69

69


အခန်း (၆၉)

 

သူတို့ ဖော်ထုတ်ခံလိုက်ရသည်ကို မြင်ပြီးနောက် ဆက်လက် မပုန်းအောင်းနေတော့ဘဲ နေရာမှာတင် လွှသွားပုံ သွားပုံပြောင်းလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် အနီးရှိ လူများဆီ ခုန်အုပ်ကြသည်။ ရုတ်ချည်းဆိုသလို မြေပေါ်မှ သစ်သားချွန်များစွာ ထွက်လာပြီးနောက် လေထဲရှိ အလောင်းလူသားများကို ထိုးဖောက်ပစ်လိုက်သည်။ သေနတ်ပင် မပစ်လိုက်ရဘဲ သစ်သားချွန်များက ခေါင်းတည့်တည့် ထိုးဖောက်ပစ်လိုက်လေသည်။

ဝမ်ချင်းလင် “စုစုပေါင်း အလောင်းလူသား ၃၈ ယောက်ဆိုတော့ အမြုတေ ၁၉၀၀ ကျမယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

ချန်းပိုဟိန် “ … ”

ဝမ်ချူး “ … ”

အားလုံး  “ … ”

မင်းက ရှင်းတောင် မရှင်းရသေးဘဲနဲ့ တွက်ချက်ပြီးသွားပြီလား …

အသက်ရှင်ကျန်သူ “ … ”

လူများစွာက ပြန်တွေးကာ ထိတ်လန့်နေကြဆဲ ဖြစ်၏။ ဦးနှောက်ရှော့ရိုက်ခံရသည့်အလား လူသားစား မကောင်းဆိုးဝါးများကိုသာ ခေါင်းတည့်တည့် မထိုးဖောက်မိသွားလျှင် သေဆုံးမည့်လူများက သူတို့ ဖြစ်သွားနိုင်သည်။

ချန်းပိုဟိန်ကလည်း သေသပ်လှသည့် နည်းလမ်းကို ကြည့်ကာ တအံ့တဩ ဖြစ်နေမိသည်။ သူ့အသံက နည်းနည်းနေရခက်စွာဖြင့်  “အကုန်ရှင်းသွားပြီတာလား ”

ဝမ်ချင်းလင် “အကုန်ပဲ ”

ချန်းပိုဟိန် “ တကယ်လို့ နောင်မှာ ဒီလိုမျိုး ထပ်ရှိလာခဲ့တာမျိုး … ”

ဝမ်ချင်းလင်က ခဏတာ တွေးလိုက်ပြီးနောက် “ အမြုတေသာ ပြင်ထားလိုက်ပါ။ ပုံမှန်ရှင်းပေးဖို့ လူလွှတ်ပေးမယ် ”

ချန်းပိုဟိန်က သက်ပြင်းချလိုက်မိသည်။

ဝမ်ချင်းလင်က အသက်ရှင်ကျန်သူများကို စိုက်ကြည့်ရင်း ကြင်ကြင်နာနာ သတိပေးလိုက်သည် “ ခင်ဗျားတို့ ကြိုးစားပြီးတော့ မကောင်းဆိုးဝါး ဖြစ်လာလိုက်စမ်းပါ။ အဲဒါမှ ကျွန်တော်က အမြုတေ ပိုရမှာလေ။ ခင်ဗျားတို့ မကောင်းဆိုးဝါး ဖြစ်လာဖို့ ရွေးချယ်လိုက်တာနဲ့ ဘယ်လောက်ပုန်းနေနေ တွေ့အောင်ရှာပြမယ် ”

အသက်ရှင်ကျန်သူများ “ … ”

နတ်ဆိုးလား …

ချန်းပိုဟိန် “ … ”

ဝမ်ချူး “ … ”

