59

59


အခန်း (၅၉)

ဤနေရာတွင် လှုပ်ရှားမှု များပြားလှသည့်အတွက် ရှောင်ဟန်မှာ ဝမ်းနည်းနေဖို့ အချိန်မရှိပေ။ အသံတစ်ခုကို ကြားလိုက်သည့်အတွက် ရှောင်ဟန်က ဟယ်လင်းကို မြေပြင်ပေါ်မှ ချက်ချင်းဆွဲထူကာ ကျည်ကာကားထဲသို့ ထည့်လိုက်သည်။ သူက ကားမောင်းသူ နေရာမှ ထိုင်လိုက်သည်။

လမ်းဘေးရှိ မြက်ရှည်ကြီးများကြားထဲမှ မျက်လုံးနီ ဇွန်ဘီများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့က အရမ်းမြန်ပြီး ခုန်နိုင်ကြသည်။

ရှောင်ဟန်က ကားစက်နိုးလိုက်ပြီး ကျိရုန်ကို အော်ပြောလိုက်သည်

“ ကားထဲဝင်တော့”

ကျိရုန်က နောက်လှည့်ကာ ကားထဲဝင်လိုက်ပြီး ချက်ချင်း တံခါးပိတ်လိုက်သည့်အတွက် မျက်လုံးနီ ဇွန်ဘီများ တံခါးကို ဝင်တိုက်ကုန်ကြသည်။

ရှောင်ဟန်က လီဗာနင်းလိုက်ပြီး ကားက အမြန်မောင်းထွက်သွားသည့်အတွက် လမ်းပေါ်တွင်ပိတ်ရပ်နေသော မျက်လုံးနီဇွန်ဘီများကို ဝင်တိုက်ကာ ဆန့်ကျင်ဘက်အရပ်သို့ အရှိန်ဖြင့် မောင်းထွက်သွားသည်။ မျက်လုံးနီဇွန်ဘီများက ကားခေါင်းမိုးကို ဝင်တိုက်ကာ ပြတင်းပေါက်များကို ခွဲပြီး ဝင်ဖို့ ကြိုးစားနေသည်။

“ မင်းတို့ကို အကုန် သတ်ပစ်မယ်” ကျိရုန်က သေနတ်ယူကာ အမိုးဖွင့်ပြီး ပစ်ဖို့လုပ်စဉ် ရှောင်ဟန်က ပြန်ဆွဲထားလိုက်သည်။

ရှောင်ဟန်က ပြောလိုက်သည်

“ ထိုင်နေ”

ရှောင်ဟန်က ရုတ်တရက် ဘရိတ်ကို နင်းလိုက်သည့်အခါ ခေါင်မိုးပေါ်ရှိ မျက်လုံးနီဇွန်ဘီများ လွင့်စင်သွားသည်။ ထို့နောက် လီဗာကို နှိပ်လိုက်ပြီး ကား လှိမ့်သွားသည့်အခါ မျက်လုံးနီဇွန်ဘီအချို့ကို လုံးဝ နှိမ်နင်းလိုက်နိုင်သည်။

ရှောင်ဟန်က ပြောလိုက်သည်

“ မင်း စိတ်ငြိမ်သွားပြီလား”

ကျိရုန်က မျက်နှာကို သုတ်လိုက်ပြီး လုံးဝ ငြိမ်သက်သွားသည်။ ဟယ်လင်းကို လူစီးတွဲထဲ ထည့်ထားရသည်ကို ကျိရုန် အခုထိ လက်မခံနိုင်သေးပေ။ သူက ပြတင်းပေါက်ဘက်ကို မျက်ရည်များဖြင့် စိုက်ကြည့်နေပြီး ဘာစကားမှ မပြောပေ။

ရှောင်ဟန်က စိတ်တည်ငြိမ်ဖို့ ဖိအားပေးနေသည်။ သူမှာ ကျန်ရှိနေသည့် တစ်ခုတည်းသော နှောင်ကြိုးက ဝမ်ချင်းလင် ဖြစ်သည်။

သူက ဝမ်ချင်းလင်ပေါ်တွင် မျှော်လင့်ချက်အားလုံး ပုံချထားသည်။ ဝမ်ချင်းလင်က ဇွန်ဘီများကို လူသားအဖြစ် ပြောင်းလဲနိုင်သည်ဟု သူ တကယ် ယုံကြည်ထားချင်သည်။

