439

439


အခန်း (၄၃၉) : ကူကယ်ရာမဲ့မှု


ဟို့မျိုးနွယ်၏ လေဟာနယ်သင်္ဘောအတွင်း

ငါ နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့ပြီ။ ငါ ဘာလို့ အဲလောက်တောင် ဒေါသထွက်နေခဲ့ရတာလဲ။ ငါ့စိတ်အခြေအနေက အဲ့လောက်တောင် အားနည်းတာလား

ဟို့ဖုန်းဟွမ်က စဉ်းစားလိုက်သည်။

သူမက ကောင်းကင်မျက်လုံး နည်းစနစ်ကို အသက်သွင်းခဲ့သော်လည်း ဘာမှမတွေ့ရပေ။ သူမက အတွေးနက်နေစဉ် တစ်ယောက်ယောက်က သူမ၏ အခန်းဆီ လျှောက်လာသည်။

“ အားလုံး အဆင်ပြေသွားပြီလား”

“ ဟုတ်ကဲ့ သခင်မလေး … ဒါပေမဲ့ အကျိုးဆက်ကို ရင်ဆိုင်ဖို့တော့ ပြင်ဆင်ထားသင့်တယ်”

“ ကျွန်မ အကြီးအကဲအဖွဲ့ကို ဖျောင်းဖျလိုက်ပါ့မယ်”

ယခင်က သူမသည် ကိစ္စများအား မည်သို့ရှင်းပြရမည်ကို စိုးရိမ်ခဲ့မိသည်။ သို့သော်လည်း ယခုအခါ အကြောင်းပြချက်ကြီး ဖြစ်သည့် ဝမ်ဝေ့ကို ရှာတွေ့သွားပြီဖြစ်၏။ ယနေ့ သူမ မြင်ခဲ့ရသလောက် ထိုလူသည် မည်မျှအန္တရာယ်ကြီးကြောင်း သိလိုက်ရသည်။ ယခင် တွေ့ဆုံမှုမှ သူ့ကြီးထွားနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ဤသည်က သူမအာရုံခံနိုင်သည့် အပေါ်ယံမျှသာ ဖြစ်သေး၏။

ယခု သူမ လုပ်ဖို့လိုအပ်သည်က ထိုအကြီးအကဲများကို သူသည် သူမအတွက် မည်သို့အန္တရာယ်ဖြစ်လာနိုင်ကြောင်း ပြောပြနိုင်ရုံသာဖြစ်၏။

သူမက အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက်တွင် ကြိုးများ ချည်ထားသည့် လူငယ်လေးရှိရာ အခန်းထဲ ဝင်သွားလိုက်သည်။

“ ဟို့ဖုန်းဟွမ် ဒါက ဘာလုပ်တာလဲ” ယီပုက မေးလိုက်သည်။ သို့သော်လည်း သူမက တိတ်ဆိတ်နေလေ၏။ ထို့နောက် သူမ၏ ညာလက်ကို သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။

ယီပုက ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်၏

“ ဘာလုပ်နေတာလဲ။ အား…မဖြစ်သေးဘူး။ မဖြစ်သေးဘူး။ မင်းက ငါ့သွေးမျိုးဆက်ကို စုပ်ယူနေတာပဲ။ ဒါက တားမြစ်ထားတယ်ဆိုတာ သိတယ်မလား။ အကြီးအကဲအဖွဲ့က မင်းကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး”

သို့သော်လည်း ဟို့ဖုန်းဟွမ်က မထူးမခြားနား တိတ်ဆိတ်နေလေသည်။ မိနစ်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူမလက်ထဲ သွေးနီရောင် သတ္တုလုံးတစ်ခု ပေါ်ထွက်လာ၏။

“ ကျားဖြူသွေးမျိုးဆက်တော့ ငါ့လက်ထဲရောက်ပြီ။ အခု အထွတ်အထိပ်သားရဲငါးကောင်မှာ သုံးကောင်ရဲ့ သွေးမျိုးဆက်ကို ရပြီးသွားပြီ” ဟို့ဖုန်းဟွမ်က ရေရွတ်လိုက်သည်။

“ အကြီးအကဲအဖွဲ့သာ ကူညီပေးမယ်ဆိုရင် ကျန်တဲ့နှစ်ခုကို ရဖို့လည်း မခက်ခဲဘူး။”

“ ဒီမျိုးဆက်မှာ ငါက ထာဝရဧကရာဇ်ဖြစ်လာပြီးတော့ရှေးဟောင်းဆွေကြီးမျိုးကြီး မျိုးနွယ်တွေ နှောင့်နှေးနေတာကို ပြောင်းလဲပစ်ရမယ်”

ထို့နောက် သူမက အခန်းအတွင်းသို့ သွားပြီး သွေးမျိုးဆက်ကို စုပ်ယူလိုက်သည်။

…………………………

နောက်တစ်ရက် ယုမျိုးနွယ်တွင်

“ ဘာဖြစ်လို့လဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ သခင်လေး ထင်ထားတဲ့အတိုင်း စွင်းကျောင်းလုံ အပြန်ခရီးမှာ တိုက်ခိုက်ခံရတယ်”

