​တွင်းထွက်လုပ်ငန်းများ တိုင်းပြည်အကျိုးပြု ဖြစ်ရေး(အပိုင်း-၁)

​တွင်းထွက်လုပ်ငန်းများ တိုင်းပြည်အကျိုးပြု ဖြစ်ရေး(အပိုင်း-၁)

MONREC-NUG

မည်သူနှင့်ဆိုင်သနည်း

ယခု ဤစာရေးနေသည်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလလဆန်းပိုင်း၊ အာဏာသိမ်းစစ်ကောင်စီ မြန်မာနိုင်ငံမှာ တန်ခိုးထွားရန် ကြိုးပမ်းနေချိန်ဖြစ်သည်။ ပုံမှန်အစိုးရ စီမံအုပ်ချုပ်သော ခေတ်ကာလမဟုတ်၍ ပေါ်လစီမူဝါဒနှင့်ပတ်သက်၍ ဆွေးနွေးရန်အချိန်မဟုတ်၊ မအပ်စပ်ဟု ရှုမြင်နိုင်ပါသည်။ သို့သော် စစ်ကောင်စီသည် မည်သို့မျှတရားမဝင်ဟု ဆိုနိုင်စေကာမူ ယင်းကိုယင်း တရားဝင်လုပ်၊ ဝန်ကြီးဌာနတွေမှာ ယင်းလူယင်းခန့်ပြီး ပြည်တွင်းပြည်ပ ရင်နှီးမြှုပ်နှံမှုတွေကို ခေါ်ယူနေသဖြင့် စကားပြောစရာဖြစ်၏။

ဆွေးနွေးရန် လိုအပ်သည့်သဘောမှာ သမိုင်းမဲကာလကြီးအတွင်း စစ်အစိုးရများ ပြုမှားခဲ့သမျှ စီးပွား ရေး “တံခါးဖွင့်” မူဝါဒကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်များ အကွပ်မဲ့ပျက်စီးကာ သဘာဝ အင်အားစုဖြစ်သည့် သယံဇာတအရင်းအမြစ်များ အတုံးအရုံးအဖြုန်းဖြစ်ခဲ့ရသည်ကို အဖြစ်ဆိုး “စံ”နမူနာ ယူ၍ နောင်ကြဉ်နိုင်ရန် ဖြစ်၏။ မြန်မာတို့ ဆင်းရဲတွင်း နက်ရသည့်အဖြစ်ကို တော်လှန်ရန်ဖြစ်၏။

၂၀၁၄ ခုနှစ်အတွင်း ကျောက်စိမ်းတစ်မျိုးတည်း၏ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၃၁ ဘီလျံ ရှိခဲ့သည်ဟု ကမ္ဘာ့သက်သေခံအဖွဲ့ (ဂလိုဘယ်ဝစ်နက်စ်)က စူးစမ်းတိုင်းတာတွက်ချက် ခန့်မှန်း၍ ထွက်ဆိုသည်။ ဒါအခြားသတ္တုနှင့်သစ်တောထွက်ပစ္စည်း၊ ရေနံနှင့် အခြားသယံဇာတထွက်ကုန်များမပါသေး။ ထိုထိုရောင်းရငွေများကို ပွင့်လင်းမြင်သာမှုမရှိ သုံးစွဲခဲ့ရာ ဘယ်ရောက်၍ ဘယ်ပေါက်မှန်းမသိ။ တစ်ခုနှစ်ခု သိတာတော့ရှိသည်။- မင်းတြားကြီးတို့ပျော်စံရာ“နေပြည်တော်”ဘုံဗိမန် မြို့သစ်ကြီး။ ကုမ္ပဏီကြီးတွေ ထောင်၊ ကျိကျိတက် သူဌေးဖြစ်သူဖြစ်။ အာရှကျားတစ်ကောင် ဖြစ်နိုင်သောနိုင်ငံကမူ ကမ္ဘာ့အဆင်းရဲဆုံး အဆင့်မှမတက်။ ဒါ စင်စစ် မြန်မာကို “သယံဇာတကျိန်စာ”သင့်သည့်နိုင်ငံအဖြစ်သာဓကပြခြင်း ဖြစ်သည်။ 