ကျိရုန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်

“ ကျွန်တော်တို့ရဲ့ ဇွဲလုံ့လက ဘာလုပ်ရမှာလဲ။ ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်ချင်း ဇွန်ဘီအဖြစ် ပြောင်းလဲ သွားတာကိုပဲ ထိုင်ကြည့်နေရမှာလား။ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ကမ္ဘာပျက်ကပ်ထဲမှာ အလယ်ပိုင်း ဧရာမမြို့တော်က အဲဒီအကြောင်းကို ပြောနေတာ နှစ်နှစ်ကျော်နေပြီ။ ကာကွယ်ဆေးက ဘယ်မှာလဲ။ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ရော ရှိ‌သေးရဲ့လား"

ကျိရုန်က ခေါင်းကို ကိုင်ကာ ပြောလိုက်သည်

“ ထွက်လာတာ သုံးယောက်ဆိုပေမဲ့ နှစ်ယောက်ပဲ ပြန်သွားနိုင်တယ်။ အဖိုးကြီးကို ဘယ်လိုရှင်းပြရမယ်ဆိုတာ မသိတော့ဘူး”

ရှောင်ဟန်က ပြန်ပြောလိုက်သည်

“ ငါတို့ အသက်ကြီးသွားရင် မင်းရဲ့ ရှင်းပြချက်ကို မလိုတော့ဘူး။ ငါတို့ ဘယ်အချိန်မဆို စတေးဖို့ အသင့်ဖြစ်နေပြီ”

ရှောင်ဟန်က ကျည်ကာကားကို တစ်ချိန်လုံး မောင်းလာပြီးနောက် မနက်အစောတွင် လင်းချန်သို့ ရောက်ရှိသွားသည်။

ရှောင်ဟန်က နန်းချန်အပြင်ဘက်တွင် ကျည်ကာကားကို ကားပါကင်ထိုးခဲ့သည်။ ကျည်ကာကားပေါ်တွင် လက်နက်များဖြင့် ပြည့်နှက်နေသည့်အတွက် ရှောင်ဟန်က ဝမ်ချင်းလင် အထင်လွဲသွားမှာမျိုးကို မလိုချင်ပေ။ သူက မဝင်ခင် အာရုံတက်ချိန်အထိ စောင့်လိုက်သည်။

သူတို့ မြို့ထဲသို့ မရောက်တာကြာပြီဖြစ်သည့်အတွက် ဝမ်ချင်းလင်က အရင်ဆုံး ပြောလိုက်သည်

“ ကားက ကောင်းလိုက်တာ”

ရှောင်ဟန်နှင့် ကျိရုန်က မအိပ်ချင်ပေ။ ဝမ်ချင်းလင်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည့်အခါ နိုးကြားသွားကြသည်။

ရှောင်ဟန်က မေးလိုက်သည်

“ မင်း အနားမယူဘူးလား”

“ အနားယူတာက ငါ့အတွက် အရေးမကြီးဘူး” ဝမ်ချင်းလင်က ကားကို အာရုံစိုက်ကြည့်ကာ ပြောလိုက်သည်

“ ဒီကားကို ဘယ်ကနေ ရလာတာလဲ။ နောက်ထပ် အဲလို ကားမျိုး ရှိသေးလား”

ရှောင်ဟန်က ပြောလိုက်သည်

“ ရှိတယ် ။ ဒီကနေ နည်းနည်းဝေးတယ်။”

ဝမ်ချင်းလင်က မေးလိုက်သည်

“ ကားက ပိုင်ရှင် မရှိတဲ့ကားလား”

ရှောင်ဟန်က ပြန်ဖြေလိုက်သည်

“ အခုတော့ ပိုင်ရှင် မရှိတဲ့ ကားပဲ”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ အရမ်းကောင်းတယ်။ ငါ ဒီကားတွေအားလုံးကို လိုချင်တယ်”

ရှောင်ဟန် “…”

ရှောင်ဟန်က ကျည်ကာကားကို စက်နှိုးပြီး နန်းချန်ထဲသို့ ဝင်သွားကာ အခြေစိုက်စခန်းအထိ ရောက်အောင် မောင်းသွားသည်။ မြို့တံခါးများလည်း ဖွင့်ပေးနေသည်။ ကျည်ကာကား အခြေစိုက်စခန်းထဲသို့ ဝင်ပြီးသွားသည့်အခါ မြို့တံခါးများ ပိတ်သွားသည်။

ဇွန်ဘီယဉ်အခြေစိုက်စခန်းက ညဘက်တွင် အရမ်းငြိမ်သက်နေသည်။ အခြေစိုက်စခန်းတစ်ခုလုံးတွင် နန်းချန်ဆေးခန်းတွင်သာ အလင်းရောင် ရှိသည်။ ဝမ်ချင်းလင်က တံခါးဝတွင် မတ်တပ်ရပ်ကာ သူတို့ကို စောင့်နေသည်။

