လူထူးဆန်း ဘိုးသံဖဲ
ဇာမဏီ ပရလောကစာအုပ်များ စုစည်းရာအပိုင်း (၆) ဇာတ်သိမ်း
အခန်း ( ၁၅)
"အဟမ်း "
နှစ်ဦးသား တိတ်ဆိတ်နေရာမှ ဘိုးသံဖဲသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်
" လူဆိုတာ အမှားနဲ့မကင်းကြဘူးပေါ့ ဘမောင်၊ ပုထုဇဉ်မှန်သမျှ မှားနေအုံးမှာပဲ၊ ဒါပေမဲ့ သံသရာကို ပါမယ့် အမှားမျိုးမဖြစ်ဖို့တော့လိုတယ် ၊ ငါဘာဖြစ်လို့ ကိုယ့်အပြစ်ကိုယ်လာခံယူရသလဲဆိုတာ မင်းလဲ သိပြီပဲ၊ ဒါကြောင့် မင်းလုပ်စရာရှိတာတွေ ဆက်လုပ်ပေတော့ဘမောင်၊ နောက်ရက်ကစလို့ မနက်ဆယ်နာရီထိုးရင် လာတွေ့စရာမလိုတော့ဘူး၊ အရေးကြီးရင်တော့ အချိန်မရွေး လာခဲ့ပေါ့ဘမောင်၊ ဩ မင်းကို အရေးကြီးတာ မှာရအုံးမယ်ဘမောင်၊ မနက်ဖြန်ကစ သားကြီးငါးကြီးတွေကိုရှောင်ပါ ၊ ဖြစ်နိုင်ရင် သားသတ်လွတ်စားပါ၊ မင်းရင်ဆိုင်ရမှာက အန္တရာယ်များတဲ့ သူတွေပါ၊ ငါပြောတာသေချာမှတ်ထားလိုက်နာပါ၊ အကျိုးမမဲ့စေရဘူး၊ နောက်ကျရင်တော့ မင်းသဘောပေါက်ပါလိမ့်မယ် ...ကဲ ကဲ ငါ့တူကြီး ဘမောင်တစ်ယောက် သွားလေရာ ခလုတ်မထိ ဆူးမငြိပဲ ရပ်ရွာအကျိုး သာသနာအကျိုး သယ်ပိုးနိုင်ပါစေကွယ်"
" ဟုတ်ကဲ့ ဘိုးသံဖဲ ၊ ကျွန်တော်ဘိုးသံဖဲ ပြောသမျှ လိုက်နာပါမယ်၊ ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါအုံး ဘိုး"
" အိမ်း ကောင်းပါပြီ ဘမောင် "
ဘမောင်တစ်ယောက် ဘိုးသံဖဲဆီမှ ပြန်လာပြီးနောက် ရုံးခန်းထဲ၌ အလုပ်ရှုပ်နေစဉ်
" တီ တီ တီ တီ "
စားပွဲပေါ်ရှိ ကြိုးဖုန်းက ထမြည်လာ၏။
" ဟလို အမိန့်ရှိပါ၊ စခန်းမှူးဘမောင် စကားပြောနေပါတယ်"
" ........."
" ဟာ ရတာပေါ့ဆရာ၊ အတူပူးပေါင်း ဆောင်ရွက်ရန်အသင့်ပါပဲ "
" ............."
သူလည်း ဖုန်းချပြီးနောက် စခန်းတွင်း အစည်းအဝေးတစ်ရပ်အား ချက်ချင်းခေါ်ယူလိုက်၏။
"ကဲ ရဲဘော်တို့ ၊ ကျုပ်တို့အပိုင် နယ်မြေထဲမှာ ရာဇ၀တ်မှုကျူးလွန်တဲ့ ဂိုဏ်းသားတွေရှိတယ်လို့ အကြောင်းကြားလာတဲ့အတွက် ကျုပ်တို့ဟာ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်၊ ဒါကြောင့် နယ်ထိန်းနဲ့တကွ ဒီစခန်းမှာ တာ၀န်ကျတဲ့ ၀န်ထမ်းအားလုံးဟာ အခုရောက်လာမယ့် ရွှေမြေရဲစခန်းက ၀န်ထမ်းတွေနဲ့အတူ လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြစေလိုတယ်၊ အဓိက မှာချင်တာက ကိုယ်က အိမ်ရှင်နယ်မြေကမို့ အတိမ်းအစောင်းမရှိ ဂရုစိုက်ပြီး ဆောင်ရွက်ကြဖို့နဲ့ ၊ သက်ဆိုင်တဲ့ နယ်မြေတွေက ပြည်သူတွေကိုလည်း အတူပူးပေါင်းပါ၀င်ဖို့ စည်ရုံးရေး လုပ်ကြပါ၊ ကျုပ်တို့ရဲတွေဆိုတာက ပြည်သူတွေမပါ၀င်ပဲ အမှုတစ်ခု ဖော်ထုတ်ဖို့ မလွယ်တာလဲ သိကြမှာပါ ၊ ဒါကြောင့် မကြာမီ ရောက်လာတော့မယ့် ရွှေမြေက တာ၀န်ရှိသူတွေနဲ့ လက်တွဲညီညီနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ကြပါ၊ ရွှေမြေက တာ၀န်ရှိသူတွေရောက်လာရင် လိုအပ်တာတွေထပ်ပြီး ညွှန်ကြားဆွေးနွေးမယ်၊ ကဲ ဘာများမရှင်းတာရှိလဲ "
" မရှိပါဘူး ..."