ဒေါက်တာဝမ်က သူတို့ကို ပြဿနာကူရှင်းပေးလိုက်တာမလို့ ကျေးဇူးတင်သင့်တာကို ဘာလို့များ နတ်ဆိုးလို့ တွေးမိသွားပါ့လိမ့် …

ချန်းပိုဟိန်က အားလုံးကို လူစုခွဲခိုင်းလိုက်ပြီးနောက် အမြုတေထုတ်ကာ ဝမ်ချင်းလင်အား ပေးလိုက်သည်။

ဝမ်ချင်းလင်က လက်ဝေ့ကာ “ဒီလူတွေကို စခန်းမှာ လက်ခံထားလို့ ဖြစ်မလား ”

ချန်းပိုဟိန်က သဘောတူလိုက်သည် “ရတာပေါ့ ”

ဝမ်ချူးက ပြောလိုက်သည် “ ဒေါက်တာဝမ်က မိတ်ဆက်မပေးတော့ဘူးလား ”

မိတ်ဆက်မှုအရ အရေးပါပုံကို သိနိုင်လေသည်။

ဝမ်ချင်းလင် “ဒါက လော့ကျစ်။ လော့ဖုန်းကြွယ်ရဲ့ အဖေ ”

ချန်းပိုဟိန်နှင့် ဝမ်ချူးတို့က နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်လုံးက ဝမ်ချင်းလင်နှင့် လော့ဖုန်းကြွယ်တို့သည် ညီအစ်ကိုကောင်းများ ဖြစ်ကြောင်း သိထားကြပြီး လော့ဖုန်းကြွယ်က ဝမ်ချင်းလင် အခြေစိုက်စခန်းထဲ မဝင်နိုင်ခဲ့ပေ။ သို့သော် ဝမ်ချင်းလင် စကားကို နားထောင်ပြီး လင်းချန်အခြေစိုက်စခန်းမှ ဝေးဝေးသို့ ထွက်သွားခဲ့သည်။ ယခု ဝမ်ချင်းလင်က လော့ဖုန်းကြွယ် ဖခင်ဖြစ်သူကို ကာကွယ်ပေးထားသည်။

ဒါက ဘယ်လောက်တောင် ကောင်းတဲ့ ညီအစ်ကိုဆက်ဆံရေးမျိုးလဲ ….

ချန်းပိုဟိန်နှင့် ဝမ်ချူးတို့က လော့ကျစ်အား နှုတ်ဆက်ကာ လော့ဖုန်းကြွယ်ကို သိကြောင်း သူတို့နှင့်အတူတူ အခြေစိုက်စခန်းထဲ နေခဲ့ဖူးသည့် ညီအစ်ကို ဖြစ်ကြောင်း ပြောပြလိုက်သည်။ လော့ဖုန်းကြွယ်၏ အဖေကို သူတို့အဖေအဖြစ် မှတ်ယူကာ သေချာစောင့်ရှောက်ပေးရမည်။

လော့ကျစ်က စိတ်လှုပ်ရှားသွားကာ ဆက်တိုက် ကျေးဇူးတင်နေသည်။

ဝမ်ချင်းလင် “ ဒါက ဦးလေရှုန်းနဲ့ သူ့ညီငယ်လေးတွေ ”

ဦးလေးရှုန်းက အပြုံးလေးဖြင့် ရှေ့တိုးရပ်လိုက်သည်။

ဝမ်ချင်းလင်က ခဏတာ စဉ်းစားလိုက်ပြီးနောက် “သူက ငါ့ကို အရင်က သန္ဓေပြောင်း တိရစ္ဆာန်တွေ မွေးမြူဖို့ ကူညီပေးခဲ့တဲ့သူ။ ငါ့ညီလေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ စခန်းထဲ ရောက်လာလိမ့်မယ်။ သူ့စွမ်းရည်က စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းတို့အတွက် အကူအညီ ဖြစ်လာမှာပါ ”