“ ဘယ်သူလဲ”

“ ကျန့်ဝူရွှမ်းပါ”

“ လူသားကံကြမ္မာဓားက အုပ်ချုပ်သူဓားတစ်လက်ဆိုပေမဲ့ ဓားဖြစ်နေတုန်းပဲ။ ရလဒ်ကရော ဘယ်လိုလဲ”

“စွင်းကျောင်းလုံရဲ့ ခန္ဓာကိုယ်က ပျက်သုဉ်းသွားပြီးတော့ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကတော့ လွတ်မြောက်သွားပါတယ်”

ဝမ်ဝေ့က ထိုအရာနှင့် ပတ်သက်ပြီး သိပ်မအံ့ဩမိပေ။ စွင်းကျောင်းလုံကို ကံကြမ္မာသားတော်အဖြစ် ယူဆနိုင်သောကြောင့် သူ့ဆီမှ ဓားကို ယူဖို့ရာ မလွယ်ကူပေ။ ထို့အပြင် ဤသည်က အားကောင်းသည့် ထူးခြားသည့် ခန္ဓာကိုယ်အသစ်တစ်ခုရှာဖို့ အခွင့်အရေးလည်း ဖြစ်နေနိုင်သည်။

သို့သော်လည်း ဝမ်ဝေ့က စွင်းကျောင်းလုံသည် သူ့အား ပြဿနာဖြစ်စေသည့် အဆင့်သို့ မရောက်သေးသည့်အတွက် ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ပြောလိုက်သေးသည်။

 “ သူ မပေါ်မလာမချင်း ဆက်စောင့်ကြည့်ထား။ သူ့လက်ရှိနေရာကို နောက်ယောင်ခံနိုင်ရင် အကောင်းဆုံးပဲ”

ဝမ်ဝေ့က ကျိုးရှုကို လုပ်ခဲ့သလိုမျိုး ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို ရယူဖို့ အသုံးချလိုသည်။ သို့သော်လည်း စွင်းကျောင်းလုံသည် ထိုထက်ဉာဏ်ကောင်းကြောင်း သိထား၏။ ကံကြမ္မာသားတော်များ သို့မဟုတ် ကံကောင်းသည့်လူများကို အသုံးချခြင်းက ကမ္ဘာတွင် တွေ့နေကြအရာသာ ဖြစ်သည်။ ထို့ကြောင့် ထိုကောင်းကင်ရွေးချယ်ခံများက သူတို့၏ ကံကောင်းမှုကို ထိန်းချုပ်ဖို့ သင်ကြားခြင်းခံထားရသည်။

“ လီကျွင်းနဲ့ ယန်းလီလင်းရော ဘယ်လိုလဲ”

“ အခုအထိ ထွက်မလာကြသေးပါဘူး ”

မင်္ဂလာပွဲပြီးဆုံးပြီးနောက် သိပ်မကြာခင် လီကျွင်းက ဂိုဏ်းသို့ ပြန်သွားကာ အဖိုးတန်အရင်းအမြစ်များအတွက် စစ်ဆေးမှုကို ခံယူခဲ့သည်။ ထိုစဉ် ယန်းလီလင်းကမူ အဆင့် ၆ ဧကရာဇ်တစ်ပိုင်း ဆေးဝါးပညာရှင်ဖြစ်လာဖို့အတွက် သီးသန့် လေ့ကျင့်နေခဲ့သည်။

အကယ်၍ သူမ အောင်မြင်သွားပါက သူမသည် အငယ်ဆုံးလူ ဖြစ်သွားလိမ့်မည်။ အကြောင်းမှာမူ ဝမ်ဝေ့က ထိုအဆင့်သို့ ရောက်ရှိထားသော်လည်း တရားဝင် စာရင်းမသွင်းရသေးပေ။ ထို့အပြင် ဝမ်ဝေ့က ထိုသို့သော ဆေးလုံးဖော်စပ်နိုင်သည်မှာ သူ့အားကောင်းသော ဝိညာဉ်ကြောင့် ဖြစ်ပြီး သူမကမူ ထိုအရာကို အောင်မြင်ဖို့အတွက် သဘာဝပါရမီအပေါ်ကိုသာ မှီခိုရသည်။

ဝမ်ကျူအား ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဝူဟုန်နှင့် ကြင်စဦးခရီးအား ဆက်လက်သွားလိုက်သည်။ သူတို့က အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် အမျိုးမျိုး သွားလာကြပြီး လက်ထပ်ပြီးသားသူအနေနှင့် ဘဝကို ပျော်ပျော်ကြီးခံစားခဲ့သည်။

သူက ယုမျိုးနွယ်နှင့် ရင်းနှီးဖို့ရာ အချိန်လည်း ယူခဲ့သည်။ အားကောင်းသည့် ကျင့်ကြံသူများအနေဖြင့် သူတို့က နေရာတိုင်းသွားနိုင်ပြီး အိမ်ကို ချက်ချင်း ပြန်လာနိုင်လေသည်။