သမိုင်းသင်ယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ “သမိုင်းသင်္ခန်းစာ” ရယူရန်ဖြစ်သည်။ ယနေ့ ပစ္စုပ္ပာန် သည် မနက်ဖြန်အတွက် ပြင်မရသော သမိုင်းဖြစ်သည်။ မနေ့က ပြုမှန်ပြုမှား အဖြစ်အပျက်များသည် ယနေ့ အတွက် ပြန်ပြင်မရသောသမိုင်းသက်သေ ဖြစ်သည်။ လိမ်ညာ၍ မရ။ ရလျှင်လည်း ကြာရှည်ခံမည် မဟုတ်။ ကိုယ့်သမိုင်းကိုယ်ရေးသည်ဆိုသည်မှာ ဒါကိုပြောခြင်း ဖြစ်သည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီကမူ ဤသဘောကို နားလည်မည်မဟုတ်ချေ။ အကြောင်းမူ သူတို့သည် သူတို့၏ဆိုးမွေသမိုင်းကို သူတို့စိတ်ကြိုက်၊ အမွှန်းတင် အမိန့်ပေး ရေးခိုင်းကြမည် ဖြစ်သောကြောင့်တည်း။

ထို့ကြောင့် ကျွန်တော်ဆိုလိုသော တွင်းထွက်လုပ်ငန်းအကျိုးစီးပွားသည် သူ့ကိုယ်ကျိုးစီးပွားကိုသာ သူလုပ်သော အာဏာသိမ်းစစ်ကောင်စီအတွက် မဟုတ်။ ပြည်သူကိုယ်စားပြု ဒီမိုကေရစီအစိုးရများသာ လုပ် နိုင်သောအလုပ် ဖြစ်၏။တရားမျှတလွတ်လပ်သော အုပ်ချုပ်ရေးယန္တရားနှင့်သာ ထိုက်တန်ပေသည်။


ပြည်သူအားပေးဆပ်ရန် တာဝန်ကြွေး

တွင်းထွက်လုပ်ငန်းမူဝါဒ ရေးဆွဲမည့်သူသည် တွင်းထွက်ဆိုင်ရာ ပညာရပ်တွင် အထူး မကျွမ်းကျင် သည့်တိုင် တွင်းထွက်ပစ္စည်းတို့၏ ဘူမိကျောက်သား ဖြစ်စဉ်သဘော၊ ထုထည်နှင့်ပုံစံအလိုက် သင့်ရာသင့်ရာ တူးထုတ်ဖေါ်ယူပြီးသည်နှင့် ကုန်ခန်းသွာသည့်အဖြစ်၊ အဖြုန်းမရှိ၊ စီးပွားကိုက် ထုတ်လုပ်ရသည့် သဘော၊ ယင်းသို့ ထုတ်လုပ်ရာတွင် တွင်းထွက်ထုတ်လုပ်ရာ ပတ်ဝန်းကျင်နေ ရပ်သူရွာသားများနှင့် ၎င်းတို့၏ လူမှုနှင့် သဘာဝပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးဖြစ်စေသည့် သဘော၊ ထို တွင်းထွက်ပစ္စည်းများ၏ မူလပိုင်ရှင်သည်ဌာနေပြည်သူများသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုထို တွင်းထွက်လုပ်ငန်းလုပ်ကိုင်၍ အကျိုးအမြတ် ရသူ များသည် အစိုးရအား အခွန်အခပေးရုံမျှဖြင့် မလုံလောက်၊ ဌာနေပြည်သူတို့အားလည်း ပြန်လည်ပေးဆပ်ရန် လူမှုတာဝန်ရှိကြောင်းအလေးအနက်ထား သဘောပေါက်ခံယူရန် အရေးကြီးလှသည်။

တွင်းထွက်လုပ်ငန်းဆိုင်ရာ မူဝါဒ

ဒီမိုကရေစီ အစိုးရတစ်ရပ်၏ တွင်းထွက်လုပ်ငန်းဆိုင်ရာ အရင်းခံ ရည်မှန်းချက်မှာ အများပြည်သူ၏ လူမှုဘဝရေရှည်ဖွံ့ဖြိုးရေးတွင် ထိရောက်စွာ အထောက်အကူပြုရေးဖြစ်သည်။ တစ်နည်းလည်း မြန်မာနိုင်ငံ အတွင်း ဆင်ရဲမှုပပျောက်ရေးနှင့် လူနေမှုဘဝအဆင့် ရေရှည်ဖွံ့ဖြိုးရေး၊ တစ်နည်း နိုင်ငံသားတိုင်း ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် အသက်မွေးနေထိုင်ရေးကို ထောက်ကူခြင်း ဖြစ်သည်။

