Chapter 1

Chapter 1

Imperial Meow

Chapter 1




မိခင်နိုင်ငံသို့ ပြန်ရောက်လာကာစဖြစ်သော ရှောင်ကျားရှုက သူ့အိမ်၏ ဧည့်ခန်းထဲတွင် ထိုင်နေပြီး အိမ်အကူများက လှေကားနောက်ကွယ်တွင် ပုန်းအောင်းကာ သူ့ကို လက်ညှိုးထိုးရင်း တီးတိုးစကား ဆိုနေကြသည်။ သူတို့၏ စကားများကို မကြားရသည့်တိုင် အကြောင်းအရာကို ခန့်မှန်းနေရန် မလိုအပ်ချေ။


ဘာများ ဖြစ်နိုင်ဦးမှာလဲ "ဘာလို့ ဒုတိယသခင်လေူက ပြန်ရောက်လာတာလဲ ဘာလို့ နိုင်ငံခြားမှာပဲ မနေတာလဲ မိသားစုအမွေတွေအတွက် ပထမသခင်လေးနဲ့ တိုက်ခိုက်ဖို့နဲ့ နောက်တစ်ခါ ပြဿနာ ထပ်ရှာမလို့ နေမှာပေါ့ ..." ဘာညာဘာညာ ... ဒါတွေပဲ ပြောနေကြမှာပဲလေ ...


တကယ်ကြီး ငါကရော ဘာလို့ ပြန်လာမိတာလဲ ...


ရှောင်ကျားရှုကလည်း သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်ရင်း အထီးကျန်နေသည့် အပြုံးတစ်ပွင့်ကို လှစ်ဟလိုက်သည်။


ခရီးထွက်နေတဲ့သူတောင် အိမ်ပြန်လာရမယ့်အချိန်ဆိုတာ ရှိတာ‌ပဲကို ဒါက သူ့အိမ်လေ ဘာလို့ ပြန်လာလို့ မရရမှာလဲ ...


အပေါ်ထပ်ရှိ သူ့မိဘများမှာတော့ အငြင်းပွားနေကြဆဲပင် ဖြစ်သည်။ ရှောင်ကျားရှုအနေဖြင့် သူ့ဖခင်ကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကာ ယခု ပြန်တွေ့ချိန်တွင် ထိုတွေ့ခဲ့သည့်အချိန်ထက် များစွာ အိုမင်းရင့်ရော်နေပေသည်။ နားထင်စပ်ရှိ ဆံပင်တို့မှာ ဆွတ်ဆွတ်ဖြူစပြုနေကာ အသံမှာလည်း တစ်‌ဖြည်းဖြည်း ပိုမိုအက်ကွဲလာသော်ငြား သူ့မိခင်မှာမူ ယခင်အတိုင်းပင် နူးညံ့သည့် စိတ်နေစိတ်ထား၊ ချောမွေ့သော အသားအရေနှင့် သိမ်မွေ့သော ရုပ်ရည်သွင်ပြင်တို့ကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ သူမ၏ မျက်နှာတွင် ကုန်လွန်သွားသော အချိန်တို့၏ အမှတ်အသား တစ်စုံတစ်ရာကိုမှ မတွေ့ရချေ။ ယခုမူ သူမက ခင်ပွန်းဖြစ်သူကို ဒေါသတကြီး မေးမြန်းနေပေ၏။


"ရှင်က ဘာလို့ ရှောင်ရှုအတွက် နေရာလေးတစ်ခုတောင် စီစဉ်မပေးနိုင်ရတာလဲ ရှင့်အစ်ကိုရဲ့ ဘွဲ့မရသေးတဲ့ကလေးတွေတောင် အရေးကြီးတာဝန်တွေ ယူနေရပြီးတော့ ရှောင်ရှုကျမှ ဘာလို့ မေးဖို့တောင် စကားအစမခံရတော့တာလဲ သူက Wharton တက္ကသိုလ်ရဲ့ စီးပွားရေးကျောင်းကနေ မဟာဘွဲ့တောင် ရထားတာလေ ဒါ‌တောင်မှ သာမန်တက္ကသိုလ်က‌ဘွဲ့တောင် မရသေးတဲ့ သူ့ဝမ်းကွဲတွေနဲ့ မယှဉ်နိုင်သေးဘူးလို့ ပြောချင်နေတာလား ..."