ယခင်လပိုင်းအတွင်း သူက သူ့အဘိုးနှင့် ဆက်နွယ်မှုတချို့ ရှိလာပြီး သူ့ဝမ်းကွဲကိုပင် လမ်းညွှန်ချက်များ ပေးခဲ့သေးသည်။ သူ့အတွက် ယုမျိုးနွယ်၏ ဧကရာဇ်ကျမ်းကို ဖတ်ရှုပြီးသည့်နောက်တွင် ပို၍ လွယ်ကူသွားသည်။ သူက သူ့ဝမ်းကွဲအား ပိုမိုကောင်းမွန်သည့်ကျမ်းကို ဖန်တီးနိုင်ဖို့အတွက် တာအိုသတ္တုလုံးသုံးထောင် နယ်မြေထဲ ဝင်ရောက်ခွင့်ပေးခဲ့သည်။

တစ်ရက်တွင် ဝမ်ဝေ့က သူ့အဘွားနှင့် အဖန်ရည် သောက်သုံးနေစဉ် သူမက အာရုံထွေပြားနေဟန်ပေါ်သည်။

“ အဘွား တစ်ခုခုများ ဖြစ်လို့လား”

ယွင်ကျောက်ကျွင်းက သူမ၏ ချစ်လှစွာသောမြေးအား ကြည့်လိုက်ပြီးနောက် မျက်နှာအား သပ်ကာ ပြောလိုက်သည် “ ဝေ့အာ အဘွား ထွက်သွားတော့မယ်”

“ ထွက်သွားမလို့လား။ ဘယ်ကိုသွားမှာလဲ”

“ မင်းအဘိုးရဲ့ တာအိုနှလုံးသားက ဆက်ပြီး ကြာကြာမခံတော့ဘူး။ အဲဒါကြောင့် သူက ပြန်လည်ဝင်စားဖို့ ဆုံးဖြတ်လိုက်ပြီ”

“ ခဏ။ အဲလိုပြောချင်တာ မဟုတ်ဘူးမလား” ဝမ်ဝေ့က ထရပ်လိုက်သည့်အခါ အဖန်ရည် စားပွဲအား လွင့်စင်သွားစေသည်။

“ ဟုတ်တယ်။ အဘွားက သူ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ”

“ မဟုတ်သေးပါဘူး အဘွားရဲ့။ ကျွန်တော်ကို အချိန်နည်းနည်းပေးပါဦး။ ကျွန်တော် အဘိုးကို ပြန်လည်ကုသပေးနိုင်မဲ့ နည်းလမ်းရှာနိုင်မှာပါ”

ယွင်ကျောက်ကျွင်းက သက်ပြင်းချကာ “ မြေး လုပ်နိုင်မယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အရမ်းနောက်ကျနေပြီ။ ဒီဆုံးဖြတ်ချက်က လွန်ခဲ့တဲ့နှစ် နှစ်ထောင်ကတည်းက ဆုံးဖြတ်ထားခဲ့ကြတာ။ ဒီလောက်အချိန်အကြာကြီး ဆွဲထားတာက သူ ထွက်မသွားခင် မင်းလက်ထပ်တာကို မြင်ချင်လို့ပဲ”

ဝမ်ဝေ့က နောက်ဆုတ်လိုက်သည်။ သူ့ခြေထောက်များက တုန်ယင်နေပြီး မြေပြင်ပေါ်လဲကျလုမတတ် ဖြစ်နေလေ၏။ သူက မဖြစ်ဘူးဆိုသည့် စကားကိုသာ ဆက်တိုက်ရေရွတ်နေသည်။

ထို့နောက် သူက အော်ဟစ်ကာ “ သူ ဒီလိုမျိုး ငကြောက်လိုမျိုး ထွက်သွားချင်တယ်ဆိုလည်း ထွက်သွားပါလေ့စေပေါ့။ အဘွားက ဘာလို့ လိုက်သွားမှာလဲ”

“ လေးစားမှု ရှိစမ်း။ မင်းအမေနဲ့ ငါက မင်းကို ဒီလိုပျိုးထောင်ခဲ့တာ မဟုတ်ဘူး”

ဝမ်ဝေ့က တည်ငြိမ်အောင် သက်ပြင်းချလိုက်သော်လည်း အသုံးမဝင်ပေ။ သူက သူ့ဘေးနားရှိ ကမ္ဘာကြီးသည် ချာချာလည်နေပြီး မရပ်တန့်နိုင်ကြောင်း ခံစားနေမိသည်။ ကံကောင်းစွာဖြင့် ယွင်ကျောက်ကျွင်းက သူ့မြေး မလဲကျခင် ထိန်းထားနိုင်လိုက်သည်။

“ ကျွန်တော် တောင်းပန်ပါတယ်။ ဘာလို့ အဘွားက ထွက်သွားရမှာလဲ”

