93

93

Ti Amo

93


#ရေသူလေး


ဘေးမှ အရာရှိက သူ ပြောချင်သည့်စကားကို ကြားသွားသောကြောင့် တခြားလူတစ်ယောက်အား ဆွဲထုတ်ခိုင်းလိုက်သည်။


 “အခုချက်ချင်း ပါးစပ်ပိတ်ထားလိုက်တော့”


ဆွဲထုတ်ခံလိုက်ရသော အမျိုးသားက နာခံမှုမရှိဘဲ


“ဘာကိစ္စ ပိတ်ထားရမှာလဲ၊ အခုထိ ငါ့စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောခွင့်တောင် မရသေးဘူးလား”


“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာတွေ ရပ်လိုက်စမ်းပါ”  


ထိုလူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး


“မာရှယ် မရှိတဲ့အချိန်မှာ ဧကရီက အာဏာ အမြင့်ဆုံးပဲ၊ သူက လူတစ်ယောက်ကို ဘာအကြောင်းပြချက်မှမရှိဘဲ ဆွဲထုတ်လိုက်ရင်တောင် တစ်ခွန်းမှ အထွန့်တက်ခွင့်မရှိဘူး၊ ခင်ဗျားက မာရှယ်ကိုတောင် တိုင်ကြားစာပို့ဖို့ စိတ်ကူးရဲသေးတာလား”


သူက ဂရုမစိုက်ဘဲ တိုင်ကြားစာမက်ဆေ့ချ်ကို ပို့လိုက်ပြီး ရပ်တန့်ရန် နောက်ကျသွားပြီ ဖြစ်သည်။


“သူက လျှို့ဝှက်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလောက် ကြီးမားတဲ့ ပြဿနာအတွက် ဖြေရှင်းချက်တောင် မပေးခဲ့ဘူး၊ ခင်ဗျား အဲ့ဒီအပေါ် ဘာအတွေးမှ မရှိဘူးလား"


 ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။


“လျှို့ဝှက်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ ဘယ်လောက် တာဝန်ကြီးတဲ့ကိစ္စမှန်း မင်းလည်း သိသားပဲ၊ ပြီးတော့ ဧကရီက သူ့ကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အဲ့ဒီရာထူးကို ထည့်မစဉ်းစားဘဲ ခိုးယူမှုနဲ့ပဲ အကျဉ်းချထားတာ၊ နားလည်လား"


 “ဒါပေမယ့်…”


"ဘာမှမပြောဘဲ တိတ်တိတ်နေလိုက်တော့ကွာ"


"အခု ပြောနေတာတွေက ဘာ အကျိုးရှိမှာလဲ၊ စောစောက…”


အပြင်ဘက်၌ ငြင်းခုံမှုများက အဆုံးမသတ်နိုင်သေးဘဲ ကျွင်းချွင်ယွီသည် ထိုစကားများကို လျစ်လျူရှုကာ ဖုယွမ်ချွမ်းနှင့် စကားဆက်ပြောသည်။


"ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက သိပ်ပြီး မကျေနပ်ကြတဲ့ပုံပဲ"


"သူတို့က ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ မဟုတ်တော့ဘူး"  


ဖုယွမ်ချွမ်းက သွေးအေးစွာ ပြောသည်။


"သူတို့ကို ဂရုစိုက်မနေပါနဲ့" 


သူ့တွင် ဧကရီဟူသော အမည်ခံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့က သူ၏အမိန့်အား နာခံရမည် ဖြစ်ပြီး သူ့ထံတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်မရှိ ဟူသည့် မထီမဲ့မြင် အတွေးမျိုး တွေးခွင့်မရှိပါ။


ကျွင်းချင်ယွီက ဘာတစ်ခုမှမပြောလာလျှင်တောင် ဖုယွမ်ချွမ်းကတော့ ထိုအချက်ကို သေချာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ကျွင်းချင်ယွီသည် ထိုကိစ္စများအကြောင်း ဆက်မတွေးချင်တော့ဘဲ ဖုယွမ်ချွမ်း၏အခြေအနေကို သိချင်စိတ်ဖြင့်သာ မေးမြန်းလိုက်သည်။