ရှောင်ဟန်နှင့် ကျိရုန်တို့ ကားပေါ်မှ ဆင်းလာသည်။ ဝမ်ချင်းလင်က သူတို့ကို နှုတ်ဆက်ချိန်မရှိဘဲ ကျည်ကာကားကို ကြိုက်လွန်းသည့်အတွက် လှည့်ပတ်ကြည့်နေသည်။

ဝမ်ချင်းလင်က ပြောလိုက်သည်

“ အဲဒီမှာ နောက်ထပ် ဘယ်နှစ်စီးရှိသေးလဲ”

ရှောင်ဟန်က ပြောလိုက်သည်

“ သုံးဆယ်လောက်ပေါ့။ ငါတို့ တစ်စီးပဲ ယူလာခဲ့တာ”

ဝမ်ချင်းလင်က မစောင့်နိုင်စွာဖြင့် ပြောလိုက်သည်

“ သွားရအောင်လေ။ ကျန်တဲ့ ကားတွေကိုပါ မောင်းယူလာရအောင်”

ရှောင်ဟန်က ပြောလိုက်သည်

“ အရင်ဆုံး စောင့်လိုက်ပါဦး။ ကျည်ကာကားတွေက သာမန်ရိုးရိုးကားတွေနဲ့ မတူဘူး။ ကားမောင်းတတ်ရုံနဲ့ ကျည်ကာကားကို မမောင်းတတ်ဘူး။ အရင်ဆုံး သင်ယူဖို့ လိုအပ်တယ်”

ဝမ်ချင်းလင်က နားလည်စွာဖြင့် ပြောလိုက်သည်

“ ဒါဆိုလည်း သင်မယ်လေ။ အချိန်ဘယ်လောက်ကြာမှာလဲ”

ရှောင်ဟန်က ပြောလိုက်သည်

“ မင်း အခု သင်မဲ့သူတွေ ရှာလိုက်ရင် အာရုဏ်တက်မှာ ထွက်နိုင်လိမ့်မယ်”

ဝမ်ချင်းလင်က ခေါင်းညိတ်ပြကာ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ကားမောင်းသင်ကြမည့်သူများကို ရှာဖွေလိုက်သည်။

ရှောင်ဟန်က အသိပေးလိုက်သည်

“ ကားမောင်းတတ်တဲ့သူကို ရှာတာ အကောင်းဆုံးပဲ။ အရာအားလုံးကို မြန်မြန် သင်ယူနိုင်လာလိမ့်မယ်”

ဝမ်ချင်းလင်က ထိုအရာကို လုပ်ချင်သည်။ သူက အခြေစိုက်စခန်းထဲမှ ကူညီပေးခဲ့သူများကို စုစည်းကာ ညလုံးပေါက် ကျည်ကာကားမောင်းခြင်းကို သင်ယူစေသည်။

ရှောင်ဟန်က နည်းပြရာထူးကို ကျိရုန်ဆီသို့ လွှဲအပ်ခဲ့ပြီး သူက ဝမ်ချင်းလင်နှင့် တစ်ယောက်ထဲ စကားပြောချင်သည်။

ကျိရုန် ဝမ်ချင်းလင်နှင့် မျက်နှာချင်းဆိုင်သည့်အခါ ယခင်ကလောက် စိတ်မအေးတော့ပေ။ အထူးသဖြင့် ဝမ်ချင်းလင်က ဟယ်လင်းကို လျစ်လျူရှုပြီး ကျည်ကာကားများကိုသာ အာရုံစိုက်နေသည့်အတွက် သူ စိတ်မသက်မသာဖြစ်လာသည်။

ကျိရုန်က ပြောလိုက်သည်

“ရှစ်ချုံးရော ဘယ်မှာလဲ။ အပြင်ကို ထပ်ထွက်သွားပြန်ပြီလား”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ သူက ဒီမှာပဲလေ”

ရှစ်ချုံးက ကားသံကြားသည့်အခါ ရှောင်ဟန်တို့ ပြန်ရောက်ပြီဟု ခန့်မှန်းမိသည့်အတွက် အလျင်အမြန် ရောက်ရှိလာသည်။

လူအများစုက ဆေးခန်းအပေါက်တွင် စုဝေးနေကြသည်။ ရှစ်ချုံးက ကြည့်လိုက်သည့်အခါ ဟယ်လင်းကို မမြင်သည့်အတွက် မေးမြန်းလိုက်သည်

“ဟယ်လင်းရော ဘယ်မှာလဲ”

