(86)

(86)

Tee Ko

"ကော....ကျွန်တော့်ကိုတစ်ခုလောက်ကူညီ...."


အနားမှာရှိနေတဲ့ထင်းယီဟာ ရဲ့ချင်၏စကားကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။


"ငါလည်းကူညီနိုင်ပါတယ်"


ထင်းယီက အပြုံးဖျော့ဖျော့ဖြင့် မထင်မှတ်ထားစွာအမှတ်ဝင်ယူလိုက်သည်။ ရဲ့လင်းဝူ၏မျက်နှာကချက်ချင်းမဲမှောင်သွား၏။ ရဲ့ချင်ကတော့ ကူညီမယ့်လူတစ်ယောက်ပိုလာတာကို များများစားစားတွေးတောမနေပေ။


ရဲ့ချင်ဟာ ကုန်းချွင်ကိုညွှန်ပြလိုက်သည်။


"သူ တစ်ခြား ဘာကိုမှအာရုံမစိုက်နိုင်အောင် အချိန်ဆွဲထားပေးလို့ရမလား"


ဘယ်သူပဲဖြစ်ဖြစ် အာရုံလွှဲထားပေးရင်အဆင်ပြေပြီ။


ရဲ့လင်းဝူပါးစပ်ဟ ရုံရှိသေးပေမယ့် ထင်းယီကသွက်လက်စွာပြန်ဖြေပြီးနေပြီ။


"ငါလုပ်ပေးမယ်"


ရဲ့လင်းဝူ : "....."


ရဲ့လင်းဝူဟာ ထင်းယီကိုမုန်းတီးစွာစူးစိုက်ကြည့်လိုက်မိသည်။ ယခုကုန်းချွင်၏အာရုံက လူတိုင်းအပေါ်ဖြန့်ကျက်နေသည်။ တစ်စုံတစ်ယောက်တည်းအပေါ်အာရုံစူးစိုက်လာအောင် ပြုလုပ်ဖို့က တိုက်ခိုက်မှုကြီးကြီးမားမားနဲ့ အားစိုက်ထုတ်မှုလိုအပ်သည်။ ဒါကထင်သလောက်တော့မလွယ်ကူပေ။


ရဲ့ချင်ဟာ ထင်းယီနားနားသို့တိုးကပ်သွားပြီး ပြောသည်။


"ဟန်ပြပဲလုပ်"


နွေးထွေးသည့်လေငွေ့နွေးနွေးက ထင်းယီ၏အဖြူရောင်နားရွက်ကို နူးညံ့စွာထိတွေ့ဖြတ်တိုက်သွားသည်။ ထင်းယီက နားလည်စွာခေါင်းငြှိမ့်၏။ ပြီးနောက် သွက်လက်စွာလှမ်းအော်လိုက်သည်။


"ဟေး....ငါ့အနီးနားတစ်ဝိုက်ကို တစ်ချက်လောက်ရှင်းပေးနိုင်မလား"


မဆုံးနိုင်သည့်အငြှိုးကြီးဝိဥာဉ်လှိုင်းကို ရှင်းလင်းနေသည့် လူလေးယောက်မှာ မျက်လုံးစောင်းရုံသာကြည့်ပြီး ဘာမှပြန်မဖြေပေ။


ထင်းယီဟာ ထပ်ဖြည့်ပြောလိုက်သည်။


"ရဲ့ချင်လုပ်ခိုင်းတာ"


ဝှစ်!


ချက်ချင်းဆိုသလို ထင်းယီအနားတစ်ဝိုက်တွင် ရှင်းလင်းသည့်ကွင်းပြင်ကြီးတစ်ခုပေါ်ပေါက်လာ၏။ ရဲ့လင်းဝူ၏နှုတ်ခမ်းထောင့်တွေမှာ အနည်းငယ်တွန့်သွားသည်။


သူ့မသိစိတ်အရ ရဲ့ချင်ကို ဝန်တိုစိတ်အပြည့်ဖြင့်ဆွဲခေါ်ကာ သူ့ခန္ဓာကိုယ်နဲ့ အပြည့်အဝကာလိုက်မိသည်။ တော်တော်များများက ရဲ့ချင်ကိုသူ့ရင်ခွင်ထဲကဆွဲထုတ်သွားချင်နေကြသည်။ အခုချိန်မှာ ရဲ့ချင်၏ကာကွယ်စောင့်ရှောက်ခွင့်ရှိသော အစ်ကိုကြီးတစ်ယောက်အနေဖြင့်အနီးကပ်စောင့်ရှောက်ခွင့်ရတာက မထူးဆန်းပေမယ့် နောင်အနာဂတ်မှာ ရဲ့ချင်ကတစ်စုံတစ်ယောက်ကိုချစ်မိသွားခဲ့ရင်ရော။


