95
အပိုင်း ၉၅ - ကောင်လေး… ငါ့ဓားချက် ဘယ်လိုနေလဲ
“ဓား ၁၀,၀၀၀ တို့အိမ်… အ… ပြန်”
ဟန်မူယဲ့ လက်သီးတင်းတင်းဆုပ်ကာ လှေဦး၌ ရပ်နေသည်။
ထိုသူကား ဆရာမော့ယွမ် ဖြစ်သည်။
ဓားများ၏ဧကရာဇ်…
သူ၏ချီစုစည်းခြင်းအဆင့်ဖြင့် သူသည် ဓားဆန္ဒကို ထိန်းချုပ်လျှင် ထောင်ပေါင်းများစွာသော ဓားချီများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ထိုဓားချက်ကား ‘ဓား ၁၀,၀၀၀ တို့ အိမ်အပြန်’ ဖြစ်သည်။
ဓားချက်မှာ အလွန်စွမ်းအားကြီးသည်။
သို့သော်လည်း သူသည် ကျင့်ရှန်းဓားဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်းအဆင့် မူထျဲယန်ကို မယှဉ်နိုင်သည်မှာ သေချာ၏။
မော့ယွမ် အဘယ်ကြောင့် တိုက်ခိုက်သည်ကို ဟန်မူယဲ့ သိသည်။
အံ့ဖွယ်ဂိုဏ်းမှ သူ့အပေါ် နှစ် ၂၀၀ ခန့် ပျိုးထောင်ပေးခဲ့ခြင်းအတွက် ဖြစ်သည်။
ဓားစံအိမ်အကြီးအကဲ၏နောက်ဆုံးသော ခရီးအတွက်…
ထို့ကြောင့် သူသည် ကောင်းကင်အဆင့်တစ်ဝက်ပညာရှင်ကို တိုက်ခိုက်ရဲသည်။
ထိုနည်းဖြင့် လူသားတစ်ဦးသည် ကောင်းကင်ဘုံအဆင့်အား တိုက်ခိုက်နိုင်သည်ဟု လောကကြီးအား ပြောပြလိုသည်။
“ဓား ၁၀,၀၀၀ တို့အိမ်အပြန်…”
ဟန်မူယဲ့သည် ရှေ့ကို ရွေ့လျားသွားသော ဓားအား ကြည့်နေသည်။
“ဓား ၁၀,၀၀၀ တို့အိမ်အပြန်”
ပိုင်စုကျန်း မျက်တောင်ပင့်လိုက်သည်။ သူမသည်လည်း မတ်တပ်ရပ်ကာ အဝေးကို ကြည့်နေသည်။
“သူက အံ့ဖွယ်ဓားအကြီးအကဲလား”
“ကောင်းလိုက်တဲ့ဓားချက်…”
မော့ယွမ်အား ကြည့်ကာ ဆိုင်ရှင်ဟယ်ထံမှ ချီဓာတ်များ ထွက်ပေါ်လာသည်။
“ငါတို့က ဒီလို ကျင့်ကြံသင့်တာ”
ပိုင်စုကျန်း ခေါင်းညိတ်သည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် သူသည် စိတ်ဓာတ်မကျဘဲ သူ့ဓားဖြင့် ရှေ့ကို တိုးသွားနိုင်သည်။
၎င်းသည်ပင် ဓားသမားဖြစ်သည်။
ဝုန်း…
ဧရာမဓားကြီးရှေ့တွင် ကြေးနီရောင်ဓားအလင်းတစ်ချက် ထွက်ပေါ်လာသည်။
ဓားအလင်းသည် ရိုးရှင်းသော်လည်း လှပခန့်ညားသည်။
ထိုဓားမှာ ကြောက်မက်ဖွယ်ကောင်း၏။
အေးစက်သော အလင်းသည် ဝင်လုဆဲနေရောင်ကြောင့် နီရဲနေ၏။
ဓားအလင်းသည် ပုံရိပ်ယောင်ဓားဖြင့် ထိတွေ့ကာ ပတ်ဝန်းကျင်သည် ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။
၁ စက္ကန့်…
၂ စက္ကန့်…
သုံး စက္ကန့်…
…
ဆယ်စက္ကန့်…
ဆယ်စက္ကန့်ကြာပြီးနောက် သက်ပြင်းရှည်တစ်ချက်နှင့်အတူ ပုံရိပ်ယောင်ဓားမှာ ပြိုပျက်သွားသည်။ မော့ယွမ်လည်း နောက်လှည့်ကာ မြေပြင်သို့ ဆင်းလာခဲ့သည်။
