49
အခန်း (၄၉)
ဝမ်ချင်းလင်က သွေးအနီမိုနီချပ်ကြီးတစ်ခုကို ယူကာ မောင်းထွက်သွားသည်။
လင်းချန်မြို့တော်၏ ပတ်ဝန်းကျင်က ယခင်လိုမျိုး မလုံခြုံတော့ပေ။ အပြင်ဘက်တွင် သွားလာနေသော ဇွန်ဘီများစွာရှိပြီး သန္ဓေပြောင်းဇွန်ဘီများကလည်း နေရာအနှံ့တွင် ပြန့်ကျဲနေသည်။ ယခင်က လင်းချန်မြို့တော်သို့ လာရောက်ကာ ရိက္ခာလာယူသူများ ရှိခဲ့သော်လည်း ဗိုလ်ချုပ်၏ ရှင်းလင်းမှုကြောင့် မိုင်တစ်ရာအတွင်း သက်ရှိလူသားများ မရှိတော့ပေ။
ယခု ဗိုလ်ချုပ် ထွက်သွားပြီဖြစ်သည့်အတွက် လင်းချန်မြို့တော်က ထပ်မံ ဆူညံလာပြန်သည်။ သတ္တိရှိသော တချို့အသက်ရှင်ကျန်ရစ်သူများက အခြေအနေကို လေ့လာဖို့အတွက် စိတ်အားထက်သန်နေကြသည်။ သို့သော် သူတို့က အနီးအနားရှိ ဇွန်ဘီများ၏ ခြောက်လှန့်ခြင်းကို ခံရသည့်အတွက် လင်းချန်မြို့တော်ကို အဝေးတစ်နေရာမှာသာ ကြည့်နိုင်တော့သည်။
ဝမ်ချင်းလင်က လင်းချန်မြို့တော်ထဲမှ ကားမောင်းထွက်လာသည့်အခါ မလှမ်းမကမ်းတွင်ရှိနေသော သူများက မြင်လိုက်ကြသည်။ ကားအနားသို့ ကပ်လာသည့်အခါ ကားထဲတွင် လူတစ်ယောက် ပါလာသည်ကို တွေ့လိုက်ရသည့်အတွက် အသက်ရှင်ကျန်ရစ်သူများ ချက်ချင်း စိတ်သက်သာရာ ရသွားကြသည်။ တစ်စုံတစ်ယောက်က ကားကို ရပ်တန့်ရန်အတွက် လမ်းမပေါ်တွင် လက်နက်ကိုင်ဆောင်ကာ မတ်တပ်ရပ်နေသည်။
ဝမ်ချင်းလင်က သူ့အမေ လုပ်ပေးလိုက်သော အသားခြောက်ကို စားရင်း မျက်နှာသေဖြင့် ဆက်လက် မောင်းနှင်လာသည်။ အရှိန်လျှော့ဖို့ စိတ်ကူးလည်း ရှိသည့်ပုံမပေါ်ပေ။
သူ သေချင်နေတယ်ဆိုမှတော့ ဘယ်သူက တားနိုင်မှာလဲ
သူ ရပ်တန့်ဖို့ ဆန္ဒမရှိသည်ကို တွေ့မြင်လိုက်ရသည့်အခါ သူတို့ အော်ပြောလိုက်သည်
“ ရပ်လိုက်နော်။ မရပ်ရင် သေနတ်နဲ့ ပစ်လိုက်မှာနော်”
ဝမ်ချင်းလင်ကတော့ အသားခြောက်ကို တည်ငြိမ်စွာဖြင့် ဆက်စားနေသည်။ အသက်ရှင်ကျန်ရစ်သူများကလည်း သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။ သို့သော် ကားဖြင့် တိုက်မိမလို ဖြစ်သွားသည့်အတွက် လမ်းလယ်ခေါင်တွင် ရပ်နေသောသူတို့ လမ်းဘေးသို့ အမြန်လှိမ့်ချလိုက်ရသည်။ သူတို့ အသက်ရှင်ရုံသာ ရှိနိုင်ပြီး ဖြတ်သွားသော ကားပိုင်ရှင်ကို အော်ဟစ်ဆဲဆိုလိုက်ကြသည်။