ရဲ့လင်းဝူ၏မျက်နှာမှာချက်ချင်းညှိုးကျသွားသည်။ ထိုအရာက သူ့နှလုံးသားထဲစိုက်ဝင်နေသည့် အကြီးမားဆုံးဆူးတစ်ချောင်းဖြစ်သည်။


"ဖုန်းမင်!"


ထင်းယီက လှမ်းအော်လိုက်သည်။


"ငါ့တာဝန်ထားလိုက်"


ထင်းယီက လက်မထောင်ပြရင်း သူ့လက်ချောင်းတွေကိုပင့်တင်လိုက်သလိုမျိုးလှုပ်ရှားလိုက်၏။ ချက်ချင်းဆိုသလို ထူထဲသည့်မြေနံရံကြီးတွေက ကြမ်းပြင်ထဲကထွက်ပေါ်လာပြီး အငြှိုးကြီးဝိဥာဉ်တွေနဲ့ အရိပ်မဲတွေအား ထင်းယီအနားထပ်ကပ်မလာနိုင်အောင်တားဆီးလိုက်သည်။


ထင်းယီကအသက်ပြင်းပြင်းရှုရင် တည်ငြိမ်အောင်သူ့မျက်ဝန်းတွေကိုခဏမျှမှေးမှိတ်လိုက်သည်။ တောက်ပသည့်ရွှေရောင်အမှန်အသားတစ်ခုက သူ့နဖူးတည့်တည့်တွင် ပေါ်ပေါက်လာပြီးနောက် မှိတ်ထားသည့်မျက်ဝန်းတွေကိုတစ်ဖန်ပြန်ဖွင့်လိုက်သည်။ မျက်စိကျိန်းလောက်သည့်ရွှေရောင်မျက်ဝန်းတစ်စုံက မြင့်မြတ်သည့်ကောင်းချီးအပြည့်နဲ့အတူ ထင်းယီ၏အနောက်တွင် တောင်ပံခြောက်ခုဖြင့် ကြီးမားသည့်စစ်သည်တော်တစ်ဦး၏ ပုံပန်းသဏ္ဍာန်ပေါ်ပေါက်လာသည်။


"သန့်စင်တဲ့အလင်းစွမ်းအားပဲ"


ရဲ့ချင်ခန္ဓာကိုယ်ထဲက ကတ်ခ်ျ၏ရေရွတ်သံထွက်ပေါ်လာသည်။ ရဲ့ချင်သူ့မျက်တောင်တွေကိုမသိမသာအောက်စိုက်ချလိုက်သည်။


သူ့အနီးအနားက လူတိုင်းမှာသာမန်လူတစ်ယောက်မှမဟုတ်ပေ။ ဒါကအရမ်းတိုက်ဆိုင်လွန်းနေသည်။ ကြောက်စရာကောင်းအောင်ကိုတိုက်ဆိုင်လွန်းနေ၏။ မသိရင်တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိစီစဉ်ပြီး သူ့အနားပို့ခဲ့သလိုမျိုးကြီး။


ရဲ့ချင်ဟာ သူ့ခေါင်းထဲကသံသယတွေကိုအရင်ဆုံးရှင်းထုတ်လိုက်ပြီး ကုန်းချွင်နားမသိမသာချည်းကပ်သွားဖို့ကိုသာအာရုံစိုက်ထားလိုက်သည်။


"ဘယ်သွားမလို့လဲ"


ရဲ့ချင်၏လက်ကောက်ဝတ်ကို လျှင်မြန်စွာဆွဲလိုက်ပြီး မျက်စိမျက်နှာပျက်ပျက်ဖြင့် ရဲ့လင်းဝူကမေးသည်။


"စိတ်မပူပါနဲ့...."