 "ခင်ဗျား အခု ဘယ်မှာလဲ"


ဗီဒီယို၏နောက်ခံအရ စစ်သင်္ဘောပေါ်ရှိ နားနေခန်းထဲတွင် ဖြစ်ပုံမပေါ်ပေ။ ကျွင်းချင်ယွီ မြင်ရသလောက်ဆိုလျှင် အခန်းထဲ၌ အဆင်တန်ဆာလည်း များများစားစား မရှိချေ။


ဖုယွမ်ချွမ်းက သူ ရောက်နေသောနေရာကို ကျွင်းချင်ယွီအား ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ဗီဒီယို၏ ရှုထောင့်ကို လှည့်ပြကာ ပြောလိုက်သည်။


 "ကိုယ်တို့ အခု မြေပေါ် ဆင်းနေပြီ" 


 "ဟင်"  


ထိုအချိန်မှသာ ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်းမှာ မက်ခါပေါ်တွင် ရောက်ရှိနေမှန်း သတိပြုမိသွား၏။


 "ခင်ဗျား ..."


သူ ပြောလိုက်သည်နှင့်တပြိုင်နက် အကာအကွယ်ဒိုင်းက ယာယီ ပျောက်ကွယ်သွားပြီး အပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်။ သုံးစက္ကန့်အကြာတွင် အသံ ရပ်သွားပြီး အကာအကွယ်ဒိုင်းမှာ ပြန်ရောက်လာလေသည်။


မက်ခါသည် အကာအကွယ်ဒိုင်းအတွင်းသို့ ဝင်ရောက်၍ မြေ‌ပြင်ပေါ် ဆင်းသက်ရန် ပြင်ဆင်နေစဉ်အတောအတွင်း ဗီဒီယိုအချက်ပြမှုသည် ခဏတာ ရပ်တန့်သွားခဲ့ပြီး မကြာမီတွင် အချက်ပြမှု ပျောက်ကွယ်သွားကာ ဗီဒီယိုပါ ပြတ်တောက်သွားသည်။ မြေပြင်ပေါ်သို့ ရောက်ရှိပါက အချက်ပြမှုကို အလိုအလျောက် ပြန်လည်ရရှိမည် ဖြစ်ပါသည်။


ကျွင်းချင်ယွီသည် သူ၏ ဉာဏ်ရည်တုစက်ကို အိပ်ကပ်ထဲထည့်၍ ထကာ အပြင်သို့ ထွက်လာသည်။


ရှီခိုင်ရှင်း ပြန်ရောက်လာသောအခါတွင် သူတို့ထဲမှ အချို့သည် တံခါးဝတွင် ပိတ်ရပ်လျက် ဝေဖန်ဆွေးနွေးနေကြဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသော်လည်း ဆွေးနွေးမှု အကြောင်းအရာသည် ကျွင်းချင်ယွီမှ ဗိုလ်မှူးတစ်ဦးထံသို့ ပြောင်းလဲသွားခဲ့သည်။


သူက ထိုဗိုလ်မှူးအား သိရှိပြီး ထိုလူက သစ္စာတရားကို တန်ဖိုးထားတတ်သူ ဖြစ်သည်။


ရှီခိုင်ရှင်းသည် သူတို့ထံ လျှောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။


"ခင်ဗျားတို့ ဘာတွေ အော်ကျယ်အော်ကျယ် လုပ်နေကြတာလဲ၊ အသံကို တိုးထားကြ၊ အရှင့်ကို အနှောင့်အယှက် မပေးမိစေနဲ့"


ထိုစကားကို ကြားလိုက်ရသောအခါ ကျွင်းချင်ယွီသည် ရှီခိုင်ရှင်းတစ်ယောက် သူ၏နောက်မှ လိုက်လာမည်ကို စိုးရိမ်သွားပြီး လမ်းလျှောက်ဖို့သွားရန် တွေးမိကာ ပြောလိုက်သည်။ 


"ငါ ခဏ အပြင်သွားဦးမယ်၊ နောက်ကနေ လိုက်မလာနဲ့" 


 "အယ်... မဒမ်၊ ခဏ...” 