“အဆုံးသတ်မှာ သူက အရမ်းအားနည်းနေသေးတယ်”
ဆိုင်ရှင်ဟယ်က ခေါင်းယမ်းကာ နောင်တရစွာ ပြောသည်။
အရမ်းအားနည်းတယ်လား…
ဤသည်ကား ကောင်းကင်တစ်ဝက်အဆင့်ဖြစ်သည်။ အံ့ဖွယ်ဓားအကြီးအကဲသည် ဓားပညာတွင် မည်မျှ ထူးကဲကောင်းမွန်နေပါစေ၊ သူ့အနေဖြင့် တစ်ဘက်လူကို ရင်မဆိုင်နိုင်ပါ။
ဆယ်စက္ကန့်အချိန်မှာ သူ့အတွက် အကန့်အသတ် ဖြစ်သည်။
အံ့ဖွယ်ဓားအကြီးအကဲ၏ဓား ပြိုပျက်သွားလျှင် ကြေးနီရောင်ဓားအလင်းသည် သူ့နောက်မှ လိုက်ပါလာ၏။
ဟန်မူယဲ့က မျက်မှောင်ကြုတ်ကာ ပြေးထွက်ရန် ပြင်လိုက်ပြီးမှ ရပ်လိုက်၏။
သူ့နောက်တွင် ခရမ်းမီးတောက်ဓားနှင့် ကံကြမ္မာဓားတို့ တုန်ခါသွားသည်။
သူ၏အင်္ကျီလက်အိုးမှ ဓားပျံထံမှ တိုးညင်းသော အသံတစ်ခု ထွက်လာသည်။
သူ့နောက်တွင် ပိုင်စုကျန်းနှင့် ဆိုင်ရှင်ဟယ်တို့ဓားများမှာလည်း လှုပ်ယမ်းသွားသည်။
သူတို့သာ မဟုတ်ပေ။
ထိုပတ်ဝန်းကျင်မှ ဓားများအားလုံး ကောင်းကင်တေးသံအလား အော်သံပေးကြသည်။
ကီလိုမီတာ ၅၀ ဝန်းကျင်မှ ဓားများအားလုံး ဆူညံကုန်သည်။
ဓားများအားလုံးက သူတို့၏ဧကရာဇ်ကို တွေ့သည့်အလား အသံပြုဦးညွှတ်ကြရသည်။
သက်တန့်ရောင်ဓားအလင်းတစ်ခု လောကကြီးသို့ သက်ဆင်းလာသည်။
“တာအိုရောင်းရင်းမော့ရဲ့ ဓားချက်က မဆိုးဘူး။ ဒါကို နှစ်တစ်ရာလောက် လေ့ကျင့်မယ်ဆိုရင် ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်နိုင်လိမ့်မယ်”
အိုမင်းသော အသံတစ်ခုက ဓားများ၏အော်သံများကို တိတ်ဆိတ်စေသည်။
အစိမ်းရောင်ဝတ် ဓားစံအိမ်အကြီးအကဲသည် ဓားအလင်းတံတားပေါ်သို့ တက်ကာ လေထဲတွင် ရပ်နေသည်။
သူက လေထဲကို လက်ဆန့်တန်းလိုက်၏။
မော့ယွမ်၏ပြိုပျက်သွားသော ဓားမှာ ပြန်လည်စုစည်းလာနေသည်။
ဓားသည် အလွန်စူးရှသော အလင်းကို ပေး၏။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းချန်ကုန်း ကျင့်ရှန်းဓားဂိုဏ်းက တာအိုရောင်းရင်းမူထျဲယန်ကို သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် စိန်ခေါ်ပါတယ်”
ဓားစံအိမ်အကြီးအကဲ၏အသံသည် ကောင်းကင်မှ ကျဆင်းလာသည့်အလား မိုင်တစ်ရာပတ်လည်ကို မြည်ဟီးသွား၏။
၎င်းသည် ဓားစံအိမ်အကြီးအကဲ၏စွမ်းအား ဖြစ်သည်။
ထို ‘အသက်ရှုကြိမ်တစ်ရာ’ အတွင်း၌ သူသည် ကောင်းကင်ဘုံအဆင့်အား တိုက်ခိုက်နိုင်၏။
သူ တိုက်ခိုက်သောအခါ ကောင်းကင်ဘုံအဆင့်အောက်မှ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်၏။