(Wharton တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀ ခုထဲမှာ နံပါတ် ၃ ပါတဲ့)


အဖေရှောင်က မ‌ကျေမချမ်းစွာဖြင့် ပြန်လည်ချေပလိုက်သည်။


"အဲဒါက ပညာရေးအထောက်အထားနဲ့ ဘာမှမဆိုင်ဘူး အဖေသာ သဘောမတူရင် ဘယ်သူမှ ရှောင်အုပ်စုကို စိတ်ကြိုက်ဝင်လို့ထွက်လို့ မရဘူးကွ အဖေက ရှောင်ရှုကို ရှယ်ယာ ၅ ရာခိုင်နှုန်းတောင် ပေးပြီးသားလေ ဒါနဲ့တောင် မတင်းတိမ်နိုင်သေးဘူးလား ဒီရှယ်ယာတွေနဲ့ဆို သူ့တစ်ဘဝလုံး ဘာမှ မလုပ်ဘဲနဲ့တောင် ဇိမ်နဲ့ထိုင်စားနေလို့ ရတယ်ကွ ..."


ထိုစကားများကို ကြားလိုက်ရသည့်အခါ ရှောင်ကျားရှုလည်း တဆတ်ဆတ်တုန်ရီနေသော နှုတ်ခမ်းများကိုသာ အသာဖိကိုက်ထားလိုက်တော့သည်။ 


သူက အဲဒီ့ရှယ်ယာ နည်းတာများတာ‌ကို ဂရုစိုက်နေတာ မဟုတ်ပါဘူး ဒီတိုင်း သူ့တစ်ဘဝလုံးကို ဘာမှမလုပ်ဘဲ အချိန်ဖြုန်းမနေချင်ရုံလေးတင်ပါ သူ့အမြင်အရဆို အဲဒါက ဇိမ်ရှိရှိ သက်တောင့်သက်သာ နေတာမှ မဟုတ်တာ ပြီးတော့ သူကလည်း  ရှောင်မိသားစုရဲ့  သွေးသားပဲလေ ဘာလို့ မိသားစုအတွက် ကြိုးစားပေးလို့ မရတာလဲ...


အမေရှောင်မှာတော့ ဒေါသထွက်လွန်း၍ ရူးတော့မတတ်ပင် ဖြစ်နေတော့သည်။ သူမမှာ ခင်ပွန်းဖြစ်သူနှင့် စကားဆက်ပြောနိုင်စွမ်းပင် မရှိတော့။ အသက်ရှူသံများ ရှူးရှုးရှဲရှဲ မြည်ဟီးလာတော့သည်။ 


"အဲဒီ့ ငါးရာခိုင်နှုန်းက ရှောင်ရှု ထိုက်ထိုက်တန်တန် ရရမယ့်ဟာ မဟုတ်ဘူးလို့ ပြောချင်တာပေါ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရှင့်အစ်ကိုရဲ့ ကလေးတွေကိုပါ ရှယ်ယာ ၅ ရာခိုင်နှုန်းစီ ပေးသေးတယ်လေ အဲဒါက ရှောင်မိသားစုရဲ့ မြေးတိုင်း ရသင့်တာ မဟုတ်ဘူးလား ဘာလို့ ရှောင်ရှုကျမှ အထူးအခွင့်အရေးကြီး ရလိုက်သလိုလို ပြောနေရတာလဲ သူက ရှင့်သား မဟုတ်ဘူးလား ရှင့်အဖေရဲ့မြေး မဟုတ်ဘူးလား သူက ကျွန်မ တစ်ခြား‌ယောကျာ်းတစ်ယောက်နဲ့ ရထားတဲ့ ကလေးလား ရှောင်ချီကျဲ ရှင် ဒီလို ဘက်လိုက်လို့ မရဘူးလေ ရှင့်မျက်လုံးထဲမှာ တင်းပန်‌တစ်ယောက်ပဲ ရှိနေပြီးတော့ ရှောင်ရှုက ဘာမှ မဟုတ်ဘူးလား သူ စာကို ကြိုးကြိုးစားစား လေ့လာခဲ့တယ်ဆိုတာကလည်း ဘွဲ့ရတဲ့အခါ သူ့အဖေနဲ့ အစ်ကိုကို ကူညီပေးချင်လို့တဲ့လေ ဒီလောက်တော်တဲ့ကလေးကို ဘာလို့များ ဒီလိုမျိုး သဘောထားရက်ကြတာလဲ ..."


