96
အပိုင်း ၉၆ - မော့ယွမ်၏ဆုံးဖြတ်ချက်
သမင်တောင်ကုန်း၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အခြေစိုက်စခန်း။
ဂိုဏ်းသူ၊ဂိုဏ်းသားများသည် တကွဲတပြား ထိုင်ကာ ဝမ်းသာအားရ ပြောဆိုနေကြသည်။
ယနေ့တိုက်ပွဲတွင် ဓားစံအိမ်အကြီးအကဲ၏ကောင်းကင်ဓားသည် သူတို့၏စိတ်လှုပ်ရှားမှုကို အမြင့်ဆုံး နှိုးဆွခဲ့သည်။
ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်ကား တိုက်ပွဲရလဒ် ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဓားဂိုဏ်းကြီးလေးဂိုဏ်းတွင် နောက်ဆုံးနေရာကို ယူမည့်သူမှာ တခြားဂိုဏ်းမှ ဖြစ်သွားနိုင်သည်။
တခြားတစ်ဖက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကြီးမားသော အောင်ပွဲသည် အနောက်ဘက်နယ်စပ်ကုန်းမြေအား တဖန် ပြန်လည်လှုပ်ခတ်ပေဦးမည်။
ဂိုဏ်းက အင်အားကြီးထွားလာခြင်းအတွက် သူတို့ မပျော်ရွှင်ရပေဘူးလား။
တောင်ထိပ်တွင်ကား အစိမ်းရောင်ရွက်ဖျင်တဲများ ရှိသည်။
၎င်းအထဲမှ တစ်ခုတွင် ဟန်မူယဲ့သည် မော့ယွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
ထိုအခိုက်တွင် မော့ယွမ်၏မျက်နှာမှာ ပြာနှမ်းနေသော်လည်း သူ့မျက်လုံးများ တောက်ပနေ၏။
“ကောင်လေးဟန်… အကြီးအကဲကောင်းက အဲဒီဓားချက်ကို သုံးတဲ့အချိန် ငါဟာ သူနဲ့ ပေတစ်ထောင်အကွာပဲရှိတယ်”
မော့ယွမ်က စိတ်လှုပ်ရှားစွာ ပြောသည်။
“ငါ့ရဲ့ ဓား ၁၀,၀၀၀ တို့အိမ်အပြန် ဘာကို လိုအပ်နေသေးသလဲ ငါ နားလည်သွားတယ်”
သူက လက်သီးတင်းတင်းဆုပ်ကာ ပြောသည်။
“လိုနေတာ တကယ့် ဓား ၁၀,၀၀၀ ပဲ”
{P.S. ဓားသိုင်းပညာများကို ဆိုလိုသည်}
“နှစ် ၂၀၀ ကြာပြီးတာတောင် ငါဟာ အချိန်တွေ ဖြုန်းမိနေတုန်းပဲ”
“အပြင်စည်းဂိုဏ်းမှာ ရှိနေတဲ့ ဓားသိုင်းတွေက ငါ့ရဲ့ ဓားဆန္ဒအပေါ်မှာ သက်ရောက်မှုအားနည်းတယ်”
…
ထိုအခိုက်တွင် မော့ယွမ်သည် အနည်းငယ် ရူးသွပ်သယောင် ရှိနေသည်။ သူသည် သူ့အတွေးအမြင်များကို အဆက်မပြတ် ပြောဆိုကာ ဓား ၁၀,၀၀၀ တို့အိမ်အပြန်နှင့်ပတ်သက်၍ ကောက်ချက်များ ချနေသည်။
