93
အခန်း (၉၃)
ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ရှန်းရှန့်ပြည်နယ်အလယ်ကို ရောက်လာသည့်အခါ လူများစွာ ရှိနေလေပြီ။ အားလုံးက စိတ်လှုပ်ရှားနေသောကြောင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်နေကြ၏။
ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ရောက်လာသည်ကို မြင်ကာ ဆူညံသံအားလုံး ငြိမ်ကျသွားလေသည်။
မြို့လယ်ခေါင်၌ လူများစွာ စုဝေးနေကြပြီး အဝေးမှ လူများကလည်း ကံကောင်းမှု သူတို့ဆီ ကျရောက်လာဖို့ မျှော်လင့်ချက်ဖြင့် အမြန်ဆုံးနှုန်းနှင့် လာနေကြသည်။ သူတို့က ကာကွယ်ဆေးထိုးခံရသူများကြား ကံကောင်းသူ ဖြစ်သွားနိုင်လေသည်။
အားလုံးကို ခေါ်လိုက်သည့် ရည်ရွယ်ချက်ကို အသိပေးထားပြီးပြီ ဖြစ်၍ အားလုံးက ဝမ်ချင်းလင်နှင့် ရှောင်ဟန်ကိုသာ မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
ဝမ်ချင်းလင်က မျက်ခုံးပင့်ကြည့်ကာ “သတင်းဖြန့်နှုန်းက အရမ်းမြန်တာပဲ ”
ရှောင်ဟန်က အလေးအနက် မျက်နှာထားဖြင့် “ အားလုံးက ဆေးကို ပထမဆုံး စမ်းသပ်ခံရမဲ့လူ ဖြစ်ချင်နေကြတာ ”
ဝမ်ချင်းလင်အတွက် အသံလှိုင်း စွမ်းရည်ပိုင်ရှင်တစ်ယောက် စီစဉ်ပေးသော်လည်း ဝမ်ချင်းလင်က ငြင်းလိုက်သည်။
ဖြေဆေးက သုံးခု ကျန်ရှိသေး၏။ ဝမ်ချင်းလင်က ကူးစက်ခံလူနာများထဲ စင်ပေါ် ကိုယ်တိုင်ထွက်လာသည့်အခါမှ ရွေးချယ်မည် ဖြစ်၏။
လာရောက်သူအားလုံး တိတ်ဆိတ်သွားကာ မည်သူမှ စင်ပေါ် တက်မလာကြပေ။
ဝမ်ချင်းလင်က အောက်ရှိ လူများကို ကြည့်ကာ လက်ရှိလူများသည် အလောင်းခွေးနှင့် တိုက်ခိုက်ရာမှ ဒဏ်ရာရထားသည့် လူခုနှစ်ယောက်မှလွဲ၍ ကျန်လူများက ကူးစက်မခံရကြောင်း တွေ့လိုက်ရသည်။
ဇွန်ဘီအပြည့်ကမ္ဘာကြီးထဲ၌ တစ်ချိန်လုံး ကူးစက်လူနာ အမြောက်အများ ရှိခဲ့သည်။ ရှန်းရှန့်စခန်းတွင် မရှိကြပေ။ ဝမ်ချင်းလင်က ရှန်းရှန့်ပြည်နယ်ထဲမှ ဇွန်ဘီများကို ရှင်းပေးလိုက်ပြီ ဖြစ်ရာ ယခင် ကူးစက်ခံလူများက ဇွန်ဘီ ဖြစ်မလာကြပေ။ ကူးပြောင်းမလာခင် အသတ်ခံတာမျိုး ဒါမှမဟုတ် စခန်းမှ ထွက်သွားတာမျိုး ပြုလုပ်ကြ၏။
တာဝန်ကျေပွန်သည့် စခန်းတစ်ခုဖြစ်နေသရွေ့ ကူးစက်ခံလူများကို ဝင်ရောက်ခွင့် ပြုမည် မဟုတ်ပေ။