"တော်လောက်ပြီ ပေါက်က‌ရတွေ လျှောက်ပြောမနေနဲ့တော့ သူက ငါ့သားလေ သေချာပေါက်ကို ဂရုစိုက်တာပေါ့ သူ့ကို ရှောင်အုပ်စုထဲ အဝင်မခိုင်းတာနဲ့ပဲ ဘက်လိုက်တယ် ဖြစ်သွားရောလား သူက ဘာမှမလုပ်ဘဲနဲ့ ၅ ရာခိုင်နှုန်းတောင် ရထားပြီးပြီလေ ဒီအကြောင်းကို ကြားတဲ့သူ ဘယ်သူကများ မနာလိုမဖြစ်ဘဲ နေမလဲ မင်း ဘာတွေကြံနေတယ်ဆိုတာ ငါမသိဘူးလို့ မထင်နဲ့ မင်းက သူ့ကို အသုံးချပြီး ရှောင်မိသားစုရဲ့ ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်ချင်နေတာပဲ အကုန် မင်းလိုဘ ပြည့်ဝဖို့အတွက်ပဲ လုပ်နေတာ ငါတိူ့ လက်ထပ်ကတည်းက ပါရင်းပစ္စည်းပိုင်ဆိုင်မှုအတွက် စာချုပ်ချုပ်ထားပြီးသား ရှောင်မိသားစု ပိုင်ဆိုင်တဲ့အထဲကနေ ခြူးတစ်ပြားတောင် မယူပါဘူးဆိုတဲ့ မင်းစကားကို မေ့သွားတာတော့ မဟုတ်ပါဘူးနော် တကယ်လို့ မင်းအကြံကို


လက်မလျော့နိုင်သေးဘူးဆိုရင်လည်း အဖေ့ကိုသာ သွားပြော ငါ့ကိုပဲ နားပူနားဆာတိုက်မနေနဲ့ ..."


အမေရှောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။


"ရှောင်ချီကျဲ မကောင်းတဲ့သူ ဟုတ်တယ် အဲဒီ့တုန်းက ရှင်နဲ့ ပစ္စည်းပိုင်ဆိုင်မှုအတွက် လက်မှတ်ထိုးခဲ့ပြီးသား ရှင့်ကို ငွေကေကာင့် လက်ထပ်ခဲ့တာ မဟုတ်ဘူး ဆိုတာလည်း အမှန်ပဲ ဒါပေမယ့် ကျွန်မကကျွန်မ ရှောင်ရှုက ရှောင်ရှုလေ ကျွန်မက ရှင်တို့ရှောင်မိသားစုကနေ ခြူးတစ်ပြားတောင် မမက်မောဘူးဆိုပေမယ့် ရှောင်ရှုက ရှင့်ရဲ့သားလေ သူပိုင်ဆိုင်သင့်တာတွေကို ပိုင်ဆိုင်ရမှာပေါ့ ရှင်တို့က သူ့ကို နိုင်ငံခြကို ပထုတ်ပြီး ကိုယ့်ဝမ်းကိုယ် ကျောင်းခိုင်းထားလို့ မရဘူးလေ သူကလည်း ဒီမိသားစုဝင် တစ်ယောက်ပဲလို့ ..."


