Chapter 1

Chapter 1

Sue Xing Nway

Chapter 1



“အား…”


ရိုစီနာ သည် ခါးမှ ခြေသလုံးအထိ ပျံ့နှံ့လာသော နာကျင်ကိုက်ခဲမှုကို ခံစားမိသောအခါ ညည်းတွားလိုက်မိသည် နာကျင်မှုသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတာကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ်ရွရွ ဖြစ်နေမိသည်။ အလွန်နူးညံ့သော အရေပြားပေါ်ရှိ ခပ်နွေးနွေး စောင်တစ်ထည်ကို ထိမိသွားသောအခါ သူမ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် စောင်ကို အမြန်ဖယ်လိုက်တာကြောင့် ရိုစီနာ တစ်ကိုယ်လုံး အေးစက်သွားရသည်။ သူမကိုယ်လုံးတီး ဖြစ်နေခြင်းပင်။


ထို့နောက် ရိုစီနာသည် ကုတင်ပေါ်မှ ထလာရင်း နာကျင်နေသော ကျောကို အသာ ပွတ်သပ်မိသည်။သူမသည် ကုတင်ပေါ်တွင် ခဏလောက် ထိုင်နေပြီး နံရံကို စိုက်ကြည့်နေမိသည်။ ထို့နောက် တဖြည်းဖြည်း အသိစိတ်ဝင်လာပြီး ပတ်ဝန်းကျင်ကိုလည်း လှည့်ပတ်ကြည့်မိ၏။ ထူးဆန်းသောအရာများ ပြည့်နှက်နေသည့် ဤအခန်းသည် ရိုစီနာ လောလောဆယ် တည်းခိုနေသည့် အခန်းဖြစ်သည်။


"အို ဘုရားရေ"


အိပ်မက်တစ်ခု မဟုတ်ကြောင်း သူမ သိသွားသည်။


ထို့နောက် ရိုစီနာ အဝေးကို အသာ လှမ်းကြည့်ကာ ဘေးကို ငုံ့ကြည့်လိုက်သည်။ ဘာမှမဖြစ်ခဲ့သလို သပ်သပ်ရပ်ရပ် ရှိနေသော ဤအခန်းသည် တစ်စုံတစ်ယောက် လှဲအိပ်သွားတာကြောင့် ကိုယ်ငွေ့က အခုထိ မပျောက်သေးပေ။


ရိုစီနာ တစ်စုံတစ်ခုကို အမှတ်ရသွားကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိတော့သည်။မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို သူမ ကောင်းကောင်း မှတ်မိသွားရသည်။ ထိုလူ၏ လက်များသည် ရေခဲတမျှ အေးစက်နေသော်လည်း သူမ ကိုယ်ကို ထိလိုက်သည်နှင့် မီးတောက်များလို တဖွားဖွား လောင်ကျွမ်း ပူလောင်သွားရသည်။ သူ့လက်ဖဝါးကြီးကြီးတွေက ရိုစီနာ ကိုယ်လေးကို ဝါးမျိုလိုက်သည်ဟု ပြောလျှင် ချဲ့ကားပြောခြင်း မဟုတ်ချေ။ သူသည် ရိုစီနာ အား ကျေကျေနပ်နပ်ကြီး တာဝန် ကျေပွန်ခဲ့တာကြောင့် သူမ တစ်ကိုယ်လုံး မထိနိုင်လောက်အောင် နာကျင်ကိုက်ခဲနေရတော့သည်။


သူ့အသက်ရှူငွေ့ နွေးနွေးက အခုထိ သူမ ကိုယ်ပေါ် ထင်ကျန်နေသလိုရှိ၏။ သူမ မှတ်မိသည့် နောက်ဆုံးအချက်မှာ ရွှေရောင်တောက်ပနေသော ဆံပင်ရှိပြီး အပြာရောင် မျက်လုံးများ ရှိနေသည့် သူရုပ်လွှာဖြစ်သည်။ ရမ္မက်ခိုးများ ပြည့်နှက်နေသည့် သူ့မျက်လုံးတွေကို တစ်ချက် ကြည့်လိုက်ရုံနှင့် သူမ ဗိုက်ထဲက လိပ်ပြာတွေ တဖျပ်ဖျပ် ထပျံသွားသလိုပင်။ထိုသို့‌တွေးရင်း ရိုစီနာသည် ဗိုက်ကို ကိုင်ကြည့်လိုက်ရာ အပူတွေ မငြိမ်းသေးသလို ခံစားလိုက်ရသည်။