ရဲ့ချင်ဟာ ရဲ့လင်းဝူ၏စိုးရိမ်ပူပန်မှုကိုခံစားမိတာကြောင့် လက်ဖဝါးကိုခပ်ဖွဖွပုတ်ကာနှစ်သိမ့်လိုက်သည်။


"ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်တော့ မလုပ်ပါဘူး"


ထို့နောက် ရဲ့လင်းဝူလက်ကိုခပ်ဖွဖွဆွဲခွာရင်း ထွက်သွားသည်။ ရဲ့လင်းဝူဟာသူ့လက်ချောင်းတွေကို စူးစိုက်ကြည့်ရင်း ငြိမ်သက်စွာကျန်ရစ်ခဲ့၏။


ထင်းယီခန္ဓာကိုယ်ကဖြာထွက်လာသည့် အလင်းစွမ်းအင်မှာသန့်စင်လွန်းတာကြောင့် သေးငယ်သည့်အလင်းအပိုင်းအစလေးနဲ့ထိမိသွားရင်တောင် အငြှိုးကြီးဝိဥာဉ်တွေနှင့် အနက်ရောင်မြူခိုးတွေကဖန်တီးထားသည့်အရိပ်မဲတွေမှာ ချက်ချင်းအငွေ့ပြန်ပျောက်ကွယ်သွားကြသည်။


အလင်းစွမ်းအင်နဲ့အမှောင်စွမ်းအင်က ရှားပါးစွမ်းအင်နှစ်မျိုးဖြစ်ကြပြီး နှစ်ခုလုံးကလုံးဝဆန့်ကျင့်ဘက်သို့ဦးတည်နေကြသည့်အရာတွေဖြစ်ကြသည်။ အလင်းနဲ့အမှောင်က ယှဉ်တွဲနေသော်လည်း ဘယ်သောအခါမှမပေါင်းစပ်နိုင်ပေ။ ထင်းယီ၏လှုပ်ရှားမှုက အတော်လေးပြင်းထန်လွန်းတာကြောင့် ကုန်းချွင်၏အာရုံမှာသူ့ဆီစိုက်စိုက်မြိုက်မြိုက်ရောက်ရှိသွားခဲ့သည်။


အမှောင်စွမ်းအားမှာ ပိုမိုထူထပ်သိပ်သည်းလာပြီး ကုန်းချွင်အနောက်တွင်လက်ခြောက်ချောင်းဖြင့်အနက်ရောင်ဘီလူးကြီးတစ်ကောင်၏ ကြီးမားသည့်ပုံရိပ်တစ်ခုပေါ်ပေါက်လာသည်။ အလင်းနှင့်အမှောင်ကြားက ကြီးမားသည့်စစ်ပွဲကြီးစတင်တော့မည့်အခိုက်အတန့်တွင် ကုန်းချွင်ဟာ ရုတ်ချည်းဆိုသလို အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရပြီး ကြမ်းပြင်ပေါ်ဖိချခံလိုက်ရသည်။


အသိစိတ်လွတ်နေသည့်ကုန်းချွင်ဟာ ထိုအခိုက်အတန့်တွင်အတော်လေးဒေါသထွက်သွားဟန်ရသည်။ သူ့ခန္ဓာကိုယ်ထဲကနေ ထူထပ်သိပ်သည်းလွန်းသည့်အနက်ရောင်မြူငွေ့၊တစ်နည်းအားဖြင့် အမှောင်စွမ်းအားတွေမှာ ခန်းမကြီးတစ်ခုလုံးဖုံးလွှမ်းသွားသည်အထိ လျှင်မြန်စွာပျံ့နှံ့လာသည်။


ထင်းယီထုတ်လွှင့်ထားသည့် အလင်းစွမ်းအားရှိရာပတ်ဝန်းကျင်ကလွဲလို့ ပတ်ဝန်းကျငိတစ်ခုလုံးကိုနှစ်ပေါင်းများစွာစုစည်းထားသည့် မြူခိုးနက်တွေထုံးလွှမ်းသွားခဲ့လေသည်။


ရဲ့လင်းဝူတို့လူစုမှာ ချက်ချင်းဆိုသလိုမျက်စိမျက်နှာပျက်သွားသည်။


"ရဲ့ချင်!"


ရဲ့ချင်က အမှောင်စွမ်းအား၏သက်ရောက်ခြင်းကိုမခံရပေ။ သူ့ခန္ဓာကိုယ်ထဲကအမည်မသိစွမ်းအားက သူ့အနားက အမှောင်စွမ်းအားတွေကို အလိုလျောက်ဓာတ်ပြယ်သွားအောင်ချေဖြတ်ပေးနေသည်။ သူ ရူးသွပ်သလိုမျိုးပြုမူနေသည့်ကုန်းချွင်ကို အတင်းဖိချုပ်ထားရာကနေ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။


"ကုန်းချွင်!"