“အကြီးအကဲကောင်းပြောတာမှန်တယ်။ နှစ် ၁၀၀ လောက် လေ့ကျင့်လိုက်ရင် ငါဟာ ကောင်းကင်ဘုံအဆင့်နဲ့ ယှဉ်ချနိုင်လိမ့်မယ်”
သူက လက်သီးဆုပ်ကာ ပြောနေသည်။
နှစ်တစ်ရာ လေ့ကျင့်မည်လား။
ယခု မော့ယွမ်သည် အသက်တစ်ရာ ထပ်ရှည်နိုင်ပါမည်လော။
ဟန်မူယဲ့ သူ့အား ပေးခဲ့သော ဓားဆန္ဒသည် မော့ယွမ်အဆင့်တက်ရန် အခြေခံအုတ်မြစ် ဖြစ်သည်။
ယနေ့တွင် ထိုဓားဆန္ဒအား သုံးစွဲပြီးနောက် မော့ယွမ်၏သက်တမ်းမှာ ၇၀ ရာနှုန်းခန့် လျော့ကျသွားသည်။
မော့ယွမ်က ပြုံးလိုက်သည်။
“ကောင်လေး… မင်း ဘာတွေးနေလဲ ငါသိတယ်”
“ငါတို့ ဓားသမားတွေက သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘူး”
“ငါ တွေးပြီးပြီ။ ငါ အရှေ့ပင်လယ်သို့ သွားတော့မယ်”
“မနက်ဖြန် ငါ သွားတော့မယ်”
အရှေ့ပင်လယ်သည် ထျန်းရွှမ်ကမ္ဘာ (ဝါ) ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နယ်မြေကြီးငါးခုထဲမှ တစ်ခုဖြစ်ပြီး ဓားတာအိုထွန်းပြောင်ရာ နေရာလည်း ဖြစ်သည်။ ထိုနေရာတွင် တောင်ကုန်းများနှင့် မြစ်ရေများကို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်သော စစ်မှန်သော ကောင်းကင်ဘုံအဆင့်ပညာရှင်ရှိသည်ဟု ဆိုကြသည်။
“ဆရာ… အရှေ့ပင်လယ်က ဝေးလွန်းတယ်… ခင်ဗျားရဲ့ ဓားဆန္ဒကလည်း ကုန်ခမ်းနေတယ်။ ဘာလို့ နည်းနည်း ထပ်မနားတာလဲ”
ဟန်မူယဲ့က မေးသည်။
အရှေ့ပင်လယ်ကား မိုင်သိန်းသန်းချီအောင် ဝေးသည်။
ဟန်မူယဲ့၏စကားကိုကြားလျှင် မော့ယွမ်က ရယ်မောကာ လက်ဝှေ့ယမ်းသည်။
“ရတယ်… အနည်းဆုံး ငါဟာ နောင်တမရဘဲ သေသွားရမှာပဲ”
သူက ဟန်မူယဲ့အား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။
“ငါ့ အကျိုးဆောင်မှုနဲ့ဆို မော့မိသားစုဟာ စိုးရိမ်စရာ မရှိတော့ဘူးပဲ”
“ငါ့ အမွေအနှစ်ဓားသိုင်းဟာလည်း မင်းလက်ထဲမှာ ဆက်ပြီး ရှင်သန်ကျန်ရစ်တော့မယ်”
“ငါ အခု မသွားရင် ဘယ်တော့ သွားမလဲ”
ဟန်မူယဲ့ ခေါင်းညိတ်ကာ သူ့အား နားမချတော့ပေ။
မော့ယွမ်သည် နှစ် ၂၀၀ ခန့် ကျင့်ကြံလာခဲ့သည်။ သူ၏ဆုံးဖြတ်ချက်ကို နောက်တစ်ယောက်က ပြောင်းလဲရန် မလွယ်ပါ။
သူက လက်ဆန့်တန်းကာ ကျောက်စိမ်းပုလင်းငယ်အား စားပွဲပေါ်သို့ တင်လိုက်သည်။