ဟန်မူယဲ့သည် လှေဦးတွင် စိုးရိမ်စွာ ရပ်နေသော်လည်း သူ လှုပ်ရှားနိုင်ခြင်း မရှိပါ။
“သေသေချာချာ ကြည့်ထား… ကောင်လေး”
“ငါ ဒီဓားကို နှစ် ၆၀ လေ့ကျင့်ခဲ့ရတယ်”
ဓားစံအိမ်အကြီးအကဲ၏အသံသည် ဟန်မူယဲ့၏နားထဲကို ရောက်လာသည်။ အသံ သိမ်မွေ့သော်လည်း ကြီးမားသော ယုံကြည်ချက်များကို ခံစားရနိုင်သည်။
ဟန်မူယဲ့၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားမှာ တုန်ခါသွားသော်လည်း အပြင်သို့ ထွက်နိုင်စွမ်း မရှိပါ။
သူသည် သမင်တောင်ကုန်းသို့ ရောက်ပါက ဓားစံအိမ်အကြီးအကဲ တိုက်ခိုက်ခြင်းအား တားဆီးနိုင်မည်ဟု ယုံကြည်ခဲ့သည်။
သူ၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားသည် ဓားစံအိမ်အကြီးအကဲ၏ဓားဖြင့် အစားထိုးနိုင်မည်ဟု သူ တွေးခဲ့သည်။
ယခု ထိုနေရာတွင် ရပ်နေရင်း ဟန်မူယဲ့သည် ဓားစံအိမ်အကြီးအကဲ၏ရှေ့တွင် တိုက်ခိုက်ရန်ပင် အဆင့်မမှီကြောင်း သိလိုက်ရ၏။
နှစ် ၆၀ ခန့် ပျိုးထောင်လာသော ဝိညာဉ်လိပ်ပြာဓားသည် ဓားဆန္ဒကို စုစည်းခြင်းနှင့် သဘောတရားမတူပါ။
၎င်းသည် အဆီအနှစ်၊ စွမ်းအား နှင့် စိတ်ခွန်အားတို့ကို လေ့ကျင့်ခြင်း ဖြစ်သည်။ ၎င်းသည် အသေသတ်ကွက်လည်း ဖြစ်သည်။
“ကောင်းပြီ… တာအိုရောင်းရင်းကောင်းရဲ့ဓားကို ရင်ဆိုင်ရမှတော့ ကျုပ်မှာ နောင်တရစရာ မရှိတော့ဘူး”
သူ့ရှေ့တွင် အနက်ရောင်အဖိုးအိုတစ်ဦးသည် ကြေးနီရောင်ဓားတစ်လက်ကို ကိုင်ကာ ဓားစံအိမ်အကြီးအကဲအား ရင်ဆိုင်သည်။
သူက ဓားကို ဓားစံအိမ်အကြီးအကဲထံသို့ ညွန်လိုက်လျှင် သူ့နောက်၌ တောင်ကုန်းပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ဓားမာန်ဟုန်…
၎င်းသည် ပုံရိပ်မျှသာ ဖြစ်သော်လည်း စွမ်းရည်တစ်ဝက်ခန့် ပါဝင်၏။
ဓားမာန်ဟုန်တစ်ဝက်စွမ်းအား… ကမ္ဘာမြေအဆင့်၏အမြင့်ဆုံး…
ထိုတိုက်ခိုက်စွမ်းရည်သည် ‘အသက်ရှုကြိမ်တစ်ရာ’ ကောင်းကင်ဘုံအဆင့်အား ယှဉ်နိုင်ပါမည်လော။
ထိုအခိုက်တွင် အားလုံး၏အကြည့်က လေထဲမှ လူနှစ်ယောက်ထံသို့ ရောက်နေသည်။
ကီလိုမီတာ တစ်ထောင်ပတ်လည်၌ မရေမတွက်နိုင်သော လူတို့၏အာရုံမှာ ထိုတိုက်ပွဲ၌ ရှိနေသည်။
ထိပ်သီးဂိုဏ်းနှစ်ခု၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဓားတစ်ချက်…
ဟန်မူယဲ့က တိုက်ပွဲကို စူးစိုက်ကြည့်နေသည်။
ယခု သူ၏စိတ်မှာ ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။