ရှီခိုင်ရှင်းသည် ထိုဗိုလ်မှူးကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး ကျွင်းချင်ယွီကို တားရန် ပြေးလိုက်သွားသည်။


“အပြင်မှာ အန္တရာယ်များပါတယ် မဒမ်၊ မသွားပါနဲ့လား၊ ကျွန်တော် ဘယ်လိုလုပ် နောက်က မလိုက်ဘဲ နေရဲမှာလဲ၊ အနည်းဆုံးတော့ မဒမ် ဘယ်သွားမလဲ ဆိုတာ ကျွန်တော့်ကို ပြောသွားပါ"


သို့သော် သူ ခြေလှမ်းမလှမ်းရသေးမီ အပြင်ဘက်မှ တံခါးပွင့်လာသည်ကို မြင်လိုက်ရပြီး ဖုယွမ်ချွမ်းက ဝင်လာခဲ့သည်။ ရှီခိုင်ရှင်းသည် ချက်ချင်း ခြေသုံးလှမ်းခန့် နောက်ပြန်လှည့်ကာ အမြီးကုပ်၍ တုံ့ဆိုင်းခြင်းမရှိ ပြေးသွားသည်။


တတိယဘီးလုံးလေးများသည် လိုလားမှုမရှိသော ဧည့်သည်သက်သက်သာ ဖြစ်၍ ရှောင်ပေးသွားရန်ကလွဲ၍ ရွေးချယ်စရာမရှိပေ။


ကျွင်းချင်ယွီ၏ မျက်လုံးများက တောက်ပလာကြသည်။ သူသည် ပြေးလာပြီး ဖုယွမ်ချွမ်း၏ရင်ခွင်ထဲ တိုးဝင်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မော့ကြည့်၍ မေးလိုက်သည်။


"ခင်ဗျား ဘာလို့ ရုတ်တရက် ပြန်လာတာလဲ"


မူလက ဖုယွမ်ချွမ်းသည် စစ်သင်္ဘောပေါ်တွင် အနည်းဆုံး တစ်ရက်ခန့် နေရဦးမည်ဟု ပြောခဲ့သော်လည်း မကြာမီတွင် ပြန်ရောက်လာလိမ့်မည် ဟု မမျှော်လင့်ထားခဲ့ပေ။


ဖုယွမ်ချွမ်းသည် ငါးလေးကို ပွေ့ဖက်လိုက်ပြီး နောက်ကျောကို ပုတ်၍ သူ၏ဆံပင်ရှည်များကို လက်ဖြင့် ဆွဲဖွလိုက်သည်။


“ပြဿနာက ပြေလည်လုနီးပါး ဖြစ်နေပါပြီ၊ မင်း ဒီဘက်မှာ အခြေအနေတွေကို မကိုင်တွယ်နိုင်တော့မှာ ကြောက်လို့ ကိုယ် စောစော ပြန်လာခဲ့တာ"


အစပိုင်းတွင် ငါးလေး၏ အခွင့်အာဏာကို အထွတ်အထိပ်သို့ မြှင့်တင်ပေးလိုက်ခြင်းဖြင့် သူ၏ အခြေအနေမှာ လုံခြုံနိုင်လိမ့်မည် ဟု ယုံကြည်ထားခဲ့သော်လည်း အချို့သောသူများ၏အမြင်တွင် ထိုရာထူးဂုဏ်ပုဒ်များသည် ၎င်းတို့အတွက် စိုးရိမ်စရာအချက်တစ်ချက် ဖြစ်လာခဲ့၏။


ဖုယွမ်ချွမ်း ရောက်လာသောအခါ ဒဏ်ရာရသူများသည် တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်ကာ တညီတညွတ်တည်း နှုတ်ဆက်ကြသည်။


 “မာရှယ်”


 “အင်း” 