ဟယ်လင်းအကြောင်းကို ပြောလိုက်သည့်အတွက် ကျိရုန် ဆဲဆိုချင်မိသွားသည်။

လူစီးတွဲထဲမှ “ဒုန်း…ဒုန်း”ဆိုသော အသံကို ကြားနေရသည်။ ရှောင်ဟန်နှင့် ကျိရုန်တို့က ဟယ်လင်းကို အတူတူ ဆွဲချလိုက်ကြသည့်အခါ ဟယ်လင်းက အော်ဟစ် ရုန်းကန်နေသည်။

ဟယ်လင်း၏ ပုံစံကြောင့် ရှစ်ချုံးက ထိုနေရာမှာပင် ကြောင်အသွားပြီး ခဏတာ တိတ်ဆိတ်သွားသည်။

ရှောင်ဟန်က ရှစ်ချုံးကို နားလည်ဖို့ အချိန်မပေးပဲ ပြောလိုက်သည်

“ မင်းနဲ့ ကျိရုန်က သူတို့ကို ကျည်ကာကား ဘယ်လိုမောင်းရလဲဆိုတာ သင်ပေးလိုက်”

ရှောင်ဟန်က ဟယ်လင်းကို ဆေးခန်းထဲသို့ ဆွဲသွားကာ ဝမ်ချင်းလင်ကိုပါ အတူဆွဲခေါ်သွားပြီး ဟယ်လင်း ထွက်ပြေးမသွားအောင် တံခါးကို သေချာပိတ်ပြီးမှ လွှတ်ပေးလိုက်သည်။

ဝမ်ချင်းလင်က အော်ဟစ်နေသော ဟယ်လင်းကို ကြည့်ကာ ပြောလိုက်သည်

“ မင်း သန္ဓေပြောင်း သွေးအနီမိုနီနဲ့ တွေ့ခဲ့တာလား”

ရှောင်ဟန်က ပြောလိုက်သည်

“ မဟုတ်ဘူး။ ယင်ချန်းလွေ့ရဲ့ စစ်တပ်က သန္ဓေပြောင်း သွေးအနီမိုနီရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ပုံပဲ။ လူအားလုံးပျောက်သွားပြီးတော့ ကျည်ကာကားထဲမှာ အဆိပ်ငွေ့တွေပဲ ကျန်နေခဲ့တာ။ ငါတို့ ကျည်ကာကားကို စစ်ဆေးနေတဲ့ အချိန်မှာ ဟယ်လင်းက ကူးစက်ခံလိုက်ရတာ။ ကျိရုန်နဲ့ ငါ နှစ်ယောက်လုံးလည်း ကူးစက်ခံလိုက်ရပေမဲ့ အဆင်ပြေတယ်”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ ဇွန်ဘီဖြစ်သွားပြီဆိုမှတော့ လွှတ်ပေးလိုက်တော့လေ။ ပြန်ခေါ်လာစရာ မလိုပါဘူး”

ရှောင်ဟန်က ပြန်ပြောလိုက်သည်

“ အရင်ကလိုဆိုရင်တော့ ငါ လွှတ်ပေးလိုက်မှာပါ။ ဒါပေမဲ့ အခုတော့ မျှော်လင့်ချက် ရှိသေးတယ်လေ”

ဝမ်ချင်းလင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မျှော်လင့်ချက်က ဘယ်မှာလဲ”

ရှောင်ဟန်က ပြောလိုက်သည်

“ မင်းက မျှော်လင့်ချက်လေ”

ဝမ်ချင်းလင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ငါက မင်းရဲ့ မျှော်လင့်ချက်မဟုတ်ဘူး။ မင်းရဲ့ ဒုက္ခပဲ ဖြစ်လိမ့်မယ်”

ရှောင်ဟန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဒါက ဒုက္ခ မဟုတ်ပါဘူး ငါ သိပါတယ်”

ဝမ်ချင်းလင်က မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်နေသည်။

မျှော်လင့်ချက်ဆိုတာကလည်း ဒုက္ခပဲ

ထိုအရာကိုတော့ သူ့စိတ်ထဲမှာသာ ပြောလိုက်သည်။

ရှောင်ဟန်က ပြောလိုက်သည်

“ မင်း ကယ်ပေးနိုင်တယ်မလား”

ဝမ်ချင်းလင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ငါ ကယ်မပေးနိုင်ဘူး”

ရှောင်ဟန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်း ကယ်မပေးနိုင်ဘူးဆိုရင် ဒီအခြေစိုက်စခန်းမှာ ရှိတဲ့သူတွေက ဘယ်က ရောက်လာတာလဲ”

ရှောင်ဟန်က တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်

“ အသက်ရှင်ကျန်ရစ်သူတွေလို့တော့ မပြောနဲ့နော်။ ငါမယုံဘူး”

ဝမ်ချင်းလင်က လူသားများ၏ ဝင်ရောက်စွက်ဖက်မှုကို သိပြီးသားဖြစ်သည့်အတွက် အနှေးနှင့်အမြန် ပေါ်သွားမည်ဆိုတာကို သိသည်။

