53

53


အခန်း (၅၃)

လူအချို့ ကားပေါ်မှ ဆင်းလာပြီး ကားကြီးနှစ်စီးပေါ်ရှိ ရိက္ခာနှင့် တိရစ္ဆာန်များကို မြင်လိုက်ရသည့်အခါ မနာလို ဖြစ်သွားကြသည်။

“ ဒါဆိုရင်… မင်းတို့က ငါတို့ရဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေနဲ့ ရိက္ခာတွေအားလုံးကို ယူသွားချင်နေတာလား” တစ်စုံတစ်ယောက်က မယုံကြည်နိုင်သည့်ပုံစံဖြင့် ပြောလိုက်သည်။

နဉ်နဉ်နှင့် ထုံထုံက ထိုလူများ သူတို့ကားနား ချဉ်းကပ်လာသည်ကို ဟန့်တားရင်း ပြောလိုက်သည်

“ ဒါက ကျွန်တော်တို့ရဲ့ တိရစ္ဆာန်လေးတွေ”

“ မင်းတို့ အပိုင်တဲ့လား။ ဒီနေရာမှာရှိတဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေ အကုန်လုံးက ငါတို့ အခြေစိုက်စခန်းရဲ့ အပိုင်ပဲ” ယောက်ျားတစ်ယောက်က ထုံထုံကို လှမ်းဆွဲဖို့ လက်လှမ်းလိုက်စဉ် ထုံထုံက ဝမ်ချင်းလင် ပြောခဲ့သော မကိုက်ရ၊ မကုတ်ရပေမဲ့ ရိုက်နှက်လို့ရသည်ဆိုသော စကားကို ပြန်လည်ကြားယောင်သွားမိသည်။

ထုံထုံက ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်ကာ စကားပြောနေသောသူကို အရှိန်ဖြင့် ပိတ်ကန်လိုက်သည်။

ထိုအမျိုးသားက အော်သံတစ်ခုနှင့်အတူ နောက်သို့ ပစ်လဲသွားသည်။ သူ့ဗိုက်ကို ကိုင်ထားပြီး အချိန်အတော်ကြာအထိ မတ်တပ်မရပ်နိုင်ဖြစ်နေသည်။ အသက်ငါးနှစ်၊ ခြောက်နှစ် မိန်းကလေးတွင် ထိုကဲ့သို့သော ခွန်အားမျိုး ရှိနေမည်ဟု သူ ထင်မထားခဲ့ပေ။

ထုံထုံက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ အော်ပြောလိုက်သည်

“ ဒီအကောင်လေးက ငါတို့ ဖမ်းမိထားတာ”

တစ်စုံတစ်ယောက် ရောက်လာကာ ကျိန်ဆဲလိုက်သည်

“ ဒီမကောင်းဆိုးဝါးလေးက ဘယ်ကနေ ရောက်လာတာလဲ”

ထုံထုံက ပြန်ပြီး အော်ပြောလိုက်သည်

“ ခင်ဗျားကသာ မကောင်းဆိုးဝါး”

ကျိရုန်က ကုန်ကားပေါ်မှ ခုန်ဆင်းလာကာ ပြောလိုက်သည်

“ မင်းတို့ ဘာလုပ်နေတာလဲ။ ကလေးတွေကို အနိုင်ကျင့်မလို့လား”

“ လူကြီးရှိတော့ ကောင်းတာပေါ့။ ကလေးတွေနဲ့ စကားမပြောချင်ဘူး” ကြမ်းတမ်းသည့် မျက်နှာရှိသော ယောက်ျားတစ်ယောက်က ရှေ့တိုးလာကာ ပြောလိုက်သည်

“ မင်းတို့ ဒီရိက္ခာတွေ ယူသွားလို့ မရဘူး။ အဲဒါ ငါတို့ပိုင်တာ။ ငါတို့ရဲ့ အခြေစိုက်စခန်းက အသက်ရှင်ဖို့အတွက် ဒီရိက္ခာတွေအပေါ် မှီခိုနေရတယ်”