ဖုယွမ်ချွမ်းသည် နေရာတွင်ရှိသော အရာရှိများကို ကြည့်လိုက်ပြီး 


“ဒီကိုလာကြပါ”


 "ဟုတ်ကဲ့ မာရှယ်"


ဖုယွမ်ချွမ်းသည် ငါးလေး၏ပါးပြင်ကို လက်ညှိုးထိပ်လေးဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။


"ကောင်းပြီ၊ ကိုယ့်အတွက် သောက်စရာလေးတစ်ခုခု လုပ်ပေးပါလား"


ကျွင်းချွင်ယွီက အသာတကြည်ဖြင့် ပြန်မေးလိုက်သည်။


 "ကောင်းပြီ၊ ခင်ဗျား ဘာ သောက်ချင်လဲ"


 "မင်း လုပ်ပေးသမျှ ကိုယ် အကုန်သောက်မယ်"


 ကျွင်းချင်ယွီ၏မျက်လုံးများက ကွေးညွတ်သွားပြီး


"ခင်ဗျား အရင် လုပ်စရာရှိတာ သွားလုပ်လိုက်ပါ"


“အင်း”


သူတို့ အထဲ ဝင်သွားကြသောအခါ ယွီကျစ်သည် နောက်က လိုက်သွားပြီး ရှီခိုင်ရှင်းမှာ ကျန်နေခဲ့၍ ကျွင်းချင်ယွီ အချိုပွဲလုပ်နေသည်ကို တွေ့သောအခါ ကူလုပ်ပေးရန် ရောက်လာသည်။


သူက လှီးဖြတ်ထားသည့် အခွံများကို သန့်ရှင်းရေးလုပ်ပေးခြင်းနှင့် တခြားသော လက်တိုလက်တောင်းကိစ္စများကို ကူညီလုပ်ကိုင်ပေးသည်။


ရှီခိုင်ရှင်းသည် မနေနိုင်ဘဲ ဝင်ပြောလိုက်၏။


“လုဝမ်ကျိုးကတော့ သွားပြီပဲ၊ သူ ဗိုလ်မှူးရာထူးကို ဆုံးရှုံးသွားနိုင်တယ်”


"ဘယ်သူလဲ"


 “မာရှယ်ဆီ တိုင်ကြားစာ ပို့တဲ့သူလေ” 


 ရှီခိုင်ရှင်းက အတင်းတုပ်သည်။


"သူ ပို့လိုက်တဲ့ စာကို မာရှယ်က ကျွန်တော့်ဆီ ပြန်ပို့ပေးမှာပါ၊ တရားဝင်သတင်း မထွက်လာခင် သူ ရာထူးကနေ ဖြုတ်ချခံရလိမ့်မယ်"


ရှီခိုင်ရှင်းက တော်တော်လေး ပျော်ရွှင်နေသည်။ သူသည် ထိုကိစ္စကို လုပ်ဆောင်သည့်အချိန်တွင် ဝိုင်းပြောကြသည့်စကားများကြောင့် စိတ်တိုနေခဲ့သည်။ ထို့ကြောင့် မာရှယ်က စာပို့လာသောအခါ သူသည် တုံ့ဆိုင်းမနေဘဲ ညွှန်ကြားသည့်အတိုင်း ချက်ချင်း လုပ်ဆောင်ခဲ့၏။


ကိစ္စအားလုံး ပြီးစီးသည့်အချိန်ကျမှ မာရှယ်ဟာ ပြန်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


ကျွင်းချင်ယွီကတော့ ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားပေ။ သို့သော် ဩဇာအာဏာများထက် ပို၍ သာလွန်သော ကိုယ်ပိုင်အတွေးအမြင်များ ရှိသည့် လုဝမ်ကျိုး ကဲ့သို့သောသူနှင့် ဆက်ဆံရခြင်းက ဆိုးရွားလှသည်တော့ မဟုတ်ပေ။