ဝမ်ချင်းလင်က အောက်နှုတ်ခမ်းကို ကိုက်ကာ တိတ်ဆိတ်နေသည့် မိန်းမငယ်လေးဆီ အကြည့်ရောက်သွားသည်။ သူမမျက်အိမ်များက ဖောင်းကားနေပြီး အချိန်အတော်ကြာ ငိုထားမှန်း သိသာလှသည်။ သူမနားရှိ လူများက သူမကို ဖေးမပေးထားပြီး သူမ ရုတ်ချည်း အသံထွက်လာမည်ကို ကြောက်နေကြဟန်ပေါ်၏။
အကယ်၍ သူသာ သူမကို ကြည့်မနေခဲ့လျှင် ထိုမိန်းကလေး တောင့်ခံထားနိုင်လောက်သော်လည်း ယခုအခါ မျက်ရည်များကျလာသောကြောင့် ဘေးနားက လူများက ထိတ်ထိတ်ပျာပျာဖြင့် ချော့မော့ရတော့သည်။ တချို့က သူမပါးစပ်ကိုပင် ပိတ်ထားချင်ကြ၏။
မိန်းကလေးက သူ့အနားမှ လူများဆီမှ ရုန်းကာ အော်ပြောလိုက်သည် “မြို့အရှင်ဝမ်က နန်းချန်က ဇွန်ဘီတွေကို အရမ်းကြင်နာတယ်လို့ ကြားမိတယ်။ အဲဒါအမှန်ပဲလားဟင် ”
လူတစ်ယောက်က ဇွန်ဘီကို ဘာလုပ်နိုင်မှာလဲ … အစားခံရဖို့ စောင့်နေမှာလား ဒါမှမဟုတ် ကူးစက်ခံရဖို့လား
ထိုမိန်းကလေးက အော်ပြောလိုက်သည် “ညီမအဖေက ကူးစက်ခံထားရပြီးတော့ ညီမကို ဆွဲမခေါ်ချင်ဘူး။ စခန်းကိုလည်း ခက်ခဲအောင် မလုပ်ချင်ဘူးဆိုပြီး နန်းချန်ကို သူ့ဘာသာ ထွက်သွားလို့ပါ။ သူက နန်းချန်က ဇွန်ဘီ ဖြစ်ချင်တယ်တဲ့။ အစ်ကိုကြီးက နန်းချန်က ဇွန်ဘီတွေအပေါ် ကောင်းပေးတယ်ဆို အမှန်ပဲလားဟင် ”
မိန်းကလေးက မြေကြီးပေါ် ဒူးထောက်ကာ မျက်ရည်များဖြင့် “ သူတို့ကို ကြင်နာပေးပါနော် .. အဖေကို ကြင်နာပေးပါ။ သူ့ကို အသတ်ခံရတာမျိုး အစားခံရတာမျိုး မဖြစ်ပါစေနဲ့နော် ”
သူမက မြို့အရှင်ဝမ်အား သူမအဖေကို ကယ်ပေးဖို့ မတောင်းဆိုနိုင်တော့ပေ။ သူမအဖေဖြစ်သူက ဒဏ်ရာအပြင်းအထန် ရပြီး စခန်းဆီ ပြန်လာဖို့ အချိန်လည်း မရှိသလို အမြုတေများလည်း မရှိတော့ချေ။
ဝမ်ချင်းလင်က ကောင်မလေးကို ကြည့်လိုက်သည်။ ဤသည်က လူသားတစ်ယောက်သည် ဇွန်ဘီများကို ကာကွယ်ပေးဖို့ ပထမဆုံးတောင်းဆိုပေးခြင်း ဖြစ်၏။ အစအမှတ်က ဇွန်ဘီပြောင်းသွားသည့် ဆွေမျိုးကို ကာကွယ်ဖို့အတွက် ဖြစ်သော်လည်း သူတို့က ဇွန်ဘီများသာ ဖြစ်၏။
ဝမ်ချင်းလင်က ရှောင်ဟန် မှတ်ဉာဏ်များကို မြင်ခဲ့စဉ်အခါက သူ့အမေက ဇွန်ဘီအဖြစ် ပြောင်းသွားခဲ့သော်လည်း သူက ကာကွယ်ချင်ဆဲ ဖြစ်၏။ သူ့အမေကို သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီးနောက်တွင် ရှောင်ဟန်၏ တစ်ကမ္ဘာလုံး ပြိုလဲသွားရသည်။
ရှောင်ဟန်က ဝမ်ချင်းလင် မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်နေသည်ကို မြင်လိုက်သည်။