နှစ်ပေါင်းများစွာကြာအောင် အစီအရင်၏ထိန်းကျောင်းခြင်းခံထားရသည့်ကုန်းချွင်ဟာ အနည်းနဲ့အများဆိုသလိုမှတ်ဥာဏ်တွေချို့ယွင်းလျက် တိုက်ခိုက်ဖျက်ဆီးဖို့ကလွဲ၍ ဘာဆိုဘာမှမသိသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာသည်။ သို့ပေမယ့် ရဲ့ချင်၏စကားက ကုန်းချွင်ရဲ့ခန္ဓာကိုယ်ကိုစက္ကန့်ပိုင်းချငြိမ်ကျသွားစေသည်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပြန်လည်ရူးသွပ်လာပြီး သူ့ပါးစပ်ကိုဟကာ ရဲ့ချင်၏လည်ပင်းကိုကိုက်ချလိုက်သည်။


"သခင်!!"


"မထွက်လာနဲ့!"


နဖူးအလည်ကတောက်ပမှုကို ရဲ့ချင်ကစကားတစ်ခွန်းနဲ့အမြန်တားဆီးလိုက်သည်။ ကတ်ခ်ျက ရဲ့ချင်အကိုက်ခံလိုက်ရသည်ကို လုံးဝမထင်မှတ်ထားခဲ့ပုံရသည်။


"သ ခင် "


ကတ်ခ်ျ၏ ပုံမှန်ပေါ့ပေါ့ပါးပါးအသံက မသိမသာတုန်ရီနေ၏။


"ငါ အဆင်ပြေတယ်"


သူ့ခန္ဓာကိုယ်က နူးညံ့ပေမယ့် အရမ်းကြံ့ခိုင်သည်။ ကုန်းချွင်ကိုက်ချက်က သူ့ကိုသိပ်မနာကျင်စေပေ။ တစ်ဖက်က သေလောက်အောင်ကိုက်ဆွဲထားရင်တောင် နူးညံ့တဲ့အသားအရေပေါ် ကိုက်ရာချန်ထားနိုင်ရုံကလွဲပြီး ဘာမှထူးခြားမှာမဟုတ်ပေ။


သို့ပေမယ့် ကုန်းချွင်ကအားထည့်ကိုက်ခါနီးတွင် ချက်ချင်းထိန်းချုပ်ခံရသလိုမျိုး အရမ်းအားလျော့သွားတာကိုသူခံစားမိ၏။ ဒါကြောင့်ပဲ ကတ်ခ်ျကိုတားဆီးလိုက်တာဖြစ်သည်။ ကုန်းချွင်က သူ့ကိုစနောက်ကျီစယ်သည့်ဟန်ဖြင့် လည်ပင်းကိုငုံခဲထားခဲ့သည်။ အတော်ကြာငြိမ်သက်နေပြီးနောက် လျှာဖျားလေးထုတ်ပြီး လျက်လိုက်သည်။


ရဲ့ချင်ခန္ဓာကိုယ်မှာ အနည်းတွန့်သွားသည်။ ကုန်းချွင်ဟာ သူ့ခေါင်းကြီးဖြင့်ရဲ့ချင်လည်တိုင်ကြားထဲတိုးဝေ့ပူးကပ်ကာ ရင်းနှီးကျွမ်းဝင်နေသည်ကိုယ်သင်းနံ့ကို ခပ်ပြင်းပြင်းရှုရှိုက်သည်။ ပုံမှန်အားဖြင့်သေဆုံးပြီးသားဝိဥာဉ်တွေက အသက်ရှုနိုင်ခြင်းမရှိသော်လည်း ကုန်းချွင်၏ဝိဥာဉ်ကိုယ်ထည်က သာမန်လူ့ခန္ဓာကိုယ်လုပ်ဆောင်မှုအတိုင်းအတုခိုးဖို့ရန်မခက်ခဲပေ။


နွေးထွေးမှုကင်းမဲ့သည့်ဝင်လေထွက်လေက ရဲ့ချင်၏ကျောက်စိမ်းကဲ့သို့နားရွက်ဖျားလေးကိုဖြတ်သန်းပြီးနောက် အနည်းငယ်အက်ကွဲနေသည့် အသံကိုကြားလိုက်ရသည်။


"နတ်သား ကိုကို"


__________________________________________________________________

Report Page