ဝမ်ချင်းလင်က အော်ဟစ်ကာ ရှောင်ဟန်ကို နံရံနှင့် ကပ်ဖိထားလိုက်သည်။ ရှောင်ဟန် မခုခံပေ။ သူက လက်နက်မရှိဘဲ လက်ဗလာဖြစ်နေသည်။

ဖျော့တော့သော လက်ချောင်းများဖြင့် ရှောင်ဟန်၏ ချောမောသော မျက်နှာကို ထိတွေ့ရင်း ဝမ်ချင်းလင်က တီးတိုးရေရွတ်လိုက်သည်

“ မင်းကို မျိုးနွယ်တူဖြစ်အောင် လုပ်လိုက်တာပဲ ကောင်းမယ်”

သူက မေးလိုက်သည်

“ ငါ့ကို အခုကိုက်ချင်လို့လား”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ မင်းက အကိုက်မခံရပဲနဲ့တောင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်တယ်နော်။ မင်းရဲ့ ခုခံနိုင်စွမ်းတွေက ငါ့ရှေ့မှာ အသုံးမဝင်ဘူး”

ရှောင်ဟန်က အခိုင်အမာ ပြောလိုက်သည်

“ ဟယ်လင်းကို ကယ်တင်ပေးပါ။ မင်း လိုချင်တာ ဘာမဆို ငါ လုပ်ပေးပါ့မယ်”

ဝမ်ချင်းလင်က နူးညံ့စွာဖြင့် ပြောလိုက်သည်

“ မင်းတင် မဟုတ်သေးဘူး။ ကျိရုန်နဲ့ ရှစ်ချုံးလည်း နောက်ဆုတ်လို့ မရတော့ဘူး”

ရှောင်ဟန်က ဝမ်ချင်းလင်ကို ထိလိုက်ချင်သော်လည်း ဝမ်ချင်းလင်၏ ဖိထားခြင်းကို ထပ်မံခံလိုက်ရသည်။ ဝမ်ချင်းလင်သာ အားနည်းနည်းလောက် ထပ်ထည့်လိုက်ပါက ရှောင်ဟန်၏ ရင်ညွှန့်ရိုး အချိန်မရွေးကျိုးသွားနိုင်သည်။

ရှောင်ဟန်က အံကြိတ်ကာ ပြောလိုက်သည်

“ ငါ့ကိုပဲ ကြိုက်သလိုလုပ် သူတို့ကို မထိနဲ့”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ လူကို ကယ်ပေးဖို့ သဘောတူညီချက်တွေ ရှိတယ်။ တစ်ယောက်အတွက် နှစ်ယောက်လေ။ ကယ်မှာလား မကယ်ဘူးလား”

ရှောင်ဟန်က ပြောလိုက်သည်

“ ငါ တစ်ယောက်ထဲနဲ့ မလုံလောက်ဘူးလား”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ မင်းကိုယ်မင်း မပိုင်တော့ဘူးနော်။ ငါ့ကို ထပ်ခါထပ်ခါ စော်ကားခဲ့ပေမဲ့ ငါ မင်းကို မသတ်ခဲ့ဘူး။ အဲဒါ ငါ ကြင်နာလို့ မဟုတ်ပဲနဲ့ မင်းက ငါ့အပိုင် ဖြစ်နေလို့ပဲ။ မင်းကို အကြိမ်ပေါင်းများစွာ ထွက်သွားခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ မင်း ထွက်မသွားဘူး။ မင်းမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်။ သေရင်သေ မသေချင်ရင် ငါ့မျိုးနွယ်ဖြစ်လာ။ မင်း လင်းချန်ကနေ လူအဖြစ်နဲ့ ထွက်သွားလို့ မရဘူး”

ရှောင်ဟန် “…”

ရှောင်ဟန်က ပြောလိုက်သည်

“ ငါ့မှာ ဟယ်လင်းကို ပြောင်းလဲပေးဖို့တောင် အရည်အချင်း မရှိဘူးပေါ့ ဟုတ်လား”

ဝမ်ချင်းလင်က ဖြေလိုက်သည်

“ ငါ့လူတွေကို တခြားသူတွေနဲ့ လဲလှယ်တာမျိုး ငါ့ဘက်က အရှုံးခံပြီးတော့ ဘယ်တော့မှ မလုပ်ဘူး”

ရှောင်ဟန်က လက်မြှောက်ကာ ဝမ်ချင်းလင်၏ ခါးကို ဖက်ထားလိုက်ပြီး ပိုမိုနီးကပ်စေကာ ပြောလိုက်သည်

