March 16

March 16


◼ တံတားနီ


တံတားနီဖြစ်ရပ်သည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်မီ ဖြစ်ပွားခဲ့သော စစ်အာဏာရှင်တို့၏ ယုတ်မာရက်စက်မှု ပြယုဂ်တစ်ခု ဖြစ်သည်။ ၁၉၆၂ စစ်အာဏာရှင် ​နေဝင်း အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူလူထုအ​ပေါ်တွင် မျိုးစုံဖိနှိပ်ခဲ့ရာ ထိုအထဲတွင် ​ကျောင်းသားများသည် အများဆုံး ဒဏ်ခံခဲ့ရရှာသည်။ သမိုင်းဝင် တံတားနီ ဖြစ်ရပ်သည်လည်း စစ်အာဏာရှင်တစ်ဦး ဖြစ်လာသည့် စိန်လွင်၏ ကြိုးကိုင်မှု​အောက်တွင် ဖြစ်ပွားခဲ့​သော ​ကျောင်းသားထုကို သတ်သည့် ဖြစ်ရပ်ဆိုးဖြစ်သည်။


လွန်ခဲ့​သော ၃၄နှစ်၊ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၆) ရက် နေ့တွင် ၁၃ရက်​နေ့က ရန်ကုန်စက်မှုတက္ကသိုလ်၌ ဖြစ်ပွားခဲ့မှုများအကြောင်း၊ ကို​ဖုန်း​မော် ကျဆုံးခဲ့သည့်အ​ကြောင်းများက အခြားကောလိပ်နှင့် တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့သည်။ ထိုအ​ရေးကိစ္စများကို ရန်ကုန်တက္ကသိုလ် (ပင်မ) ဝင်းအတွင်း၌ ကျောင်းသားထောင်ပေါင်းများစွာက စုရုံးကြပြီး မဆလအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး မတရားမှုကို ဆန့်ကျင်ကြရန် စာရွက်စာတမ်းများ ဖြန့်ဝေလှုံ့​ဆော်ခဲ့ကြသည်။ ထို​နေ့ မွန်းလွဲ (၁) နာရီတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက ကျောင်းသားများကို ငြိမ်သက်ကြရန် ရွှေပြည်အေး တရားဟောခဲ့ပါသည်။ စစ်အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းသည့်အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့သည်။


ထိုအခါမှ ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေလည်း ကျောင်းသားများ၏ စိတ်ကို နားလည်သွားပြီး တားမရ​တော့သည့်အဆုံး ​တက္ကသိုလ်ဝင်းအတွင်းတွင် ဆန္ဒထုတ်​ဖော်ပြသနိုင်​ကြောင်း၊ တက္ကသိုလ်ဝင်း အတွင်းက မထွက်လျှင် မည်သည့်အန္တရာယ်မှ မဖြစ်​စေရပါ ဟူ၍ အာမခံချက် ပေးခဲ့သည်။ ထို့​နောက်ကျောင်းသားများလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်​သော မန္တလေး​​ဆောင်၊ အမရ​ဆောင်နှင့် တောင်ငူဆောင်များသို့ လှည့်လည်ချီတက်ကာ လူစုရင်း ဆန္ဒပြခဲ့ကြသည်။


ကျောင်းဆောင်များမှ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြသည်။ ဆေးတက္ကသိုလ်မှ ကျောင်းသားအချို့လည်း ပါဝင်လာခဲ့ကြသည်။ ထိုစဥ်​ ကျောင်းသားများထဲမှ အလှည့်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြသည်။