မော့ယွမ်က တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သကဲ့သို့ ဓားစံအိမ်အကြီးအကဲသည်လည်း သည်ဓားချက်အတွက် နှစ် ၆၀ စောင့်ဆိုင်းခဲ့ရသည်။
မူထျဲယန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကာ သူ၏ဂိုဏ်းအတွက် ကံစွမ်းအင် တချို့ ရရှိခြင်းအတွက် မဟုတ်လျှင် သူက အဘယ်ကြောင့် ဓားကို နှစ် ၆၀ ကြာ ပျိုးထောင်လာမည်နည်း။
ကျင့်ကြံခြင်း၊ ဓားပညာကို လေ့ကျင့်ခြင်းတို့အားလုံးမှာ အသက်ရှည်ခြင်းအပြင် သတ်ဖြတ်ရန်အတွက် မဟုတ်ပေဘူးလား။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကို သတ်ဖြတ်ပြီးနောက်တွင် သူသည် နောင်တရစရာ မရှိတော့ချေ။
ဟန်မူယဲ့က အဓိက သော့ချက်ကို နားလည်သွားလျှင် သူ့အား ဖိနှိပ်ထားသော စိုးရိမ်ပူပန်စိတ်များ လျော့ပါးသွားသည်။
သူ့ရှေ့တွင် ဓားစံအိမ်အကြီးအကဲသည် သူ၏ဓားဖြင့် တိုက်ခိုက်လိုက်၏။
ဓားအလင်းတစ်ချက် တောက်ပသွားသည်။
ဓားအလင်းသည် ဝင်လုဆဲနေမင်းထက် တောက်ပကာ ကောင်းကင်သည်ပင် ပြိုဆင်းလာသည့်အလား ထင်မှတ်ရ၏။
အေးစက်သော ဓားအလင်းသည် ရေပြင်မြေပြင်ကို အေးခဲသွားစေကာ သစ်ပင်များကို ခြောက်သွေ့စေ၏။
ဓားသည် အလွန်မြန်သည်။
ကလင်…
ဓားချင်း ထိတွေ့သံ ထွက်ပေါ်လာ၏။
အသံသည် သူ၏နားနှင့်ကပ်ရက် ထွက်လာသည့်အလား… ထို့အတူ မိုင်တစ်ထောင်အဝေးမှ လာသည့်အလား…
ဓားအလင်း မှေးမှိန်သွားကာ နေမင်းကြီးသည်လည်း မိုးကုတ်စက်ဝန်းထံသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
လေထဲတွင် ဓားအော်သံတစ်ခုကို ကြားနိုင်၏။
ဓားစံအိမ်အကြီးအကဲ လေထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။
သူ့ရှေ့တွင် ကျင့်ရှန်းဓားဂိုဏ်းမှ အကြီးအကဲချုပ် မူထျဲယန်သည် ဓားကျိုးတစ်လက်ကို ကိုင်ကာ လက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို ဖိထားသည်။
“ငါ လုပ်နိုင်တာ မရှိတော့ဘူး”
မူထျဲယန် မြေပြင်ပေါ်သို့ ကျသွားလျှင် လူတချို့ ပြေးလာကာ သူ့အား သွားဖမ်းကြသည်။
မည်သူမှ စကားမပြောကြပေ။ ကျင့်ရှန်းဓားဂိုဏ်းမှ တပည့်များ အဝေးကို ပြေးသွားခဲ့ကြသည်။
ဓားစံအိမ်အကြီးအကဲ၏အနီးမှ ဓားချီများ စတင်ပျယ်လွင့်လာကာ သူသည်လည်း မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။
ဟန်မူယဲ့ အသက်ပြင်းပြင်းရှိုက်ကာ ထူးမခြားနားစွာ ပြောသည်။