“ ငါက အခု ညစ်ပတ်သေးတယ်လို့ မထင်တော့ဘူးလား”

ဝမ်ချင်းလင်က လက်ချောင်းလေးများဖြင့် ရှောင်ဟန်၏ လည်ပင်းကို ဖက်ထားရင်း ပြောလိုက်သည်

“ မင်း ဗိုလ်ချုပ်ရဲ့ အဆိပ်ကို လုံးဝ ဖယ်ထုတ်ချင်ရင် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်။”

သွယ်လျသော လက်ချောင်းများဖြင့် ရှောင်ဟန်၏ လည်ပင်းကို ထိတွေ့ရင်း ပြောလိုက်သည်

“ ဟုတ်တယ်။ ငါ ကိုယ်တိုင် အဆိပ်ကို ဆုပ်ထုတ်ပေးတာမျိုးပေါ့”

ဝမ်ချင်းလင်က ရှောင်ဟန်ကို ဆွဲကာ ဘယ်ဖက် လည်ပင်းသွေးကြောကို ကိုက်လိုက်သည်။ ထိုနေရာက ဗိုလ်ချုပ် ကိုက်ခဲ့သည့်နေရာဖြစ်ပြီး သွေးများ ပန်းထွက်လာသည်။

ဝမ်ချင်းလင်က အဆိပ်သွေးများကို ပါးစပ်ထဲအပြည့် စုပ်ထုတ်လိုက်သည်။ ဗိုလ်ချုပ်၏ အဆိပ်သွေးများက သူ့ကို ဗိုက်ထဲထိ နေလို့ မကောင်းအောင် လုပ်နေသည်။ သူက သွေးနက်များကို ထွေးထုတ်လိုက်ပြီးနောက် နောက်ထပ်တစ်ခါ စုပ်ထုတ်လိုက်သည်။ တတိယတစ်ခါ ရောက်သည့်အခါ သူ စုပ်ထုတ်လိုက်သော သွေးက နီရဲလာသည်။

ရှောင်ဟန်က မခံနိုင်လောက်အောင် နာကျင်နေသည့်အတွက် ဝမ်ချင်းလင်က ရှောင်ဟန်ကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ ရှောင်ဟန်က အသွင်ပြောင်းနေပြီး သူ အသွင်ပြောင်းနေခြင်းက တခြားကူးစက်ခံလူနားများနှင့် လုံးဝ မတူပေ။ သူ့ အသားအရည်က ပုပ်မသွားဘဲ သူ့ ခန္ဓာကိုယ်ထဲတွင် ဗိုလ်ချုပ်၏ အဆိပ်နှင့် ဝမ်ချင်းလင်တို့၏ အဆိပ် တိုက်ခိုက်နေသည့်အတွက် မခံမရပ်နိုင်အောင် နာကျင်နေသည်။

ဝမ်ချင်းလင်က သူ အိပ်ရာပေါ်မှ ပြုတ်မကျအောင် ထိန်းပေးထားသည်။ ရှောင်ဟန်၏ ခွန်အားက ရုတ်တရက် တိုးမြင့်သွားသည့်အတွက် ဝမ်ချင်းလင်ကို ပြန်ဖိထားလိုက်သည်။ သူ့ မျက်လုံးများက နီရဲနေပြီး ဝမ်ချင်းလင်၏ နှုတ်ခမ်းကို ပြင်းထန်စွာ ဖိကပ်ထားလိုက်သည်။

လုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့အရာပေါ့

ရှောင်ဟန်၏ လုပ်ဆောင်မှုက အရမ်းကြမ်းတမ်းနေပြီး အဆိပ်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ဝမ်ချင်းလင်၏ နှုတ်ခမ်းနှင့် လျှာ ကွဲအက်နေကာ သွေးနံ့ပင် ထွက်လာပြီး ရှောင်ဟန်က သူ့သွေးကို အဆက်မပြတ် စုပ်ယူနေသည်။

ဝမ်ချင်းလင်က ရှောင်ဟန်၏ လည်ပင်းကို ကိုင်ကာ အိပ်ရာပေါ်သို့ ပြန်တွန်းလိုက်ပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် စိုက်ကြည့်နေသည်။

အမြဲတမ်း တည်ငြိမ်နေခဲ့သည့် ဝမ်ချင်းလင်၏ ခံစားချက်များက ထိုအခိုက်အတန့်တွင် လှိုင်းဂယက်ထသွားသည်။