ကျိရုန်က ပြောလိုက်သည်

“ မင်းတို့က ဘယ်အခြေစိုက်စခန်းကလဲ”

မီးမညှိရသေးသော စီးကရက်တစ်လိပ်ကို ကိုင်ရင်း ပြန်ဖြေလိုက်သည်

“ ဒီနားမှာ နန်းယန် အခြေစိုက်စခန်းတစ်ခုပဲ ရှိတယ်”

ကျိရုန်က မျက်ခုံးကို ပင့်တင်ကာ ပြောလိုက်သည်

“ ဒီကနေ ငါးမိုင်ဝေးတဲ့ အခြေစိုက်စခန်းလား”

“ ဟုတ်တယ်။ မင်း အဲဒီကို ရောက်ဖူးတာလား”

ကျိရုန်က ပြန်ဖြေလိုက်သည်

“ အဲဒီကို မရောက်ဖူးပေမဲ့ သိတယ်”

ခေါင်းမာသောသူက ဆေးလိပ်ကို ခဲလိုက်ရင်း ပြောသည်

“ သိတာတောင် ဘာလို့ ဒီနေရာမှာရှိတဲ့ တိရစ္ဆာန်တွေနဲ့ ရိက္ခာတွေကို ယူသွားရဲရတာလဲ”

ကျိရုန်က ကားကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်

“ ဒါက ပိုင်ရှင် မရှိတဲ့ အရာတွေပဲလေ။ သူတို့ကို ဘာလို့ ဖမ်းလို့ မရရမှာလဲ”

ထိုခေါင်းမာသော ယောက်ျား၏ အကြည့်များ ပြင်းထန်လာကာ ပြောလိုက်သည်

“ ငါ ထပ်ပြောလိုက်မယ်။ ဒါက ပိုင်ရှင် ရှိတယ်။ ငါတို့ အခြေစိုက်စခန်း ပိုင်တဲ့ ပစ္စည်းတွေပဲ”

ကျိရုန်က လှောင်ပြောင်ကာ ပြောလိုက်သည်

“ ငါလည်း ထပ်ပြီးတော့ ပြောလိုက်မယ်။ မင်းတို့ ဒီမွေးမြူရေးခြံတွေရဲ့ ပိုင်ရှင် မဟုတ်တဲ့အတွက် ဒါက ပိုင်ရှင် မရှိတဲ့ ပစ္စည်းတွေပဲ”

ခေါင်းမာသောယောက်ျားက စိတ်တိုစွာဖြင့် ပြောလိုက်သည်

“ မင်း သေချင်နေတာလား”

ရုတ်တရက် ကမ္ဘာကြီး ပြောင်းပြန်လှန်သွားကာ သူက ကျိရုန်၏ မြေပြင်ပေါ် လှဲချပြီး ချုပ်ထားခြင်းကို ခံထားလိုက်ရသည်။

ကားအများကြီး အရှိန်ဖြင့် တိုးဝင်လာပြီးနောက် မော့ကျင်းက အရင်ဆုံး ကားထဲမှ ခုန်ထွက်လာပြီး ပြောလိုက်သည်

“ အဲလို မလုပ်ပါနဲ့။ အကုန်လုံးက မင်းတို့ အပိုင်ပါ”

ကျိရုန်က ဖုန်းယီနှင့် ယန်မုန့်ယွီတို့ပါ လိုက်လာသည်ကို မြင်လိုက်ရသည့်အတွက် ထိုသူက ဝမ်ချင်းလင်၏ သူငယ်ချင်း မော့ကျင်းဖြစ်မည်ဟု ရိပ်လိုက်မိသည်။