ခံပြင်းမှု၊ ပူဆွေးမှုနှင့် ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်လျှံနေသော အော်ဟစ်ငိုယိုသံတို့မှာ အထက်တို့ ဆန်တက်လာတော့သည်။ 


ရှောင်ကျားရှု၏ မျက်နှာတွင်မူ ခံစားချက်ဟူ၍ တစ်ခုတစ်လေမှ မရှိတော့။ ဆိုဖာတွင်သာ ကျောက်ရုပ်တစ်ရုပ်နှယ် ထိုင်နေလိုက်တော့သည်။  သူ့ဖခင်သည် အိမ်ထောင်နှစ်ဆက် ပြုခဲ့ဖူးသူဖြစ်ကာ ပထမဇနီးသည် အစာအိမ်ကင်ဆာဖြင့် သေဆုံးပြီး နှစ်ဝက်ခန့်အကြာတွင်ပင် သူ့မိခင်နှင့် တွေ့ဆုံခဲ့သည်။ ပထမဇနီး အသက်ရှိနေစဉ်က ဖောက်ပြန်ခဲ့ခြင်း တစ်စုံတစ်ရာမှ မရှ်ိသော်ငြား သူ့မိခင်၏ အလုပ်အကိုင်ကြောင့် မည်သူကမှ သူမကို အပြစ်ကင်းသည်ဟု မယုံ၊ ရှောင်မိသားစု၏ အရှိန်အဝါကို အသုံးချကာ အထက်သို့ တွယ်တက်ရန် သူ့ဖခင်ကို သွေးဆောင်ခဲ့သည်ဟုသာ ထင်ခဲ့ကြပေသည်။ ထို့ကြောင့် သူမအပေါ် အကြီးအကဲရှောင်၏ သင်္ကာမကင်းမှုနှင့် နားလည်မှုလွဲခြင်းတို့မှာ အလွန်ပြင်းထန်လှပေ၏။ သူက ပထမဇနီးက မွေးဖွားထားသော မြေးအကြီးဆုံးကိုသာ ထူးထူးကဲကဲ နှစ်သက်ပြီး အလွန်အကျွံ အလိုလိုက်အကြိုက်ဆောင်ပေးကာ သူတို့သားအမိကို ဖိနှိပ်ရန် အမျိုးစုံ ကြိုးပမ်းတော့သည်။


ရှောင်ကျားရှုက သူသာ Wharton တက္ကသိုလ်သို့ ဝင်ခွင့်ရကာ အဆင့်ကောင်းကောင်းဖြင့် ဘွဲ့ရလာပါလျှင် အဘိုးဖြစ်သူ၏ အမြင်ကို ပြောင်းလဲနိုင်လိမ့်မ်ဟု ထင်ခဲ့မိသော်ငြား ယခု ပြန်စဉ်းစားကြည့်ကာမှ ထိုအတွေးများမှာ မဖြစ်နိုင်သည့် မျှော်လင့်ချက်များသာ ဖြစ်ပေသည်။ အကြီးအကဲရှောင်သည် အလွန်ခေါင်းမာသူဖြစ်ရာ သူသဘောကျသည့်သူကို စိတ်ရောကိုယ်ပါ နစ်မြှုပ်ကာ ချစ်ခင်ပေးမည်ဖြစ်သော်ငြား သူ့စိတ်ထဲတွင် မနှစ်မြို့သူကိုမူ အကြည့်တစ်ချက် စွန့်ကြဲဖို့ရန်ပင် မုန်းတီးမည်ဖြစ်သည်။ ရှောင်ကျားရှု၏ သွေးတစ်ဝက်ရောသောအစ်ကို၊ ရှောင်တင်းပန်မှာ အကြီးအကဲရှောင် အလွန်ချစ်ခင်သောမြေး ဖြစ်သော်ငြား သူကမူ အကြည့်တစ်ချက်ပင် ပေးရန် မထိုက်တန်သည့် လူပိုတစ်ဦးသာ ဖြစ်ပေသည်။