ဤသို့ဖြစ်မြောက်နိုင်ရန်မှာ အုပ်ချုပ်ရေးစနစ်သည် နိုင်ငံသားတစ်ဦးချင်းစီ၏ ကမ္ဘာ့စံချိန်မီ လူသားအခွင့်အရေးများကို အခြခံဥပဒေပါ ရပိုင်ခွင့်အဖြစ် သိမှတ်၍ နိုင်ငံ့အရေးအရာများကို စီမံခန့်ခွဲ ကြရမည်။ လွတ်လပ်/တရားမျှတသော တရားဥပဒေစိုးမိုးမှု ရှိရမည်။ လူသား၏ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှုကို ရည်ရွယ်၍ အသက်မွေးမှုနှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်မှု နည်းနာမှန်သမျှ လမ်းပွင့်နေရမည်။နိုင်ငံအုပ်ချုပ်သူများက ထိုအခွင့်အရေးများကို ဥပဒေပါအတိုင်း ကာကွယ်စောင့်ရှောက်ရမည်။

အနှီစနစ်အောက်တွင် နိုင်ငံ့ဘဏ္ဍာငွေ ရရာရကြောင်းထိုက်သင့်သော အခွန်အခများ ကောက်ယူရာ တွင် အုပ်ချုပ်ရေးအသုံးစရိတ်သည် အုပ်ချုပ်သူလူတန်းစား အကျိုးသက်သက်အတွက်မဟုတ်၊ အများပြည် သူ၏ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် လမ်းပန်းဆက်သွယ်ရေးစသောလူမှုကိစ္စတို့အတွက် ဖြစ်စေရ သည်။ ပြည်သူအား အလုံးစုံထောက်ပံ့ရန်မဟုတ်၊ ပြည်သူတို့ လူ့ဂုဏ်သိက္ခာရှိရှိအသက်မွေးဝမ်းကျောင်းနိုင် ရေးနှင့် နိုင်ငံသားတွေ သက်ဆုံးတိုင် စိတ်အေးချမ်းသာ အသက်ရှင်ခွင့် ရရှိရေးတို့အတွက် ဖြစ်သည်။

ယင်းစနစ်ဖြင့် တွင်းထွက်လုပ်ငန်းများကို အစိုးရက စီမံခန့်ခွဲရာတွင် နိုင်ငံသူနိုင်ငံသားများ၏ သက် မွေးမှုအကျိုးစီးပွားနှင့် လုပ်ငန်းတည်ရာဒေသ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ် သည့်အပြင် လုပ်ငန်းကြောင့်ဒေသခံတို့ ဆုံးရှုံးခဲ့သမျှကို ပြန်လည်ဖြည့်ဆည်းပေးရေးအသိတရားရှိရန် လို၏။ အခွန်ဝင်ငွေရရှိရေးဦးတည်ချက် တစ်ခုတည်းဖြင့် ဤရည်ရွယ်ချက် မပြီးမြောက်နိုင်၊ လူမှုနှင့်သဘာဝပတ်ဝန်း ကျင်ကို စောင့်ရှောက်ရေးကိုပါ ပတ်သက်သူအားလုံး အလေးထားကြရမည်။ သို့ဖြင့် လုပ်ငန်းရှင်များကဤအရေးကိစ္စတွင် တက်ကြွစွာ ပူးပေါင်းတာဝန်ယူကြရန် လိုအပ်လှပေသည်။ 

လုပ်ငန်း သဘောသဘာဝနှင့် လုပ်ငန်းလိုင်စင်

ထိုရည်ရွယ်ချက်ဖြင့် ဥပဒေစိုးမိုးမှုရှိရန် အစိုးရအုပ်ချုပ်ရေးယန္တရား စီမံခန့်ခွဲသူများသည် တွင်းထွက် လုပ်ငန်း အတတ်ပညာနှင့် တွင်းထွက်လုပ်ငန်းဥပဒေတွင် ကျွမ်းကျင်လိမ္မာနေကြရသည်။ သမရိုးကျလုပ်ငန်း ကျွမ်းကျင်မှုအပြင် ခေတ်နှင့်တစ်ပြေးညီ ပညာရပ်များတွင် နှံ့စပ်တတ်သိမှုလည်းရှိရန် လိုအပ်ပါသည်။

တွင်းထွက်လုပ်ငန်းများသည် ယေဘုယျအားဖြင့် အရွယ်အစား သုံးမျိုးရှိ၏။ မိသားစုပိုင် အသေးစား၊စက်ပစ္စည်းနှင့် လူအား၊ ငွေအား အရင်းအနှီး အတန်အသင့်လိုသော အလတ်စားနှင့် အခြေတကျ တည် ဆောက်ပြီး စွမ်းအင်နှင့် စက်ပစ္စည်း/လူအင်အား များစွာလိုသော အကြီးစားလုပ်ငန်းဟူ၍ ဖြစ်သည်။ အဓိက အားဖြင့် ရင်နှီးမြှုပ်နှံမှု အရွယ်အစားပေါ်မှာ မူတည်ကွဲပြားခြင်း ဖြစ်သည်။ 