သူတို့၏ တာယာများ သစ်သားဆူးချွန်ဖြင့် ထိုးဖောက်ခံလိုက်ရသည့်အတွက် သူတို့၏ လုပ်ရပ်ကို ချက်ချင်းနောင်တရသွားကြသည်။ သူတို့ ထွက်သွားချင်ပါက သူတို့၏ ခြေထောက်ကိုသာ အားကိုးနိုင်တော့မည် ဖြစ်သည်။ ဇွန်ဘီတစ်ကောင်နှင့် ရင်ဆိုင်တွေ့ရပါက ဘယ်သူပိုပြီး မြန်မြန်ပြေးနိုင်လဲဆိုတာကို ယှဉ်ပြိုင်ရမည့် အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်။
အသက်ရှင်ကျန်ရစ်သူများ “…”
ဝမ်ချင်းလင်က ရုန်ချန်သို့ အရှိန်ဖြင့် မောင်းနှင်သွားသည်။
ရုန်ချန်အခြေစိုက်စခန်းက ရှိနေဆဲဖြစ်သော်လည်း လမ်းတံတားဖြတ်သန်းခ ကောက်ခံသော ဂိတ်များ မရှိတော့ပေ။ သူတို့၏ အလုပ် ပြောင်းသွားသလား ဒါမှမဟုတ် သေသွားလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပေ။
ဝမ်ချင်းလင်က လမ်းပေါ်မှာသာ ရှိနေသေးသော်လည်း သူ့ စိတ်စွမ်းအားက စမ်းသပ်လေ့လာသူ လက်ထောက်သုံးယောက်ကို ရှာဖွေနေပြီဖြစ်သည်။
ဝမ်ချင်းလင်က လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သော ရှောက်ဖေးက ဒဏ်ရာပြင်းထန်စွာ ရသွားသော်လည်း မသေသေးပေ။ ယင်ချန်းလွေ့က ဝမ်ချင်းလင်နှင့် ရှောင်ဟန်နောက်သို့ လိုက်ရန် လူအများကို စေခိုင်းခဲ့သော်လည်း ဘယ်သူမှ သူ့ကို ကယ်တင်ပေးခြင်း မရှိခဲ့ပေ။ သူက ရုန်ချန်အခြေစိုက်စခန်းမှာ နေခဲ့ရပြီး ကံမကောင်းစွာဖြင့် အခြေစိုက်စခန်းထဲတွင် ကုသပေးသူ မရှိပေ။ သူ့ ဒဏ်ရာများက သာမန်ဆေးများဖြင့် ကုသလို့မရပေ။ ထို့ကြောင့် သူ အသက်ရှင်ရုံမျှသာ နေနိုင်ပြီး သေဖို့သာ စောင့်နေနိုင်တော့သည်။
ဝမ်ချင်းလင်က သူ့ကို မေးဖို့ စိတ်ကူး မရှိသော်လည်း ရုန်ချန်အခြေစိုက်စခန်းကို ဖြတ်ပြီး မောင်းသွားသည့်အခါ ရုတ်တရက် အကြံတစ်ခု ရသွားသည်။
ဝမ်ချင်းလင် ထွက်သွားပြီးနောက် နွယ်ပင်များလည်း ပျောက်ကွယ်သွားကာ ရှုပ်ပွနေသော မြေပြင်သာ ကျန်ရှိတော့သည်။ ယင်ချန်းလွေ့၊ ဝမ်ချင်းလင်နှင့် တခြားသူများ ထွက်သွားသည့်အခါ ရုန်ချန်အခြေစိုက်စခန်းက နဂိုအတိုင်း ပြန်လည်တည်ငြိမ်သွားသည်။
အခြေစိုက်စခန်းထဲရှိလူအားလုံးက ကြောက်လန့်သွားကြသည်။ မရင်းနှီးသော ကားတစ်စီး ချဉ်းကပ်လာသည်ကို မြင်ရသည့်အခါ သူတို့ အရမ်းကြောက်သွားကြသည်။ ဝမ်ချင်းလင် ကားပေါ်မှ ဆင်းလာသည်ကို တွေ့သည့်အခါ သူတို့အားလုံး အခြေစိုက်စခန်းထဲသို့ အမြန်ပြေးဝင်သွားကြသည်။ သူတို့က မကြိုဆိုသည့်အပြင် ဂိတ်တံခါးကို အလျင်အမြန် ပိတ်လိုက်သည်။ သူတို့အားလုံး အော်ဟစ် ထွက်ပြေးသွားကြသည်။