အပေါ်ထပ်ရှိ ရန်ပွဲ အဆုံးသတ်သွားကာ ဖခင်ဖြစ်သူ၏ စကားသံနှင့် မိခင် ခပ်တိုးတိုး ငိုကြွေးနေသံသာ ကျန်နေခဲ့တော့သည်။ သူ့ဖခင်မှာလည်း ဒေါသစိတ်တို့ ပြေလျော့သွားသည်အတွက် အသံမှာ တစ်ဖြည်းဖြည်း သိမ်မွေ့လာကာ တောင်းပန်လိုဟန် အနည်းငယ် ရောစွက်နေသည်။ တရားဝင်ဇနီးမှ မွေးဖွားလာသည့် အကြီးဆုံးသားအနေဖြင့် သူသည် မိသားစု‌စီးပွားရေးလုပ်ငန်းများကို ရှေ့ထွက်ဆောင်ရွက်ခဲ့သော်ငြား လုပ်နိုင်စွမ်းမှာ အကန့်အသတ် ရှိနေသည့်အပြင် ဆုံးဖြတ်ချက်ချနိုင်စွမ်းလည်းမရှိ၊ သတ္တိလည်းမရှိသည့်အတွက် အကြီးအကဲရှောင်က သူ့ကို ကျော်ကာ အကြီးဆုံးမြေး ရှောင်တင်းပန်အား ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သောကြောင့် ယခုအချိန်တွင် ရှောင်မိသားစု၌ ထိုသူနှစ်ဦးကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိသွားပြီး မည်သူကမှ စောဒကတက်၍ မရတော့ချေ။ သူ့ဖခင်က ရှောင်ကျားရှုကို ရှောင်အုပ်စုသို့ ဝင်ခွင့်မပြုသည်မှာ ရှောင်ကျားရှု၏ မိခင်ကို အထင်အမြင်သေးသည့်အပြင် မိသားစုအတွင်းပိုင်း ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။


ရှောင်တင်းပန်သည် သူတို့သားအမိအပေါ် လုံးဝ ဖော်ရွေခြင်းမရှိ၊ သူတို့ကို တွေ့သည့်အခါ ခေါင်းတစ်ချက်ပင် ငြိမ့်မပြတတ်သူဖြစ်သည်။ သူက ရှောင်ကျားရှုကိုပင်လျှင် စကားတစ်ခွန်းမှ မပြောဖူးသူဖြစ်ရာ ရှောင်ကျားရှုက သူ့အတွေးတို့ကိုသာ တစ်ဖန် မေးခွန်းထုတ်လိုက်ပြန်တော့၏။


သူ ဘာလို့များ ပြန်လာဖို့ ဆုံးဖြတ်ခဲ့လိုက်မိတာလဲ ဘာလို့ သူကြိုက်တဲ့ဘာသာရပ်ကို စွန့်လွှတ်ပြီး စီးပွားရေးကို လေ့လာခဲ့ရတာလဲ မြှုပ်နှံခဲ့ရတဲ့ ချွေးတွေ၊ ခွန်အားတွေအကုန်လုံးက ဒီလိုနဲ့ပဲ အလကား ဖြစ်သွားတော့မှာလား ...


ဘာဆက်လုပ်၍ လုပ်ရမည်မှန်း မသိတော့ဟန်ဖြင့်သာ ဆိုဖာနောက်မှီပေါ်သို့ ခေါင်းကို တစ်ဖြည်းဖြည်း မှီချလိုက်တော့သည်။