" ကဲ ဒါဆို ရဲဘော်တို့ လုပ်စရာရှိတာ ဆက်လုပ်ကြပါ "
" ဟုတ် ဆရာ "
အစည်းအဝေးပြီးသည်နှင့်တာ၀န်ပေးကာ စုံစမ်းခိုင်းထားသော ကိစ္စများအား တစ်ဖန် ဆွေးနွေးကြရပြန်သည်။
ထိုနေ့တစ်နေ့လုံး ဘမောင်တစ်ယောက်သည် မအားမလပ်နိုင်အောင် ဖြစ်နေကာ ညဆယ်နာရီခန့်မှသာ အိမ်သို့ ပြန်ရောက်တော့သည်။
" အစ်ကို ပြန်လာတာ နောက်ကျလိုက်တာ ၊ အလုပ်တွေများနေလို့လားဟင် "
" ဟုတ်တယ်မိန်းမ ၊ ဒီရက်ပိုင်း အခြားနယ်မြေတစ်ခုက တာ၀န်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်စရာရှိတယ်၊ သူတို့လာရင် စခန်းက ဧည့်ရိပ်သာမှာ တည်းလိမ့်မယ်၊ ကိုယ်လဲ လိုအပ်ရင် သူတို့နဲ့အတူ ခရီးထွက်ရလိမ့်မယ်၊ ဒါကြောင့် ဒီရက်ပိုင်းတွေမှာ ကိုယ်မရှိချိန် အသွားအလာမှစ ဂရုစိုက်နေပါ၊ ဒီကိစ္စကို သမီးတွေကိုတောင်မပြောပါနဲ့ ၊ ကိုယ့်ကို သမီးတွေမေးရင် အလုပ်ရှုပ်နေတယ်လို့ပဲ ပြောလိုက်ပါ၊ ဩ မနက်ဖြန်ကစပြီး ကိုယ့်အတွက် သားသတ်လွတ်စီစဉ်ပေးနော်"
" ဟုတ် စိတ်ချပါအစ်ကို၊ မေသေချာစီစဉ်ပေးပါ့မယ်"
ဘမောင်၏ အမျိုးသမီးသည် သူ့အပေါ်နားလည်မှုအပြည့်အ၀ရှိသူပင်ဖြစ်သည်။
အခြားသူ၏ မိန်းမများကဲ့သို့ နေရာတစ်ကာ စပ်စုခြင်းမျိုးလဲ မရှိပါချေ။
အခန်း (၁၆)
" ဆရာ ညောင်ညိုပင်ရပ်ကွက်မှာ လူသတ်မှု ဖြစ်လို့တဲ့ဆရာ "
" ဟေ ငါအခုချက်ချင်းလာခဲ့မယ် ခြေရာလက်ရာမပျက်စေနဲ့ "
စောစောစီးစီး အမှုကြီးတစ်ခုဖြစ်လာခဲ့သည်မို့ ဘမောင်တစ်ယောက် လူသတ်မှုဖြစ်သည့်နေရာအား သွားရောက်လေ့လာခဲ့၏။
သေဆုံးသူသည် မနက်စာ ထမင်းကြော်စားရင်း အဆိပ်ခတ်ခံရကာ သေဆုံးခြင်းဖြစ်၏။
" ဒီထမင်းကို ဘယ်သူကြော်တာလဲ "
" အန်တီကြော်ထားတာပါ ၊ သားလေးစားဖို့မနက်တိုင်း အန်တီကြော်ပေးနေကျပါ၊ ဒီမနက်လဲ အန်တီအစောကြီးထပြီး ထမင်းကြော်တယ်၊ အန်တီ့လဲထမင်းကြော်စားပြီး သားအတွက်ခွဲထားပြီး အိမ်ပေါ်တက်ဘုရား၀တ်ပြုနေပြီးပြန်ဆင်းလာတော့ သားက သူ့ကောင်မလေးနဲ့ အိမ်ရှေ့မှာ စကားပြောနေတာ ၊ သူ့ကောင်မလေးပြန်သွားပြီး ထမင်းကြော်လဲစားရော ခုလိုလဲကျသွားတာပဲ "
"အင်း သူ့ကောင်မလေးက အမြဲလာတွေ့တာလား သူ့ကို "
" ဟုတ်တယ် သူက စိန်မြို့တော် စားသောက်ဆိုင်မှာ အလုပ်လုပ်တယ်၊ သူကမနက်တိုင်း ဈေးသုံးရင်းနဲ့ သားကို၀င်တွေ့တတ်တယ် ၊ သူတို့က မကြာမီလက်ထပ်တော့မှာ"
" သူ့ကောင်မလေးနာမည်က ဘယ်လိုခေါ်လဲ အန်တီ "
" နန်းမြင့်သူတဲ့ "
" ဩ "
ဘမောင်သည် ထမင်းကြော်ပန်းကန်အား စေငှစွာကြည့်ရှုနေ၏။
ထို့နောက်မီးဖိုခန်းထဲရှိ ၀က်စာပုံးများပါမကျန် စိတ်ကျေနပ်အောင်လှည့်ပတ်ကြည့်ရှုပြီးနောက်
"ကဲ ဆရာ တင်အောင် ထမင်းကြော်ကို ဓာတ်ခွဲခန်းပို့လိုက်ဗျာ"
ထိုစဉ် အမျိုးသမီးငယ်တစ်ဦးသည် အူလျားဖျားလျားဖြင့် အိမ်ထဲ၀င်လာကာ
" ဘယ်လိုဖြစ်တာလဲ အစ်ကိုရယ် မြင့်ကို ထားခဲ့ပြီလား အဟင့် ဟင့် ၊ မနက်ကတောင်စကားတွေ ပြောနေသေးတာ မယုံနိုင်ဘူး၊ အစ်ကို ဒီတစ်ခေါက် ခရီးကပြန်လာပြီးရင် လက်ထပ်ကြမယ်ဆို၊ အဟင့် ဟင့် "