ဝမ်ချင်းလင် “…”
နိမ့်သော အခြေစိုက်စခန်းတံတိုင်းကို ကြည့်လိုက်သည့်အခါ ငါးမီတာပင် မမြင့်သည့်အတွက် ဝမ်ချင်းလင်က အသာခုန်တက်လိုက်ပြီး တံတိုင်းပေါ်တွင် မတ်တပ်ရပ်လိုက်သည်။
ရုန်ချန်အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများက အားလုံးအော်ဟစ်ကာ ထွက်ပြေးကုန်ကြသည်။
ဝမ်ချင်းလင် “…”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ ငါ မင်းတို့ကို မသတ်ပါဘူး။ ဘာလို့ ဒီလောက်ထိ ကြောက်နေရာတာလဲ”
ဝမ်ချင်းလင်က အရမ်းစိတ်ရှုပ်ထွေးသွားသည်။
ရုန်ချန်အခြေစိုက်စခန်း၏ ခေါင်းဆောင်က အလျင်အမြန် ပြေးလာသည်။ သူလည်း အရမ်းကြောက်နေသော်လည်း ခေါင်းဆောင်ဖြစ်နေသည့်အတွက် ရှေ့ထွက်လာရသည်။
ခေါင်းဆောင်က ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်
“ မင်း အရင်တစ်ခေါက်က ပြသလိုက်တဲ့ ခွန်အားက အရမ်းသန်မာတာမလို့ အားလုံးက ကြောက်နေကြတာ”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ အော်…”
ခေါင်းဆောင်က တောင့်တင်းစွာ ပြုံးလိုက်ပြီး ရုပ်ဆိုးစွာဖြင့် ပြောလိုက်သည်
“ မင်း ဒီတစ်ခေါက် ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ။ တစ်ခုခုများ အဆင်မပြေလို့လား”
ဝမ်ချင်းလင်က ပြန်ဖြေလိုက်သည်
“ တစ်ယောက်ယောက်ကို ရှာချင်လို့”
ခေါင်းဆောင်က ချက်ချင်း ပြောလိုက်သည်
“လက်ထောက် သုတေသီ ရှောက်ဖေးလား”
ဝမ်ချင်းလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ သူပဲ”
ခေါင်းဆောင်က ပြောလိုက်သည်
“ စိတ်မပူပါနဲ့။ သူ အသက်ရှင်နေပါသေးတယ်။ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းငယ်လေးမှာ ကုသပေးတဲ့သူတွေ မရှိပါဘူး။ ရုန်ချန်မှာ ရလာတဲ့ဆေးတွေကလည်း အကျိုးသက်ရောက်မှု မရှိဘူး။ သူ့ ဒဏ်ရာက ပိုးဝင်နေပြီ”
အဲဒီအချိန်တုန်းက ဒီလူတွေက ဒီလောက်ထိ မရိုးရှင်းဘူးလို့ ခေါင်းဆောင်က ထင်ထားတဲ့တယ်။ တစ်ယောက်က သူတို့နဲ့ ကျန်ခဲ့တာဆိုတော့ သူတို့သာ ပြန်လာရှာလို့ သေနေရင် ရုန်ချန်အခြေစိုက်စခန်းပဲ ကံဆိုးမိုးမှောင်ကျမှာ မဟုတ်လား
အဲဒါကြောင့် သူ အကောင်းဆုံး ကြိုးစားပြီး ကယ်ချင်လို့သာ အကိုက်အခဲပျောက်ဆေးကို သူစိမ်းတစ်ယောက်အတွက် သုံးပေးခဲ့တာ
ခေါင်းဆောင်က သေခါနီး ရှောက်ဖေးကို အလျင်အမြန် ခေါ်လာခိုင်းလိုက်သည်။ သို့သော် ရှောက်ဖေးက နေ့ချင်းညချင်း ပိန်သွားသည်။
