Gas

Gas

Myo Win

မြန်မာပြည်နဲ့ လောင်စာဆီ

     မြန်မာပြည်မှာ သန်လျှင်နဲ့ ချောက် ရေနံချက်စက်ရုံတွေ ရေနံစိမ်းကနေ ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ မီးထိုးဆီ အစရှိတဲ့ အဆင့်နိမ့်လောင်စာဆီတွေ ထုတ်ခဲ့တယ်။ ၁၉၇၈ မှာ မန်းသံပုရာကန် စက်ရုံတည်တယ်။ အဆင့်မြင့်ဓာတ်ဆီ 98 Ron နဲ့ 100 Ron အထိ ချက်နိုင်တဲ့ အပြင် Reformer Plant ရေနံချေးကိုရေနံမီးသွေးအထိချက်ပြီး ဓာတ်ဆီ ဒီဇယ် အယ်ပီဂျီ ထပ်ထုတ်နိုင်တဲ့Coker Unit၊ရေနံဆီကိုအရည်အသွေးမြင့်အောင်ချက်ပေးတဲ့ SPI unit LPG Merox Unit. စသည်များပါဝင်တဲ့အတွက် မြန်မာပြည်၏ ပထမဦးဆုံးရေနံဓာတုဗေဒ စက်ရုံကြီးဖြစ်ပါတယ်။ Down Stream စက်ရုံတွေ ဆောက်ဖို့အထိ ရည်မှန်းထားခဲ့ပါတယ်။ 

    တနေ့ကို ရေနံစိမ်းဂါလံ ၈၇၅၀၀၀ ချက်နိုင်တဲ့ စက်ရုံဟာ ပြည်တွင်းကထွက်တဲ့ ဆာလ်ဖာဓာတ်နည်းသော ရေနံစိမ်းကို ချက်ဖို့ တည်ဆောက်ခဲ့ပါတယ်။ သို့သော် မှန်းဆထားသလို ရေနံစိမ်း မထွက်ရှိလို့ မချက်နိုင်ဘူး။ တရုတ်ရေနံပိုက်လိုင်းက ရတဲ့ ရေနံက အာရပ်ရေနံ ဆာလ်ဖာဓာတ်များလို့ ချက်မရပြန်ဘူး။

    မြန်မာ့ရေနံလုပ်ငန်းပညာရှင်များ အနေနဲ့ MPE ကနေ MPPE ပြောင်းတယ်၊ နောက်ထပ် MPPE ကနေ PPRD အမည်ပြောင်းတယ်၊ အမည်သာပြောင်းတယ် ရေနံလုပ်ငန်း တိုးတက်လာအောင် မပြောင်းနိုင်ဘူး။ တာဝန်ရှိတဲ့ အရာရှိတွေသာ ချမ်းသာသွားတယ် မြန်မာ့လောင်စာလုပ်ငန်းက အခုထိ ဒါးမနောက်ပိတ်ခွေးအဆင့်ဆိုတော့ကား သူတို့စွမ်းဆောင်ရည်ကို အကဲဖြတ်လို့ရပါပြီ။

    ဂါလံ ၃၀၀၀ ကနေ ၃၀၀၀၀ လောက်ချက်နိုင်တဲ့ ထင်းမီးချက်ဖိုတွေ နဲ့ ချက်နေတဲ့ 66 Ron to 70 Ron လောက်ချက်ပြီး သာယာနေတုန်းပါပဲ။ အဆင်မြင့် သံပုရာကန်ကတော့ 90 Ron လောက် ချက်နေတယ်လို့ ကြားရပါတယ်။ ဒါက ပြည်တွင်း လောင်စာဆီကဏ္ဍပါ။

ကဲ ပြည်တွင်းထုတ်နဲ့ မလုံလောက်တဲ့ အတွက် ပြည်ပကနေ တင်သွင်းရပါပြီ။ ဘယ်စနစ်နဲ့ တင်သွင်းသလဲ လေ့လာကြပါမယ်။ 