"ဒါတောင် သူနဲ့အိပ်ခဲ့တာ မယုံနိုင်သေးဘူး"


ရိုစီနာ သက်ပြင်း ဖွဖွလေးချလိုက်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်သည်။ထိုအခါ ပါးလွှာသော စောင်တစ်ထည်လေးသည် ကြမ်းပြင်ပေါ်ကို လျှောကျသွားပြီး ချောမွေ့လှသော သူမ၏ အသားစိုင်တို့မှာ လေအေးနှင့် ထိတွေ့သွားရသည်။


ရိုစီနာ သည် အိပ်ယာကို ငုံ့ကြည့်လိုက်ပြန်ရာ သူမ ဘေးနားက နေရာလွတ်ကို မြင်လိုက်ရ၍ ရင်ထဲ ခါးသီးသွားသည်။သို့သော်လည်း၊သူသာ ရှိနေသေးလျှင် ယခုထက် ပိုအခြေအနေဆိုးပေလိမ့်မည်။ယခုတောင် သူမ ရှက်နေပေပြီ။


ရိုစီနာသည် စိတ်အေးတည်ငြိမ်သွားအောင် ထိုင်နေလိုက်ရသေးသည်။


"ငါသိတာဆိုလို့ သူ့နာမည်ပဲရှိတယ်....."


ရိုစီနာသည် သူမနှင့် မနေ့ညက အတူနေခဲ့သော ယောက်ျားအကြောင်းကို အနည်းငယ်သာ သိထားသည်။ မနေ့က သူမတို့ ပထမဆုံးအကြိမ်တွေ့ခြင်း ဖြစ်တာကြောင့် သိပ်မသိတာလည်း အဆန်းမဟုတ်ပေ။


အင်္ကျီနှင့် ဘောင်းဘီ ဝတ်ပြီးနောက် ရိုစီနာ မတ်တပ်ရပ်လိုက်သည်။အဝတ်ဝတ်ပြီးသွားသော်လည်း အဝတ်အစားတစ်ထည်ဝတ်ဖို့ ကျန်သေးသလို ဖြစ်နေသည်။ ဘာဝတ်ဖို့ ကျန်နေမှန်း အသေအချာ စစ်ကြည့်ဖို့ အောက်ငုံ့လိုက်ရာ ကြမ်းပြင်ပေါ်ကို တစ်ခုခုကျသွားလေသည်။


"ဟင်"


အင်ပါယာရှိ လူတိုင်း ကိုယ့်မိသားစု၏ အထောက်အထားကို သက်သေပြရန် အမြဲ သယ်ဆောင်သွားရသော တံဆိပ်တစ်ခုဖြစ်သည်။


ရိုစီနာလည်း မြို့စားမင်း တံဆိပ်ပါသော ကတ်တစ်ခုကို အမြဲဆောင်ထားလေ့ရှိသည်။ သူ့မိသားစုအကြောင်း သိချင်စိတ်ဖြစ်လာတာကြောင့် သူမ တံဆိပ်ကို အသေးစိတ်ကျကျ ကြည့်လိုက်မိသည်။ ဓားနှစ်ချောင်းနှင့် သရဖူတစ်ခုပါပြီး မီးတောက်ဖြင့် အလှဆင်ထားသည့် တံဆိပ်ဖြစ်သည်။ဤတံဆိပ်ကား တော်ဝင်မိသားစုကို ကိုယ်စားပြုသော သင်္ကေတတစ်ခုဖြစ်တော့သည်။


မြို့စားမင်း အက်စတာရော့ မိသားစု…


ထိုမိသားစုသည် နိုင်ငံကို စတင်တည်ထောင်ချိန်မှစ၍ ဂုဏ်သိက္ခာအရှိဆုံးနှင့် အချမ်းသာဆုံးသော မိသားစုများထဲမှ တစ်ခုဖြစ်သည်။ အက်စတာရော့ မျိုးဆက်များသည် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း၍ နိုင်ငံတော် တော်ဝင် အမှုဆောင် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး အက်စတာရော့ မိသားစု၏ သမီးများသည် တစ်ချိန်က အလွန်တန်ခိုးအာဏာကြီးလှသဖြင့် ဘုရင်မအဖြစ် ရွေးချယ်ခံခဲ့ရသည်။