ကျိရုန်က မတ်တပ်ရပ်လိုက်ကာ ခက်ထန်သည့် ယောက်ျားကို လွှတ်ပေးလိုက်သည်။

“ ဒီမိတ်ဆွေက တကယ်ကို အရည်အချင်း ရှိတာပဲ” မော့ကျင်း ရောက်လာကာ ထိုယောက်ျားကို ကန်ထုတ်ကာ ပြောလိုက်သည်

“တာ့ဟိုင် မင်း ရိက္ခာတွေယူဖို့အတွက် မြို့ကို သွားတာ မဟုတ်လား။ မင်း ဒီကို ဘာဖြစ်လို့ ရောက်လာတာလဲ”

တာ့ဟိုင်က ခါးကုန်းကာ မြေပြင်ပေါ်တွင် ကျနေသော ဆေးလိပ်ကို ကောက်ကာ မှုတ်လိုက်ပြီး ပါးစပ်တွင် တေ့ထားကာ ပြောလိုက်သည်

“ ကျွန်တော်တို့က မြို့လေးထဲမှာ ရောက်နေတာ။ ဒါပေမဲ့ ကုန်တွဲတစ်ခုကို မောင်းသွားတာကို တွေ့တော့ ဘယ်သွားလဲဆိုတာ လိုက်ကြည့်ရင်း ဒီကို ရောက်လာတာပဲ”

တာ့ဟိုင်က ရှင်းပြဖို့ အလုပ်ရှုပ်နေသည်

“ဘော့စ် ကြည့်လိုက်ပါဦး။ သူတို့ ဘယ်လောက်တောင်များတဲ့ တိရစ္ဆာန်တွေကို ဖမ်းမိလာလဲဆိုတာ ကြည့်လိုက်ပါဦး။ ဒါတွေက ကျွန်တော်တို့ကို ပြန်သွားဖို့ ဟန့်တားနေတာ”

ဖုန်းယီနှင့် ယန်မုန့်ယွီတို့က ကားနှစ်စီးပေါ်ရှိ ရိက္ခာများကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

သူတို့ တစ်လမ်းလုံး အတူတူလိုက်လာပေမဲ့ သူတို့ ဒီမှာ သန္ဓေပြောင်း တိရစ္ဆာန်တွေကို ဖမ်းဖို့ဆိုတာ မသိခဲ့ဘူး။ သူတို့ အများကြီး ဖမ်းမိခဲ့တာပဲ။ ဒီနေရာမှာ ဒီလောက်ထိများတဲ့ ရိက္ခာတွေ ရှိနေတာလား

မော့ကျင်းက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်

“ ဝမ်ချင်းလင် ဘယ်မှာလဲ”

ကျိရုန်က ရုပ်ချောသော ထိုသူကို ကြည့်လိုက်ပြီး ပြောသည်

“ မင်း သူ့ကို တွေ့ချင်ရင် စောင့်လိုက်ဦး။ သူက သန္ဓေပြောင်း တိရစ္ဆာန်တွေကို ဖမ်းတုန်းပဲ”

တာ့ဟိုင်က ပြောလိုက်သည်

“ အခုထိ ဖမ်းနေတုန်းလား”

မော့ကျင်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဒါဆိုလည်း ငါ စောင့်နေမယ်လေ”

သူတို့ သိပ်မစောင့်လိုက်ရဘဲ ဝမ်ချင်းလင်တို့အဖွဲ့ ပြန်ရောက်လာသည်။ သူတို့က အဆင့်မြင့်သတ္တု လှောင်ချို့င့်များကို သယ်လာကြပြီး သန္ဓေပြောင်းနွားများ၊ သိုးများနှင့် ဝက်များကို ကျောင်းလာသည်။

စောင့်နေသောသူအားလုံး အံ့ဩသွားကြသည်။

ဒီမှာရှိတဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေအားလုံးကို ဖမ်းဖို့ ကြိုးစားနေတာပဲ