“ ဘာဖြစ်လို့လဲ ” ရှောင်ဟန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ဝမ်ချင်းလင်က ရုတ်ချည်း ပြောလိုက်သည် “ အဲအချိန်တုန်းက မင်းလည်း သူမလိုမျိုး စိတ်ဓာတ်ကျနေမလား ”
ရှောင်ဟန်က ကြောင်သွားသည်။ ဝမ်ချင်းလင်က ရှင်းရှင်းလင်းလင်း မပြောသော်လည်း သူက ဝမ်ချင်းလင် ဆိုလိုချင်သည်ကို နားလည်လိုက်သည်။
ဝမ်ချင်းလင်၏ စကားကို ကြားပြီးနောက် အားလုံး၏ နားထဲ အသံတစ်သံ ဝင်ရောက်လာသည် “အခုကစပြီး ဝမ်ချန်အနီးတစ်ဝိုက်မှာ ဇွန်ဘီအမဲလိုက်တာကို တားမြစ်တယ်။ ဇွန်ဘီတိုက်ခိုက်မှုနဲ့ ကြုံရရင် ပြန်တိုက်နိုင်တယ်။ ဒါပေမဲ့ အရင်စပြီးတော့ အမဲလိုက်ပြီး မသတ်ရဘူး။
အားလုံး တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်ပေးဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ တွေ့သွားရင် အခြေအနေပေါ်လိုက်ပြီး အပြစ်ပေးမယ်။ ပြီးတော့ ဇွန်ဘီအမြုတေကို ငွေကြေးအနေနဲ့ မသုံးတော့ဘူး။ ဇွန်ဘီအမြုတေကလွဲရင် အလောင်းသားရဲအမြုတေလိုမျိုး အခြားအမြုတေတွေကို သုံးမယ်။”
လူအုပ်ကြီးက ရုတ်ချည်း ဆူညံပွက်လောရိုက်သွားလေသည်။ အားလုံးက နားမလည်ကြတော့ပေ။
မြို့အရှင်ဝမ်က တကယ်ကြီး ဇွန်ဘီတွေကို ကာကွယ်ပေးချင်တာလား …
တကယ်ကို မယုံနိုင်စရာပဲ …
သာမန်လူသားများအတွက် ဇွန်ဘီအမြုတေကို ငွေကြေးအဖြစ် သုံးစွဲကြပြီး စွမ်းအားရှင်များက သူတို့စွမ်းအား တိုးတက်လာဖို့အတွက် အသုံးပြုကြသည်။
“အစားအစာအတွက် သူတို့ကို မသတ်ရင် သူတို့က ပြန်အမဲလိုက်ကြမှာပဲ။ စွမ်းအားရှင်များအတွက် ဇွန်ဘီအမြုတေများ မရှိတော့ရင် အင်အား မတိုးတက်လာနိုင်တော့ဘူးလေ။ မြို့အရှင်ဝမ်ရဲ့ အမိန့်က အကျိုးအကြောင်းမသင့်ဘူး ”
ဝမ်ချင်းလင်၏ အကြည့်များက ရှင်းလင်းနေဆဲ ဖြစ်၏။
သူက ဘာခံစားချက်မှမရှိဘဲ ပြောလိုက်သည် “ဒီနေ့ကစပြီး လင်းချန်အနား ရစ်သီရစ်သီလုပ်နေတဲ့ ဇွန်ဘီတွေအားလုံးကို ဝမ်ချန်မြို့အပြင်မှာ စုစည်းပေးမယ်။ မင်းတို့သာ ဇွန်ဘီပိုင်နက်ထဲ ခွင့်ပြုချက်မရှိဘဲ မဝင်သရွေ့ ဇွန်ဘီနဲ့ မတိုးစေရဘူး။ စောစောကပြောသလိုပဲ သားရဲအမြုတေကိုလည်း သုံးလို့ရတယ် ”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လူသားက သားရဲအမြုတေ ဘယ်လိုလုပ် သုံးနိုင်မှာလဲ။ တိရစ္ဆာန်ရဲ့ အတွင်းအင်္ဂါတွေက လူသားခန္ဓာကိုယ်ထဲ ကူးပြောင်းလို့မှ မဖြစ်တာ ”