သို့သော်၊ နှစ်ရာနှင့်ချီအောင် သမိုင်းတွင်ခဲ့သော အက်စတာရော့ မိသားစု၏ ရွှေခေတ်သည် ကုန်ဆုံးလုနီးနေပြီဖြစ်သည်။


မြို့စားမင်း ဖီလီယန် အက်စတာရော့ သည် သူ၏ သမာဓိသိက္ခာကြောင့် နာမည်ကြီးသူဖြစ်သည်။ သူသည် တိုင်းသူပြည်သားတို့ထံမှ ယုံကြည်မှုများစွာကို ရရှိခဲ့သည်။ထို့အပြင် မှန်ကန်ဖြောင့်မတ်သော သူ့အယူအဆကြောင့် အကျင့်ပျက် ခြစားမှုဖြင့် ဖောက်ပြန်နေသော မှူးမတ်များကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။ မှူးမတ်များသည် အက်စတာရော့ မိသားစုကို မကောင်းကြောင်း အဆက်မပြတ် ပြောခဲ့ကြပြီး နောက်ဆုံးတွင် အင်ပါယာမိသားစုကလည်း အက်စတာရော့ မိသားစုကို မျက်နှာသာ မပေးတော့ချေ။ထိုအချိန်မှစ၍ အက်စတာရော့ မိသားစုပြိုလဲခဲ့ရသည်။


မြို့စားမင်း အက်စတာရော့ သည် အခြေမပျက် နေနိုင်ရန် သူ့အိမ်ခြံမြေတို့ကို တဖြည်းဖြည်း ရောင်းချခဲ့ရသည်။ မူလက ကောင်းမွန်စွာ လုပ်ကိုင်နေသော လုပ်ငန်းများသည်လည်း တစ်ခုပြီးတစ်ခု ပိတ်သိမ်းပစ်ရသည်။ဤသို့ဖြင့် မလိုသူများ၏ တိုက်ခိုက်မှုကြောင့် တိုင်းသူပြည်သားများကို ကယ်တင်ရန် မျိုးဆက်ပေါင်းများစွာ စုစည်းတည်ထောင်ခဲ့ကြသော သူတို့မိသားစုမှာ ချမ်းသာမှုကို စွန့်ခွာသွားရတော့သည်။


ပိုဆိုးသည်က နေ့ရောညပါ အလုပ်လုပ်ခဲ့သည့် မြို့စားမင်း မှာ ပြိုလဲပြီး မကြာခင်မှာပင် သေဆုံးသွားတော့၏။ အိမ်ထောင်ဦးစီး ဆုံးရှုံးသွားတာကြောင့် ဦးစီးဦးဆောင်မည့်သူ မရှိတော့ဘဲ မြို့စားမင်း မိသားစုမှာ လျင်မြန်စွာ ပြိုလဲသွားရသည်။ သူတို့တွင်လည်း သားယောက်ျားလေး မရှိဘဲ သမီးနှစ်ယောက်သာ ရှိသောကြောင့် ဘွဲ့ထူးဂုဏ်သိမ်တို့ကို အမွေဆက်ခံမည့် သူမရှိပေ။ အိမ်ထောင်ဦးစီး မရှိတာကြောင့် ကျေးကျွန်များမှာလည်း စိတ်ဝမ်းကွဲကုန်ကာ အားလုံး စံအိမ်ကြီးထဲမှ ထွက်ခွာသွားကြသည်။


ငယ်စဉ် ကလေးဘဝကတည်းက မိသားစု ပြိုကွဲခဲ့ရတာကို မျက်ဝါးထင်ထင် ကြည့်ခဲ့ရသော ရိုစီနာ မှာ တခြားသူတွေ ထက်စောပြီး စိတ်ဓာတ် ခိုင်မာရင့်ကျက်လာခဲ့သည်။ သူမသည် ယခုလို နေ့မျိုးကို ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်တာကြောင့် ဖခင်ဖြစ်သူကိုယ်စား မိသားစုကို ပြန်လည်အသက်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်၊ ဤကိစ္စမှာ မြို့စားမင်း၏ သမီးတစ်‌ယာက်တည်းနှင့် လုပ်နိုင်လောက်သော ကိစ္စကြီး မဟုတ်ပေ။သူမ အကောင်းဆုံး လုပ်နိုင်သည်မှာ၊ သာမာန် ပြည်သူအဖြစ်သာ အသက်မွေးဝမ်းကျောင်းပြုခြင်း၊ သို့မဟုတ် တော်ဝင်မိသားစုထဲ ဝင်ရောက်ပြီး တော်ဝင်မိသားစု၏ အိမ်အကူအဖြစ် လုပ်ကိုင်၍သာ ရနိုင်သည်။ သို့သော် အရွယ်မရောက်သေးသည့် ရိုစီနာ မှာ မိသားစုထဲမှ တစ်ယောက်တည်းခွဲထွက်သွားနိုင်သည့် အင်အားလည်းမရှိချေ။