" ကဲ ကလေးမ ၊ ငိုမနေနဲ့တော့ ၊ ဦးတို့လည်း လုပ်စရာရှိတာလုပ်ရအုံးမယ် ၊ လောလောဆယ် အလောင်းကို သယ်သွားရတော့မှာမို့ပါ "
ထိုအခါနန်းမြင့်သူဆိုသည့် အမျိုးသမီးငယ်သည် ဘမောင်အား သနားစဖွယ်မျက်နှာဖြင့် မော်ကြည့်ကာ
" ဦးရဲကြီးရယ် သမီးချစ်သူရဲ့ အမှုအတွက် တရားခံအမြန်ဆုံးဖော်ထုတ်ပေးပါ ၊ သူသာ ဒီထမင်းကြော်တွေကို မစားခဲ့ရင် သေမှာမဟုတ်ဘူး၊ တစ်ခါတစ်လေ မိသားစု တွေဆိုရင်တောင်မယုံရဘူး "
" သမီးရယ် အန်တီက ကိုယ့်သားကိုယ် သတ်ပါ့မလား၊ အဲ့ဒီထမင်းကြော်ကို အန်တီကိုယ်တိုင်တောင်စားခဲ့တာ ဘာမှမဖြစ်ဘူး "
" တော်ပါတော့အန်တီ ၊ အစ်ကိုက ဒီထမင်းကြော်စားလို့သေရတာလေ ရှေ့ရက်တွေကလဲ အစ်ကိုနဲ့အန်တီ စကားတွေမကြာခဏများကြတယ်မို့လား"
" ကဲကလေးမ ၊ တော်တော့ ....အန်တီသားဆုံးတဲ့ကိစ္စ အတွက်စိတ်မကောင်းဖြစ်ရတယ်၊ ဒါပေမဲ့ လတ်တလော စစ်မေးစရာရှိလို့ အန်တီစခန်းကို ခဏ လိုက်ခဲ့ပေးပါအုံး၊ စစ်မေးပြီးရင် ပြန်လွှတ်ပေးမှာပါ "
" ရပါတယ် ဆရာရယ်၊ ဆရာတို့ တာ၀န်ရှိတဲ့အတိုင်း ဆောင်ရွက်ပါ ၊ အန်တီလိုက်ခဲ့ပါ့မယ် "
" ဆရာ ဒီမှာလက်ထိပ် "
" မလိုဘူး အောင်သူ ၊ အန်တီသက်တောင့်သက်သာ လိုက်ခဲ့ပါစေ "
သေဆုံးသူ၏ မိခင်သည် စခန်းသို့ လိုက်ပါလာခဲ့၏။စခန်းသို့ ရောက်သောအခါ
" အန်တီ သက်တောင့်သက်သာနေပါ ၊ ကျွန်တော်က တာ၀န်အရ စစ်မေးစရာရှိလို့ပါ"
" ရပါတယ်ဆရာရယ် မေးပါ"
ထိုအမျိုးသမီးကြီးသည် ညှိုးငယ်စွာဖြင့် ဆိုရှာလေသည်။
" အန်တီက ထမင်းကြော်ရင် ထမင်းနွေးနဲ့ ကြော်တာလား ၊ ထမင်းကြမ်းနဲ့ကြော်တာလား "
" ဘာလို့မေးတာလဲ ဆရာ "
" ဩ ဒီလိုပဲ သိချင်လို့မေးတာပါ "
" သားလေးက မနက်စာဆို ထမင်းစားရမှ စိတ်ကျေနပ်တာ၊ ဒါကြောင့် အန်တီက ညကတည်းက ထမင်းပိုချက်တယ်၊ မနက်ကြရင် ထမင်းကြမ်းလေးကို ကြော်ပြီး သားအမိနှစ်ယောက်စားကြတယ်၊ အန်တီက အသက်ကြီးပြီလေ အစောကြီး ထမင်းထ မချက်နိုင်ဘူး ၊ ဆရာရယ် ဘယ်မိခင်က သားကို အဆိပ်ခတ်သတ်ပါ့မလဲ ၊ ဒိီရက်ပိုင်း သားနဲ့ စကားများကြတယ်ဆိုတာကလဲ သားအလုပ်ကို သဘောမကျလို့ပါ "
" ဟုတ်ကဲ့ အန်တီ့သားက ဘာအလုပ် လုပ်လို့လဲ "
" အန်တီ့အထင်တော့ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်နေမှာ၊ တစ်ခေါက်ခရီးက ပြန်လာရင် ငွေတွေအများကြီးပါလာတယ်၊ အဲ့ဒီငွေတွေနဲ့ အန်တီ့ကို ကန်တော့တာကို အန်တီက လက်မခံဘူး၊ သူက သူ့ကောင်မလေးနဲ့ အဲ့ဒီငွေတွေ သုံးဖြုန်းနေတာ ၊ အရင်ကဆို သူက မိုးရွာရင် မကြောက်ဘူး၊ ဟိုနေ့က လျှပ်တွေလက်ပြီး မိုးတွေအရမ်းရွာတော့ အရမ်းလန့်နေတာ၊ အန်တီက ဘာလို့လဲ မေးတော့ သူ့ကို မိုးကြိုးပစ်မှာကြောက်လို့တဲ့ ၊ အန်တီကလဲ ရတနာသုံးပါးကိုစော်ကားမိသူတွေကိုပဲ မိုးကြိုးပစ်မှာလို့ ပြောတော့ သားကငိုရှာတယ်၊ အန်တီက ဘာလို့ငိုလဲလို့မေးတော့ သူက မပြောဘူး ဆရာ "