ဝမ်ချင်းလင် ခုန်ချလိုက်သည့်အခါ အသက်ရှင်ကျန်ရစ်သူအားလုံး ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြသည်။
ဝမ်ချင်းလင်က ရှောက်ဖေးရှိရာသို့ လမ်းလျှောက်သွားကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
အသက်ရှင်ချင်လိုစိတ်ကြောင့် ရှောက်ဖေးက ဝမ်ချင်းလင်၏ ဘောင်းဘီကို ဖမ်းဆုပ်လိုက်သည်။ သူ သေတော့မည်ဆိုတာကို သိသည့်အပြင် ဤလူတစ်ယောက်တည်းကသာလျှင် သူ့ကို ကယ်နိုင်သည်ဆိုတာကို သိသည်။ ထိုလူက ကူးစက်ခံရသူများကိုပင် ကုသနိုင်သော်လည်း သူ့ကို ကယ်တင်စရာအကြောင်း မရှိပေ။
“ ကျွန်တော်ကို ကယ် … ကယ်ပါဦး…”
ဝမ်ချင်းလင်က ကုန်းကြည့်ကာ ရှောက်ဖေး၏ အဝတ်အစားများကို ဆွဲကာ မြို့တံတိုင်းပေါ်သို့ ခုန်တက်သွားပြီး အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားသည်။
တစ်စုံတစ်ယောက်က ကြောက်လန့်စွာဖြင့် မေးလိုက်သည်
“ သူ…သူ…သူ…သေသွားမှာလား”
ခေါင်းဆောင်က နဖူးပေါ်ရှိ ချွေးစေးများကို သုတ်ကာ ပြောလိုက်သည်
“ သေသေရှင်ရှင် ငါတို့နဲ့ မဆိုင်ဘူးလေ။ ဒီကမ္ဘာကြီးမှာ လူသားတွေရှိနေသရွေ့ လူသားတွေက မကောင်းဆိုးဝါးထက် ပိုကြောက်ဖို့ကောင်းတယ်။ အဲဒါကြောင့် တခြား ပို့ပစ်ရမယ်”
ရှောက်ဖေး စကားပြောတာ များသွားသည့်အတွက် မေ့လဲသွားသည်။ သူ ပြန်နိုးလာသည့်အခါ ဇွန်ဘီရိုင်းသုံးကောင်က သူ့ရှေ့တွင် ရပ်နေပြီး သူက မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ အော်ဟစ်ကာ ထွက်ပြေးချင်သော်လည်း မလှုပ်နိုင်ဖြစ်နေသည်ကို သိလိုက်ရသည်။
သူ အပြင်းအထန် ဒဏ်ရာရနေသည့်အတွက် ဝမ်ချင်းလင်သာ မကယ်ပါက သူ သေရတော့မည် ဖြစ်သည်။
ဝမ်ချင်းလင်ကို တွေးမိသွားသည့်အတွက် ရှောက်ဖေးက အလျင်အမြန် လိုက်ရှာလိုက်ရာ ဝမ်ချင်းလင်က ကားခေါင်မိုးပေါ်တွင် ထိုင်နေပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ချင်းလင်က ပြောလိုက်သည်
“ မင်း ကြောက်နေတာလား”
ရှောက်ဖေးက အရမ်းကြောက်လန့်စွာဖြင့် ပြောလိုက်သည်
“ ဇွန်ဘီတွေ ငါ့ကို စားလိုက်တာမျိုး ဖြစ်စေချင်လို့လား”
ရှောက်ဖေးက သူ လုပ်ခဲ့သည့်အရာအတွက် နောင်တရနေသည်။ ဝမ်ချင်းလင်သာ ဒီလောက်ထိ သန်မာမှန်း သိခဲ့ပါက သူ့ကျောပိုးလွယ်အိတ်ကို လက်လွတ်စပယ် လုယူခဲ့မည် မဟုတ်ပေ။