မည်သို့ပင်ဆိုစေ၊ ရိုစီနာ လက်မလျှော့ခဲ့ပေ။ သူမသည် အက်စတာရော့ မိသားစုကို ပြန်လည် အခြေခိုင်မြဲရန် ကြိုးစားရင်း အလုပ်များနေခဲ့ရသည်။ တခြားမိန်းမပျိုများလို အိမ်မှာသာ မနေဘဲ အပြင်ထွက်ပြီး ယခုနေနေသည့် ခရိုင်ကို ကူညီနိုင်ဖို့ လူစု၍ အခွန်ကိစ္စညှိနှိုင်းရန်လည်း ပြည်သူများနှင့် လက်ပွန်းတတီး တွေ့ဆုံခဲ့၏။


ထို့အပြင် အချိန်ရတိုင်း ငွေရှာဖို့ တစ်ခုခုလုပ်ရသည်။ သူမသည် မိသားစုတစ်စုလုံးအတွက် အမျိုးမျိုးကြိုးစားကြည့်သော်လည်း တစ်ယောက်အားကြောင့် ဘာမှမရှိသော အိုးထဲသို့ ရေလောင်းနေရသလိုပင်။


ရိုစီနာ၏ မိခင် မြို့စားမင်းကတော် မက်စယ်လာ အက်စတာရော့ လည်း ဘာမှမတတ်နိုင်ရှာ။ သူမ ကောင်းကောင်း လုပ်နိုင်သည်က ပိုက်ဆံဖြုန်းရခြင်းပင်။သူမ၏ ခင်ပွန်းဖြစ်သူ မြို့စားမင်းသည် သူ့ဘာသာသူ ချွေတာသုံးစွဲတတ်သော်လည်း မိသားစုအတွက်မူ ရက်ရောသူဖြစ်သည်။ အကျင့်ပါ‌နေသော မြို့စားမင်းကတော်မှာ ခင်ပွန်းဖြစ်သူ သေဆုံးသွားသော်လည်း အသုံးစရိတ်ကို မလျှော့နိုင်ပေ။ သူမ ပိုင်ဆိုင်သည့် ပစ္စည်းများကို ပြန်ရောင်းရမည်ဆိုလျှင်တောင် အတိတ်ကလိုဂုဏ်ပကာသနတွေ ရှိနိုင်ဖို့သာ အလုပ်များနေ၏။


ရိုစီနာ ၏ညီမငယ် ရာနီယာ လည်း ထိုနည်း၎င်းပင်။လှပပြီး ချစ်စရာကောင်းလှသည့် သူမ၏ ကိုယ်နေဟန်ထား၊မျက်နှာသွင်ပြင်ကိုသာ မက်မောတတ်သူဖြစ်ကာ သူမ စိတ်ချမ်းသာဖို့အရေး တခြားသူများကို ထည့်မတွက်တတ်သူလည်း ဖြစ်၏။ မိသားစုမှာ အခက်တွေ့နေရသော်လည်း ရာနီယာ သည် ခေတ်မီ အဝတ်အစားများကို အမြဲ ဝယ်ယူကာ အခြား မိန်းမပျိုများနှင့်အတူ ပုံမှန်ပါတီပွဲများတွင် ပျော်မွေ့ခဲ့သည်။


ရလဒ်အနေဖြင့် ရိုစီနာ မည်မျှပင်ကြိုးစားပါစေ၊ ကြွေးမြီများ ဆက်လက်တိုးလာကာ နောက်ဆုံးတွင် ဒေဝါလီခံရ‌တော့မလို ဖြစ်ခဲ့ရသည်။အိပ်ရေးပျက်ခံကာ ကိုယ့်ကိုယ်ကိုယ် စတေးခဲ့ရသော ရိုစီနာ သည် တစ်နေ့တွင် စင်္ကြံတွင် လမ်းလျှောက်နေစဉ် မိခင်ဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။


- မင်္ဂလာဆောင်ဖို့ ကမ်းလှမ်းခံရတယ်…သမီးရဲ့


ရိုစီနာ သည် အိမ်ထောင်ရေးဟူသော စကားကို ကြားလိုက်ရတာကြောင့် နံရံအနားကို တိုးကပ်လိုက်သည်။