၁.၈ မီတာ မြင့်သည့် ဦးလေးရှုန်းက ဝမ်းနည်းတပမ်းဖြင့် “ ဘော့စ်က ငါတို့ကို မလိုချင်တော့ဘူးလား။ ငါတို့က တစ်သက်တာ ညီငယ်လေးတွေလေ။ ငါတို့ တစ္ဆေဖြစ်သွားရင်တောင် ဘော့စ်ရဲ့ ညီငယ်တွေ ဖြစ်နေတုန်းပဲ။ အခု ဘော့စ်က ငါတို့ကို မလိုချင်တော့ဘူးလား ”

ဝမ်ချင်းလင် “ လူလည်း မလိုဘူး။ တစ္ဆေလည်း မလိုဘူး ”

ဦးလေးရှုန်း “ … ”

ချန်းပိုဟိန်နှင့် ဝမ်ချူးတို့က အချင်းချင်းကြည့်လိုက်ပြီးနောက် ဝမ်ချင်းလင်က ပြောသည်က အမှန်ဟုတ်လား၊ မဟုတ်လား စဉ်းစားနေကြသည်။

ဝမ်ချင်းလင်က ရှောင်ဟန်ကို လှည့်ပြောလိုက်သည် “ သွားကြစို့ ”

“ ဘော့စ် ” ဦးလေရှုန်းက ခြေထောက်ပြေးဖက်လိုက်သော်လည်း ဝမ်ချင်းလင်က ဖတ်ခနဲ ပခုံးကို ရိုက်လွှတ်လိုက်သည်။ ဂျွတ်ခနဲအသံနှင့်အတူ ပခုံးရိုးကျိုးသွားပြီး ဦးလေးရှုန်းက မြေပေါ် အလူးအလဲလိမ့်နေလေသည်။

“ ဘော့စ် … ငါက အသုံးဝင်ပါသေးတယ်။ ငါ ဘော့စ်အတွက် သန္ဓေပြောင်း တိရစ္ဆာန်‌တွေ ထပ်ရှာပေးနိုင်တယ်။ ဘော့စ်က မလိုချင်တော့ဘူးလား”

သူက ဝမ်ချင်းလင်၏ အခြေစိုက်စခန်းကို မြင်ပြီးနောက် သူ့နောက်ခံကို လွတ်မပေးနိုင်တော့ပေ။

ဒီလိုမျိုး အားကောင်းကောင်း အရပ်ရှည်ရှည် လူသန်ကြီးက မြေပေါ်လိမ့်ကာ ငိုနေသောကြောင့် အားလုံးက လန့်နေကြသည်။-

မော့ကျင်းနှင့် အခြားလူများက ဦးလေးရှုန်း အရှက်မဲ့ပုံကို မြင်ပြီး လေးစားနေကြသည်။ သူတို့က ဒီလို မလုပ်နိုင်ပေ။ သူတို့ မည်မျှအရှက်ရစေကာမူ သူတို့မာန်မာနကို မလွှင့်ချနိုင်သေးပေ။ အထူးသဖြင့် သူတို့ ကြိုက်သည့်သူ ဒါမှမဟုတ် သူတို့အတန်းဖော်ဟောင်းရှေ့တွင် ဖြစ်၏။

ဝမ်ချင်းလင်က သေချာတွက်ချက်ကြည့်လိုက်ပြီးနောက် သူ့ဘက်က နည်းနည်းရှုံးနေကြောင်း ခံစားမိလိုက်သည်။ သူက သေနတ်တစ်လက်နှင့် ကျည်ဆံအပြည့် တစ်ဘူး၊ ဝံပုလွေအလောင်းနှစ်ကောင် ပေးထားခဲပြီး သူ့အား နန်းယန်စခန်းမှ ကယ်ကာ ရှန်းရှင်းဆီ ခေါ်လာပေးခဲ့သည်။ သူက ဦးလေးရှုန်းအတွက် အများကြီး ပေးခဲ့သော်လည်း သူ ပြန်ရထားသည်က သန္ဓေပြောင်း တိရစ္ဆာန်အပြည့် ကားအနည်းငယ်သာ ရှိသေး၏။ မတန်ပေ။