ဤနေရာတွင် ဘာဖြစ်ထားလဲဆိုတာကို ဝမ်ချင်းလင် သိထားပြီးပြီဖြစ်သည်။ ပြဿနာ ကြီးကြီးမားမား မဟုတ်သည့်အတွက် သူ တမင် ပြန်လာစရာ မလိုပေ။

တခြားသူများက ကားပေါ်သို့ တင်စရာရှိသည်များကို တင်နေစဉ် ဝမ်ချင်းလင်က ပြောလိုက်သည်

“ ငါ့ကို ရှာနေတာလား”

မော့ကျင်းက ဝမ်ချင်းလင်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး ပြောလိုက်သည်

“ မင်း အသက်ရှင်နေသေးတာ တော်တော်လေး ကောင်းတာပဲ”

ကျိရုန်က ရှောင်ဟန်အနားသို့ တိတ်တိတ်လေးသွားကာ တိုးတိုးလေး ပြောလိုက်သည်

“ သေစမ်း … လောင်တရဲ့ အချစ်ပြိုင်ဘက် ပေါ်လာပြီ။ အဲဒီကောင်က ဒေါက်တာဝမ်ကို သေချာကြီး စိုက်ကြည့်နေတာ။ ပြဿနာပဲ”

ရှောင်ဟန်က သူ့ကို တံတောင်ဖြင့် တွတ်ကာ ပြောလိုက်သည်

“ မင်း ပါးစပ်ကို ပိတ်ထားပြီး စောင့်ကြည့်သင့်တယ်။ အခြေအနေတိုးတက်လာပြီ”

ဝမ်ချင်းလင်ဆီကို ချောမောတဲ့ လူငယ်တစ်ယောက် လာတာကို သူမြင်တယ် သူ သေချာပေါက် အာရုံစိုက်ရမယ်။ ကျိရုန်ရဲ့ အသိပေးချက် မလိုဘူး … 

ကျိရုန်က ထပ်ပြောလိုက်သည်

“ အချစ်ပြိုင်ဘက်ကို သွားရိုက်တော့မလို့လား”

ရှောင်ဟန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ မင်း စကားထပ်ပြောရင် မင်းကို အရင်ရိုက်မယ်”

ကျိရုန် “…”

ကျိရုန်က ပါးစပ်ကို ပိတ်ထားလိုက်ပြီး အခြေအနေ တိုးတက်မှုကို စောင့်ကြည့်နေသည်။

ဝမ်ချင်းလင်က မျက်နှာအမူအရာမဲ့စွာဖြင့် ပြောလိုက်သည်

“ မင်းလည်း အသက်ရှင်နေသေးတာပဲ”

မော့ကျင်းက တခြားသူများကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ဒါက မင်းရဲ့ အဖော်တွေလား”

ဝမ်ချင်းလင်က ပြန်ဖြေလိုက်သည်

“ ဟုတ်တယ်”

မော့ကျင်းက သူ့ကို ဖိတ်ကြားလိုက်သည်

“ ငါ့ရဲ့ အခြေစိုက်စခန်းက ရှေ့နားလေးတင်။ လိုက်လည်ပါဦးလား”

ဝမ်ချင်းလင်က တွေဝေနေသကဲ့သို့ ဘာမှမပြောပေ။

မော့ကျင်းက ဆက်ပြောလိုက်သည်

“ ကျောင်းက အထက်တန်း ဘတ်စကတ်ဘော အသင်းကို မှတ်မိတယ်မလား။ အခု သူတို့လည်း အခြေစိုက်စခန်းထဲမှာ ရှိတယ်။ ငါတို့ နန်းယန် အခြေစိုက်စခန်းကို အတူတူတည်ထောင်ခဲ့တာ။ အဲဒါက ကျေးလက်လို နေရာပဲ။ မြို့ထဲမှာ လူအနည်းငယ်ရှိတယ်။ 