ရှောင်ဟန်က သူ့သွေးကို စားသုံးလိုက်သည်။

ရှောင်ဟန်က တခြားဇွန်ဘီများကဲ့သို့ ပေါက်ကွဲ သေဆုံးတော့မည့်ပုံ ဖြစ်နေသည်။

ရှောင်ဟန်၏ အသားအရည် စတင်ပုပ်သိုးလာပြီး မျက်လုံးများက ကြက်သွေးရောင် ပြောင်းလဲသွားကာ မခံမရပ်နိုင်သော နာကျင်မှုကို ခံစားနေရသည်။

ဝမ်ချင်းလင် သူ့ကို မသေစေချင်ပေ။ သူ့ကို သေခွင့် မပြုနိုင်ပေ။ သူက ထိတ်ထိတ်ပျာပျာဖြင့် ကျောပိုးလွယ်အိတ်ထဲမှ သွေးအနီမိုနီကို ထုတ်ယူကာ ဘာတစ်ခွန်းမှ မပြောပဲ ရှောင်ဟန်၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ စားခိုင်းလိုက်သည်။

သွေးအနီမိုနီက ဇွန်ဘီများအပေါ်တွင် ရောဂါကုထုံး အကျိုးသက်ရောက်မှု ရှိသည့်အတွက် သွေးအနီမိုနီက ရှောင်ဟန်ကို ကယ်နိုင်ပါစေဟု ဝမ်ချင်းလင် ဆုတောင်းနေမိသည်။

သွေးအနီမိုနီကြောင့်လားဆိုတာကို မသိသော်လည်း ရှောင်ဟန်၏ ပုပ်နေသော အသားအရည်က ပြန်လည်ကောင်းမွန်လာကာ ကြက်သွေးရောင် မျက်လုံးက အနက်ရောင်သို့ ပြန်လည် ပြောင်းလဲသွားသည်။ သူ ရုန်းကန်နေတာ ရပ်သွားပြီး ပြန်လည် တည်ငြိမ်သွားသည့်အခါ ဘာမှမဖြစ်ခဲ့သည့်အတိုင်း နဂိုရှောင်ဟန် ပြန်ဖြစ်သွားသည်။

ရှောင်ဟန်က ရှုပ်ပွနေသော အိပ်ရာကို ကြည့်ကာ သူ့ကိုယ်သူ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ အသိစိတ်က ရှင်းလင်းနေပြီး ယခင်ကနှင့် ဘာမှ မကွာခြားပေ။

ဝမ်ချင်းလင်က ရှောင်ဟန်ကြောင့် ထိတ်လန့်သွားကာ မေးလိုက်သည်

“ မင်း ဘယ်လို ခံစားနေရလဲ”

ရှောင်ဟန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ငါက လူသားတစ်ယောက် မဟုတ်တော့ဘူးလား”

သူ စကားပြောပြီးသွားသည့်အခါ အသားနှင့် သွေး၏ လတ်ဆတ်သော ရနံ့ကို သေချာ အနံ့ခံနိုင်နေသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။ ဆေးခန်းအပြင်ဘက်တွင် လူသားနှစ်ယောက် ရှိနေပြီး အရသာရှိမည်ဟု ခံစားနေရသည်။

ယခင်က နားမလည်ခဲ့သော အရာများကို အခု နားလည်နေသည်။

အသိစိတ် ပြန်ရရှိသွားသော ဇွန်ဘီများက လူသားစားချင်စိတ်ကို ထိန်းချုပ်နိုင်သည်ဆိုပြီး ဝမ်ချင်းလင် ပြောခဲ့သည်က လိမ်ညာနေခြင်း မဟုတ်ပေ။

“ ဒါက ဇွန်ဘီတွေရဲ့ အနံ့လား” ရှောင်ဟန်က ရေရွတ်လိုက်သည်။

ရှောင်ဟန်က ထပ်မေးလိုက်သည်

“ မင်း ဘယ်လိုနေသေးလဲ”

ရှောင်ဟန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ အခြေစိုက်စခန်းတစ်ခုလုံးမှာ လူသားနှစ်ယောက်ပဲ ရှိတယ်”

ဝမ်ချင်းလင်က နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ ပြောလိုက်သည်

“ မင်း သိသွားပြီ မဟုတ်လား”

ရှောင်ဟန်က တွေဝေစွာဖြင့် ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အရင်တုန်းက ခန့်မှန်းကြည့်ရုံပဲဆိုတော့ မယုံကြည်နိုင်ခဲ့ဘူး”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ အခုရော ဘယ်လိုလဲ”

ရှောင်ဟန်က အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်

“ ငါက သာမန်ဇွန်ဘီတစ်ကောင် မဟုတ်ဘူးလို့ ခံစားနေရတယ်”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ မင်း ဘယ်လိုပြောမလဲ”

ရှောင်ဟန်က လက်ဆန့်ထုတ်လိုက်သည့်အခါ လက်ဖဝါးထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာဆဲဖြစ်သည်