သူ နားမလည်သော နောက်ထပ် အရာတစ်ခုမှာ


"သူက ဘာလို့ ယွမ်ချွမ်းနဲ့ ဒီလောက် ရင်းနှီးနေရတာလဲ"


"ရင်းနှီးတာလား" 


ရှီခိုင်ရှင်း တခဏခန့် စဉ်းစားလိုက်သည်။ မာရှယ်နှင့် နီးစပ်ပြီး နောက်ကွယ်တွင်နေရန် တာဝန်ချထားခြင်း ခံရသော အရာရှိများကို ညွှန်းဆိုခြင်းဖြစ်လိမ့်မည်။ လုဝမ်ကျိုးသည်လည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်၏။


"သူတို့က တစ်ကြိမ်ပဲတွေ့ဖူးတာမလား၊... တစ်နေရာရာကို ခရီးမထွက်ခင်မှာ မာရှယ်က အရာရှိအားလုံးကို အစည်းအဝေး ခေါ်ပြီး ဆွေးနွေးလေ့ရှိတယ်”  


ရှီခိုင်ရှင်းသည် ပခုံးတွန့်ပြီး မသေချာသည့်ပုံစံဖြင့် ပြောလိုက်သည်။


"ဒေသခံအရာရှိတွေနဲ့ ယှဉ်ရင် သူနဲ့ သေချာပေါက် ပိုပြီး ရင်းရင်းနှီးနှီးရှိသင့်လားလို့"


 ကျွင်းချင်ယွီ : "……"


၎င်းက အမှန်ပင် ဖြစ်သည်။ ယုံကြည်ရသော လက်ထောက်အချို့မှလွဲ၍ ဖုယွမ်ချွမ်း၏ လူမှုအသိုင်းအဝိုင်းတွင် အခြားမည်သူမျှ ရှိမည် မဟုတ်ပေ။ အချို့သော အလုပ်တာဝန်များ နှင့် ကိစ္စများအတွက်မဟုတ်ပါက သူတို့အား အဆက်အသွယ် လုပ်မည်ပင် မဟုတ်ပါ။


 ကျွင်းချင်ယွီက သစ်သီးဖျော်ရည်တစ်ခွက်ကို ပြင်ဆင်လိုက်သည်။ အသီးဖတ်လေးများနှင့် ရေခဲတုံးများကို အောက်ခြေရှိ ဖျော်ရည်နှင့် ရောစပ်ပြီး ရေခဲမုန့်အတုံးလေးက အပေါ်တစ်ဝက်တွင် ရှိနေသည်။


ရှီခိုင်ရှင်းသည် ကျွင်းချင်ယွီ ထိုအထူးတလည် ဖျော်ရည်အား ဖြည်းညှင်းစွာ ပြင်ဆင်နေခြင်းကို ကြည့်နေ၏။


ဖုယွမ်ချွမ်း ထွက်လာသောအခါတွင် သူ၏နောက်မှ အရာရှိများ၏ မျက်နှာများက သိပ်ပြီး မကောင်းလှပေ။


ကျွင်းချင်ယွီက ဖျော်ရည်ကို ယူဆောင်သွားသည်။


အရာရှိများသည် အလျင်အမြန်ပင် ကျွင်းချင်ယွီကို အရိုအသေပေး၍ တညီတညွတ်တည်း နှုတ်ဆက်ကြသည်။


"ကောင်းသောနေ့ပါ အရှင်"


ကျွင်းချင်ယွီသည် ၎င်းတို့ကို လျစ်လျူရှုလိုက်သော်လည်း ဆက်ပြီးရပ်နေကြဆဲ ဖြစ်သောကြောင့် တွန့်ဆုတ်စွာဖြင့် တုံ့ပြန်လိုက်သည်။


"အင်း"