ကျောင်းသားများအားလုံး စုစည်းကြပြီး ၁၉၈၈၊ မတ်လ (၁၆)ရက်၊ ညနေ (၃) နာရီတွင် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါသည်။ ပြည်လမ်းမတလျှောက် ချီတက်ခဲ့ကြပြီး လှိုင်ကောလိပ်ကိုဝင်ကာ သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားကို စုစည်းရန် ခရီးစဉ် ရေးဆွဲခဲ့ကြသည်။ ထို့​နောက် ပြည်လမ်းတစ်ခုလုံး ကျောင်းသားများဖြင့် ပြည့်နှက်နေပြီး စစ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ခဲ့ကြသည်။ ထိုမြင်ကွင်းသည် အလွန်တက်ကြွဖွယ်ကောင်း​သော သမိုင်းဝင်မြင်ကွင်းတစ်ရပ် ဖြစ်ခဲ့ပါသည်။


ထိုစဥ် အဓိပတိလမ်းမထိပ်တွင် ကျောင်းသားထုကြီး၏ ရှေ့ဆုံး၌ ခေတ်အဆက်ဆက်က ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော သမဂ္ဂခွပ်ဒေါင်းအလံ​တော်ကြီးကို စတင် တင်လွှင့်ခဲ့ကြသည်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတစ်လျှောက်တွင် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများဖြင့် ဝင်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာခဲ့ကြသည်။ ထို့​ကြောင့် ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာခဲ့ကြသည်။


အဆိုပါ ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနှင့် ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်ကို ကျော်လိုက်သည်နှင့် အတားအဆီးတချို့ကို ​တွေ့မြင်ခဲ့ကြရသည်။ ၎င်းမှာ တံတားဖြူကန်ဘောင် အကျော်တွင် သံဆူးကြိုးခွေများဖြင့် ပိတ်ဆို့ ကာရံထားခြင်း ဖြစ်သည်။ အတားအဆီးများ၏ ​နောက်တွင် စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီသို့ သေနတ်များဖြင့် ချိန်ထားခဲ့ကြပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေခဲ့ကြသည်။ ဘရင်းကယ်ရီယာများကလည်း စစ်သားများ၏ နောက်မှ ကျောင်းသားတွေဆီသို့ မျက်နှာမူပြီး ချိန်ရွယ်ထားခဲ့ကြသည်။ ဘာလက်နက်မျှမပါ​သော ​ကျောင်းသားထုကို လူသတ်လက်နက်များစွာဖြင့် ချိန်ရွယ်​နေခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျောင်းသားများအားလုံးက အမျိုးသားသီချင်းနှင့် ​တော်လှန်​ရေးသီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးခဲ့ကြသည်။


ထိုသို့ သီဆိုစဥ် ကျောင်းသားအုပ်၏ နောက်ဖက်မှ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ၊ ဒိုင်းများ၊ တုတ်များဖြင့် ပိတ်ဆို့ ဝိုင်းရံလိုက်ကြသည်။ ကျောင်းသားများ အသက်ရှူရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြပြီး ထွက်​ပေါက်မဲ့ ပိတ်မိသွားခဲ့ကြသည်။ ​ကျောင်းသားထု၏ အရှေ့တွင် စစ်တပ်၊ အနောက်တွင် လုံထိန်းတပ်၊ ညာဘက်တွင် အင်းလျားကန်ဘောင်၊ ဘယ်ဘက်တွင် ကာရံတားဆီးထားသော ခြံစည်းရိုးများနှင့် လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းတွင်းသို့ အလိုလို ရောက်သွားခဲ့ရရှာသည်။


ထိုအချိန်တွင် အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များဖြင့် ဝင်​ရောက် ရိုက်နှက်ကြတော့သည်။ ထို့​ကြောင့် ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြသည်။ အချို့က ကန်ဘောင်ပေါ် တက်ပြေးကြပြီးအချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြကာ လွတ်မြောက်ရာလမ်းကို ရှာကြသည်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြသည်။