“ မင်းရဲ့ တာအိုလက်တွဲဖော် ကျမ်းသစ္စာလိုပေါ့။ အဘွားလည်း မင်းအဘိုးနဲ့အတူတူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သေခြင်း တရားမှာတောင် အတူတူရှိမယ်လို့ ကတိပေးထားခဲ့တာ”

“ အဲဒါဆို ကျွန်တော်ကရော။ အမေရော… အဘွား အဲ့လိုမလုပ်ပါနဲ့။ တကယ်လို့ ကျွန်တော့်အတွက် စိတ်မပြောင်းလဲနိုင်ရင်တောင် အမေနဲ့ အဒေါ်အတွက် စဉ်းစားပေးပါဦး”

“ သူတို့တွေလည်း ဒါကို သိထားပြီးကြပါပြီ။ ဒါ သူတို့တွေလည်း လက်ခံထားကြတယ်”

ထိုစဉ် ဝမ်ဝေ့၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာလေသည်။ သူက ဒူးထောက်ကာ သူမ၏ ဝတ်ရုံအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။

“ အဘွား မလုပ်ပါနဲ့။ ကျွန်တော် ကောင်းကောင်းမွန်မွန် နေပါ့မယ်။ အဘိုးရဲ့ တာအိုနှလုံးသားကိုလည်း ပြုပြင်မဲ့နည်းလမ်းရှာပါ့မယ်။ ထာဝရဧကရာဇ်ဖြစ်လာပြီးတော့ ကျွန်တော်တို့မိသားစု ထာဝရအသက်ရှင်နိုင်အောင်လည်း လုပ်ပေးပါ့မယ်။ ကျွန်တော်တို့ မိသားစုကိုလည်း အမြဲတမ်း ကာကွယ်ပေးမယ်လို့လည်း ကတိပေးပါတယ်။ အဲဒါကြောင့် ကျွန်တော်ကို ထားပြီး ထွက်မသွားပါနဲ့”

ဝမ်ဝေ့က ငိုနေရင်း ငယ်ဘဝကို ပြန်လည်အမှတ်ရလာမိသည်။ ဂိုဏ်း၏ ရွေးချယ်ခံထားရသည့် နောက်အမွေဆက်ခံသူတစ်ယောက်အနေနှင့် သူသည် ဖိအားများစွာအောက် နေထိုင်ခဲ့ရသည်။ ထို့ကြောင့် လူများစွာက မျှော်လင့်ချက်များကို သူ့အပေါ် ပုံအောခဲ့ကြပြီး သူတို့ကျရှုံးခဲ့သည့်အိပ်မက်များအား သူ့ဆီ လက်ဆင့်ကမ်းလာကာ ဖြစ်မြောက်အောင် ဖိအားပေးခဲ့ကြသည်။

ကလေး၏ ခန္ဓာကိုယ်အတွင်း လူကြီးတစ်ယောက် ရှိနေသည့်အတွက် သူသည် ထိုသို့သော ဖိစီးမှုမျိုးကို ကိုင်တွယ်နိုင်သင့်ပေသည်။ သို့သော်လည်း သူက လူကြီးတစ်ယောက်၏ စိတ်ဖြစ်နေသည့်အတွက် သူ့အပေါ် မည်မျှမျှော်လင့်ထားကြောင်း ပိုမိုနားလည်နေသည်။

သူက နှစ်သန်းချီ ရှည်ကြာခဲ့သည့် ဂိုဏ်းတစ်ခု၏ ဆက်ခံသူဖြစ်ကာ ယခုမူ ကျဆင်းနေပြီ ဖြစ်၏။ အားလုံးက ဂိုဏ်းပြန်လည်ရှင်သန်ပြီး ကြွယ်ဝချမ်းသာဖို့အတွက် သူ့ကို အားကိုးနေကြသည်။

ကလေးတစ်ယောက်က ထိုသို့သော တာဝန်မျိုးကို နားမလည်နိုင်သော်လည်း သူကမူ နားလည်လေသည်။ ထို့အပြင် သူ့ကလေးဘဝတွင် ဂိုဏ်း၏ အင်အားစုအမျိုးမျိုးက ယခုလောက် မစည်းလုံးကြသေးပေ။

ဝမ်ဝေ့က သူ့ကလေးဘဝတွင် ကောလဟာလများစွာ ကြားခဲ့ရသည်။ အများစုက သူသည် တမူထူးရုပ်ခန္ဓာ မရှိသည့်အချက်အပေါ် အာရုံစိုက်ထားကြပြီး တချို့ကမူ ထိုအချက်ကို အသုံးပြုကာ သူ့ဂုဏ်သတင်း ပျက်ပြားစေဖို့ သို့မဟုတ် သူ့အရင်းအမြစ်လျှော့ချဖို့ရာ ကြိုးစားခဲ့ကြသည်။ ထိုခက်ခဲသည့်အချိန်များအတွင်း ဝမ်ဝေ့အနေဖြင့် မှီခိုနိုင်သည့် တစ်ခုတည်းသောသူမှာ သူ့အဘွားသာ ဖြစ်သည်။ သူ့မိဘများက သူ့အား ချစ်မြတ်နိုးသော်လည်း သူတို့က သူ့အပေါ် မျှော်လင့်ချက်တချို့ ရှိနေကြသေးသည်။

