဉ်မြေးဆက် ခံစားနိုင်ရေး ဖြစ်သည်၊ တစ်နည်းလည်း လူ့ဘောင်လောက၏ ရေရှည်အကျိုးစီးပွားမပြတ် ဖွံ့ဖြိုးနေစေရေး ဖြစ်သည်။ နည်းလမ်းများရှိ၏ -  

(၁) အစောပိုင်းက ဆွေးနွေးခဲ့သည့် အခွန်အကောက်များကို အစိုးရက ဒေသခံ ပြည်သူတို့အတွက် အခြခံအဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စာပေယဉ်ကျေးမှုကိစ္စ အဝဝ ရေရှည်ခံနိုင်သည့် အစီအမံများဖြင့် ပြန်လည်ရင်းနှီးမြှုပ်နှံရပါမည်။ မည်သို့စီမံမည်နည်းဆိုသည်မှာ အစိုးရ၏ စီမံခန့်ခွဲမှု စွမ်းရည်အပြင် နိုင်ငံ့အကျိုးစီးပွားအတွက် ယင်းတို့၏ စိတ်နှလုံးသွင်းမှန်မှုနှင့် အဂတိကင်းမှုများ အပါ် မူတည်သည်။ 

(၂) စီးပွားဖြစ်တွက်ခြေကိုက် တွင်းထွက်လုပ်ငန်းတစ်ခုတွင် လုပ်ငန်းပုံစံ ဒီဇိုင်းရေးဆွဲရာ၌ သမရိုးကျ ထုတ်လုပ်ရေးနည်းစနစ်များအပြင် လုပ်ငန်းပိတ်သိမ်းခြင်းဆိုင်ရာစနစ်လည်း ပါဝင်ရသည်။ ယင်းမှာ လုပ်ငန်း နေရာမှ ပတ်ဝန်းကျင်သို့ မြေ၊ ရေ၊ လေမှတစ်ဆင့်  အဆိပ်မပြန့်ရန်ပြန်လည်ဖို့သပ်ပြီး မြေပြင်ကို မိုးရေမ တိုက်စားစေရန် မြေညှိပြုပြင်၊ မြေဆီလွှာပြန်ဖုံးပြီး မြက်သစ်ပင် ပြန်လည်စိုက်ပျိုးပေးခဲ့ရမည်။

ယင်းပုံစံရအောင် သတ္တုတွင်းလုပ်ငန်းစနစ် ချမှတ်ချိန်မှ ပိတ်သိမ်းပြီးချိန်အထိ လုပ်ငန်းသက်တမ်း တစ်လျှောက် ဒေသခံများအပါအဝင် လုပ်ငန်းနှင့်ပတ်သက်သူအားလုံး ပါဝင်ညှိနှိုင်းသွားကြရသည်။ ဤသည် မှာ လူမှု/သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအပေါ် လုပ်ငန်းရှင်က ပေးဆပ်ရန် တာဝန်ကြွေးဖြစ်သည်။

နိဂုံးချုပ်

သတ္တုတွင်းထွက်လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြု နိုင်၏။ ဗြိတိန်၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်စသော နိုင်ငံများသည် သတ္တုတွင်းထွက် လုပ်ငန်း အခြေခံ စက်မှုလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်။ သို့သော် ယင်းအတွက် ယနေ့လူသား ခံစား နေရသည့်ဒဏ်ကား လူမှုနှင့်သဘာဝပတ်ဝန်းကျင်ပြဿနာ၊ ကမ္ဘလုံးဆိုင်ရာ မကြုံစဖူး ထူးကဲသော ရာသီ ဥတု ဆိုးဝါးမှုများ ဖြစ်သည်။ ယနေ့လူသားသည် သမိုင်းသင်္ခန်းစာယူကာ ပြုပြင်ကြရလိမ့်မည်။

မြန်မာနိုင်ငံလည်း နှစ်ပေါင်း ၇၀ ကျော်အတွင်း အစိုးရမူဝါဒမှားယွင်းမှုများကြောင့် သဘာဝသယံဇာတမှ ဝင်ငွေများစွာ ရရှိပါလျှက် ဆင်းရဲတွင်းနက်ခဲ့သည်။ သင်္ခန်းစာရချိန်၊ ယူချိန်၊ ပြုပြင်ချိန် တန်လေပြီ။


Report Page