ဇွန်ဘီတွေ အများကြီး မရှိဘူး။ ဒီနေရာမှာ အရမ်းလုံခြုံတယ်။ ငါတို့ရဲ့ သင်္ချာဆရာ မစ္စတာကောင်းလည်း ငါတို့ရဲ့ အခြေစိုက်စခန်းမှာပဲ။ မင်းရဲ့ မိတ်ဆွေအချို့လည်း ရှိတယ်။ လိုက်ကြည့်ပါဦးလား”

ဖုန်းယီ၏ အကြည့်တို့ မဲမှောင်သွားသည်။ မော့ကျင်းက ကောင်းမွန်သော ဘတ်စကတ်ဘောကြောင့် ဝမ်ချင်းလင်၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဝမ်ချင်းလင်က မော့ကျင်း ဘတ်စကတ်ဘော ကစားနေသည်ကို ကြည့်ရသည်ကို ကြိုက်နှစ်သက်သည်။ ဝမ်ချင်းလင်က ဘတ်စကတ်ဘောပွဲများတွင်လည်း ရှိသည့်အတွက် ဝမ်ချင်းလင်က မော့ကျင်းကို ကြိုက်နေသည်ဟု ဖုန်းယီ ကောက်ချက်ချမိသည်။

အခုလည်း မော့ကျင်းက ဘာလို့အထက်တန်းကျောင်းတုန်းက ဘတ်စကတ်ဘောအဖွဲ့အကြောင်း ပြောနေလဲဆိုတာ အရမ်းသိသာတယ်လေ

“ ငါတို့ကား အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပေးဦး”

ဝမ်ချင်းလင်က ရုတ်တရက် သဘောတူလိုက်သည့်အတွက် ရှောင်ဟန်နှင့် ကျိရုန်တို့ အံ့ဩသွားကြသည်။

သန္ဓေပြောင်း တိရစ္ဆာန်များဖြင့် ပြည့်နှက်နေသော ကားနှစ်စီးက ငါးမိုင်အကွာရှိ နန်းယန်အခြေစိုက်စခန်းသို့ သွားလိုက်ကြသည်။

နန်းယန် အခြေစိုက်စခန်းကို သေးငယ်သော အခြေစိုက်စခန်းတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။ အသက်ရှင်သူ ရာကျော်နှင့် လွတ်မြောက်လာသူ အချို့ ရှိသည်။ သူတို့အတွက် အခုအချိန်ထိ အသက်ရှင်ဖို့ဆိုတာ မလွယ်ကူခဲ့ပေ။

ကုန်ကားနှင့် ကုန်တွဲကို အခြေစိုက်စခန်းအပြင်ဘက်တွင် ပါကင်ထိုးထားခဲ့သည်။ မော့ကျင်းက ဝမ်ချင်းလင်တို့ကို အထဲသို့ ခေါ်ဆောင်သွားသည်။ ဖုန်းပင်း၊ ဝမ့်ပေါ်နှင့် လောင်ကျိုးတို့က ကားကို စောင့်ကြည့်ဖို့ နေခဲ့သည်။ နဉ်နဉ်နှင့် ထုံထုံတို့က အရမ်းသိချင်နေ၍ ကျန်းလန်နှင့်အတူ အထဲသို့ လိုက်သွားသည်။

ကျန်းလန်နှင့် ကလေးနှစ်ယောက်က တခြားအခြေစိုက်စခန်းသို့ ပထမဆုံးအကြိမ် လည်ဖူးခြင်း ဖြစ်သည့်အတွက် သူတို့ အရမ်းသိချင်နေကြသည်။

ဝမ်ချင်းလင်နှင့် မော့ကျင်းတို့က ရှေ့မှလျှောက်သွားကာ ရှောင်ဟန်နှင့် ကျိရုန်တို့က နောက်မှလိုက်သွားသည်။ သူတို့နောက်တွင် ကျန်းလန်နှင့် ကလေးနှစ်ယောက် ရှိသည်။