" ဟုတ် အန်တီ ၊ ကျွန်တော် ဆောင်ရွက်စရာလေး ရှိနေတဲ့ အတောအတွင်း အန်တီဒီမှာပဲ နေပေးပါ၊ အန်တီ့သားအတွက် အမှုမှန်ပေါ်ပေါက်စေရမယ်လို့ ကတိပေးပါတယ် "
" ကျေးဇူးပါဆရာ ၊ သားလေးရဲ့ နောက်ဆုံးခရီးဖြစ်တဲ့အသုဘတော့ ကောင်းကောင်းမွန်မွန် လုပ်ချင်တယ် ဆရာရယ် "
" စိတ်ချပါအန်တီ ၊ ခဏပဲ ဒီတစ်ရက်နှစ်ရက်ပဲ စောင့်ပေးပါ "
စိန်မြို့တော် စားတော်ဆက်အတွင်း သို့ အသက်အလတ်ပိုင်း အရွယ်လူတစ်ဦး ၀င်လာ၏။
စားပွဲထိုးကောင်လေးသည် ကျိုးနွံစွာဖြင့်
" ဆရာ ဘာများသုံးဆောင်မလဲ "
" ဩ ထမင်းကြော်တစ်ပွဲပေးပါ "
"ဟုတ်ဆရာ "
စားပွဲထိုးကောင်လေးသည် ထွက်သွားပြီးမကြာမီ ပြန်ရောက်လာ၏။
" ရပါပြီ ဆရာ ဖြည်းဖြည်းသုံးဆောင်ပါဆရာ "
ထိုလူသည် ထမင်းကြော်အား တလုတ်စားကြည့်ကာ
" ဟာ ထမင်းကြော်က စားကောင်းလှချည်လား၊အကြော်ဆရာကို ဒီငွေလေး ပေးပေးပါအုံး ၊ ဆုချတာပါလို့ "
" ဟုတ်ဆရာ "
စားပွဲထိုးလေးသည် ဆုငွေအား ကိုင်ကာပြေးထွက်သွား၏။
မကြာမီ အမျိုးသမီးတစ်ဦးသည် ထိုသူအနီးရောက်လာကာ
" ဆုငွေပေးလို့ ကျေးဇူးပါဆရာ "
" ဩ ရပါတယ်၊ အကြော်ဆရာက ယောက်ျားမှတ်နေတာ ၊ မိန်းခလေးဖြစ်နေတာကိုး၊ အမိက အတော်လေးလဲလှတယ်နော် ၊ အိမ်ထောင်ရှိလား "
ထိုအခါအမျိုးသမီး၏ မျက်နှာမှာ အပန်းရောင်သန်းသွားကာ
" အာ မရှိပါဘူး ရှင် "
" ဩ အိမ်ထောင်မရှိရင် ရည်းစားလေး ဘာလေးတော့ ရှိမှာပေါ့ "
" ဟာ အစ်ကိုကလဲ ဘာတွေမေးမှန်းမသိဘူး ၊ ရည်းစားလဲ မရှိဘူး ၊ အိမ်ထောင်လဲ မရှိဘူး သိပြီလား "
ဟုဆိုကာ ပြေးသွားလေသည်။
ထို သူမှာ သဘောကျစွာဖြင့် တဟားဟား ရယ်ကာ ကျန်ရစ်ခဲ့တော့၏။
အခန်း (၁၇)
အမှတ်(၂) ရဲစခန်း၌ဖြစ်၏။
" ရှင်တို့ ကျွန်မကို ဘာလို့ဖမ်းတာလဲ ၊ ကျွန်မ လူမသတ်ဘူး "
" တိတ်စမ်း နန်းမြင့်သူ၊ မင်းမသတ်လို့ ဘယ်သူသတ်ရမှာလဲ "
" အစ်ကို စိုင်းလျှံနဲ့ ကျွန်မက မကြာခင် လက်ထပ်တော့မှာ ၊ ဘာလို့သတ်ရမှာလဲ "
" မင်းကို ဘယ်သူသတ်ခိုင်းတာလဲ နန်းမြင့်သူ"
" မသိဘူး ၊ သတ်လဲမသတ်ဘူး ၊ ရှင်တို့ ကျွန်မကို မတရားမစွပ်စွဲနဲ့ "
" ငါတို့မှာ သက်သေအထောက်အထားအားလုံးရှိနေပြီမိန်းခလေး ၊ အခင်းဖြစ်တဲ့ မနက်က မင်းက အဆိပ်ခတ်ထားတဲ့ထမင်းကြော်ကိုယူလာတယ်၊ ပြီးတော့ မင်းကောင်လေးကို လာနိုးတယ်၊ သူမျက်နှာသစ်နေတုန်း သူ့အမေကြော်ထားတဲ့ထမင်းကြော်ကို မင်းက ၀က်စာပုံးထဲသွန်လိုက်တယ်၊ ပြီးတော့ မင်းယူလာတဲ့ ထမင်းကြော်ကို စားပွဲပေါ်တင်ပြီး ဟန်မပျက်အုပ်ထားတယ်၊ စိုင်းလျှံက ထမင်းကြော်စားရင်း မင်းနဲ့စကားပြောမယ်ဆိုတော့ မင်းက သူ့ကို အိမ်ရှေ့အတင်းခေါ်ပြီး ပတ်၀န်းကျင်က သူတွေမြင်အောင် အိမ်ရှေ့မှာ စကားရပ်ပြီးပြောတယ် ၊ မင်းရှိနေတုန်း သူက မသေသေးဘူးဆိုတာကို သိစေချင်လို့ ၊ သူလဲသေရော သူ့အမေက သတ်သယောင် ပြောတယ် ငါတို့ရဲတွေကို မျက်စိလည်အောင်၊ သူတို့အိမ်မှာ ဘယ်သူမှလဲ မရှိရော မင်းက ပြန်လာပြီး တစ်အိမ်လုံး ဗြောင်းဆန်အောင် လာရှာတယ် ၊ ပြောစမ်း မင်းဘာကို လာရှာတာလဲ ၊ မပြောရင်လဲ ကိစ္စမရှိပါဘူး ၊ မင်းရဲ့ မောင်လေး ကို ငါတို့ခေါ်စစ်ယုံပဲ ၊ သူလဲ သိမှာပါ မင်းဘာတွေလုပ်နေမှန်း "