ဝမ်ချင်းလင်  “ ဒီတစ်ခေါက် သန္ဓေပြောင်း တိရစ္ဆာန်တွေထက် အစားအစာ ရှာရမယ် ”

ဦးလေရှုန်းက ပျော်သွားကာ “ အိုကေ … ဘော့စ် လိုအပ်တာရှိသရွေ့ သေချာပေါက် ရှာပေးမယ် ”

မော့ကျင်းနှင့် အခြားလူများလည်း အံ့ဩသွားကြသည်။ အစပိုင်းက သူတို့သည် ဝမ်ချင်းလင် ငြင်းပယ်လိမ့်မည်ဟု တွက်ခဲ့ကြသည်။ လက်ရှိ ဝမ်ချင်းလင်က သနားညှာတာမှု မရှိချေ။ သူ့ဆီ တောင်းဆိုရုံမျှဖြင့် သဘောထားပြောင်းလဲမည့်သူ မဟုတ်ချေ။ ဦးလေးရှုန်းက အမှန်တကယ် လုပ်နိုင်ခဲ့၏။

သူတို့က ဝမ်ချင်လင်သည် သူ့ဘက်မှ အရှုံးမရှိအောင် တွက်ချက်တတ်သည့် ဇွန်ဘီဖြစ်ကြောင်း တွေးမိမည် မဟုတ်ပေ။

ဦးလေးရှုန်းကို သူ့ညီငယ်လေးများက တွဲထူပေးလိုက်ပြီး ဒဏ်ရာကုသဖို့ လူရှာဖို့ ပြင်လိုက်ကြသည်။

ဝမ်ချူးက အရင်ဦးစွာ ထွက်လာလေသည်။ သူမက ရေဓာတ်စွမ်းရည် ပိုင်ရှင် ဖြစ်ပြီး ဒဏ်ရာများကို ကုသနိုင်စွမ်း ရှိသော်လည်း ကုသနှုန်းက အင်မတန် နှေးကွေးလှသည်။ ထို့ကြောင့် မလိုအပ်ပါက သူမက သိပ်အသုံးမပြုပေ။ ဦးလေရှုန်းက ဝမ်ချင်းလင်အတွက် အလုပ်လုပ်ပေးရဦးမည် ဖြစ်သည့်အတွက် သူမက ဝမ်ချင်းလင်တစ်ယောက် သူမအပေါ် အကောင်းမြင်အောင် ကူညီပေးလိုက်ခြင်း ဖြစ်၏။

သို့သော် ကံဆိုးစွာဖြင့် ဝမ်ချင်းလင်က မလိုအပ်သည့် အကောင်းမြင်မှုများ မထားပေ။

ချန်းပိုဟိန်က ဝမ်ချင်းလင်သည် အခြားလူများကို မိတ်ဆက်မပေးကြောင်း မြင်လိုက်သည့်အခါ သူက မနေနိုင်ဘဲ မေးလိုက်၏ “သူတို့ကရော ”

ဝမ်ချင်းလင်က မော့ကျင်းနှင့် အခြားလူများကို မေ့နေလေပြီ “ သူတို့က ငါတို့နဲ့ လာတာ မဟုတ်ဘူး။ ကိုယ်တိုင်ပဲ မေးကြည့်လိုက်ပါ ”

ဝမ်ချင်းလင်က အလုပ်ပြီးပြီ ဖြစ်၍ လှည့်ထွက်သွားတော့သည်။

မော့ကျင်းနှင့် အခြားလူများ  “ … ”

ချန်းပိုဟိန် “ … ”