သို့သော်လည်း သူ့အဘွားကမူ ကွဲပြားပေသည်။ သူမကမူ သူသည် ကမ္ဘာ၏ အားအကောင်းဆုံးဂိုဏ်း၏ အမွေဆက်ခံသူဖြစ်နေသည်ကို ဂရုမစိုက်သလို ကောင်းကင်အလိုဆန္ဒတိုက်ပွဲ သို့မဟုတ် မဟာဧကရာဇ် ဖြစ်လာဖို့ရာအတွက်လည်း ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်က သူမ မြေးကိုသာ ဖြစ်၏။ ထို့ကြောင့် ကလေးဘဝတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သည့် တစ်ခုတည်းသော အချိန် ဖြစ်ခဲ့သည်။ သူ့အဘွားနှင့် အတူတူရှိနေလျှင် သူ့အစစ်အမှန်ဖြစ်သည်ဟု ခံစားရလေသည်။

သူမနှင့် အတူတူ ရှိနေစဉ်အချိန်အတွင်း သူသည် လူကြီးတစ်ယောက်ဖြစ်ကြောင်း မေ့လျော့သွားကာ ပြဿနာများ၊ ဒုက္ခများမှ ကင်းလွတ်သွားပြီး အဆိုးမြင်အတွေးများလည်း ငြိမ်းအေးသွားသည်။

သူမက သူ့ကို အလိုလိုက်သည့်အခါ ပျော်ရွှင်ခဲ့ပြီး အားကောင်းသည့် ကျင့်ကြံသူများနှင့် အခက်အခဲများအကြောင်း ပြောပြခဲ့သည်အခါလည်း ပျော်ရွှင်ခဲ့သည်။ မျှော်နန်းဆောင်စစ်ဆေးမှုအတွင်း သူ ပင်ပန်းကာ အနားယူလိုစဉ်အခါက သူမသည် သူ့အတွက် ဤရှုပ်ထွေးလှသည့်ကမ္ဘာထဲ ဘေးကင်းလုံခြုံရာတစ်ခု ဖြစ်ခဲ့၏။

“ အမျိုးသားတစ်ယောက်ရဲ့ ဒူးက ရွှေထက် တန်ဖိုးကြီးတယ်။ လွယ်လွယ်ကူကူနဲ့ ဒူးမထောက်ရဘူး။ ထ ထ”

သူမက သူ့အား ဆွဲထူဖို့ ကြိုးစားလိုက်သော်လည်း သူက တုတ်တုတ်ပင်မလှုပ်ပေ။ ယွင်ကျောက်ကျွင်းက သူ့မြေးအားကြည့်ကာ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။ သို့သော် သူမက တောင့်ခံထားလိုက်၏။

“ မွေးဖွားခြင်း၊ အသက်အရွယ်ရခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေခြင်းတရားတွေက စကြဝဠာကြီးရဲ့ သဘာဝစည်းမျဉ်းတွေပဲ။ ငါတို့လို ကျင့်ကြံသူတွေတောင် ဒီအရာက မလွတ်မြောက်နိုင်ဘူး။ မင်းလည်း ဒါကို နားလည်မှာပါ”

 ယခုတွင် ဝမ်ဝေ့က ထိုဆုံးဖြတ်ချက်သည် အတည်ဖြစ်သွားကြောင်း သဘောပေါက်သွားသည်။ သူ့အနေနှင့် ပြောင်းလဲနိုင်ဖို့ မတတ်စွမ်းတော့ပေ။ ထို့ကြောင့် သူက မျက်ရည်ဆက်လက်ဖြင့် ကောင်းကင်ထဲ ပျံသန်းသွားကာ ယုမျိုးနွယ်စုမြို့၏ အပြင်ဘက်သို့ ရောက်သွားပြီး အာကာပြင်ကို ခွဲကာ ထွက်သွားသည်။

“ သူ့ကို စောစောစီးစီး ပြောသင့်တယ်လို့ ပြောသားပဲ” ဝမ်ချန်က ပြောလိုက်သည် “ အခု နှလုံးသားနတ်ဆိုး မွေးလာတော့မဲ့ အခွင့်အရေးဖြစ်နေပြီ”

ယုယုန်ကမူ သက်ပြင်းချကာ ဘာမှမပြောပေ။

“ အခုက စကားများနေရမဲ့ အချိန်မဟုတ်ဘူး။ သူ့နောက်လိုက်သွားရအောင်” ယုယန်က ပြောလိုက်သည်။

“ မဟုတ်သေးဘူး။ သူ့ကို အချိန်ပေးလိုက်တာ ကောင်းမယ်” ဝူဟုန်က ပြောလိုက်သည်။

“ ဒါပေမဲ့…”