     လောင်စာဆီ သဘော်နဲ့ တင်သွင်းခွင့်ကို MPTA ဆိုတဲ့ ပုဂ္ဂလိက အသင်းကပဲ ချုပ်ကိုင်ထားပါတယ်။ မူလက စွမ်းအင်ညွှန်မှူးဟောင်းများ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ဒီ အသင်းသည် ယခုဆိုရင် ရေနံ ခရိုနီတွေ ဒါရိုက်တာ အဖြစ် လက်ဝါးကြီး အုပ်ထားကြပါပြီ။ ပြင်ပကနေ လောင်စာ တင်သွင်းချင်ရင် MPTA အသင်းဝင် ဖြစ်ရပါမယ်။ နောက်ပြီး ငွေရှိတိုင်း သွင်းခွင့်မပြုပါဘူး။ တန် တသောင်း သွင်းချင်သလား sorry ပါ ဒါရိုက်တာအဖွဲ့က ခင်ဗျားကို တန် ၅၀၀ ထက်ပိုပြီး ခွဲတမ်းချမပေးပါဘူး။ ခရိုနီတွေ စိတ်တိုင်းကျ လက်ဝါးကြီး အုပ်နေခွင့်ကို PPRD လို အစိုးရအာဏာပိုင်တွေက မှိန်းပြီး ပေါင်းစားကာ စျေးကွက်စီးပွားရေးစနစ် နဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ အစိုးရ ထိပ်သီးများ သိ မသိ ကတော့ စိတ်ဝင်စားစရာပါပဲ။ လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့် ပိတ်ပင်ထားတဲ့ လောင်စာဆီ ကဏ္ဍမှာ ခရိုနီတွေ စျေးကွက်ကို လက်ဝါးကြီးအုပ် ထင်တိုင်းကြဲခွင့် ပေးထားတာဟာ အစိုးရရဲ့ စွမ်းအင်ဝန်ကြီးဌာမှ မရိုးသားမှုကြောင့်ပါပဲ။

    MPTA နဲ့ PPRD ရဲ့ ရိုက်ချက်တွေက အံ့မခန်းပါပဲ။ သံပုရာကန်ရဲ့ ထွက်လာတဲ့ ဓာတ်ဆီကို MPTA က ပဲ ဝယ်ယူခွင့် ရှိသတဲ့။ အဲဒီ အဆင့်နိမ့်ဓာတ်ဆီတွေကို ဝယ်ယူခွင့် ရထားတဲ့ ဘယ်ခရိုနီ ဆိုင်ကမှ 90 Ron ဓာတ်ဆီဆိုပြီး ရောင်းချနေတာ မတွေ့ရပါဘူး။ ဒါဆို သံပုရာကန်ကဝယ်သွားတဲ့ အဆင့်နိမ့် ဓာတ်ဆီတွေ ဘယ်ကို ရောက်သွားမလဲ စဥ်းစားစရာ တကွက်ပေါ့။ အဖြစ်နိုင်ဆုံးကတော့ 92 Ron၊ 95 Ron တွေ နဲ့ ရောပြီး ပြည်သူကို လိမ်ညာ ရောင်းချနေတာလို့ပဲ ကျနော်တို့ တွက်ဆရပါ့မယ်။


ကဲ နယ်ဖက်က ဆီဆိုင်အသေးလေးတွေ ပြန်ကြည့်ကြပါစို့။

    ဆီ အရောင်းအဝယ် ဆိုင်အတွက်လိုင်စင်ကျဖို့ ဆိုင်စစ်ဆေးခ အပိုပေးရငွေဟာ ၅ သိန်း ဝန်းကျင် ရှိပါတယ်။ ဆီဝယ်ရင်လည်း ခရိုနီကြီးတွေဆီက သတ်မှတ်ဆီစျေးပေး ဝယ်ကြရပါတယ်။ အစိုးရက ဆီခရိုနီတွေကို ဒေါ်လာအား ပေါက်စျေးထက်လျော့ရောင်းပြီး ဆီစျေး ချရောင်းခိုင်းတော့ နဂိုက အားနည်းတဲ့ ဆီဆိုင်ပေါက်စတွေ နူရာဝဲဆွဲ ဖြစ်ရပါတယ်။

     ဆိုင်ဖွင့်ပြီးလို့ တနှစ်တခါ လိုင်စင်သက်တမ်းတိုးကြရာမှာ မဆီမဆိုင် MPTA ရဲ့ ထောက်ခံစာ တောင်းလို့ တစ်ဆိုင်ကို လေး/ငါးသောင်း အပိုကုန်ရပါတယ်။ (လွန်ခဲ့တဲ့ ၂ ရက်က MPTA ထောက်ခံစာမလိုတော့ကြောင်း နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်) နောက် PPRD ကို လိုင်စင်သက်တမ်းအတွက် တရားဝင်အခွန်နဲ့မသက်ဆိုင်သည့် အဆင့်ဆင့်သောဝန်ထမ်းကြီးငယ်များအား လာဘ်ထိုးရငွေ (မမှန်လို့ မဟုတ်ဘူး ရစ်နေထစ်နေမှာ ညစ်နေမှာစိုးလို့) ၁၂၀၀၀၀ိ/ မှ ၁၅၀၀၀၀ိ/အထိ မြို့နယ်အလိုက် အပိုကုန်ကျပါတယ်။ နောက်ဆုံး PPRD ရဲ့ လောင်စာဆီ သယ်ယူခွင့် QR ကုတ်အတွက်လည်း ငွေပေးရပါတယ်။ လည်ဝယ်သူတွေကတော့ QR ကုတ်ကို ဆီတွဲလုံးမှာ ကပ်ရမယ့်အစား ခေါင်းတွဲမှာကပ်စေပြီး လောင်စာဆီတွဲတွေကို လည်သလိုသယ်ယူကြပါတယ်။ လာဘ်ထိုးပေးရင် အဲလိုလုပ်လို့ရပါတယ်။