" မ မလုပ်ပါနဲ့ဆရာတို့ရယ်၊ မောင်လေးက ခုမှ ကျောင်းသားပဲ ရှိပါသေးတယ်၊ ကျွန်မအမှန်တိုင်း၀န်ခံပါတော့မယ်
မှန်ပါတယ်ဆရာ ၊ ကျွန်မက ကျွန်မချစ်သူ စိုင်းလျှံကို အဆပ်ခတ်သတ်ခဲ့တာပါ ၊
စိုင်းလျှံက မှောင်ခို ပစ္စည်းတွေကို နယ်စပ်ရောက်အောင်ပို့ပေးရတာပါ ၊
ဒီတစ်ခေါက် သူပို့ပေးရမယ့် ပစ္စည်းက ကျောက်စိမ်းဆင်းတုတော်ပါ ၊
သူက အဲ့ဒီ ဆင်းတုတော်ကို ဟိုတလောက အဆိပ်မိပြီးသေတဲ့ ဖိုးကော်ရဲ့ မိဘတွေဆီရောက်အောင်ပို့ရမှာပါ ၊
ဖိုးကော်ရဲ့ မိဘတွေက ထိုင်းဘက်ကို ချိတ်ပေးတဲ့ ပွဲစားပါ ၊ စိုင်းလျှံကို သတ်ခိုင်းတာက ထွန်းနီနဲ့ တစ်ရက်ထဲ သေသွားတဲ့ ခွန်စောမောင်ရဲ့ အမေပါ၊ သူက အဲ့ဒီအဖွဲ့ထဲက အဓိကကျသူပဲ၊ အခု ဆင်းတုတော်က အဖိုးတန်မှန်းသိတော့ သူက အခြားသူမသိအောင် ဖြတ်ယူတာပါဆရာ ၊ ကျွန်မအတွက်လဲ ထိုက်တန်တဲ့ ငွေရပြီးရင် ထိုင်းဘက်ကို အပြီးသွားနေမလို့ပါ ၊ ခုတော့ အဟင့် ဟင့် "
" ကဲ ခုမှတော့ ငိုမနေနဲ့တော့ မိန်းခလေး ၊ ငွေအတွက်နဲ့ လူသတ်တဲ့ အပြစ်ကို ပြန်ပြီး ခံယူပေတော့ "
တရားခံအစစ်အား ဖမ်းမိပြီမို့ စိုင်းလျှံ၏ မိခင်ဖြစ်သူအား ပြန်လွှတ်ပေးလိုက်လေ၏။
"ကဲ ဆရာတင်အောင်ရေ နန်းမြင့်သူဆိုတဲ့ မိန်းခလေးရဲ့ ၀န်ခံချက်အရ ခွန်စောမောင်ရဲ့ အမေဖြစ်သူကို သွားဖမ်းကြစို့ ၊ သူ့ကိုတော့ သတိထားရမယ်၊ သူ့ကိုမိရင် ဘုရားခိုးဂိုဏ်းခေါင်းဆောင်ကို ဖော်ထုတ်နိုင်မှာပဲ ...ဟိုဘက်နယ်မြေက ရဲအုပ် အောင်ပိုင်တို့နဲ့လဲ အဆက်အသွယ်မပြတ်စေနဲ့ "
" ဟုတ်ဆရာ "
ဘမောင်တို့သည် ခွန်စောမောင်၏မိခင် ဒေါ်နန်းဗွာအား ရွာဘက်၌ ဖမ်းမိလေသည်။
" ကဲ ပြောပါ ဒေါ်နန်းဗွာ ၊ နန်းမြင့်သူက အကုန်၀န်ခံပြီးပြီ၊ ခင်ဗျား ဘာလိမ်ချင်သေးလဲ "
" ဘမောင် ဘမောင် နင်ဟာ အတော်အသက်ပြင်းတဲ့ရဲဘဲ ၊ နင့်ကိုကားနဲ့တိုက်သတ်တာတောင် မသေနိုင်ဘူး၊ နင်ဟာ ငါတို့ အတွက် တစ်ကယ့်ကို အနှောင့်အယှက်ပဲ "
" ဩ ကျုပ်ကို ကားနဲ့တိုက်သတ်ခိုင်းတာခင်ဗျားကိုး၊ ပါးစပ်ပိတ်ထားလိုက်တော့ ဒေါ်နန်းဗွာ ၊ ခင်ဗျားဟာ မိန်းမတန်မဲ့ အကုသိုလ်အလုပ်ကို မကြောက်ဘူးပဲ ၊ ခင်ဗျားက ကျောက်စိမ်းဆင်းတုတော်ကို သိပ်လိုချင်နေတယ်ဟုတ်လား၊ ခင်ဗျားရဲ့ သားစောမောင်က သားအရင်းမှမဟုတ်တာ၊ ဒါကြောင့် ခင်ဗျားက စောမောင်ကို ဘုရားခိုးဂိုဏ်းထဲ လူယံုအဖြစ်ထည့်ပြီး အသုံးချတယ်၊ ပြီးတော့ စောမောင်ကို တဏှာနဲ့မြူဆွယ်တယ်၊ စောမောင်ဟာ ဘုရားခိုးတဲ့ထဲ ပါလို့ ငယ်ထိပ်မြွေပေါက်ပြီးသေဆုံးခဲ့ရတယ်၊ ပြီးတော့ ထွန်းနီရောပဲ၊ အဲ့ဒီရှေးဟောင်းကျောက်စိမ်းဘုရားဟာ သိုက်ကစောင့်တဲ့ဘုရားပဲ၊ ဒါကြောင့် ထိုင်းဘက်ကို ခိုးသွင်းဖို့ သူ့မိဘနဲ့ချိတ်ပေးတဲ့ ဖိုးကော်လဲ အဆိပ်မိသေတာပဲ ၊ ကျုပ်မှန်းတာ မမှားရင် မကြာခင် ခင်ဗျားအလှည့်ပဲ ၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကျောက်စိမ်းဘုရားကို နဂါးသိုက်က စောင့်ရှောက်လို့ပဲ "