ဤသည်ကား ယခင်က မော့ယွမ် သူ့ကို ပေးလိုက်သော အသက်ရှည်ဆေးဖြစ်သည်။
၎င်းသည် အသက်ကို တစ်နှစ်အထိ ရှည်စေနိုင်သည်။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဟန်မူယဲ့သည် သူ၏အင်္ကျီလက်မောင်းအိုးမှ ဓားငယ်တစ်လက်ကို ထုတ်ယူပြီး စားပွဲပေါ်၌ တင်လိုက်သည်။
ဝိညာဉ်လက်နက်၊ လခြမ်းဓား။
“ဆရာ… နှစ် ၁၀၀ ပြည့်တဲ့အခါ ပြန်လာခဲ့ပါ”
ဟန်မူယဲ့က ပြောသည်။ ထို့နောက် သူက ဦးညွှတ်အရိုအသေပေးကာ ရွက်ဖျင်တဲအပြင်သို့ ထွက်သွားသည်။
မော့ယွမ် သူ ထွက်သွားသည်ကို ကြည့်နေ၏။ အတန်ကြာမှ သူသည် စားပွဲပေါ်မှ အသက်ရှည်ဆေးလုံးနှင့် ဓားကို ကြည့်သည်။
အမူအရာ ပြောင်းလဲခြင်းမရှိဘဲ မော့ယွမ်က လက်ဆန့်တန်းကာ ဓားနှင့်ဆေးလုံးကို ကောက်ကိုင်သည်။
“ကောင်လေး… ငါက မင်းပစ္စည်း သေသေးလေးတွေကို ဘယ်စိတ်ဝင်စားပါ့မလဲ”
မော့ယွမ်က ပြုံးကာ တီးတိုး ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက လက်မြောက်ကာ ဝှေ့ယမ်းသည်။ သူ့ရှေ့တွင် ချီဓာတ်များဖြင့် လှည့်ပတ်နေသော ဓားရှည်သုံးလက် ပေါ်လာသည်။
စစ်ပွဲသည် ကြွယ်ဝချမ်းသာရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
မော့ယွမ်သည် ချင်သုံးပါးဓားဂိုဏ်းကို ဦးဆောင် ဖျက်ဆီးခဲ့သူ ဖြစ်သည်။ သူ့တွင် ဝိညာဉ်လက်နက် မည်သို့ ရှားပါးမည်နည်း။
သူကိုယ်တိုင်က ဓားစံအိမ်သို့ ဝိညာဉ်လက်နက်တချို့ ပို့ပေးခဲ့သေးသည်။
ခဏမျှ တွေးလိုက်ပြီးနောက် မော့ယွမ်သည် အစိမ်းရင့်ရောင်လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။ ဝိညာဉ်ဓားနှစ်လက်သည် ထိုလက်စွပ်ထဲကို ဝင်သွား၏။
သူက တောင်ကုန်းငယ်သမျှ များပြားသော ဝိညာဉ်ကျောက်တုံးများ၊ ရတနာပစ္စည်းများ၊ ဆေးပင်ဆေးမြစ်များအား ထုတ်ယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သည်။
“ကောင်စုတ်လေး… ငါက ဒါတွေကို မော့မိသားစုအတွက် ထားခဲ့တော့မလို့။ အခု မင်းကပဲ အကျိုးဖြစ်ထွန်းသွားတယ်”
“နှစ် ၁၀၀ ပြည့်လို့ ပြန်လာရင် ငါ့ရဲ့ ဓား ၁၀,၀၀၀ တို့အိမ်အပြန်ကို မင်း မြင်စေရမယ်”
….