ယန်မုန့်ယွီက ပြုံးကာ ကျန်းလန်ကို စကားပြောလိုက်သည်

“ အန်တီတို့ရဲ့ အခြေစိုက်စခန်းက ဘယ်လောက်ကြီးလဲ”

ကျန်းလန်က ပြောလိုက်သည်

“ ဒီနေရာနဲ့ နှိုင်းယှဉ်ရင်တော့ ကြီးတယ်လို့ ပြောလို့ရတယ်။ ငါတို့ရဲ့ အခြေစိုက်စခန်းက သန့်ရှင်းသပ်ရပ်ပြီးတော့ စည်းလုံးတယ်”

ယန်မုန့်ယွီက ကျန်းလန်ကို စိုက်ကြည့်လိုက်သည်။

“အဲဒီအခြေစိုက်စခန်းမှာ ဘယ်လိုလုပ်ပြီးတော့ သေနတ်တွေ ရှိနေတာလဲ။ ကလေးတွေဆီမှာတောင် သေနတ်ရှိနေရတာလဲ”

ကျန်းလန်က ဖြေလိုက်သည်

“ အော် သေနတ်တွေ အများကြီးပဲမလို့။ လူကလည်း နည်းတော့ ကလေးတွေလည်း ကိုယ့်ဘာသာကို ကာကွယ်နိုင်အောင် ကလေးတွေကိုလည်း ပေးထားတာ”

ယန်မုန့်ယွီ  “…”

ထိုစကားကို ကြားလိုက်သော နန်းယန် အခြေစိုက်စခန်းရှိ သူများက အံ့ဩသွားကြသည်။

အာဏာရှင်ကြီးက ဘယ်မှာလဲ

သေနတ်တွေက အဲဒီက ကလေးတွေအတွက် ကစားစရာသက်သက်လား

ယန်မုန့်ယွီက အနည်းငယ်ဆွံ့အသွားမိသည်။ 

ဒါက မှန်လားမှားလားမသိတော့ တခြားအကြောင်းအရာကို ပြောင်းပြောရမယ်

“ အန်တီတို့ရဲ့ အခြေစိုက်စခန်းက ဝင်ဖို့ ခက်ခဲတယ်လို့ ကြားတယ်။ ဘယ်လိုအချက်တွေနဲ့ ကန့်သတ်ထားတာလဲဟင်။ စွမ်းရည်ရှိတဲ့သူတွေကိုရော လက်မခံဘူးလားဟင်”

ကျန်းလန်က ပြန်ဖြေလိုက်သည်

“ ဝင်ဖို့ အရမ်းခက်ခဲတယ်။ စွမ်းရည်ရှိတဲ့သူတွေတောင် ဝင်လို့ မရဘူး”

ယန်မုန့်ယွီက မေးလိုက်သည်

“ ဒါဆိုရင်… ဘယ်သူတွေ ဝင်လို့ ရတာလဲ”

ကျန်းလန်က သူမဘာသာသူမ တွေးလိုက်သည်။

လူဖြစ်နေသရွေ့ ဝင်လို့မရဘူး

ကျန်းလန်က အကြံပေးကာ ပြောလိုက်သည်

“ ကောင်မလေး ဒီမှာပဲ စိတ်အေးအေးနဲ့နေ။ ငါတို့ရဲ့ အခြေစိုက်စခန်းက မင်းအတွက် မသင့်လျော်ဘူး”

ယန်မုန့်ယွီက ရပ်တန့်ကာ ပြောလိုက်သည်

“ အဲဒီ အခြေစိုက်စခန်းကို တကယ်ပဲ ဝမ်ချင်းလင် တည်ထောင်ခဲ့တာလား”

ကျန်းလန်က ပြန်ပြောလိုက်သည်

“ ဟုတ်တယ်။ မြို့တံတိုင်းတွေကအစ ငါ့သားတစ်ယောက်ထဲ တည်ဆောက်ခဲ့တာလေ”

ယန်မုန့်ယွီ “…”