" ဟား ဟား ဟား ခုခေတ်မှာ ဒါတွေမရှိတော့ဘူး ၊ နင့်လို ရဲ အစုတ်ပလုတ် ခြိမ်းခြောက်တိုင်း ကြောက်မယ်မထင်နဲ့ ၊ ငါ့မှာ ငွေရှိတယ်၊ ဥပဒေဆိုတာ ငွေပေးရင် ပြောင်းသွားတာချည်းပဲ ၊ အမှုက ထောင်ကျခဲ့ရင်လဲ အယူခံအဆင့်ဆင့် ၀င်လို့ရတယ်၊ ဘုရားခိုးတဲ့ ကြံရာပါ အမှုနဲ့ တရားစွဲမှာလား ငါ့ကို၊ ဒါမှမဟုတ် စိုင်းလျှံကို သတ်ခိုင်းတဲ့အမှုလား ၊ နင်ကြိုက်တဲ့ပုဒ်မတပ်လိုက်၊ ငါမကြောက်ဘူး၊ အေး ငါလွတ်ရင်လဲ နင်လဲ ဒီလိုနေရမယ်မထင်နဲ့ "
" ဟာ ခင်ဗျား အတော်မိုက်ရိုင်းတဲ့မိန်းမပဲ "
" နင်တို့ ထဲမှာ ငါ့လူတွေရှိတာ မမေ့ပါနဲ့ ဘမောင် ၊ ငါငွေပေးရင် အေးဆေးပဲ "
" တောက် "
ဘမောင်တစ်ယောက် တောက်တစ်ချက်ကို ခံပြင်းစွာ ခေါက်လိုက်မိလေသည်။
အခန်း (၁၈)
" ဆရာဘမောင် ၊ ကျုပ်တို့နယ်မြေက ဘုရားကို ခိုးသွားတဲ့ ဂိုဏ်းခေါင်းဆောင်က နယ်မြေ(၂)ထဲမှာ ကျုပ်တို့သွားဖမ်းရအောင် "
" သွားကြတာပေါ့ ဆရာအောင်ပိုင်ရေ"
နယ်မြေနှစ်ခုမှ တာ၀န်ရှိရဲ၀န်ထမ်းများပူးပေါင်းကာ ပိတ်ဆို့ဖမ်းဆီးကြစဉ်
ထိုဂိုဏ်းမှ သူများက ပြန်လည်ခုခံကြ၏။
" ဆရာတင်အောင် အိမ်ထဲ သတိထား၀င်ပါ ၊ အတင့်မရဲနဲ့ သူ့တပည့်တွေပြောတာ သူက အိမ်ထဲမှာပဲ ရှိလိမ့်မယ် "
" ဟုတ်ဆရာ "
သူတို့သည် အိမ်ထဲ၌ သတိဖြင့် ရှာဖွေကြရာ
ဒုရဲအုပ်တင်အောင်သည် ဗီဒိုတစ်ခုအားဆွဲဖွင့်လိုက်၏။
" ဆရာတင်အောင် သတိထား "
ဘမောင်၏အော်သံပင် မဆုံးသေး ဗီဒိုထဲမှ ဓားရှည်က ဆရာတင်အောင်အား ပိုင်းချလိုက်၏။
" အား ဆရာဘမောင်ရေ ကယ်ပါ "
ဆရာတင်အောင်၏ မျက်နှာမှ သွေးများဖြာကနဲစီးကျလာ၏။
" ဟာ ဆရာတင်အောင် "
ဘမောင်သည် စိုးရိမ်ကြီးစွာအော်လိုက်၏။
" ဒိုင်း ဒိုင်း "
ဗီဒိုထဲမှ လူသည်လဲ သေနတ်ဒဏ်ရာကြောင့် လဲကျသွား၏။
"ဆရာဘမောင်ဆေးရုံကား အမြန်ခေါ်ပါ ၊ ဟာ ဟိုမှာ လူတစ်ယောက် ပြေးပြီ "
ဘမောင်လဲ ထိုသူနောက်ပြေးလိုက်ကာ လုံးထွေးသတ်ပုတ်ကာ ဖမ်းရလေသည်။
ဆရာတင်အောင်အား ဗီဒိုထဲမှဓားဖြင့်ပိုင်းချသူမှာ ဘုရားခိုးဂိုဏ်းခေါင်းဆောင်ဆိုသူဖြစ်ကာ ထိုသူမှာ ထွန်းနီသေဆုံးစဉ်က ထွန်းနီ၏ မိခင်အား ငွေများပေးခဲ့သူလဲဖြစ်၏။
ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေနတ်မှာ နှလုံးတည့်တည့်မှန်ကာ ထိုဒဏ်ရာဖြင့် သေဆုံးခဲ့လေသည်။
ရဲအုပ်ဘမောင် လုံးထွေးသတ်ပုတ်ဖမ်းဆီးရမိသူမှာ ဖဲဝိဇ္ဇာ ဘသာဖြစ်လေသည်။
ဘသာအား ဘိုးသံဖဲ ချုပ်သော အချုပ်ခန်း၌ ထည့်ကာ ဘမောင်သည်ပြန်ထွက်လာခဲ့၏။
" ဟာ သံဖဲ "
ဘသာသည် ဘိုးသံဖဲအား တွေ့သောအခါ လွန်စွာ အံ့ဩသွားလေသည်။
ဘမောင်သည် ဘသာအား အချုပ်ထဲ ထည့်ပြီးနောက် ဆေးရုံသို့ အပြေးအလွှားလာခဲ့၏။