ဝမ်ချင်းလင်နှင့် ရှောင်ဟန်က အခြေစိုက်စခန်းကို ပြန်ရောက်သည့်အခါ ရှောင်ဟန်က ကျိရုန်နှင့် ရှစ်ချုံးတို့ကို တွေ့ဖို့ မြို့လယ်ကို သွားလိုက်သည်။ ဝမ်ချင်းလင်၏ စိတ်စွမ်းအားက သုတေသီလေးယောက်ထံ ရောက်သွားလေသည်။ သူက ရှောင်ဟန်နှင့် လမ်းခွဲကာ စခန်းဆီ အရင်ပြန်လာလိုက်သည်။

“ သုတေသန ရလဒ်ကရော ဘယ်လိုနေလဲ ” ဝမ်ချင်းလင်က တံခါးဝင်လာလာချင်း မေးလိုက်သည်။

လက်ထောက် သုတေသီလေးယောက်က နည်းနည်း မျက်နှာပူလာပြီး တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည် “ အရင်နေ့က တွေ့တဲ့ ပစ္စည်းတွေက သုံးလို့ မရဘူး။ ပျက်သွားပြီ။ လက်ရှိ ပစ္စည်းတွေက အသေးစိတ်စမ်းသပ်မှု လုပ်မရတော့ … ”

ဝမ်ချင်းလင် “ အဲဆိုတော့ ဘာရလဒ်မှ မရှိသေးဘူးပေါ့ ”

လက်ထောက် သုတေသီလေးယောက်လည်း တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။

ဝမ်ချင်းလင် “ ကိစ္စမရှိဘူး။ မင်းတို့ လိုတဲ့ ပစ္စည်းတွေကို စာရင်းပြုစုထားလိုက်။ ငါ သွားရှာခိုင်းလိုက်မယ် ”

လူလေးယောက် “ … ”

ဒါက ပစ္စည်းရှိရုံနဲ့ ဖြစ်တာလား … သုတေသန နယ်ပယ် မေးခွန်းမျိုး မဟုတ်ဘူးလား

ရှောက်ဖေးက တည့်တိုးသမား ဖြစ်၍ “ ပစ္စည်းရှိရင်တောင် ကျုပ်တို့ အောင်မြင်မလား ကျရှုံးမလား မပြောနိုင်သေးဘူး။ တကယ်လို့ အောင်မြင်သွားရင်တောင် အချိန်ကြာလိမ့်မယ်။ ကျုပ်တို့က လက်ထောက်ပဲ ရှိသေးတော့ မလုပ်နိုင်သေးဘူး။ သီးသန့်သုတေသနအဆင့်အရဆိုရင် အလယ်ပိုင်းဧရာမ မြို့တော်က ပစ္စည်းနဲ့ ဆရာမုန့်ကိုသာရရင် ရလဒ်က မကြာခင် ထွက်လာနိုင်တယ် ”

အခြားသုံးယောက်က ရှောက်ဖေးကို ကြည့်ပြီး တစ်ခုခု ပြောချင်နေကြသည်။

ဝမ်ချင်းလင်က သူ့ကို ခိုးလာပြီး ဇွန်ဘီအဖြစ် ပြောင်းလိုက်မှာကို မစိုးရိမ်ဘူးလား ….

ဝမ်ချင်းလင်က နည်းနည်း ထပ်မေးလိုက်သည် “ အဲနှစ်ခုရှိရုံနဲ့ ရလဒ် ထွက်လာနိုင်တယ်လား ”

ရှောက်ဖေး “ … ”

အခြားသုံးယောက် “ … ”

ရှောက်ဖေးက ခေါင်းညိတ်ကာ “ သေချာပေါက် ရလဒ် ထွက်လာပါ့လိမ့်မယ် ”

ဝမ်ချင်းလင် “ အဲဆို ကောင်းပြီ။ နည်းလမ်းရှာလိုက်မယ် ”

လူလေးယောက် “ … ”

ဟေး … တကယ်ကြီး အလယ်ပိုင်းဧရာမမြို့တော်ကနေ ဆရာမုန့်နဲ့ ပစ္စည်းတွေကို ခိုးဖို့ ကြံနေတာလား ….