ယင်ချန်းလွေ့က ဝမ်ချင်းလင်ကို မတားနိုင်တဲ့သူတွေ ခေါ်လာမယ်ဆိုတာကို ဘယ်လိုလုပ်သိမှာလဲ။ သူတော့ အခုရောက်နေတဲ့နေရာမှာပဲ သေရတော့မယ် ထင်တယ်
ရှောက်ဖေးက ငိုခါနီး အခြေအနေဖြင့် ပြောလိုက်သည်
“ မင်း ငါ့ကို ကယ်ပေးရင် မင်းပစ္စည်းတွေကို ထပ်ပြီး မတပ်မက်တော့ပါဘူး။ မင်းရဲ့ ကျောပိုးလွယ်အိတ်ကို လုယူခဲ့တာကလည်း ငါ့အတွက် မဟုတ်ပါဘူး။ လူသားမျိုးနွယ်အတွက်ပါ…”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ မင်းက ကယ်တင်သူကြီးပေါ့ ဟုတ်လား”
ရှောက်ဖေးက ကြောင်အစွာဖြင့် ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် အခု အသက်ရှင်ချင်ရုံလေးပါ။ တခြားသူတွေ သေတာရှင်တာ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ မင်းကို ဘယ်တော့မှ မဆန့်ကျင်တော့ပါဘူး။ ငါ့ကို ယုံပေးပါနော်”
ဝမ်ချင်းလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ခင်ဗျားရှေ့မှာရှိတဲ့ ဇွန်ဘီသုံးကောင်ကို ကြည့်လိုက်။ သူတို့ကို ကြည့်ရတာ ရင်းနှီးနေတဲ့ပုံ မပေါ်ဘူးလား”
ရှောက်ဖေး ကြားသည့်အခါ သေချာ သတိထားကြည့်လိုက်ပြီး အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်သည်
“ သူတို့က…”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ မင်းကို ကာကွယ်ပေးခဲ့တဲ့ ဗိုလ်မှူးကိုယ်တိုင်က မင်းကို ဇွန်ဘီစာ ကျွေးလိုက်တာ။ မင်းက အခုထိ ကံကောင်းနေပါသေးတယ်”
ရှောက်ဖေးက မျက်လုံးမှိတ်လိုက်သည့်အခါ သူ့မျက်လုံးထဲရှိ အလင်းရောင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ့ဆီမှာ အသက်ရှင်ဖို့ အခွင့်အရေး မရှိမှန်း သူ သိသည်။
ဝမ်ချင်းလင်က ဇွန်ဘီသုံးကောင်ကို သူ့ စိတ်စွမ်းအားဖြင့် ဦးနှောက် ဆေးထားလိုက်သည်။ သူက နှိပ်စက်တာမျိုး မလုပ်ချင်ပေ။
ဝမ်ချင်းလင်က ပြောလိုက်သည်
“ မင်း အသက်ရှင်ခွင့် ရှိမယ်။ ဒါပေမဲ့ တခြားနည်းနဲ့ အသက်ရှင်ရမယ်။ လူသားတစ်ယောက်အနေနဲ့ မဟုတ်ဘူး။ ကုသစရိတ်ကို မယူဘူး ဒါပေမဲ့ ငါ့အတွက် အလုပ်လုပ်ပေးရမယ်။ သဘောတူလား”
ရှောက်ဖေး၏ အကြည့်များတွင် သတိပြန်ကပ်လာကာ ပြောလိုက်သည်
“ ကျွန်တော် လုပ်ချင်ပါတယ်။ ကျွန်တော် အသက်သာရှင်မယ်ဆိုရင် ဘာမဆို လုပ်ချင်ပါတယ်”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ မင်း ဇွန်ဘီတစ်ကောင် ဖြစ်ချင်လား”
ရှောက်ဖေး “…”
ရှောက်ဖေးက မေးလိုက်သည်