ဟန်မူယဲ့ မော့ယွမ်၏တဲကလေးမှ ထွက်လာပြီးနောက်တွင် အသက်ပြင်းပြင်းရှိုက်ကာ တောင်ကုန်းအလယ်မှ တဲကလေးထံသို့ လှမ်းလာခဲ့သည်။
ဓားစံအိမ်အကြီးအကဲ၏တဲသို့ ရောက်သောအခါ အစိမ်းရောင်ဝတ်လူတစ်ဦး အပြင်တွင် ရပ်နေသည်ကို တွေ့ရ၏။
စုယွမ်၊ မီးဓာတ်မျိုးဆက်အကြီးအကဲ။
သူ၏မီးလောင်ပြင်ဓားသိုင်းသည် ချင်သုံးပါးဓားဂိုဏ်းအား ပျက်စီးစေခဲ့သည်။
ဟန်မူယဲ့သည် စုယွမ်အား တစ်ခါမှ မမြင်ဖူးသော်လည်း သူသည် စုယွမ်အား မီးလောင်ပြင်ဓားသိုင်းကို သင်ပေးဖူးသည်။
ပြောရလျှင် ဟန်မူယဲ့သည် စုယွမ်၏ကျေးဇူးရှင် ဖြစ်သည်။
စုယွမ်သည် ဟန်မူယဲ့အား အကျိုးဆောင်မှတ် ၁,၀၀၀ အကြွေးရှိသည်။
“ဟန်မူယဲ့လား”
စုယွမ်က ဟန်မူယဲ့အား မေးသည်။
“ဟန်မူယဲ့ အကြီးအကဲစုယွမ်ကို နှုတ်ခွန်းဆက်ပါတယ်”
ဟန်မူယဲ့က ဦးညွှတ်ကာ လက်နှစ်ဖက်ဆုပ်သည်။
စုယွမ်က လက်ဝှေ့ယမ်းကာ ပြောသည်။
“ငါ့ကို ဆရာလေးဦးလို့ပဲ ခေါ်ပါ”
ထို့နောက် သူသည် ရှေ့ကို လှမ်းသွားသည်။
ဟန်မူယဲ့ သူ့နောက်မှ လိုက်လာ၏။
“စီနီယာအစ်ကိုကောင်းက အဲဒီဓားကို သုံးစရာ မလိုခဲ့ဘူး”
“ငါက မီးလောင်ပြင်ဓားသိုင်းကို သုံးခဲ့မှတော့ အကျိုးဆက်ကို ခံယူဖို့ အဆင်သင့်ပဲ”
စုယွမ်သည် ကောင်းကင်ထက်တွင် ထိန်ထိန်သာနေသော လမင်းအား ရှုပ်ထွေးသော ခံစားချက်ဖြင့် ကြည့်နေသည်။
ဟန်မူယဲ့ မည်သည့်စကားမှ မဆိုပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မီးဓာတ်မျိုးဆက်သည် ပျက်သုန်းလုနီးပါးဖြစ်သည်။
စုယွမ်က မီးလောင်ပြင်ဓားသိုင်းကို သုံးလျှက် လူအများ၏နှလုံးသားအား ရယူလိုသည်မှာ မထူးဆန်းပေ။
သို့သော်လည်း ချင်သုံးပါးဓားဂိုဏ်း၏ဓားထံမှ ရသော မှတ်ဉာဏ်ထဲတွင် မီးလောင်ပြင်ဓားသိုင်းသည် တားမြစ်ဓားသိုင်း ဖြစ်ဟန်ရသည်။
“ဆရာဦးလေး… အကြီးအကဲက ခင်ဗျားအတွက် တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး”
ဟန်မူယဲ့က စုယွမ်ကို ကြည့်ကာ တီးတိုးပြောသည်။
“သူက ဂိုဏ်းအတွက် တိုက်ခိုက်ခဲ့တာ”
တခြားဂိုဏ်းများ၏ဖိအားက အကြီးအကဲကို တိုက်ခိုက်စေခဲ့ခြင်းလည်း ဖြစ်သည်။
အဆုံးသတ်၌ ဓားစံအိမ်အကြီးအကဲသာ တိုက်ခိုက်ရန် မဆုံးဖြတ်ပါက မည်သူမှ သူ့ကို အတင်းမခိုင်းနိုင်ပေ။
စုယွမ် ခေါင်းယမ်းသည်။