“ ငါ့ရဲ့ စွမ်းရည်လည်း ရှိနေသေးတယ်”

ဝမ်ချင်းလင်က မျက်ခုံးကို ပင့်တင်လိုက်မိသည်။

ဒါက သာမန်ဇွန်ဘီ မဟုတ်ဘူးပဲ

ဝမ်ချင်းလင်က ပြောလိုက်သည်

“ တခြားဘာရှိသေးလဲ”

ရှောင်ဟန်၏ ခန္ဓာကိုယ်တွင် နာကျင်မှုကို ခံစားနေရသည့်အတွက် သူ အော်ဟစ်လိုက်သည်။ တိတ်ဆိတ်နေသော လင်းချန်မြို့တွင် အဘက်ဘက်မှ ဇွန်ဘီများက ရှောင်ဟန်၏ ခေါ်သံကို တုံ့ပြန်နေကြသည်။

ရှောင်ဟန်က ပြောလိုက်သည်

“ ငါက ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တဲ့ ဗိုလ်ချုပ်ရဲ့ စွမ်းရည်ကို ရသွားတာလား မသိဘူး”

ဝမ်ချင်းလင်က ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်

“ အသက်ရှူသံက အဲဒီဇွန်ဘီနဲ့ အရမ်းတူပြီးတော့ အနံ့ကတော့ ငါနဲ့တူတယ်”

ရှောင်ဟန် “…”

ရှောင်ဟန်က ပြောလိုက်သည်

“ တစ်ခုခုမှားလို့လား”

ဝမ်ချင်းလင်က ဖြေလိုက်သည်

“ ဂုဏ်ယူပါတယ်။ မင်းက နောက်ဆုံးတော့ အရောအနှော အဖြစ် ပြောင်းလဲသွားပြီ”

ရှောင်ဟန်၏ ခန္ဓာကိုယ်ပေါ်က အနံ့က ရောနေသည်။

တစ်ယောက်ယောက်၏ အနံ့၊ ဗိုလ်ချုပ်၏ အနံ့နှင့် ချင်းလင်တို့၏ အနံ့ပင် ဖြစ်သည်။

ဝမ်ချင်းလင်၏ အနံ့က အားအကောင်းဆုံးဖြစ်ပြီး ဗိုလ်ချုပ်၏ အနံ့က အားအနည်းဆုံး ဖြစ်သည်။ ဝမ်ချင်းလင်၏ အဓိကရည်ရွယ်ချက်က ဗိုလ်ချုပ်၏ အဆိပ်များကို ထုတ်ပစ်ဖို့ ဖြစ်သည်။ အကြွင်းအကျန် ရှိသေးလျှင်ပင် သိပ်များတော့မည် မဟုတ်ပေ။

ဝမ်ချင်းလင်က ပြောလိုက်သည်

“ တော်သေးတာပေါ့ မင်းက မနံလို့။ မဟုတ်ရင်တော့ ငါ့အနားကပ်ဖို့ မစဉ်းစားနဲ့”

ရှောင်ဟန် “…”

ရှောင်ဟန်က အဆင့်၈ သန္ဓေပြောင်းခန္ဓာ ဗိုလ်ချုပ်၏ စွမ်းရည်အချို့နှင့် ဝမ်ချင်းလင်၏ စွမ်းရည်တို့ကို ရရှိခဲ့သည်။ အဆိုးထဲမှ အကောင်းဟု ပြောရမည်။ သူက ဝမ်ချင်းလင်၏ သွေးကို သောက်သုံးခဲ့သော်လည်း မပေါက်ကွဲသွားဘဲ အသက်ရှင်ခဲ့သည်။

ဝမ်ချင်းလင်က တခြားဇွန်ဘီများနှင့် မတူသော သူနှင့် ရှောင်ဟန်ကြားက ဆက်နွယ်မှုကို ခံစားမိသည်။ ရှောင်ဟန်နှင့် သူနှင့် ဆက်နွယ်မှုက ထူးခြားသည်။ အသွင်ပြောင်းခြင်းက သန္ဓေပြောင်းသွား၍ ထူးဆန်းသွားသည်လားဆိုတာကိုတော့ မပြောတတ်ပေ။

သို့သော် ယေဘုယျအားဖြင့် ဝမ်ချင်းလင်က ရှောင်ဟန်ကို အသွင်ပြောင်းပေးခဲ့သည့်အတွက် ရှောင်ဟန် ဘယ်လောက်ထိ သန်မာနေပါစေ ဝမ်ချင်းလင်၏ ထိန်းချုပ်မှုကို မလွတ်မြောက်နိုင်ပေ။


Report Page