“ ဘာ…ဘာ… ဇွန်ဘီတွေက အသက်ရှင်လား”
ဝမ်ချင်းလင်က ဘာစကားမှ မပြောဘဲ သူ့ကို ပထမဆုံးတုံ့ပြန်သည့် အမျိုးသမီးဇွန်ဘီ ဖြစ်သည့် ရီကျီချောင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုဇွန်ဘီက အရိုးသာကျန်တော့သည်။ ဇွန်ဘီတစ်အုပ်လုံး၏ ကိုက်ဖြတ်စားသောက်မှုကို ခံထားရပုံပေါ်သည်။ ဇွန်ဘီတစ်ကောင်ဖြစ်ဖို့ပင် အရည်အချင်းပြည့်မှီခြင်း မရှိတော့ပေ။ ဇွန်ဘီရိုင်းများကြားတွင် သူမကို ရှာဖို့အတွက် ဝမ်ချင်းလင် အချိန်တော်တော်ယူလိုက်ရသည်။
ဝမ်ချင်းလင်က အိတ်တစ်လုံးကို ထုတ်ယူလိုက်သည့်အခါ အထဲမှ သွေးအနီမိုနီတစ်ခု ထွက်လာသည်။
ဝမ်ချင်းလင်က အိတ်ကို ဖွင့်ကာ အမျိုးသမီးဇွန်ဘီဆီ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်
“ မင်း စားကြည့်ချင်လား”
အမျိုးသမီးဇွန်ဘီက သူမ ဘယ်လောက်ထိ စားချင်ကြောင်း ဝမ်ချင်းလင်ကို အရိပ်အယောင်ပြလိုက်သည်။
အမျိုးသမီးဇွန်ဘီက ပါကင်အိတ်ကို ယူကာ သွေးအနီမိုနီကို ဆွဲထုတ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သွေးအနီမိုနီကို စားပြီးနောက် ထိုအမျိုးသမီးဇွန်ဘီက ရှောက်ဖေး၏ မျက်လုံးရှေ့မှာတင် ယခင်မူလပုံစံသို့ ပြန်ရောက်သွားသည်။
ရှောက်ဖေးက အရူးတစ်ယောက်လိုမျိုး ကြောက်လန့်စွာဖြင့် မေးလိုက်သည်
“ အဲဒါ ဘာလဲ”
အရိုးပဲရှိတော့တဲ့ ဇွန်ဘီတစ်ကောင်ကို လူသားတစ်ယောက်အဖြစ် ပြောင်းလဲတာလား
ရီကျီချောင်က ရှောက်ဖေးကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ရှင် မသေသေးဘူးလား”
ရှောက်ဖေးက သေလောက်အောင်အထိ ကြောက်လန့်နေသည်။ ထိုအရာကို သူ့မျက်စိနှင့် ကိုယ်တိုင် မမြင်ရပါက ဇွန်ဘီတစ်ကောင်က လူတစ်ယောက် ပြန်ဖြစ်လာနိုင်သည်ကို ဘယ်တော့မှ ယုံမည် မဟုတ်ပေ။
ရှေ့ဆုံးရှိ ရီကျီချောင်နှင့် မုယီနှင့် ရှားယွင်ဟန်တို့ကလည်း ဝမ်ချင်းလင်ကို တုံ့ပြန်လာကြသည်။ သူတို့လည်း ပါကင်ပိတ် အိတ် ရသွားသည်။ စားသုံးပြီးနောက် နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သို့သော် သူတို့က လူသားမဟုတ်ဘဲ ထူးခြားသော ဇွန်ဘီများ ဖြစ်သွားကြသည်။
သူတို့သုံးယောက်လုံးက ရှောက်ဖေးကို စိုက်ကြည့်လိုက်ကြသည်။
ရှောက်ဖေးက တုန်ရီစွာဖြင့် ပြောလိုက်သည်
“ မင်း…မင်းတို့ လူသား ဖြစ်လာကြတာလား”
သိမ်မွေ့သော မုယီက ပြောလိုက်သည်
“ မဟုတ်ပါဘူး”
ရှောက်ဖေးက ပိုမိုတုန်ရီစွာဖြင့် ပြောလိုက်သည်