“ ဒါက နှလုံးသားနတ်ဆိုးထက် ပိုကြီးမားတဲ့ ပြဿနာပဲ။ သူ ဒါကိုသာ ကျော်ဖြတ်နိုင်မယ်ဆိုရင်…”

 ထို့နောက် သူမလည်း ပျောက်ကွယ်သွားသည်။

…………………………

အနောက်ပိုင်း ကျားဖြူကုန်းမြေ

နတ်ဆိုးကျင့်ကြံသူများတွင် ကပ်ဘေးတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။ ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းကို ပိုင်ဆိုင်ထားသူ လူငယ်လေးတစ်ဦးက သူတို့အား စတင် သတ်ဖြတ်လာလေ၏။

သူ့နည်းလမ်းများက ရက်စက်ကာ လူများအား လက်ဗလာဖြင့် အပိုင်းပိုင်းအစိတ်စိတ် ဖြဲပစ်နေဟန်ပေါ်သည်။ သူက သူတို့၏ ခန္ဓာကိုယ်မှ ကျောရိုးများအား ဆွဲဖြဲကာ ခေါင်းများအား လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲစေခဲ့သည်။ သူက သွေးဆာလွန်းသည့်နည်းလမ်းများကို အသုံးပြုခဲ့၏။

ဤသို့ဖြင့် ကုန်းမြေတစ်လျှောက် ငွေမှင်ရောင်အဇူရာပေါ်ထွက်လာပြီး မိစ္ဆာဂိုဏ်းများအား သုတ်သင်နေလေသည်။ တော်ဝင်ကုန်းမြေဖြစ်စေ သို့မဟုတ် အထွတ်အထိပ်နယ်မြေဖြစ်စေ သူ့လက်ချက်ဖြင့် မိနစ်ပိုင်းအတွင်း ပျက်သုဉ်းသွားကြရသည်။

သူက ဧကရာဇ်မျိုးနွယ်ကို ပစ်မှတ်မထားပေ။

“ တာအိုအခွင့်အလမ်းဂိုဏ်းက ကောင်စုတ်လေး။ ငါက မိုမိသားစုရဲ့ အထွတ်အထိပ်အကြီးအကဲပဲ။ မင်းရဲ့ အပြုအမူတွေက ငါတို့ရဲ့ သဘောတူညီချက်ကို ချိုးဖောက်နေပြီ”

ဝမ်ဝေ့က သဘာဝလွန်အဆင့်ရှိ မိစ္ဆာငယ်အား ဖောက်ခွဲလိုက်သည့်အခါ သွေးများက သူ့ခန္ဓာကိုယ်အပေါ် ပေကျံသွားသည်။ ကံဆိုးစွာဖြင့် ယခုတွင် သူ့အဝတ်အစားများ၊ ဆံပင်များနှင့် မျက်နှာက သွေးနီနီဖြင့် မပေကျံနိုင်တော့ပေ။

တစ်ယောက်ယောက်က စကားပြောသည်ကို ကြားသည့်အခါ သူက ထိုလူကို လှည့်ကြည့်လိုက်၏။ ထိုအကြည့်တစ်ချက်တည်းဖြင့် အထွတ်အထိပ်အကြီးအကဲက နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူက ထိုမျက်ဝန်းကို မြင်လိုက်သည့်အခါ ရူးသွပ်မှုနှင့်အတူ ဝမ်းနည်းမှုတို့ ကိန်းအောင်းနေကြောင်း မြင်တွေ့နိုင်လေသည်။

သူ့အလိုလိုသိစိတ်က ထွက်ပြေးဖို့ ပြောနေလေသည်။ သူ့အတွက် ကံဆိုးသည်က သူ့ ခန္ဓာကိုယ်က အစိတ်စိတ်အမြွာမြွာပေါက်ထွက်သွားပြီး သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ပင် အပိုင်းပိုင်းဖြတ်ခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အနည်းငယ်ဖြင့် ထွက်ပြေးနိုင်လိုက်၏။

နတ်ဆိုးအုပ်ချုပ်သူနယ်မြေ၊ မိုမျိုးနွယ်၏ စံအိမ်

“ ခေါင်းဆောင် ဒီကောင်လေးက ကျွန်တော်တို့ မိစ္ဆာဂိုဏ်းတွေကို ဖျက်ဆီးနေတာ ရာချီနေပြီ။ တကယ်လို့ ကျွန်တော်တို့သာ တစ်ခုခုမလုပ်ရင် ကျွန်တော်တို့ အင်အားကို လျှော့ချလိုက်သလိုဖြစ်သွားလိမ့်မယ်”

“ ဟုတ်တယ် ခေါင်းဆောင်။ မိစ္ဆာကျင့်ကြံသူရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်တို့တွေ အခြားသူတွေနဲ့ ပူးပေါင်းပြီးတော့ စည်းမျဉ်းအတိုင်း လုပ်သင့်တယ်။ ဒီလူက တာအိုအခွင့်အလမ်းဂိုဏ်းက ဖြစ်နေတယ်ဆိုရင်တောင် သူက သဘောတူညီချက်ကို ချိုးဖောက်လို့ တန်ကြေးပေးဆပ်သင့်တယ်”