“ ဟုတ်တယ်။ တချို့လူတွေ သားရဲအမြုတေ စုပ်ယူပြီးတော့ စွမ်းအားသုံးလိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားတာတဲ့။ အရမ်းအန္တရာယ်များလွန်းတယ် ”
“ ဇွန်ဘီအမြုတေက ပိုအန္တရာယ်ကင်းတယ် ”
“ ဇွန်ဘီအမြုတေသုံးတာက ကျုပ်တို့ လွတ်လပ်ခွင့်ပဲ။ မြို့အရှင်ဝမ်က လိုက်ပိတ်ပင်နေလို့ မရဘူး။ ဒါက လွတ်လပ်ခွင့်ပဲ ”
“ဝမ်ချန်က ဇွန်ဘီတွေကို အမဲလိုက်တာနဲ့ သတ်ဖြတ်တာကို တားဆီးလိုက်ပြီ။ သူတို့က လူသားစားဖို့ပဲ သိတဲ့ ဇွန်ဘီတွေ ဖြစ်လာပြီလေ ဘာလို့ ကာကွယ်ပေးနေတာလဲ။ လူသားမျိုးနွယ်အတွက် ဇွန်ဘီတွေကို တတ်နိုင်သမျှ များများသတ်လိုက်တာ ပိုမကောင်းဘူးလား ”
ဝမ်ချင်းလင်၏ အကြည့်များက အေးစက်လာစဉ် ရှောင်ဟန်က ဝင်ပြောလိုက်သည် “ငါလည်း ခင်ဗျားတို့လို တွေးခဲ့ဖူးတယ်။ ဇွန်ဘီတွေကို ဖျက်ဆီးပစ်ရမယ်ပေါ့ … ဒါပေမဲ့ အခုတော့ ဇွန်ဘီတွေကလည်း လူသားတွေဆိုတာ သဘောပေါက်လာတယ်။ သူတို့က ဇွန်ဘီဗိုင်းရပ်ကြောင့်သာ အသိစိတ်မရှိဘဲ အမဲလိုက်ဖို့ပဲ သိတဲ့ ဇွန်ဘီ ဖြစ်လာရတာ။
ခင်ဗျားတို့က ဇွန်ဘီတွေကို သတ်ဖြတ်ဖျက်ဆီးပစ်ဖို့ ဆူညံအောင်ပြောနေကြတယ်။ ဒါပေမဲ့ တစ်ရက်ကျ ဇွန်ဘီဗိုင်းရပ် ဖြေရှင်းသွားနိုင်တဲ့အခါ ဇွန်ဘီတွေက လူသားတွေ ဖြစ်လာနိုင်တယ်လို့ တွေးဖူးလား။ ခင်ဗျားတို့ သတ်လိုက်တာက ခင်ဗျားတို့ ဆွေမျိုးတွေလည်း ဖြစ်နေနိုင်တယ်။ အဲဒီအခါ နောင်တမရဘူးလား ”
ရှောင်ဟန် ပြောလိုက်သည့်အခါ အားလုံးက တိတ်ဆိတ်သွားလေသည်။
အကယ်၍ ဇွန်ဘီများသာ ကုသနိုင်လျှင် သူတို့ဆွေမျိုးများနှင့် မိတ်ဆွေများကို အဘယ်ကြောင့် ပြန်သတ်ချင်မည်နည်း။
သူတို့က ဇွန်ဘီများကို ဖျက်ဆီးပစ်ဖို့ ပြောနေကြခြင်းမှာ ဇွန်ဘီများကို မကယ်နိုင်ဘူးဟု ယုံကြည်ထား၍ ဖြစ်သည်။ မဟုတ်ပါက သူတို့ ဒီလိုစကားမျိုး ထုတ်ပြောမည် မဟုတ်ပေ။
နောက်ဆုံးတွင် တစ်ယောက်ယောက် တုန်တုန်ယင်ယင်ဖြင့် မေးလာ၏ “ဇွန်ဘီ… တွေကို တကယ် … ကုသနိုင်တာလား “
အားလုံးက ရှောင်ဟန်ကို ကြည့်လိုက်သည်။ ရှောင်ဟန်က ဝမ်ချင်းလင်အား ကြည့်လိုက်သောကြောင့် အားလုံးက ဝမ်ချင်းလင်အား အကြည့်ပြောင်းလိုက်ကြသည်။ ဝမ်ချင်းလင်က ခေါင်းအသာညိတ်လိုက်စဉ် အားလုံးက သူတို့နှလုံးသား လည်ပင်းမှ ခုန်ထွက်လာတော့မလို ခံစားလာရပြီး အသက်ရှုရပ်မတတ် စိတ်လှုပ်ရှားလာကြသည်။