ထိုအချိန်မှာပင် ရှောင်တင်းပန်က လက်ဆွဲအိတ်တစ်လုံးနှင့်အတူ အိမ်ထဲသို့ ဝင်လာတော့၏။ သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဒုတိယသခင်လေးအပေါ် အေးစက်စက် ဆက်ဆံခဲ့သည့် အစေခံများအားလုံး သက်ဝင်လှုပ်ရှားလာကာ တစ်ယောက်က လက်ဆွဲအိတ်ကို သယ်ကာ၊ တစ်ယောက်က အပေါ်ရုံအင်္ကျီကို ကူညီကာ ချွတ်ပေးရင်း နောက်တစ်ယောက်က ဗီရိုထဲမှ ဖိနပ်ကို သူ့ခြေထောက်ရှေ့သို့ တလေးတစားဖြင့် ချပေးလိုက်သည်။ သူတို့၏ လုပ်ရပ်များကြောင့်  ရှောင်မိသားစု၏ သခင်အစစ်အမှန်မှာ မည်သူဖြစ်ကြောင်း မေးနေရန်ပင် မလိုအပ်တော့ချေ။


"အစ်ကိုကြီး ကျွန်တော်ပြန်လာပြီ ..."


ရှောင်ကျားရှုက နှုတ်ခမ်းတို့ကို ကွေးညွတ်ကာ မတ်တပ်ရပ်လိုက်သည်။ ကိစ္စများစွာ ရှိနေသည့်တိုင် သူ့အစ်ကိုကြီးကိုတော့ လေးစားမိဆဲဖြစ်သည်။ သူ့အစ်ကိုကြီးမှာ လုပ်ရည်ကိုင်ရည် ကောင်းမွန်ကာ ရဲဝံ့ပြောင်မြောက်သည့်အပြင် သူတာဝန်ယူပြီးနောက် ရှောင်မိသားစု၏ စီးပွားရေးကို နှစ်ဆ တိုးတက်လာစေခဲ့သူဖြစ်သည်။ ရှောင်မိသားစု၏ ဆေးဝါးထုတ်လုပ်ရေးကော်ပိုရေးရှင်းကို ဦးစီးရာတွင် သူ့ထက်ပိုပြီး သင့်တော်မည့်သူမရှိ၊ ခေါင်းဆောင်ဖြစ်ရန် မွေးဖွားလာသူပင်ဖြစ်သည်။ ရှောင်ကျားရှုတွင် သူ့အစ်ကိုနှင့် တိုက်ခိုက်ကာ မိသားစုကို လက်ဝါးကြီးအုပ်မည့်အတွေး တစ်ခါမှ မရှိခဲ့ဖူးချေ။ သူ့အဘိုးနှင့် သူ့အဖေတို့ ဂုဏ်ယူရစေလိုရုံနှင့် သူ့အစ်ကို၏ ဝန်ထုပ်အချို့ကို ကူထမ်းပေးနိုင်ရုံသာ မျှော်လင့်ထားခြင်း ဖြစ်သည်။


ဆိုရိုးတောင် ရှိသေးတယ်လေ ညီအစ်ကိုတွေကသာ စိတ်တူကိုယ်တူ ဖြစ်နေရင် သတ္ထုတုံးကိုတောင် ဖြတ်တောက်နိုင်တယ်တဲ့ ...


သို့သော် ရှောင်တင်းပန်ကမူ ထိုသို့တွေးဟန်မတူ။ သူက ‌ဗလာသပ်သပ်ဖြင့် စိုက်ကြည့်ရင်း အေးစက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ အပေါ်ထပ်ရှိ ငိုကြွေးသံများကို ကြားလိုက်ရသည့်တိုင် မျက်မှောင်ကြုတ်ရုံမှတစ်ပါး စကားတစ်ခွန်းမှမဆို၊ သူ့ညီငယ်ကိုလည်း ကြိုဆိုဟန်မပြ၊ မိဘတို့၏ ပဋိပက္ခမှာ သူနှင့် လုံးဝ မသက်ဆိုင်သည့်နှယ် အပေါ်ထပ်သို့ တက်သွားလိုက်သည်။