ထို့နောက်တွင် ၎င်းတို့သည် ခွင့်ပြုချက်ရလိုက်သကဲ့သို့ လှည့်ထွက်သွားကြ၏။


ရှီခိုင်ရှင်းသည် ၎င်းတို့ထဲမှ အချို့သောသူများ၏ လက်မောင်းအပွင့်များ ပြောင်းလဲသွားသည်ကို ရိပ်ခနဲ မြင်မိလိုက်သည်။ သူတို့သည် ဝင်လာချိန်၌ ကောင်းမွန်စွာ ဝတ်စားထားကြသော်လည်း ထွက်လာသည့်အချိန်တွင် တစ်နေရာရာမှာ နှိမ့်ချခံထားရသကဲ့သို့ ရာထူးအချခံလိုက်ရခြင်းပင် ဖြစ်နိုင်လေသည်။ သူသည် အားပါးတရ နှာခေါင်းရှုံ့၍ ခေါင်းယမ်းပစ်လိုက်၏။ နည်းသေးသည်။ သူတို့နှင့် ထိုက်တန်သည်ပင်။


ထိုလူများထဲတွင် အမြင့်ဆုံးရာထူးမှာ အကြီးတန်းဗိုလ်မှူးဖြစ်ပြီး ဗိုလ်ချုပ်ပင် မဟုတ်သေးပေ။


စစ်မှုထမ်းရာထူး အနိမ့်ဆုံးရှိသော လုဝမ်ကျိုးသည် ထိခိုက်နစ်နာမှုအရှိဆုံးဟုပင် မဆိုနိုင်တော့ပေ။


ယခု ဤအခြေအနေ၌ သူတို့သည် မာရှယ်၏ တပ်မထဲတွင် ရှိနေနိုင်သည်ကပင် သံသယဖြစ်စရာကောင်းနေပြီ ဖြစ်၏။


ရှီခိုင်ရှင်းသည် အသံကိုခပ်ကျယ်ကျယ် မြှင့်ကာ ယွီကျစ်အား မာရှယ်ကို အနှောင့်အယှက်မပေးဘဲ သူတို့၏ နောက်ဆက်တွဲ လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရန် ဆွဲခေါ်သွားသည်။


ထိုအခြေအနေကို မြင်သောအခါ ကျွင်းချင်ယွီက မေးခွန်းထုတ်လိုက်သည်။ 


"ပြီးရင် လုပ်စရာရှိသေးလား"


"အင်း၊ မင်းနဲ့ အတူရှိနေပေးဖို့လေ"  


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏လက်မှ ဖျော်ရည်ကို လှမ်းယူလိုက်သည်။ သူ၏ လက်မှာ အေးစက်နေပြီး ငါးလေး၏ လက်ကို ကိုင်ရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ ဖျော်ရည်ထည့်ထားသော ဖန်ခွက်အပြင်ဘက်တွင် ရေခဲအလွှာလေးတစ်ခု ဖြစ်ပေါ်‌လာသောကြောင့် ငါးလေး၏လက်မှာ အေးခဲနေ‌၏။


သူ၏ပုံမှန်ကိုယ်အပူချိန်ထက် နိမ့်ကျနေခြင်း ဖြစ်သည်။ ဖုယွမ်ချွမ်းသည် သူ၏လက်ကို နွေးထွေးစေရန် ကူညီပေးပြီး အရာရှိများကို လုံးဝ ဂရုမစိုက်ဘဲ ထိန်းချုပ်ခန်းရှိရာသို့ ငါးငယ်လေးကို ချီခေါ်သွားသည်။


ထိန်းချုပ်ခန်းတွင် မည်သူမျှ မရှိပေ။ အရာရှိများအားလုံးကို လေ့ကျင့်ရေးဆင်းရန် ခေါ်ထားသောကြောင့် ထိုနေရာတွင် မည်သူမျှ ရှိမနေခြင်းမှာ သဘာဝကျပါသည်။


ထိန်းချုပ်ခန်း၏ အပူချိန်ကို ငါးလေး နေနိုင်ရန် သင့်တော်သည့် အပူချိန်သို့ ချိန်ညှိပြီးနောက် ဖုယွမ်ချွမ်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ ငါးလေးကို ပေါင်ပေါ်တင်၍ ပွတ်သပ်ပေးလျက် ဖျော်ရည်ကို သောက်လိုက်သည်။







Report Page