- သမီးတို့ထဲက တစ်ယောက်ကတော့ အကြွေးတွေဆပ်ဖို့ အိမ်ထောင်ပြုသင့်တယ်…


- အမေရယ်…သမီး သေရင်တောင် သူ့ကို လက်မထပ်ချင်ပါဘူး…အဲ့ဒီလူက အရမ်းရုပ်ဆိုးတယ်… ကြည့်စမ်းပါဦး…


ရိုစီနာ က အသံတွေ ကြားနေရတာကြောင့် ပွင့်နေသော တံခါးချပ်မှတဆင့် ပန်းချီခန်းထဲကို ချောင်းကြည့်လိုက်သည်။ ပန်းချီခန်းထဲမှာ အမေဖြစ်သူနှင့် ရာနီယာ က တစ်ယောက်ယောက်၏ ပုံတူပန်းချီကို ကြည့်နေကြသည်။


-စိတ်မပူပါနဲ့… သမီးရဲ့ အစ်မက အိမ်ထောင်ပြုရမယ့်သူပါ… သူက သာမန်လူဆိုတော့ သိပ်တော့ မကောင်းဘူး…ဒါပေမယ့် သူတို့ မိသားစုက အရမ်းချမ်းသာတာ...ဒါကြောင့် ငါတို့ကို အရမ်း‌ပံ့ပိုးပေးမှာပဲ…


-ဒါဆို အစ်မ အိမ်ထောင်ကျရင် သမီးတို့လည်း ပြန်ပြီး ချမ်းသာလာမှာ မဟုတ်လား…


- မှန်တယ်…သမီးရဲ့ အဖေ အသက်ရှင်နေစဥ်တုန်းကလောက် မဟုတ်ရင်တောင် အမေတို့ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားလို့ရတယ်…


ထို့နောက် ပန်းချီခန်းထဲက ‌ရယ်မောသံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ နံရံကို မှီထားသော ရိုစီနာ သည် အားမရှိတော့တာကြောင့် ကြမ်းပြင်ပေါ် ပြိုလဲကျသွားရသည်။ သူမ ကြားလိုက်ရသမျှက သိပ်ကို မယုံကြည်နိုင်စရာ ကောင်းလှသည်။ သို့သော်လည်း ပန်းချီခန်းထဲက ထွက်လာသည့် ရယ်သံများကြောင့် အိမ်မက်တော့ မဟုတ်တန်ရာ။


သူမ ယောက်ျားတစ်ယောက်ကို လက်ထပ်ခွင့်ရဖို့အတွက် သေလောက်အောင် ရုန်းကန်ခဲ့တာမဟုတ်ပေ။သို့တိုင်၊ သူမတို့သည် သွေးသားရင်းချာများ ဖြစ်တာကြောင့် အိမ်ထောင်ပြုမည့် ကိစ္စကို တစ်နည်းနည်းဖြင့် ကျော်ဖြတ်နိုင်မည်ဟု သူမ ယုံကြည်သည်။ထိုသားအမိ နှစ်ယောက်မှာ အိမ်ထောင်ရေးကို အကြောင်းပြ၍ ရိုစီနာ အား ရောင်းစားရန် စိတ်ကူးနေကြခြင်းဖြစ်သည်။


သူမ တုန်လှုပ်သွားမိသည်။ သူမ တစ်ကိုယ်လုံးသည် သစ်ပင်တစ်ပင်လို တုန်ယင်နေရပြီး လမ်းပေါ် လဲကျသွားသည်။


သူမ အသိစိတ်ပြန်ကပ်သောအခါ အိပ်ယာပေါ်တွင် ထိုင်လျက်သား ဖြစ်နေ၏။ သူမလည်းကုတင်ပေါ်တွင် အကြာကြီးထိုင်နေမိ၏။ ထို့နောက် ပူနွေးသော အရာတစ်ခုက သူမ ပါးပြင်ပေါ် စီးကျလာသည်။ရိုစီနာ သည် လက်ကို အသာ မြှောက်လိုက်ပြီး ပါးပြင်ကို ထိကြည့်လိုက်သည်။ဤမျက်ရည်စက်တို့သည် ဖခင်ဆုံးပါးသွားတုန်းကတောင် မကျခဲ့ဖူးသော မျက်ရည်များပင်ဖြစ်သည်။