ပြည်လမ်းမကြီးပေါ်တွင် ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းဖြင့် အတုံးအရုံး လဲပြိုကျကုန်ကြသည်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြသည်။ ကန်ဘောင်ပေါ် တက်ပြေးကြ​သော ကျောင်းသားများ၏ နောက်ကို လိုက်ရိုက်ကာ မပြေးနိုင်​သောသူ၊ အဖမ်းခံရသူ ကျောင်းသားကျောင်းသူများကို အင်းလျားကန်သို့ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြသည်။ အင်းလျားကန်ရေပြင်လည်း သွေးချင်းချင်းနီရဲကာ တံတားဖြူ ကန်ဘောင်သည်လည်း ကျောင်းသားကျောင်းသူတို့၏ သွေးများ​ကြောင့် ခြင်းခြင်းနီရဲ​သော တံတားနီအဖြစ် ရောက်ခဲ့ရသည်။


ထို့​​​နောက် အသင့်စောင့်ဆိုင်းနေသော လုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြပြီး ဖမ်းဆီးမိ​​သော ကျောင်းသားများကိုလည်း ကားပေါ်ဆွဲတင်သွားခဲ့ကြသည်။ ကားများ မောင်းထွက်သွား​​သော အခါမှာလည်း မီးသတ်ကားများ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ဝင်ရောက်လာကြပြီး မီးသတ်ပိုက်များဖြင့် ပြည်လမ်းတစ်လျှောက် အင်းလျားကန်ဘောင်နှင့် တံတားဖြူကို ဆေးကြောသုတ်သင်ခဲ့ကြသည်။


ထိုသို့ ကျောင်းသားများကို ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားခဲ့ပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလအစိုးရ၏ အဓိပတိ နေဝင်း၏ ညာလက်ရုံး စိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်သည်။ ထိုတံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီခန့်တွင် အနီရောင် ပစ်ကပ်ကားတစ်စီးက အင်းလျားကန်ဘောင်တွင် ရပ်ကာ ကားပေါ်တွင် ပါလာသော လုံထိန်းများက မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့သည်။ အဆိုပါမိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများဖြင့် မြင်မကောင်းအောင် ဖြစ်နေခဲ့ပြီး အသက်ရှိနေခဲ့​သေးသည်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေ​သော အဆိုပါ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့​သော ကျောင်းသားအချို့က အနီးဆုံး လက်ဖက်ရည်ဆိုင်သို့ တိတ်တဆိတ် သယ်လာခဲ့ကြကာ မနက်မိုးလင်းသည်အထိ စောင့်ပြီး နံနက် (၅) နာရီခန့်တွင် ဆေးရုံကြီးသို့ ပို့ခဲ့ကြသည်။ ရန်ကုန်ဆေးရုံကြီးတွင်လည်း အခြားသော မတရားပြုကျင့်ခံရသည့် မိန်းကလေးများ ရောက်လာခဲ့​ကြောင်း၊ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရသည့်အတွက် သားအိမ်ကွဲခဲ့ရ​​သောကြောင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ရရှာသည်။


တံတားနီနေ့သည် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ပစ်သတ်ခံရသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော ကျောင်းသား ကျောင်းသူများ ဖမ်းဆီးခံရကာ သမိုင်းဝင် ရှစ်လေး လုံးအရေးတော်ပုံကြီးကို ပေါ်ပေါက်စေသည့် ကနဦး ကျောင်းသားအရေးခင်းများအနက် အရေးပါသည့် ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။ တံတားနီနေ့ပြီးနောက် ကျောင်းသားနှင့် ပြည်သူများ ပေါင်းစည်းဆန္ဒပြမှုများဖြစ်လာခဲ့ပြီး အစိုးရက ဖမ်းဆီး၍ မတ် ၁၈ ရက်နေ့ညတွင် အင်းစိန်ထောင်သို့ပို့ရာ အချုပ်ကားအတွင်း ဖမ်းဆီးခံရသူ ၇၁ ဦးအနက် ၄၁ ဦးမှာ အသက်ရှုကျပ်ကာ သေဆုံးခဲ့ရရှာသည်။

▪️ဆီသို့စာစဉ် Facebook စာမျက်နှာ

https://www.facebook.com/sithojournal


Report Page