ရှောင်ဟန်က ပြောလိုက်သည် “ အမှန်အတိုင်းပြောရရင် ဝမ်ချန် စမ်းသပ်ခန်းက အခု ဇွန်ဘီတွေကို လူသားအဖြစ် ပြောင်းနိုင်ဖို့ ကူးပြောင်းရေးပစ္စည်းကို စမ်းသပ်နေတာ။ အခု ဆေးစမ်းသပ်တဲ့ အဆင့် ရောက်နေပြီ။ ဇွန်ဘီတွေက လူသားအဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းပြီးပြီ။ ဒါပေမဲ့ စောင့်ကြည့်နေဆဲ အခြေအနေပဲ ရှိသေးတယ် ”
အားလုံး၏ ခံစားချက်များ ပွင့်အန်လာကြသည်။
တချို့လူများက နာကျင်စွာ အော်ငိုနေကြပြီး တချို့က စိတ်လှုပ်ရှားလွန်း၍ မေ့လဲသွားကြသည်။ တချို့လူများက ဖက်ကာ ခါးခါးသီးသီး ငိုကြွေးနေကြသော်လည်း မျက်နှာများက ပြုံးရွင်နေလေသည်။ သူတို့အမူအရာများက ရယ်စရာကောင်းလှ၏။ တချို့လူများက ဆက်တိုက်အော်ကာ သူတို့ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်း မပြောပြတတ်ကြတော့ပေ။
ဝမ်ချင်းလင် “ …. ”
ဝမ်ချင်လင်က လူအုပ်စုကြီး ရူးသွပ်သွားပြီလားဟု ကြည့်လိုက်ပြီးနောက် ရှောင်ဟန်ကို ကြည့်လိုက်သည်။ ရှောင်ဟန်လည်း ပြုံးနေသည်ကို မြင်လိုက်ရ၏။
စင်မြင့်ပေါ်တွင် ရပ်ကာ ချန်းပိုဟိန်နှင့် အခြားလူများက အခြေအနေ ဝင်ထိန်းလိုက်ကြသည်။ အကြောင်းမှာ သူတို့အနေအထားသူ ထိန်းရဦးမည် မဟုတ်ပါလော “အဲဒါ … ”
“ အဲဒါအမှန်ပဲ ” ဝမ်ချင်းလင်က ပြန်ဖြေလိုက်သည် “သူတို့ တိတ်တိတ်လေး နေလို့ ရပြီလား ”
ချန်းပိုဟိန်က ချက်ချင်း ဝင်ထိန်းပေးလိုက်သည်။ သို့သော် အသုံးမဝင်ပေ။ အားလုံးက စိတ်လှုပ်ရှားနေကြသောကြောင့် အားလုံးကို တိတ်တိတ်နေကြပြီး မြို့အရှင်ဝမ် ပြောမည့်စကားကို နားထောင်ဖို့ လူလွတ်ကာ အော်ခိုင်းလိုက်ရသည်။
လူအုပ်စုလိုက်ကြောင့် နေရာတစ်ခုလုံး ပြန်လည် ငြိမ်သက်သွားသည်။
တချို့လူများက ကြို့ထိုးရင်း ရှိုက်နေဆဲ ဖြစ်ကာ ဝမ်ချင်းလင်အား အမှန်လားဟု မေးကြည့်ချင်ကြသည်။
ဒီလိုကိစ္စမျိုးကို လိမ်၍ မဖြစ်ပေ။
ဝမ်ချင်းလင် “အမှန်ပါ။ အဲကြောင့် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို ကယ်ချင်တဲ့လူတွေ အမြုတေပဲ ပြင်ထားကြပါ။ ဝမ်ချန်က ဇွန်ဘီအမြုတေကလွဲရင် ကျန်တာလက်ခံပါတယ် ”
ဝမ်ချင်းလင်က ချန်းပိုဟိန်ကို ပြောလိုက်သည် “ သားရဲအမြုတေကို ယူခဲ့လိုက်ပါ။ တကယ် အန္တရာယ်များလား ကိုယ်တိုင်ကြည့်ချင်တယ် ”
ချန်းပိုဟိန်က အလောင်းသားရဲ၏ အမြုတေ သယ်ဆောင်လာသည့် သေတ္တာကို ထုတ်ပေးလိုက်သည်။
ဝမ်ချင်းလင်က ပင်းပေါင်ဘောလုံးအရွယ်လောက် မီးခိုးရောင် အလုံးကို ကြည့်ပြီး “ဒါက အလောင်းသားရဲ ဦးနှောက်ထဲက အမြုတေပဲ ”