    ဒါတွေကြောင့် ကျနော်တို့ပြည်သူတွေသည် လောင်စာဆီများကို အရည်အသွေး မမှီ၊ အချိန်အတွယ်လျှော့နည်းပြီး စျေးကြီးပေး ဝယ်နေရခြင်း ဖြစ်ပါတယ်။


နစက အနေနဲ့ အခြေအနေအမှန်အတိုင်း သိရှိလျှင် ပြင်ဆင်မှုများ ပြုလုပ်ပြီး လောင်စာဆီ ကျဆင်းရေး ဆောင်ရွက်နိုင်ပါတယ်။ အရေးတကြီး ပြင်ဆင်ရမည့် အချက်များအဖြစ်.....

၁။ မည်သူမဆို လွတ်လပ်စွာ သဘော်စီးလုံးလိုက် လောင်စာဆီ တင်သွင်းခွင့်ပြုရန်။ (ခရိုနီများ လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သင့်သည်ထက် ပိုတက်နေသော စျေးနှုံးကျဆင်းသွားပါ့မယ်)

၂။ သံပုကန်မှ တနေ့ ၈၇၅၀၀၀ ချက်နိုင်သည့်စက်အား ဆာလ်ဖာနည်းသည့် ရေနံချက်သည့်နည်းပညာအား အာရပ်ရေနံဆာလ်ဖာများသည့် ရေနံချက်နိုင်သည့် နည်းပညာဖြင့် အစားထိုးလဲလှယ်တပ်ဆင်အသုံးပြုရန် ကြိုးစားခြင်း။ (တရုတ်ရေနံပိုက်လိုင်းမှ အာရပ်ရေနံများအား သယ်ယူစရိတ်သက်သာစွာနှင့် ရရှိပြီး ပြည်တွင်းလိုအပ်ချက်ထက်ဝက်ခန့်အား သံပုကန်မှ ထုတ်လုပ်နိုင်၍ ရေရှည်တွင်အကျိုးများစွာရှိလာပြီး စျေးနှုံးများချိုသာလာပါမယ်)

၃။ မလိုလားအပ်သော ကုန်ကျစရိတ်များ၊ တိုင်းပြည်ဝင်ငွေအတွက် မဝင်နိုင်သော လာဘ်ပေးလာဘ်ယူမှုများအား အသွင်ယူစုံစမ်းဖော်ထုတ်ခြင်းဖြင့် ရေရှည်တွင် အစိုးရအပေါ် ကြည်ညိုလေးစားလာခြင်းနဲ့ တိုင်းရင်းသား လက်လီလောင်စာဆီဆိုင်များလည်း အသက်ရှူပေါက် ချောင်လည်လာနိုင်ပါ့မယ်။

၄။ လောင်စာဆီအရည်အသွေးနဲ့ အချိန်အတွယ် စစ်ဆေးခြင်းအား အသွင်ယူဝယ်ပြီးစစ်ဆေးမှသာ ပေါ်ပေါက်လာပြီး စားသုံးသူများအပေါ် ကာကွယ်ရာ ရောက်ပါမယ်၊ ဘယ်နေ့လာစစ်မယ်ဆိုပြီး ကြေညာချက်ထုတ် ရှင်လောင်းလှည့်သလို တအုပ်ကြီးသွားစစ်နေမှဖြင့် ဘဒ္ဒကမ္ဘာပျက်တဲ့အထိ သူခိုးမဖော်နိုင်တာ သေချာပါတယ်။ ဒီနည်းနဲ့ ပြည်သူကို လိမ်လာကြတာ ပုဂံခေတ်ကတည်းကဆိုတော့ ရိုးနေပါပြီ။

   နစက အနေနဲ့ ပြည်သူ့အတွက် လုပ်ဆောင်ခြင်း မလုပ်ဆောင်ခြင်းကတော့ နစကရဲ့ ပြည်သူ့အပေါ် ထားတဲ့ စေတနာပါပဲ။ မျိုးဝင်းကတော့ ဘေလ် ၂၀၀၀ိ ဖိုးလောက်နဲ့ နှစ်ရက်လောက် အချိန်ကုန်ခံကာ စုံစမ်းမေးမြန်းရှာဖွေပြီး ပြည်သူ့အတွက်တင်ပြလိုက်ပါပြီဗျာ။

Myo Win

Report Page