ရှည်လျားမြင့်မားကာ ဖြောင့်တန်းနေသော ကျောပြင်တစ်ခု လှေကားထောင့်စွန်းနားသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ရှောင်ကျားရှု၏ မျက်ဝန်းထဲရှိ ဝမ်းသာစိတ်လှုပ်ရှားနေမှုအားလုံး တငွေ့ငွေ့ ပျောက်ကွယ်သွားတော့သည်။ ထောင့်နားရှိ အစေခံများက တစ်ညီတစ်ညာတည်း ဦးညွတ်လိုက်ကြသော်ငြား အကြည့်တို့မှာမူ အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေပေသည်။


သခင်က သခင်၊ မိမစစ်ဖမစစ်က မိမစစ်ဖမစစ်ပါပဲ ... အဆင့်အတန်းမြင့်အောင် လူချမ်းသာနဲ့ လက်ထပ်တော့ရော ဘာများ ထူးလာလို့လဲ ရှောင်မိသားစုက လူတွေက ရှင်းရှင်းလင်းလင်း မြင်နိုင်လို့ တော်သေးတာပေါ့ သခင်ကြီးနဲ့ ပထမသခင်လေး ခွင့်မပြုသရွေ့ ဒုတိယသခင်လေးမှာ ဘာအဆင့်အတန်းမှ ရှိလာမှာ မဟုတ်ဘူး ...


သည်းခံနိုင်ရန် ခဲယဉ်းလွန်းလှသည့် တင်းကြပ်ဖွယ် အနေအထားကြောင့် ရှောင်ကျားရှုမှာ အလွန်အမင်း ဝမ်းနည်းလာရတော့သည်။ ချက်ခြင်းပင် လေယာဉ်လက်မှတ်ဝယ်ကာ အမေရိကသို့ ပြန်သွားပြီး ဘယ်တော့မှ ပြန်မလာချင်တော့သော်ငြား သူ့‌အမေ စိတ်ရှည်ရှည်နှင့် သည်းခံခဲ့သည့် ခက်ခဲမှုများကို ပြန်စဉ်းစားလိုက်မိလျှင်လည်း ထိုသို့ မလုပ်ရက်တော့ချေ။


သူသာ ထွက်သွားရင် အမေ့မှာ ဘယ်လိုဖြစ်သွားလောက်လဲ သူ့အမေနဲ့ အဖေ့ကြားက ခံစားချက်တွေကလည်း တစ်နေ့တစ်ခြား ဆိုးရွားလာတာလေ အဖေ့ရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေက သူမအတွက်တော့ ဘက်ပေါင်းစုံကနေ ထိုးသွင်းနေတဲ့ ဓားချက်တွေလိုပဲ ... သူမက ဒီ့ထက်ကောင်းတဲ့ဘဝမျိုး ပိုင်ဆိုင်ရသင့်တာကို ...


ရှောင်ကျားရှုမှာ သူ၏ အားနည်းမှုတို့ကြောင့် တစ်ဖန် ဝမ်းနည်းပက်လက် ဖြစ်သွားရပြန်တော့သည်။ သူက မည်သည့်အရာကိုမှ မစွမ်းဆောင်နိုင်သည့်အပြင် သူ့မိခင်အတွက်လည်း အကူအညီမဖြစ်။ စိတ်ပျက်အားလျော့နေသော အတွေးတို့အကြား နစ်မြုပ်နေစဉ်မှာပင် ရဲရဲနီနေသော မျက်ဝန်းတို့ဖြင့် အမေရှောင်က အောက်ထပ်သို့ ဆင်းလာတော့သည်။ သို့သော် သူမ၏ မျက်နှာမှာမူ ဘာတစ်ခုမှ ဖြစ်မထားသည့်နှယ် သိမ်မွေ့နွေးထွေးသော အပြုံးတစ်ပွင့်ကို ပန်ဆင်ထားသည်။


"ရှောင်ရှု ရေမိုးချိုးပြီး အဝတ်အစား သွက်သွက်လေး လဲလိုက်နော် ပြီးရင် မင်းအဘိုးဆီ ညစာသွားစားကြရအောင် ..."




Xxxxxx




Report Page