“ခင်ဗျားနဲ့ကျုပ်သာ ရန်သူ ဖြစ်လာရင် သေချာပေါက် ခင်ဗျားကို အလွတ်ပေးမယ်”
ထို့နောက် သူသည် ဓားအလင်းကဲ့သို့ လှေပျံပေါ်မှ ဆင်းသက်သွားခဲ့သည်။
လှေပျံပေါ်တွင် ပိုင်စုကျန်း၏မျက်လုံးများတွင် ပြုံးရောင်သန်းနေ၏။
“သူက စိတ်ဝင်စားစရာပဲ”
သူမဘေးတွင် ဆိုင်ရှင်ဟယ်သည် ဟန်မူယဲ့အား လှမ်းကြည့်ကာ မည်သည့်စကားမှ မဆိုပေ။
“သွားရအောင်… ရှန့်ယန်မိစ္ဆာဂိုဏ်းက တစ်ယောက်ယောက် ရောက်လာရင် သတိထားမိသွားလိမ့်မယ်”
ပိုင်စုကျန်းက ပြောကာ လှေဝမ်းထဲမှ အခန်းထဲသို့ ဝင်သွားသည်။
ရှန့်ယန်မိစ္ဆာဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဒုတိယ ဖြစ်ကာ အနောက်ဘက်နယ်စပ်ကုန်းမြေ၏မိစ္ဆာလမ်းစဉ်တွင် ခေါင်းဆောင်လည်း ဖြစ်သည်။
ရှန့်ယန်မိစ္ဆာဂိုဏ်းချုပ် လီမူပိုင်သည် ကောင်းကင်ဘုံအဆင့် ပညာရှင်ဖြစ်ကာ မိစ္ဆာလမ်းစဉ်၌ နံပါတ် ၁ ပညာရှင်လည်း ဖြစ်သည်။
ဆိုင်ရှင်ဟယ်က ခေါင်းညိတ်သည်။ လှေပျံမှ တလင်းများ တဖျတ်ဖျတ်လက်လာကာ လေထဲသို့ ပျံတက်လာသည်။ သူက တီးတိုးရေရွက်၏။
“တကယ်တော့ ကောင်လေးက မဆိုးဘူး…”
…
ဟန်မူယဲ့ တောင်ကုန်းအတိုင်း ပြေးလွှားလာခဲ့သည်။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အတွင်းစည်းဝတ်စုံကို ဝတ်ထားရာ မည်သူမှ တားဆီးခြင်း မပြုကြပေ။
တောင်ကုန်းပေါ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အတွင်းစည်းတပည့်များသည် အချင်းချင်း အကာကွယ်ယူကာ ထိုင်နေကြသည်။ အလယ်တွင်ကား မော့ယွမ် ရှိနေ၏။ သူသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ အဝေးမှ ဓားစံအိမ်အကြီးအကဲနှင့် မီးဓာတ်မျိုးဆက် အကြီးအကဲ စုယွမ်ကို ကြည့်နေ၏။
“ကောင်လေး… ငါ့ဓားချက် ဘယ်လိုနေလဲ”
ဓားစံအိမ်အကြီးအကဲက နောက်လှည့်ကာ ပြေးလာနေသော ဟန်မူယဲ့အား မေးသည်။
“ကောင်းကင်ဘုံတောင်မှ ဓားတစ်ချက်တည်းနဲ့ အပိုင်းခံရလိမ့်မယ်”
ဟန်မူယဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။
ဓားစံအိမ်အကြီးအကဲက ရယ်မောလိုက်ကာ ဟန်မူယဲ့အား ပြောသည်။
“မင်း ငါတိုက်ခိုက်တာကို ကြည့်ဖို့ ရောက်လာတာလား”
ဟန်မူယဲ့က ခေါင်းယမ်းသည်။ သူက မော့ယွမ်အားလည်း တစ်ချက်ကြည့်ကာ ပြောသည်။
“ကျွန်တော် အကြီးအကဲကို ဓားစံအိမ်သို့ ပြန်လာခေါ်တာ”
“ဓားစံအိမ်သို့…”
ဓားစံအိမ်အကြီးအကဲက တီးတိုးရေရွက်ကာ အဝေးကို ငေးကြည့်သည်။
“ကောင်းပြီ… ဓားစံအိမ်ကို ပြန်ကြမယ်”