သူ၏ လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်ကောင်း ဒုရဲအုပ်တင်အောင်တစ်ယောက် အရေးပေါ်အခန်း၌ ရောက်ရှိနေသည်မဟုတ်ပါလား ။ထို့ကြောင့် အရေးပေါ်အခြေအနေမှ လွတ်မြောက်ရန်သာ အကြိမ်ကြိမ်ဆုတောင်းနေမိလေသည်။
သူသည် ထိုနေ့ည၌ ဆေးရုံ၌သာ လူနာစောင့်အနေဖြင့် စောင့်အိပ်လေ၏။
" ဘမောင် ဘမောင် "
" ဟင် ဘိုးသံဖဲ "
" ဘမောင် ဘုရားဆင်းတုတော်က စိုင်းလျှံအိမ်ရဲ့ ကားဂိုဒေါင်ထဲက လေရှိတဲ့ ကားဘီးကျွတ်ထဲမှာရှိတယ်၊ အဲ့ဒီဆင်းတုတော်ကို ရွှေမြေရဲစခန်းက စခန်းမှုးလက်ထဲ အပ်လိုက်ပါ၊ အဲ့ဒီစခန်းမှူးက ဘုရားကို သူ့ရဲ့ နဂိုစံပယ်ရာနေရာကို ပြန်ပို့ပါလိမ့်မယ်၊ အဲ့ဒီဘုရားဟာ ရွှေမြေက နဂါးရုံဘုရားကြီးရဲ့ စေတီမှာ ကိန်း၀ပ်စံပယ်တဲ့ဘုရားပဲ ၊ ဩ ဘမောင် ဖဲဝိဇ္ဇာ ဘသာက ငါ့ကိုမေးခဲ့ရင် မသိဘူး၊ မမြင်ဖူးဘူးလို့သာပြောပါ"
" ဟုတ်ကဲ့ပါ ဘိုးသံဖဲ "
" ငါ့ကို ဘိုးသံလို့သာ ခေါ်ပေတော့ ဘမောင်ရေ၊ ငါ ၀ဋ်ကြွေးတွေ ကြေပြီ၊ ငါဘရသေ့နဲ့ ပြန်တွေ့ဖို့ အချိန်တန်ပြီ၊ ငါ ဖဲကို စွဲလမ်းတဲ့အစွဲ ထာ၀ရစွန့်လွှတ်လိုက်ပြီ ၊ ငါ့အကြောင်းကို မင်းကလွဲရင် အကုန်လုံး မေ့သွားကြမှာပါ ၊ ကဲ လူလေးဘမောင် ကံမကုန်ရင်တော့ ပြန်ဆုံကြရတာပေါ့ကွာ "
" နေ နေပါအုံး ဘိုးသံ "
သူသည် ဘိုးသံဖဲအား လှမ်းကိုင်ရာ လက်ထဲ၌ ဖဲထုပ်ဟောင်း တစ်ထုပ်သာပါလာလေသည်။
ဘိုးသံဖဲသည် သူ့အားကျောခိုင်းကာ ထွက်ခွာသွားတော့သည်။
" ဘိုး ဘိုးသံ"
သူသည် ဘိုးသံအား ၀မ်းနည်းစွာ အော်ခေါ်နေမိလေသည်။
သူသည်အိပ်နေရင်းမှ လန့်နိုးလာ၏။သူ၏ မျက်၀န်း၌လည်း စိုစွတ်နေလေသည်။
သူ့လက်ထဲ၌လည်း ဖဲထုပ်ဟောင်းတစ်ခုအား ဆုပ်ကိုင်ထား၏။
" ဟင် ဒီ ဒီဖဲထုပ်က ....ဒါ ဒါဆို ဘိုးသံဖဲ တစ်ကယ်ထွက်သွားပြီပေါ့ "
သူစိတ်မကောင်း ဖြစ်နေမိ၏။
ဘသာသည် ရဲအုပ်ဘမောင်အား မြင်သည်နှင့်
" ဆရာ မနေ့က ကျုပ်ကို ဒီအချုပ်ခန်းထဲ လာပို့တုန်းက ဒီထဲမှာ အဘိုးကြီးတစ်ယောက်ရှိတယ်မို့လား "
" မရှိပါဘူး ၊ ခင်ဗျားတစ်ယောက်ထဲပဲရှိတာပါ ဦးဘသာ "
" ဟား ဟား ငါ မရူးဘူး၊ ငါ တွေ့လိုက်တယ် သံဖဲကို၊ သူက တစ္ဆေလား ငါမကြောက်ဘူး ၊ လာခဲ့ သတ္တိရှိရင် ထပ်လာခဲလေ ဟားဟား "
ဘသာတစ်ယောက် အရူးတစ်ယောက်လိုအော်ဟစ်နေလေသည်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ထောင့်၌ လူနှစ်ယောက်ထိုင်ကာ စကားပြောနေကြ၏။
လူတစ်ဦး၏ မျက်နှာပေါ်၌ ဓားခုတ်ရာကြီးအားတွေ့ရလေသည်။
အများအမြင်၌ ထိုသူမှာ လူဆိုးတစ်ဦးဟု ထင်ကောင်းထင်ပေလိမ့်မည်။
" ဆရာဘမောင် ကျုပ်မရှင်းတာရှိလို့မေးချင်တယ်"
" မေးပါ ဆရာတင်အောင် "
"စိုင်းလျှံ အဆိပ်ခတ်ခံရပြီး သေဆုံးမှုမှာ တရားခံက နန်းမြင့်သူလို့ ဘာလို့ တပ်အပ်သိခဲ့တာလဲ ဆရာ"