ရှစ်ချုံး၏ အိမ်ကြီးက ဆောက်လုပ်ပြီးတော့မည် ဖြစ်၏။ ဤသည်မှာ ပရောဂျက်ကြီးတစ်ခု ဖြစ်၍ ဇွန်ဘီယဉ်များစွာကလည်း ကူညီပေးကြသည်။ ထိုအိမ်က ဝမ်ချင်းလင် မိသားစု၏ အနာဂတ် အိမ် ဖြစ်လာလိမ့်မည်။ ဝမ်ချင်းလင်ကို လေးစားသမှုဖြင့် သူတို့က အလုပ်ကြိုးစားကာ အလှအပဆုံး ဖြစ်စေချင်ကြသည်။

ကျိရုန်က ရှောင်ဟန်တစ်ယောက်တည်း ရောက်လာပြီး ဝမ်ချင်းလင် မပါသည်ကို မြင်လိုက်ရသည့်အခါ တိတ်တဆိတ် အနီးရောက်လာပြီး “ဒေါက်တာဝမ်ရော ဘယ်ရောက်သွားလဲ ”

ရှောင်ဟန် “ စခန်းပြန်သွားပြီ ”

ကျိရုန်က သက်ပြင်းချလိုက်ပြီး “ကောင်းလိုက်တာ ”

ရှောင်ဟန်က မျက်ခုံးပင့်ကြည့်လိုက်သည် “ ဘာလုပ်နေတာလဲ ”

ကျိရုန်က အသံလျော့ကာ “ လောင်တနဲ့ သွေးအလောင်းကောင်ဆို ဘယ်သူက ပိုအားကောင်းလဲ ”

ရှောင်ဟန် “ သွေးအလောင်းကောင်က ဝမ်ချင်းလင်ထက် ပိုအားကောင်းတယ် ထင်လား”

ကျိရုန်က တုံ့ဆိုင်းမနေဘဲ “ ဒေါက်တာဝမ်က ပိုအားကောင်းတာပေါ့ ”

ရှောင်ဟန် “ငါ့ကို ချင်းလင်ကိုယ်တိုင် ပြောင်းပေးထားတာဆိုတော့ ငါက ပိုအားကောင်းတယ် ထင်လား။ သွေးအလောင်းကောင်က ပိုအားကောင်းတယ် ထင်လား ”

ကျိရုန် “ လောင်တက ပိုအားကောင်းတာပေါ့ ”

ရှောင်ဟန် “ အဲဒါကို လာမေးနေတုန်းလား ”

ကျိရုန်က ခိုးကြောင်ခိုးဝှက် လက်ဆန့်ထုတ်ကာ “လောင်တ လက်လေးခဏဌား ”

ရှောင်ဟန်က ခံစားချက်ဆိုးဆိုးရွားရွား တစ်ခု ရလာကာ “ဘာလို့လဲ ”

ကျိရုန်က လက်ဝေ့ကာ “ခဏလေးပါ။ ပြီးရင် ပြန်ပေးမယ် ”

ရှောင်ဟန်က ငြင်းလိုက်သည် “ ယောကျ်ားသားတစ်ယောက်ရဲ့ လက်ကို ဌားစရာလား။ မင်းကို စိတ်မဝင်စားဘူး ”

ကျိရုန်က ထခုန်အုပ်ကာ “ သူတော်ကောင်းက သူတော်ကောင်းကို မြင်တယ်။ နှာဗူးက နှာဗူးလို တွေးတယ်တဲ့။ လောင်တကို ငါ အကဲဖြတ်မှားခဲ့တာပဲ”