မိုမျိုးနွယ်ခေါင်းဆောင်က ဦးခေါင်းအထက်တွင် ချိုတစ်ချောင်းရှိပြီး ငါးမန်းသွားမျိုး ရှိသည့် လူလတ်အရွယ်အမျိုးသားတစ်ဦးဖြစ်၏။

“ အဲလိုလုပ်ကြတာပေါ့”

သို့သော်လည်း ထိုဆုံးဖြတ်ချက်ချပြီးနောက် သိပ်မကြာခင် အကြီးအကဲများက တခြားမိစ္ဆာဂိုဏ်းများက ဆက်သွယ်မှုကို စောင့်စားနေကြစဉ် သူတို့၏ ပင်မမြို့တော်အပြင်ဘက်တွင် ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်ကြသည်။

မိုမျိုးနွယ်ခေါင်းဆောင် မိုကျဲက ကောင်းကင်ထက်တွင် ပေါ်ထွက်လာကာ အဝေးတစ်နေရာအား လှမ်းကြည့်လိုက်၏။

“ ဝမ်ထျန်း ဒါက ဘာအဓိပ္ပာယ်လဲ”

“ မင်းတို့တွေထဲက ငါ့သားကို ထိရဲတဲ့သူတိုင်း သေဖို့သာပြင်ထားလိုက်”

“ သူက ငါတို့မိစ္ဆာကျင့်ကြံသူတွေကို သတ်သွားပြီးတော့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်”

“ အဲဒါဆိုတော့ ဘာဖြစ်လဲ” ဝမ်ထျန်းက ထိုမိစ္ဆာဧကရာဇ်မျိုးနွယ်အား ကြည့်ကာ ပြောလိုက်သည်။

“ ငါ ထပ်ပြောမယ်။ ငါ့သားကို ထိရဲတဲ့သူတိုင်း သေရမယ်”

“ မင်းတို့ဂိုဏ်းက ဧကရာဇ်မျိုးနွယ်အများကြီးကို ရင်ဆိုင်ဖို့ လုံလောက်မယ်များ ထင်နေလား” လေဟာနယ်ထဲမှ အသံတစ်သံထွက်ပေါ်လာသည်။

“ကြည့်ရတာ ဒီကမ္ဘာရဲ့ အစစ်အမှန်အုပ်ချုပ်သူက ဘယ်သူလဲဆိုတာကို မင်းတို့ကို သတိပေးရမဲ့အချိန်ပဲ”

ဝမ်ထျန်းက ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့နှင့်အတူ ပြောလိုက်သည်။ သူက ထိုစကားများပြောလိုက်သည်နှင့် လူများစွာက ဂိုဏ်း၏ လျှို့ဝှက်မှတ်တမ်းခန်းများတွင် ဖတ်ရှုခဲ့ဖူးသည့် လူရိုင်းစစ်ပွဲအကြောင်းမှတ်မိသွားကြသည်။

ထိုစစ်ပွဲက မိစ္ဆာဧကရာဇ်ခေတ်ကာလအပြီး အလယ်အလတ်ဧကရာဇ် ခေတ်ကာလ မတိုင်ခင်ကြား ဖြစ်ပွားခဲ့လေသည်။ ထိုစဉ်အခါက တာအိုအခွင့်အလမ်းသည် ဧကရာဇ်ကိုးပါးနှင့် အားအကောင်းဆုံးဂိုဏ်းအဖြစ် သရဖူဆောင်းထားနိုင်ခါစ ဖြစ်၏။ သို့သော်လည်း တချို့လူများက ထိုအရာနှင့် ပတ်သက်ပြီး မပျော်ရွှင်ကြပေ။ အတိအကျဆိုရလျှင် မျိုးနွယ်တစ်ခုက မပျော်ရွှင်ပေ။ ထိုအရာက လူရိုင်းမျိုးနွယ် ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းအား ဧကရာဇ်တာအိုစစ်ပွဲမှတဆင့် ပွင့်လင်းမြင်သာ စိန်ခေါ်ခဲ့သည်။

လူရိုင်းမျိုးနွယ်၏ အားအကောင်းဆုံး ဧကရာဇ်မျိုးနွယ်တွင် မဟာဧကရာဇ်လေးပါး ရှိလေသည်။ သို့သော်လည်း တခြား‌သောအင်အားစုများနှင့် ပူးပေါင်းလိုက်သည့်အခါ သူတို့တွင် မဟာဧကရာဇ် ၁၄ ပါးရှိသွားလေသည်။

ရလဒ်ကလား…

လူရိုင်းမျိုးနွယ်က အသင်္ချေအင်ပါယာကမ္ဘာတွင် မတည်ရှိတော့ပေ။

ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် မိစ္ဆာဂိုဏ်းများက ဘာမှမပြောကြတော့ပေ။ မည်သို့ပင်ဆိုစေကာမူ အထွတ်အထိပ်နယ်မြေတချို့သာ ဖျက်ဆီးခံလိုက်ရသည်ဖြစ်၍ သူတို့အတွက် ကိစ္စမရှိပေ။