ဘတ်စကတ်ဘော အသင်းမှ လူများက ဝမ်ချင်းလင်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြသည်။ တခြားဘာမှမကြည့်ဘဲ ဝမ်ချင်းလင်၏ အဝတ်အစားကို ကြည့်ရုံဖြင့် သူ အခုတလော ကောင်းစားနေသည်ကို သိရှိနိုင်သည်။

သူတို့ ဝမ်ချင်းလင်ကို ထပ်မြင်လိုက်ရသည့်အခါ အထက်စီးဆန်သည့်စိတ်တို့ ပျောက်သွားသည်။

လူအများက သူတို့မာနကို ဖိနှိပ်ထားပြီး မေးလိုက်သည်

“ မင်းကိုယ်တိုင် အခြေစိုက်စခန်းတည်ထောင်ခဲ့တယ်လို့ ကြားတယ် ဟုတ်လား”

ဝမ်ချင်းလင်က ပြန်ဖြေလိုက်သည်

“ ဟုတ်တယ်လေ”

အတန်းဖော်များက မေးလိုက်သည်

“ အရွယ်အစားက ဘယ်လောက်လဲ”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ ဒီနေရာထက်ကြီးတယ်။ ဒီနေရာထက်လည်း သန့်ရှင်းတယ်။ ငါတို့က အရမ်းစည်းလုံးတယ်”

အတန်းဖော်များ “…”

ဟန်ဆောင်မှုအတွက် မင်းကို အမှတ်အပြည့် ပေးလိုက်မယ်

အတန်းဖော်က ရယ်ရင်း မေးလိုက်သည်

“ မင်းရဲ့ အခြေစိုက်စခန်းက ဘယ်မှာလဲ”

ဝမ်ချင်းလင်က ပြောလိုက်သည်

“ လင်းချန်မှာလေ”

အတန်းဖော်များ “…”

အတန်းဖော်များက အချင်းချင်း စိုက်ကြည့်ကာ အတည်ပြုလိုက်ကြသည်။ လင်းချန်တွင် အဆင့် ၈ သန္ဓေပြောင်းခန္ဓာရှိသည့် ဗိုလ်ချုပ်ပေါ်လာသည်ဟု ကြားထားသည်။ မိုင်တစ်ရာအတွင်း ဘယ်သက်ရှိမှလည်း မနေနိုင်ပေ။ ဘာဗိုလ်ချုပ်မှ မရှိလျှင်ပင် လင်းချန်က ဇွန်ဘီများ စုဝေးနေသော နေရာဖြစ်သည့်အတွက် အခြေစိုက်စခန်းတစ်ခု တည်ထောင်ဖို့ မဖြစ်နိုင်ပေ။

ဝမ်ချင်းလင်၏ အဝတ်အစားများကို တစ်ခါထပ်ပြီး ကြည့်လိုက်ကြသည်။

 ဒါက ဟန်ဆောင်ဖို့အတွက် ခဏလောက် အဝတ်အစားလဲထားတာ မဖြစ်နိုင်ဘူးလား

အတန်းဖော်က ထူးဆန်းစွာဖြင့် ပြောလိုက်သည်

“ လင်းချန်က ဇွန်ဘီတွေနဲ့ ပြည့်နှက်နေတာ မဟုတ်လား။ မင်းရဲ့ အခြေစိုက်စခန်းကို ဇွန်ဘီတွေကြားထဲမှာ ဆောက်ထားတာလား”

ဝမ်ချင်းလင်က ပြန်ဖြေလိုက်သည်

“ အဲလိုမျိုး ပြောလို့ရပါတယ်”

အဲဒါက ဇွန်ဘီတွေကြားမှာပဲ မဟုတ်လား

နောက်ထပ် အတန်းဖော် တစ်ယောက်က ဝမ်ချင်းလင် လိမ်နေသည်ဟု ယုံကြည်ပြီး ပုခုံးကို ရိုက်ကာ ပြောလိုက်သည်