ကျိရုန်က ခုန်ဝင်လိုက်ပြီး ရှောင်ဟန်လက်ကို ဆွဲကာ လက်ကောက်ဝတ်အား ကိုက်ချပစ်လိုက်သည်။ ရှောင်ဟန်က ကျိရုန်အား လက်ပြန်တွန်းချလိုက်သည်။ အကိုက်ခံထားရသည့်နေရာကို ကြည့်လိုက်သည့်အခါ သွေးထွက်နေလေပြီ။

ရှောင်ဟန် “ … ”

ရှောင်ဟန်က မယုံကြည်နိုင်သေးပေ “ မင်း ရူးနေလား။ ဇွန်ဘီကို လာကိုက်တာလား ”

ကျိရုန်က ရှေ့သွားကို ဖုံးထားကာ “ လောင်တရဲ့ အရည်ပြားက ထူလွန်းတယ်။ ငါ့ရှေ့သွားလေး ကျိုးသွားတော့မလိုပဲ ”

ရှောင်ဟန်က သူ့အား ဒေါသတကြီး ပိတ်ကန်လိုက်ပြီး “ မင်း သေချင်ရင် ဒီလောင်ဇူကို ဆွဲမခေါ်နဲ့။ လောင်ဇူက ညစ်ပတ်နေပြီးသား ”

အကယ်၍ ဝမ်ချင်းလင်သာ ဒီအကြောင်းကို သိသွားခဲ့လျှင် သူ့ကို မကြိုက်တော့မည် မဟုတ်ပါလော။

ကျိရုန်က ရယ်လိုက်ပြီး “‌ဒေါက်တာဝမ်က မကိုက်ဖို့ တားထားတာလား။ အဲဆိုတော့ လောင်တ ကိုက်တာ မဟုတ်ဘဲ ငါ ကိုက်လိုက်တာဆိုတော့ မညစ်ပတ်တော့ဘူးမလား ”

ရှောင်ဟန်က နောက်ထပ် လက်သီးဖြင့် ချိန်ကာ “ငါ့ကို ဗိုလ်ချုပ် ကိုက်သွားပြီးကတည်းက သူက မကြိုက်တော့တာ။ အခု မင်း ကိုက်တာ ခံရပြန်ပြီ။မင်း တမင်လုပ်တာမလား ”

“ရှူး … လောင်တ မပြောသရွေ့ ဒေါက်တာဝမ် မသိပါဘူး …” ကျိရုန်က လည်ပင်းလိမ်ကာ အမူအယာမျိုးစုံ ဖြစ်လာသည်။ သူ့မျက်နှာပေါ်မှ အရည်ပြားများ ကွာချသွားကာ နာကျင်လွန်းလှသည်။

ရှောင်ဟန် အသွင်ပြောင်းခဲ့စဉ်အခါက အခြေအနေကို မသိချေ။ ကျိရုန် ဒီလိုဖြစ်လာတာကို မြင်ပြီး သူပင် ရူးချင်ချင် ဖြစ်မိသွားသည်။

ရှစ်ချုံးလည်း လုပ်လက်စ အလုပ်ထားရစ်ကာ ကျိရုန်ကို လာကြည့်လိုက်သည်။ သူက ဘေးနားရှိ ဇွန်ဘီယဉ် တစ်ယောက်ကို ဆွဲမေးလိုက်သည် “ ညီအစ်ကို ဒါက ပုံမှန်ပဲလား ”

ဇွန်ဘီယဉ်က ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ သုံးယောက်သား အချင်းချင်း ကြည့်နေပြီး “ငါလည်း ဇွန်ဘီဖြစ်ခဲ့ဖူးပေမဲ့ အရည်ပြားကွာတာတော့ မခံစားဖူးဘူး။ ဒါပေမဲ့ ဒေါက်တာဝမ်ကို ပြန်ပြင်ပေးဖို့ မေးကြည့်ပါ့လား ”

ရှစ်ချုံး “ လောင်တ ”