နောက်ထပ်လေးရက် ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ရပ်တန့်သွားသည်။ သူက ကောင်းကင်ကို ကြည့်ရင်း မြေပြင်ပေါ် လဲလျောင်းလိုက်သည်။ ထိုစဉ် သူ့အကြည့်များက သွေးဆာနေခြင်း မရှိတော့ပေ။

“ ရှင် သဘောပေါက်သွားပြီလား” ညင်သာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဘာကို သိသွားရမှာလဲ။ ဟား…ဟား…” သူက အရူးတစ်ယောက်လို ရယ်မောလိုက်၏။

“ သဘောပေါက်တာပေါ့။ စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးက မျှခြေညီနေတယ်။ ယန်ရှိရင် ယင်လည်း ရှိရမယ်။ ကံကြမ္မာရှိနေမှတော့ လွတ်လပ်ခွင့်ဆိုတာလည်း ရှိနေမှာပဲ။

 လွတ်လပ်ခွင့် ဟား…ဟား…ဟား…။ လွတ်လပ်ခွင့်တဲ့။ တကယ်လို့ ငါသာ အချိန်ကိုကစားပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ပြီး ကံကြမ္မာစွမ်းအားကို ပြောင်းပြန်လှန်နိုင်တဲ့ တစ်နေ့ကျရင် ဘယ်လိုဖြစ်သွားမှာလဲ။ ဒါက သူမရဲ့ ဆန္ဒပဲလေ။ သူမမှာ သူမရဲ့ ကံကြမ္မာကို ရွေးချယ်ဖို့ လွတ်လပ်ခွင့်ရှိတယ်။

ငါ့ကို ကျေနပ်စေနိုင်မဲ့ ရွေးချယ်မှု အတင်းအကြပ်လုပ်ဖို့ ဖိအားပေးရမှာလား။ တကယ်လို့ ငါ့ခေါင်းထဲက အသံတွေကိုသာ နားထောင်ခဲ့မယ်ဆိုရင် ငါက အဆုံးသတ်မှာ ဘယ်လိုလူ ဖြစ်သွားမှာလဲ။ လွတ်လပ်ခွင့်…လွတ်လပ်ခွင့်…အခု ပျော်ပြီလား။ အခု ငါ့ကို ရယ်နေပြီလား ဟား…ဟား…ဟား…”

ဝူဟုန်က ရယ်မောနေသည့် သူ့ခင်ပွန်းဖြစ်သူအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ ကျင့်ကြံသူတစ်ယောက်က သူတို့တာအိုစိန်ခေါ်ခံလိုက်ရသည်ထက် ပို၍အန္တရာယ်များသည့်အရာ မရှိပေ။

အကယ်၍ ထိုအရာကို ကောင်းကောင်းမွန်မွန် ရင်မဆိုင်နိုင်ပါက အကျိုးဆက်များ ဖြစ်လာနိုင်လေသည်။ ကံကောင်းစွာဖြင့် သူက စောစောစီးစီး သဘောပေါက်သွား၍ အဆင်ပြေလိမ့်မည်။

သူမက မြေပြင်ပေါ် ထိုင်လိုက်ကာ သူ့ခေါင်းကို သူမ ပေါင်ပေါ်တင်လိုက်၏။ လက်တစ်ချက်အဝှေ့တွင် သူက သန့်ရှင်းပြီးသား ဖြစ်သွားလေသည်။ သူမက လုပ်ဆောင်ပြီးသည်နှင့် သူမက အရူးတစ်ယောက်လို ရယ်မောနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။

“ ကိုယ် အဘွားကို ထွက်မသွားစေချင်ဘူး” ဝမ်ဝေ့က သူမအား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

“ ကျွန်မ သိပါတယ်”

“ ကိုယ် တတ်နိုင်တဲ့အရာ ဘာမှမရှိတော့ဘူးလား”

“ ကံဆိုးတာက မရှိဘူး။ ဒါက ရှင့်ကျင့်ကြံရေးခရီးစဉ်မှာ ပထမဆုံးခွဲခွာရခြင်း ဆိုပေမဲ့ နောက်ဆုံး ဖြစ်မှာမဟုတ်ဘူး”

“ သူတို့က ဒီလိုမျိုးနာကျင်ရမှာလား”

“ မဟုတ်ပါဘူး”

“ တကယ်လား”

“ ဟုတ်တယ်။ အသစ် အသစ် ကြုံတွေ့လာတိုင်းမှာ ရှင်အသားကျသွားပါလိမ့်မယ်”

ထို့နောက် နှစ်ဦးသားက တိတ်ဆိတ်သွားပြီး ဝမ်ဝေ့ ၏ ငိုသံကသာ လေဟာနယ်အတွင်း ပဲ့တင်ထွက်နေလေသည်။


Report Page