" အင်း ပထမဆုံးအချက်က စိုင်းလျှံစားတဲ့ထမင်းကြော်ကို သေချာကြည့်တော့ ထမင်းကြော်တဲ့ဆန်က အလုံးအခဲမပါဘူး လေ၊ ထမင်းနွေးကိုကြော်ရင် အလုံးအခဲမပါဘူး၊ညကျန် ထမင်းကြမ်းကိုကြော်ရင် ချေပြီးမှကြော်ရတော့ အလုံးအခဲလေးတွေပါတယ်လေ ၊ နန်းမြင့်သူ အလုပ်လုပ်တဲ့ဆိုင်က နာမည်ကြီးဆိုင်ဆိုတော့ ထမင်းကို သေချာချက်ပြီး အဲ့ထမင်းကိုပြန်ကြော်တာမို့ စိုင်းလျှံစားတဲ့ထမင်းကြော်ဟာ သေချာပေါက် ထမင်းနွေးကိုပြန်ကြော်တဲ့ နန်းမြင့်သူကြော်လာတဲ့ထမင်းကြော်မှန်းသိလိုက်တယ်၊ နောက်ရက် နန်းမြင့်သူရှိတဲ့ဆိုင်ကိုသွားတော့ သူဟာ ချစ်သူသေထားတဲ့ အပူသည်ရုပ်မဟုတ်ပဲ မိတ်ကပ်အဖွေးသားနဲ့လေ၊ အဲ့ဒီနေ့က ကျုပ်က ရုပ်ဖျက်ပြီး သူ့မှာ ချစ်သူရှိလားလို့မေးတော့ မရှိဘူးပြောတယ်၊ ဒါဟာ သူစိုင်းလျှံအပေါ် သံယောဇဉ်မဲ့ပြီး လုပ်ကြံတယ်ဆိုတာ ပိုသေချာတယ်၊ ပြီးတော့ သူက စိုင်းလျှံအမေကို ကျုပ်တို့ဖမ်းထားလိုက်တော့ သူသတ်တာ လူမရိပ်မိဘူးဆိုပြီး စိတ်လွတ်လက်လွတ် လှုပ်ရှားတော့တာပဲ "
" ဩ အဲ့လိုကိုး၊ ခုမှသဘောပေါက်တယ်၊ ကျုပ်လဲ ဆေးပင်စင်နဲ့သာ အနားယူလိုက်ရတာ ၊ ဆရာ့ကို အချိန်တိုင်းသတိရနေတာဆရာ ၊ ဩ ဒေါ်နန်းဗွာက ဘယ်လိုသေတာလဲဆရာ"
" သူကလဲ စောမောင်တို့ ထွန်းနီတို့သေသလိုပဲ အမှုရင်ဆိုင်နေတုန်း ငယ်ထိပ်မြွေပေါက်သေတာ၊ သူသေတော့ အထက်ကို တင်ပြရတာ အတော်လေး အလုပ်ရှုပ်ခဲ့သေးတာ၊ ခင်ဗျားကို ဓားနဲ့ခုတ်တဲ့ ဖဲဝိဇ္ဇာ အဲလေ ယောင်လို့ ဦးဘသာဆိုတဲ့ သူကြီးကတော့ သွက်သွက်ခါအောင် ရူးသွားလေရဲ့ "
" အင်း လောဘတွေနော် ၊ ဒီဘ၀မှာလဲ အသေဆိုးနဲ့သေ၊ နောင်ဘ၀ကျရင်လဲ အပါယ်ကျတဲ့အလုပ်ကိုမှ ရွေးလုပ်ကြတာအံ့ဩမိတယ် "
ဘမောင်၏ မျက်စိထဲ၌ ဘိုးသံဖဲ၏ နားထင်ရှိ သေနတ်ဒင်ရာကြီးအား ပြန်လည်မြင်ယောင်လာရင်း ဦးဘဒင်ရူးရခြင်းမှာ ဘိုးသံဖဲ၏ ဦးခေါင်းအား သေနတ်ဒင်ဖြင့် ထုမိခြင်းကြောင့်ဖြစ်မည်ဟု ထင်နေမိ၏။
သူသည် တရားခံများအားဖမ်းဆီးစဉ်အချိန်က သားသတ်လွတ်စားကာ ကုသိုလ်ပြုခဲ့ခြင်းကြောင့် ဘသာ၏ ဓားချက်မှ လွဲခဲ့ရခြင်းဖြစ်ပေလိမ့်မည်။ သူ့အစား ဆရာတင်အောင်သည် ကံဆိုးခဲ့သည်လား ဒါမှမဟုတ် နှစ်ဦးလုံးပင် အန္တရာယ်ပြုခြင်းခံရမည်လား မပြောတတ်ပေ။
သူသည်တွေးနေရင်းမှ
" ဟုတ်ပဆရာတင်အောင်ရေ၊ ကျုပ်လဲ ခင်ဗျားလို ပင်စင်တောင်ယူလိုက်ချင်ရဲ့ "
ကောင်းကင်သည် ပြိုတော့မည်ဟန်ဖြင့် မှိုင်းညှို့နေလေသည်။
ဆရာတင်အောင်သည် လူထူးဆန်း ဘိုးသံဖဲအကြောင်းအား တစ်လုံးတစ်ပါဒမျှ မေးမြန်းခြင်းမရှိခဲ့ပါချေ။
ဆရာတင်အောင်မှမဟုတ် မည်သူတစ်ဦးတစ်ယောက်မျှ ဘိုးသံဖဲအကြောင်းအား မမေးကြပါချေ။
ယုတ်ဆွအဆုံး မြို့နယ်မှူးသည်ပင် ဘိုးသံဖဲအား သတိပင်ရပုံမပေါ်ပေ။
ဘိုးသံဖဲပြောသကဲ့သို့" ငါ့အကြောင်းကို မင်းကလွဲရင် အားလုံးက မေ့သွားကြမှာပါ "ဆိုသကဲ့သို့ မေ့သွားကြခြင်းဖြစ်ပေလိမ့်မည်။
မမေ့နိုင်သော သူ့မှာသာလျှင် ဘိုးသံဖဲအား သတိရတိုင်း ဖဲထုတ်အဟောင်းလေးအား ထုတ်ကြည့်ရင်း
လေးစားလျက်
စာရေးသူ နန်းကြာညို