သူမ အဖေဖြစ်သူ၏ မျက်နှာအား မှုန်ဝါးဝါး သတိရလာသည်။ အဖေသည် တောက်ပသော အပြုံးရှိသူဖြစ်၍ ရိုစီနာ ကို ချစ်မြတ်နိုးပြီး လူတိုင်းအား ခွဲခြားမှုမရှိဘဲ ဆက်ဆံခဲ့သူဖြစ်သည်။


ရိုစီနာ တိတ်တိတ်လေး မျက်ရည်ကျမိသည်။ ထို့နောက် ကုတင်ပေါ် လှဲကာ ငိုချလိုက်မိသည်။သူမ အချိန်အတော်ကြာ ငိုပြီးနောက် ခေါင်းကိုက်လာရကာ နာကျင်နေသော မျက်လုံးများကို ထိလိုက်သည်။ ငိုလို့လည်း ဘာမှ မပြောင်းလဲသွားမှာ မဟုတ်။သူမ ယခုလိုသာ ဆက်ငိုနေလျှင် တစ်ခါမှ မမြင်ဖူးသော ယောက်ျားတစ်ယောက်နှင့် လက်ထပ်ရတော့မည်။


ရိုစီနာ မတ်တပ်ထ,ပြီး အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။သူမကို မွေးထားသော မွေးသမိခင်သည် အရွယ်မရောက်သေးသူလို ၊ကလေးဆန်၍ အလိုက်ကန်းဆိုးမသိတတ်သော သမီးငယ်ကိုသာ အချစ်ပိုသူဖြစ်သည်။


ရိုစီနာ ကသာ ဟိုးယခင် ဖခင် အသက်ရှိ နေတုန်းကလို ပြန်ဖြစ်ရန် ကြိုးစားချင်သူ ဖြစ်ပေတော့သည်။ အခက်အခဲ တစ်ခုခု ကြုံလာတိုင်း ထွက်ပြေးချင်မိသော်လည်း မိသားစုကို ငဲ့ပြီး ရင်ဆိုင်ခဲ့ရသည်ချည်းဖြစ်သည်။


ယခုမူ ရိုစီနာ သည် သူမ၏ စိတ်ကူးစိတ်သန်းများကို အမှန်တကယ်ဖြစ်လာရန် ကြိုးစားလိုက်သည်။ထို့နောက် သူမ လိုအပ်သော တစ်ကိုယ်ရေသုံး ပစ္စည်းအချို့ကို ထုပ်ပိုးလိုက်သည်။ပြီးလျှင်၊ ဗီရိုကိုဖွင့်ကာ သပ်ရပ်သော အဝတ်အစားများ ပြောင်းဝတ်လိုက်သည်။ ထို့နောက်၊ စာရေးထားခဲ့ရန် ထိုင်ခုံပေါ်တွင် ထိုင်နေမိသော်လည်း စာရွက်အလွတ်ကိုသာ စိုက်ကြည့်နေမိသည်။ အများကြီး ပြောချင်နေသော်လည်း ဘာရေးလို့ရေးရမှန်း မသိတော့။


မကြာမီ ရိုစီနာ သည် စာရွက်ကို လုံးချေကာ အမှိုက်ပုံးထဲ ပစ်ချပြီး မှန်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ တောက်ပပြီး နုပျိုသော မိန်းမပျိုမဟုတ်ဘဲ ကြမ်းတမ်းလှသည့် ဘဝအတွက် ငြီးငွေ့စိတ်ပျက်နေသော မိန်းမပျိုလေး တစ်ယောက်အား မှန်ထဲတွင်မြင်နေရသည်။


ရိုစီနာ သည် အဝေးတစ်နေရာကို လှမ်းကြည့်ရင်း အခန်းတစ်ခုလုံးကို နောက်ဆုံးတစ်ချက်ကြည့်ကာ သူမ ချစ်သောအခန်းက လေးမှ ထွက်သွားရန် တံခါးဖွင့်လိုက်သည်။ သူမ ဒီအခန်းထဲက ထွက်သွားကတည်းက မိသားစုအတွက်မဟုတ်ဘဲ သူမ ဘဝအတွက်သာ ရှင်သန်နေထိုင်သွားတော့မည်ဟု ကတိပေးမိသည်။


"ငါ အခု ထွက်သွားတော့မယ်"


ဤသို့ဖြင့် ရိုစီနာသည် ဤခရိုင်ထဲမှ ထွက်သွားတော့သည်။



Xxxxx



Report Page