အားလုံးရှေ့တွင် ဝမ်ချင်းလင်က အလောင်းသားရဲ အမြုတေကို ဘာမှမကျန်တော့သည့်အထိ စုပ်ယူပြလိုက်သည်။ ထို့နောက် သူက ဂရုတစိုက်ဖြင့် “ သာမန်အလောင်းသားရဲရဲ့ အမြုတေစွမ်းအားက … သာမန်ဇွန်ဘီ အမြုတေ ဆယ်ခုစာလောက်ရှိတယ် ”
ဝမ်ချင်းလင် “ ဘာမှမှားတယ်လို့တော့ မခံစားရဘူး ”
အားလုံး “ … ”
အားလုံးက မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။
အဲဆို သားရဲအမြုတေက စွမ်းအားအများကြီး ပါတာပေါ့ …
ဝမ်ချင်းလင်က လူကြီးလက်သီးအရွယ်လောက်ရှိသည့် နောက်ထပ် အပြာရောင်အမြုတေကို ထုတ်လိုက်သည်။ အရောင်လေးက အရမ်းလှ၏။ သူက လက်ထဲတွင် ကိုင်ထားရင်း ကစားကြည့်နေသည်။
ဝမ်ချင်းလင် “ဒါက ဆင့်ကဲအလောင်းသားရဲရဲ့ အမြုတေပဲ။ ဒီလောက်အရွယ်အစားနဲ့ဆိုရင် အထဲက စွမ်းအားကလည်း စိတ်ပျက်စရာ မဟုတ်လောက်ဘူး ”
အားလုံးက အမြုတေလှလှလေးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး မြို့အရှင်ဝမ် ပေါက်ကွဲသွားမည်ကို စိုးရိမ်နေကြသည်။
ရှောင်ဟန်က ဝမ်ချင်းလင် လက်ကို ကိုင်ကာ နားထဲ တီးတိုးပြောလိုက်သည် “ မင်းအခြေအနေက ထူးခြားတယ်။ မင်းက သားရဲအမြုတေကို စုပ်ယူနိုင်ပေမဲ့ တခြားစွမ်းအားရှင်တွေက လုပ်နိုင်မှ လုပ်နိုင်မှာ။အရင်ဆုံး တစ်ယောက်ယောက် စမ်းကြည့်ခိုင်းတာ ပိုကောင်းလိမ့်မယ် ”
ဝမ်ချင်းလင်က သူ့အား စိုက်ကြည့်လိုက်ပြီး “အဲလောက်တောင် ရှုပ်တာလား ”
ရှောင်ဟန်က သူ့အား ဖျောင်းဖျလိုက်သည် “လူသားအသက်တွေလေ … မင်းရဲ့ ဂုဏ်သတင်းအရ တခြားသူတွေ မင်းအတိုင်း သားရဲအမြုတေ လိုက်စုပ်ယူပြီး ပေါက်ကွဲသေသွားတယ်ဆိုရင် မင်းကို လူလိမ်လို့ ခေါ်ကုန်မှာပေါ့။ အဲဆိုရင် မင်းရဲ့သိက္ခာ ရေစုန်မျောပြီလေ။ ဘယ်သူက မင်းကို ယုံတော့မှာလဲ။ မင်း အဲလိုဖြစ်ချင်ရဲ့လား ”
ဝမ်ချင်းလင်က မျက်လုံးအပြူးသားဖြင့် “ ဘယ်သူက ငါ့ကို ဆူငေါက်ရဲမှာလဲ ”
အားလုံး “ …”
ရှောင်ဟန် “ … ”
ရှောင်ဟန်က ချန်းပိုဟိန်အား ပြောလိုက်သည် “အရင်ဆုံး သားရဲအမြုတေကို လေ့လာဖို့ ယူသွားလိုက်မယ်။ တတ်နိုင်သမျှ အဖြေပြန်ပေးပါ့မယ် ”
ဤသည်မှာ ဘေးအကင်းဆုံး နည်းလမ်း ဖြစ်၏။
ဖြေဆေးအတွက် လူခုနှစ်ယောက်က လုံလောက်လေပြီ။ နောက်အဆင့်က ကာကွယ်ဆေးအတွက် စမ်းသပ်ရန် ဖြစ်၏။
အားလုံးက မြို့အရှင်ဝမ်၏ ရွေးချယ်မှုကို မျှော်လင့်တကြီး ရင်ခုန်စောင့်ဆိုင်းနေကြသည်။