MF

MF

Local News

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းများလုပ်ဆောင်လျက်ရှိသည့် Channel များ၊ Website များနှင့် Facebook Page များကို အရေးယူဆောင်ရွက်သွားမည်



ဒီဂျစ်တယ်နည်းပညာများ တိုးတက်လာမှုနှင့်အတူ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲစသည့် အနုပညာဖန်တီးမှုများကို Online Platform များမှတစ်ဆင့် ပြသဆောင်ရွက်လျက်ရှိပြီး ယခုလို ထုတ်လွှင့်ပြသရာတွင် တရားဝင် ထုတ်လွှင့်ပြသခြင်းများရှိသကဲ့သို့ မူလလက်ရာများကို ခိုးယူပြီး မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းတွင် တရားမဝင်ပြသ၍ လောင်းကစားအခြေပြု Platform များ တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးကဏ္ဍများ ထူထောင်ခြင်းများနှင့် ဥပဒေမဲ့ ဆောင်ရွက်မှုများသည် နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာသည်ဟု အနုပညာဖန်တီးမှုများအား တရားမဝင်ခိုယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ဖေဖော်ဝါရီလ(၂၃)ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)တွင် ပြောကြားခဲ့ပါသည်။


နည်းပညာတိုးတက်လာမှုနှင့်အတူ တရားမဝင်ခိုးယူဖြန့်ချိမှုများသည်လည်း စက္ကန့်နှင့်အမျှ နစ်နာမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများကို အမြန်ဆုံးလုပ်ဆောင်သွားရန်၊ ပြည်တွင်းပြည်ပရုပ်ရှင်ဇာတ်ကားများကို တရားမဝင်ပြသခြင်းနှင့် ရောင်းချခြင်းများ လုပ်ဆောင်လျက်ရှိသည့် Channel များ၊ Website များနှင့် Facebook Page များကို အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ပါက နောင်တစ်ချိန်တွင် ဆိုးရွားသည့် မူပိုင်ခွင့်ချိုးဖောက်မှုများ ဖြစ်လာနိုင်သည့်အပြင် အခြားမသမာသူများက စီးပွားရေးအရ တရားမဝင် လုပ်ကိုင်လာနိုင်သောကြောင့် အဖွဲ့ဝင်များအနေဖြင့် အွန်လိုင်းမှ ရုပ်ရှင်ဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိမှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Report Page