“ ဒါဆိုရင် မင်းကဘာလဲ”
ဝမ်ချင်းလင်က တိုးလျစွာ ပြောလိုက်သည်
“ လူသား မဟုတ်တဲ့လူတွေ။ ဇွန်ဘီ မဟုတ်တဲ့ ဇွန်ဘီတွေ။ ငါတို့က လူသားဖြစ်လို့လည်း ရတယ်။ ဇွန်ဘီဖြစ်လို့လည်း ရတယ်”
ရှောက်ဖေးက ရုတ်တရက် ဝမ်ချင်းလင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်း…မင်းက လူ မဟုတ်ဘူးမလား”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ ငါက အစကတည်းက လူ မဟုတ်ခဲ့ဘူး။ အခု မင်း ရွေးချယ်ဖို့ပဲ လိုတော့တယ်။ ဒီပုံစံအတိုင်း နေမလား ဒါမှမဟုတ် သေမလား”
ရှောက်ဖေးက တံတွေးမျိုချကာ ပြောလိုက်သည်
“ ဒီပုံစံနဲ့ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လား။ ဥပမာပေးရရင် လူတွေကို စားချင်လား”
အသိစိတ် မရှိသော လူသားစားခြင်းက အသိစိတ်ရှိပြီး လူသားစားခြင်းနှင့် လုံးဝ ကွဲပြားသည်။ သူ အသိစိတ်ရှိပြီး လူသားစားသည့် ဇွန်ဘီထက် အသိစိတ်မရှိဘဲ လူသားစားသည့် ဇွန်ဘီသာ ဖြစ်ချင်သည်။
ဝမ်ချင်းလင်က လက်ညှိုးကို ယမ်းပြကာ ပြောလိုက်သည်
“ ငါတို့က ဇွန်ဘီယဉ်တွေပဲ။ လူသားစားတာက မလုပ်သင့်တဲ့အရာပဲ။ ဇွန်ဘီယဉ်တွေရဲ့ ပထမဆုံး မလုပ်သင့် မလုပ်အပ်တဲ့အရာက လူတွေကို စားတာပဲ”
ဝမ်ချင်းလင်က ထပ်ပြောလိုက်သည်
“ ငါတို့က လူတွေလိုမျိုး စားလို့ရတယ်။ ငါတို့က ကူးစက်ခံရမှာ မဟုတ်ဘူး။ ငါတို့က သန္ဓေပြောင်းဇွန်ဘီတွေရဲ့ စွမ်းအားနဲ့ နှိုင်းယှဉ်လို့ရတယ်။ ငါတို့က ကိုယ့်ဘာသာကို ဒဏ်ရာတွေကို ကုသလို့ရတယ်။ ငါတို့ခေါင်းကို အဖြတ်မခံရသရွေ့ မသေဘူး။ ငါတို့ဆီမှာ ကိုယ်ပိုင် အခြေစိုက်စခန်း ရှိတယ်။ ငါတို့ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဇွန်ဘီတွေအတွက် စိတ်ပူစရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ငါတို့က မျိုးနွယ်တူမလို့ပဲ”
ရှောက်ဖေးမှာ ရွေးချယ်စရာ မရှိတော့ပေ။ မသေချင်လျှင် ဇွန်ဘီယဉ်တစ်ကောင် ဖြစ်လာမှ ရမည်။ ဇွန်ဘီယဉ်ဖြစ်သွားခြင်းက မတူညီသောပုံစံဖြင့် အသက်ရှင်ခြင်းဖြစ်သည့်အတွက် ထိုအရာကို အရမ်းလက်ခံချင်နေပြီး စိတ်လှုပ်ရှားနေမိသည်။
ရှောက်ဖေးက ပြောလိုက်သည်
“ ငါ ဇွန်ဘီယဉ် ဖြစ်ချင်ပါတယ်။ မင်းအတွက် အလုပ်လည်း လုပ်ပေးချင်ပါတယ်။ ငါ့ကို ဇွန်ဘီယဉ်တစ်ကောင်အဖြစ် ပြောင်းလဲပေးပါ”