ရှောင်ဟန်က ကျိရုန်ကို စိုက်ကြည့်နေပြီး ကျိရုန်၏ အရည်ပြားက ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်နေပြီး ယခင်သွေးအလောင်းကောင်နှင့် ဆင်လှသည်။ ရှောင်ဟန်က အကျင့်အရ အချိန်တွက်လိုက်သည်။ စက္ကန့် ၁၈၀ ကြာပြီးနောက် ကျိရုန်က ရုန်းကန်တာတွေ ရပ်တန့်ပြီး ငြိမ်သွားလေသည်။

ကျိရုန်က သူ့ဘာသာ မယုံနိုင်စွာ ကြည့်လိုက်ပြီး “ ငါ သွေးအလောင်းကောင် လွှမ်းမိုးတာ ခံလိုက်ရတာလား ”

အသံက ခပ်ဩဩ ဖြစ်နေပြီး နားထောင်ရ အဆင်မပြေချေ။

ကျိရုန်က ထခုန်လိုက်ပြီးနောက် အနံ့လေး ရလိုက်မိသည်။ သူက သူ့ကိုယ်သူ ကြည့်လိုက်ပြီးနောက် ရှစ်ချုံးအား ကြည့်လိုက်ပြီး ရုတ်ချည်း ရယ်မောလိုက်သည် “လောင်ရှစ် … မင်းက ဒီလိုမျိုးကိုး ”

ရှစ်ချုံးက မျက်မှောင်ကြုတ်ကာ “ မင်းအနံ့က ပြင်းလွန်းတယ် ”

ဆီချေးစော်နံ့နေလေသည်။

ကျိရုန်က ဆီချေးစော်နံ့ အရင်းအမြစ် ဖြစ်သောကြောင့် သူ့ကိုယ်သူ အနံ့မရပေ။ သူလက်တစ်ချက်အဝေ့တွင် မီးလုံးကြီး ပေါ်လာလေ၏။

ကျိရုန်က အားပါးတရ ရယ်မောလိုက်ပြီး “ငါက သွေးအလောင်းကောင်ထက် သာတယ်။ ငါ့စွမ်းရည်တွေ ရှိနေတုန်းပဲ။ ဟားဟား ”

သူ့ပါးစပ်ထောင့်မှ အက်ကွဲလာပြီး မေးရိုးပြုတ်ကျသွားလေသည်။

ရှောင်ဟန် “ … ”

ရှစ်ချုံး “ … ”

ကျိရုန်က သူ့မေးရိုးသူ မြန်မြန်ထိန်းကာ အလန့်တကြား ပြောလိုက်သည် “ လောင်တ ကယ်ပါဦး။ ငါ ပါးစပ်မပါတဲ့ မကောင်းဆိုးဝါး ဖြစ်မလာချင်ဘူး ”

ရှစ်ချုံးက သူ့လောင်တအား ဗလာအမူအယာဖြင့် ကြည့်လိုက်ပြီး “ လောင်တ အခုအချိန် ကုသမှုလက်လျော့လိုက်တာ ပိုကောင်းမယ်။ သူ့ဦးနှာက်က ပုံမှန် မဟုတ်ဘူးလေ ”

ရှောင်ဟန်လည်း သဘောတူစွာဖြင့် “ငါလည်း အဲလိုပဲထင်တယ် ”

ကျိရုန်က အော်ပြောလိုက်သည် “ငါက အရမ်းဉာဏ်ကောင်းတာပါ။ လောင်တရဲ့ သွေးက ထူးခြားတယ်။ လောင်တရဲ့ သွေးပြောင်းလဲမှုက စွမ်းရည်ကို ထိန်းထားနိုင်တာပဲ။ ”

ရှောင်ဟန်က သူ့သွေးသံရဲရဲ သွင်ပြင်ကို ကြည့်ကာ ရွံ့ရှာနေမိသည်။

 


Report Page