အလတ်စားနှင့်အကြီးစားလုပ်ငန်းများကို ပုဂ္ဂလိကပိုင်/အများပိုင်ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပြန်သည်။ ဥပဒေအမြင်တွင် ထိုလုပ်ငန်းအမျိုးအစားအားလုံး တွင်းထွက်သတ္တုတွင်းဥပဒေပါ လိုင်စင်စည်းကမ်းများ နှင့်အညီ ထုတ်လုပ်ရေး/သိုလှောင်ရေး၊ သယ်ယူရေး၊ ရောင်းချရေး၊ ဘဏ္ဍာရေး၊ အခွန်ဆောင်ရေး စည်းကမ်း များကို လိုက်နာကြရသည်။ ထိုလုပ်ငန်းပိုင်း အားလုံးတွင် အလုပ်ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေး၊ ဒေသတွင်း လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး၊ လုပ်ငန်းပိတ်သိမ်းရေး ကိစ္စများကို လုပ်ငန်းလိုင်စင်/စာချုပ်များတွင် စည်းချ သတ်မှတ်ကြရသည်။ 

ထိုစည်းကမ်းများတွင် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု/လုပ်ငန်းလည်ပတ်မှုအတွက် ဘဏ္ဍာရေးအခြေအ နေ၊ လုပ်ငန်းနည်းပညာအဆင့်ဆင့်ကိုပါဖော်ပြရမည်။ ထို့အပြင် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက နိုင်ငံသား အလုပ် ခန့်ထားရေး/လေ့ကျင့်ပညာပေးရေး/ ဒေသခံစက်မှု/လက်မှုအတတ်/ကုန်ပစ္စည်းချိတ်ဆက်မှုများ အသုံးချ ရေး၊ ပြည်တွင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တန်ဖိုးထပ်တိုးလုပ်ငန်းများ ဖြစ်မြာက်ရေး၊ နိုင်ငံတွင်းဝန်ဆောင်မှု အခန် မြှင့်တင်ရေးစသည့် အလုပ်များကို အကျယ်အပြန့် စဉ်းစား၍ လိုအပ်သလို စီမံကြရပါသည်။

တွင်းထွက်လုပ်ငန်းများသည် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု (မိမိပိုင်ငွေ/အများပိုင်ငွေ)အပေါ် ပြန်လည် ဖြည့်ဆည်းနိုင်ရေး၊ လုပ်ငန်းကုန်ကျစရိတ် ကာမိရေးနှင့် အကျိုးအမြတ် ပေါ်ထွက်ရေးတို့အတွက် တွင်းထွက် သိုက်ကြီးကြီး၊ အရင်းအနှီးများများ ပြုကြရသည်။ သို့ဖြင့် အရင်းအနှီးကြီးသလောက် စွန့်စားမှုကြီးသည်။ ထို့ကြောင့် ထိုစွန့်စားမှုများကို ကျော်လွှားရန် လုပ်ငန်းတစ်ခုချင်းအလိုက် စွန့်စားမှု (Commercial Risk)ကို ထိန်းချုပ် စီမံနိုင်သည်ဟု ယုံကြည်မှသာ ရင်းနီးမြှုပ်နှံလေ့ရှိသည်။ 

ဤအချက်များကို အစိုးရပေါ်လစီရေးဆွဲသူတို့ အကျွမ်းတဝင်သိထားပါမှ မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှု အခြေအနေကောင်းများ ဖန်တီးရာတွင် ပြည်သူတို့ကိုယ်စား မှန်မှန်ကန်ကန် နေရာတကျ အကျိုးရှိရှိ စီမံခန့်ခွဲနိုင်မည် ဖြစ်၏။ သို့မဟုတ်လျှင် ယခုခေတ် လူတို့လည်း အကျိုးမရ၊ နောင်ခေတ်လူသားအတွက် လည်း ဖျက်ဆီးပြီးသား ဖြစ်ပါလေအံ့။ ဒါကို မြန်မာ့အတွေ့အကြုံနှင့် အခြားနိုင်ငံများ၏အတွေ့အကြုံများက သက်သေခံခဲ့ပြီ။ (နောင်မှ သည်အကြာင်းရေးမည်။)



Report Page