“ချင်သုံးပါးဓားဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ အကျိုးဆောင်မှုကြောင့် မီးဓာတ်မျိုးဆက်ဟာ အနည်းဆုံး ဆယ်နှစ်နဲ့ မပျက်စီးဘူး”
“ဆယ်နှစ်ကြာတဲ့တိုင်အောင် မီးဓာတ်မျိုးဆက်ကို ဦးဆောင်နိုင်တဲ့သူ မပေါ်လာရင်တော့ ဒါက ကံကြမ္မာအလိုအရလို့ပဲ ပြောရမယ်”
စုယွမ်က ဟန်မူယဲ့အား လှည့်ကြည့်သည်။
“သတိရပါ… ဘာဖြစ်ဖြစ် မင်းက စီနီယာအစ်ကိုကောင်းကို အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ ဘေးကင်းကင်း ခေါ်သွားရမယ်”
ယနေ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နိုင်ပွဲကြီးတစ်ခုကို ရရှိသည်။ ဓားစံအိမ်အကြီးအကဲသည် ကျင့်ရှန်းဓားဂိုဏ်းမှ မဟာအကြီးအကဲ မူထျဲယန်ကို သတ်ဖြတ်ခဲ့ကာ ရန်သူဂိုဏ်း၏အင်အားကို ၃၀ရာနှုန်းခဲ့ လျော့ကျစေ၏။
မနက်ဖြန်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂုဏ်သတင်းမှာ ပိုမို၍ ကျော်ကြားလာလိမ့်မည်။ သူတို့၏အဆင့်အတန်းမှာလည်း အနောက်ဘက်နယ်စပ်ကုန်းမြေ၌ မြင့်တက်လာပေလိမ့်မည်။
သို့သော်လည်း ချင်သုံးပါးဓားဂိုဏ်းကို ကိုယ်တိုင်ဖျက်ဆီးခဲ့သော အကြီးအကဲစုယွမ်မှာ ပျော်ရွှင်ဟန်မရပါ။
ဟန်မူယဲ့က စုယွမ်အား တီးတိုးပြောသည်။
“ဆရာဦးလေး… အဲဒါက မီးလောင်ပြင်ဓားသိုင်းကြောင့်လား”
စုယွမ်က ခေါင်းညိတ်သည်။
“ဟုတ်တယ်”
ဟန်မူယဲ့က ထပ်မေးသည်။
“မီးလောင်ပြင်ဓားသိုင်းက ဘာလို့ သုံးခွင့်မရှိတာလဲ”
စုယွမ် အဖြေမပေးပေ။ သူက တောင်ခြေမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့်များအား လှမ်းကြည့်သည်။
“အဲဒီဓားသိုင်းကို သုံးရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိမှတော့ ဆရာဦးလေးက ဘာလို့ သုံးခဲ့တာလဲ”
သူက မီးလောင်ပြင်ဓားသိုင်းကို မသုံးခဲ့လျှင်ပင် ချင်သုံးပါးဓားဂိုဏ်းသည် ပျက်စီးသွားပေလိမ့်မည်။
“ဂိုဏ်းချုပ်က ငါ့ကို သုံးခိုင်းခဲ့တာ”
စုယွမ် တီးတိုးပြောသည်။
ဂိုဏ်းချုပ် ကျင်းကျီ။
ဟန်မူယဲ့ ထပ်မေးလိုသော်လည်း စုယွမ်ကား ထွက်သွားပြီ ဖြစ်သည်။
သူ ထွက်သွားသည်ကို ကြည့်ကာ ဟန်မူယဲ့ ခဏမျှ စဉ်းစားပြီးနောက် ဓားစံအိမ်အကြီးအကဲရှိရာ တဲငယ်လေးသို့ လှမ်းသွားလိုက်သည်။
သူက ဓားစံအိမ်အကြီးအကဲကို မေးမြန်းစရာကိစ္စအများအပြား ရှိနေသည်။