ဝမ်ချင်းလင်က ကားပေါ်မှ ခုန်ချကာ ရှောက်ဖေးနားသို့ သွားလိုက်သည်။ ရီကျီချောင်တို့ကို ကြည့်ပြီး ပြောလိုက်သည်
“ ဘယ်သူ သူ့ကို ကိုက်မလဲ”
သူတို့သုံးယောက် “…”
ရှောက်ဖေး “…”
ရှောက်ဖေးက ပြောလိုက်သည်
“ မင်းကလည်း ဇွန်ဘီလိုမျိုးပဲလေ။ မင်းက ကူးစက်ခံရနိုင်လား”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ ငါ မသိဘူး။ စမ်းသပ်ကြည့်ရမှာပဲ”
ရှောက်ဖေး “…”
ဒါဆိုရင် သူက စမ်းသပ်ခံတစ်ခုပဲ မဟုတ်လား
ရှောက်ဖေးက မေးလိုက်သည်
“ ငါ အကိုက်ခံရရင် မတူညီတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား”
လူသား မဟုတ်၊ ဇွန်ဘီမဟုတ်၊ ဇွန်ဘီယဉ်လည်း မဟုတ် ဒါပေမဲ့ တကယ့် မကောင်းဆိုးဝါးတစ်ကောင်ပဲ
ဝမ်ချင်းလင်က ပြောလိုက်သည်
“ စိတ်မပူပါနဲ့။ မင်း မကောင်းဆိုးဝါး ဖြစ်မလာခင် သတ်ပေးမှာပါ”
ရှောက်ဖေး “…”
အဲဒါက ဘယ်လိုလုပ်ပြီးတော့ သူ့ကို စိတ်အေးစေမှာလဲ
ရီကျီချောင်က ပြောလိုက်သည်
“ဒါက မသေချာဘူးလေ။ ကျွန်မတို့ရဲ့ သွားထဲမှာ ဇွန်ဘီဗိုင်းရပ်စ်ရှိလားဆိုတာ အရင်ဆုံး လေ့လာလိုက်မယ်။ အဲဒါကို အတည်ပြုပြီးပြီဆိုတာနဲ့ ကိုက်စရာမလိုဘဲ ရလဒ်ကို သိနိုင်ပြီလေ”
ဝမ်ချင်းလင်က သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ စမ်းသပ်ခန်းက အခုထိ ပျက်စီးနေတုန်းပဲ။ ရလဒ်ကို အခုသိချင်နေပြီ။ မစောင့်နိုင်တော့ဘူး”
ရီကျီချောင် “…”
ဝမ်ချင်းလင်က ပြောလိုက်သည်
“ ဘယ်သူလာမလဲ”
မုယီက ရှေ့တိုးလာကာ ပြောလိုက်သည်
“ငါ လုပ်မယ်”
မုယီက ရှောက်ဖေးအနားတွင် ထိုင်ကာ အင်္ကျီလက်ကို တင်လိုက်ပြီး လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။ သူက အသိစိတ်ရှိသည့်အတွက် သွေးထွက်ရုံသာ ကိုက်လိုက်သည်။ သူသာ ဇွန်ဘီတစ်ကောင် ဖြစ်ပါက အသားပါ စားပစ်မည် ဖြစ်သည်။
မုယီက သူ ကိုက်လိုက်သော သွားရာကို ကြည့်လိုက်သည်။ သွေးထွက်နေသော နေရာက မူလက အနီရောင် ဖြစ်သော်လည်း နောက်ပိုင်း ပြာနှမ်းသွားသည်။ ဇွန်ဘီအဆိပ် ပျံ့နှံ့တာ အရမ်းမြန်သည်။ ရှောက်ဖေးက ရုတ်တရက် အော်ဟစ်ကာ မြေပြင်ပေါ်တွင် လူးလိမ့်နေသည်။
ရှောက်ဖေး၏ အသားများ တဖြည်းဖြည်း ပုပ်ဆွေးလာသည်။ ထိုဖြစ်စဉ်က အရမ်းနာကျင်သော်လည်း သုံးမိနစ်သာ ကြာသည်။ သုံးမိနစ်ကြာပြီးနောက် ရှောက်ဖေး ရုန်းကန်နေသည်များ ရပ်တန့်သွားကာ မြေပြင်မှ ထလာသည်။ သူက လူသားတစ်ယောက် မဟုတ်တော့ဘဲ ဇွန်ဘီရိုင်းတစ်ကောင် ဖြစ်သွားသည်။