“ အားလုံးက အတန်းဖော်တွေပဲလေ။ မင်းမှာ အခက်အခဲရှိရင် ငါတို့ကို ပြောပေါ့။ ငါတို့ တတ်နိုင်တာဆိုရင် ကူညီမှာပါ။ ငါတို့ရဲ့ အခြေစိုက်စခန်းကို ဘယ်လိုထင်လဲ။ မင်း ဝင်လာချင်ရင် မင်းရဲ့ အဖော်တွေကိုပါ ခေါ်လာလို့ ရတယ်နော်”

ဝမ်ချင်းလင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မလိုပါဘူး”

ဖုန်းဟွေ့က အသံမြှင့်ကာ ပြောလိုက်သည်

“ လူတချို့က ကိုယ်ပိုင် အခြေစိုက်စခန်းရှိတယ်ဆိုတာနဲ့ ချီးကျူးချင်လို့ပါ။ ဒါပေမဲ့ အဲဒါက တကယ်ရှိလား မရှိဘူးလားဆိုတာတောင် မသိရဘူး။ လိမ်နေမှန်း သိသာပေမဲ့ အမှန်လိုမျိုး ဟန်ဆောင်ပြီး ပြောနေတုန်းပဲ”

ယန်မုန့်ယွီ ဒေါသထွက်သွားသည့်အတွက် မျက်နှာပင် နီရဲလာသည်။

ဝမ်ချင်းလင်မှာ အခြေစိုက်စခန်း ရှိ၊ မရှိဆိုတာက ပြဿနာ ဖြစ်နေသေးပုံပေါ်သည်။

မော့ကျင်းက ဝမ်ချင်းလင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးလိုက်သည်

“ ဝမ်ချင်းလင်မှာ အခြေစိုက်စခန်းရှိတယ်လို့ ပြောရင် အခြေစိုက်စခန်းရှိလို့ပဲပေါ့”

မော့ကျင်းက ဝမ်ချင်းလင်ကို ပြောလိုက်သည်

“ ထိုင်ပါဦး”

နန်းယန်အခြေစိုက်စခန်းက မြို့နှင့် သိပ်မဝေးပေ။ မြို့တံတိုင်းကို မြေဓာတ်စွမ်းရည်ဖြင့် တည်ဆောက်ထားပြီး ကျန်ရစ်သူများ နေထိုင်ကြသည်။

ဝမ်ချင်းလင်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မလိုဘူး ဒီနေရာမှာ စောင့်နေ”

“ မင်း ဘယ်သူ့ကို စောင့်နေတာလဲ။” မော့ကျင်းက ရုတ်တရက် သတိရသွားကာ ပြောလိုက်သည်

“ ဆရာကောင်းကို စောင့်နေတာမလား။ ဖန်းကျီ ဆရာကောင်း ဘယ်မှာလဲ”

ဖန်းကျီက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်

“ ဆရာကောင်းက မြို့ကို တစ်ခုခု ရှာဖို့ သွားတယ်မဟုတ်လား။ မကြာခင်တော့ ပြန်လာမယ် ထင်တယ်”

ဝမ်ချင်းလင်တို့အဖွဲ့က လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူတို့ ဒီမှာနေမည်၊ မနေမည်ကို မှန်းဆနေကြသည်။ မော့ကျင်းတို့က ပိုအားကောင်းသည် မဟုတ်ပါလော။

ဒီလူများဖြင့် အငြင်းပွားစရာများ ရှိသည်မှာ နန်းယန်အခြေစိုက်စခန်းအတွင်းလည်း အတူတူ ဖြစ်၏။

တံခါးဝတွင် သေနတ်သံကို ကြားလိုက်ရသည့်အတွက် အားလုံးက တုန်လှုပ်သွားစဉ် ဝမ်ချင်းလင်က တံခါးဆီသို့ လမ်းလျှောက်သွားလိုက်သည်။


Report Page