26

26

Jin Kyubi

#Unicode


#နဂါးဝိညာဉ်မှော်သခင် အပိုင်း(၂၆)


 "နတ်မြေခွေးဧကရီဝမ်ကျီ၏ ကိုယ်တွင်းစကြဝဠာအပိုင်းအစ"


အဘယ်ကြောင့်မူ ရွှေနဂါးသခင်သည်ကား သူ့စိတ်ကူးထဲကလို ကြမ်းတမ်းသော ရုပ်သွင်နှင့် လူလတ်ပိုင်းကြီး ဖြစ်မနေဘဲ (၁၃)နှစ်မျှသာ ရှိသည့် ချစ်စဖွယ် မိန်းမငယ်လေးတစ်ယောက် ဖြစ်နေ၍ပင်။ တောက်ပသော ရွှေဝါရောင်ဆံပင်များနှင့်အတူ ငုတ်တိုလေးရှိသည့် ဦးချိုလေးကြောင့် သူမ၏ အသွင်က တစ်မျိုးဆန်းနေပြီး Anime ဇာတ်ကောင်တစ်ခုကို cosplay လုပ်ထားသည့် မိန်းမငယ်လေးတစ်ယောက်နှင့် တူပေ၏။


မဟုတ်သေး။ အတိအကျ ဆိုပါက သူမ ဝတ်စုံများက အပေါ်ပိုင်းသည် လည်စည်းပါသည့် အဖြူတီရှပ်၊ အောက်ပိုင်း၌ စကတ်တိုလေးဖြစ်ကာ အထက်တန်းကျောင်းသူတို့ ဝတ်ဆင်သည့် ဝတ်စုံများနှင့် ထပ်တူညီပေသည်။


"အမ်… မင်းက ကျောင်းသူတစ်ယောက်လား… ဒါမှမဟုတ် ကျောင်းသူလို cosplay လုပ်ထားတာလား"


"နင်… နင်"


မိန်းမငယ်လေးက ရှက်ရွံ့စွာဖြင့် မျက်နှာနီရဲသွားပြီး ဒူးတုပ်ထိုင်ချလိုက်၏။ ထို့နောက်မှ…

"ရှင်… ရှင်ကလဲ cosplay အကြောင်းသိတယ်ဆိုတော့ ကျွန်မလိုပဲ နီလာဂြိုလ်က လာခဲ့တာလား"


"နီလာဂြိုလ်… မင်းပြောတာ ရန်ရှကမ္ဘာလား"


ကျန်းရှောင်ပိုင်က မေးလိုက်သော် မိန်းမငယ်လေးက ခေါင်းခါယမ်းလိုက်၏။


"မဟုတ်ဘူး… ရှင်ပြောတဲ့ နာမည်ကို ကျွန်မ မသိဘူး"


"ဒါဆို ငါ့မှာ နည်းလမ်းရှိတယ်… စိတ်မရှိပါနဲ့"


ပြောပြောဆိုဆို ကျန်းရှောင်ပိုင်က သူ၏ အသိစိတ်တစ်ချို့ကို ရွှေနဂါးသခင် တစ်ဖြစ်လဲ မိန်းမငယ်လေးထံ ပို့လွှတ်လိုက်သည်။ ၎င်းက နူးညံ့သိမ်မွေ့လှသဖြင့် မိန်းမငယ်လေးမှာ သတိမထားမိလိုက်ချေ။


ကျန်းရှောင်ပိုင်သည် မိန်းမငယ်လေး၏ မှတ်ဉာဏ်များကို ဝင်ရောက်စစ်ဆေးနေခြင်းပင်။ သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်ကြောင့် ပြင်ပ စက္ကန့်ပိုင်းအတွင်း အချက်အလက်အားလုံးကို သိရှိလိုက်ရသည်။


မိန်းမငယ်လေး၏ နာမည်သည်ကား ချန်ဟွားဖြစ်ပြီး နီလာဂြိုလ်ဟူသော နေရာတစ်ခု၌ နေထိုင်ပေသည်။ သူမတို့ ဂြိုလ်သည် ကျန်းရှောင်ပိုင် မမွေးမီ ဟိုးယခင်က ရန်ရှကမ္ဘာလိုပင် ကျင့်ကြံခြင်းသည် ဒဏ္ဍာရီသာဖြစ်သည့် ကမ္ဘာဟု ဆိုနိုင်သည်။ 


သို့သော်လည်း တစ်နေ့၌ ကောင်းကင်ပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ထူးဆန်းသော သားရဲနှင့် မျိုးနွယ်ကွဲများစွာ ထွက်လာကြ၏။ ၎င်းနောက် နီလာဂြိုလ်သားများအား သတ်ဖြတ်ခဲ့ပေသည်။ နောက်ပိုင်းတွင် ဆန်းကြယ်သော စွမ်းအားတစ်ခု ကျဆင်းလာပြီး မသေဘဲ ကျန်ရစ်သူအချို့က စွမ်းအားများ နိုးထလာခဲ့သည်။


၎င်းနိုးထသူများသည် မတူညီသော စွမ်းအားများဖြင့် ကျူးကျော်သူများကို တိုက်ခိုက်ချေမှုန်းခဲ့၏။


ချန်ဟွားကမူ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်သည်။ အမှန်စင်စစ်၌ အသက်(၁၆)နှစ် ရှိပြီဖြစ်သော်လည်း သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကြောင့် အမြဲတစေ စိတ်အားငယ်နေရသူပင်။ သို့သော် သူမ၏ မိဘများက ကျိကျိတက်ချမ်းသာပြီး အာဏာရှိ အသိုင်းအဝိုင်းကပေမို့ သက်တောင့်သက်သာ နေရပေသည်။


ကပ်ဘေးဖြစ်ပွားချိန်၌ သူမသည် အက်ကွဲကြောင်းတစ်ခုအတွင်း ဆွဲသွင်းခံလိုက်ရ၏။ ၎င်းနောက် ပျက်သုဉ်းခြင်းကမ္ဘာရှိ တားမြစ်နေရာတစ်ခုသို့ ရောက်သွားသည်။ သူမသည် ထိုနေရာတွင်းမှ ရွှေရောင်အလုံးလေးတစ်ခုကို ဆာဆာနှင့် စားလိုက်မိပြီး ရှေးခေတ်ဟောင်းမှ မှတ်ဉာဏ်များ ရရှိကာ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့၏။


ချန်ဟွားသည် ဇာတိမြေကို ပြန်ချင်သော်လည်း ၎င်းက မည်သည့်နေရာ၌ ရှိသည်ကို မသိခဲ့ချေ။ ထို့နောက် နှစ်ပေါင်း(၁၀၀)နီးပါး ပျက်သုဉ်းခြင်းကမ္ဘာ၌ ကျင်လည်ရင်း နောက်ဆုံးတွင် သားရဲလူသားခေါင်းဆောင်က သူမ၏ ဘယ်လက်ရုံးအဖြစ် စည်းရုံးခဲ့သည်။ ချန်ဟွားလည်း သားရဲလူသားကလန်တွင် ဘာသိဘာသာ နေလာရင်း နှစ်ပေါင်း(၂၀)ကျော် ကြာမြင့်သွားပြီဖြစ်၏။


"သူက လူသားစင်စစ်ကနေ ပြောင်းလဲသွားတာပဲ… ပြီးတော့ သူ့နေရာကလဲ ငါနေခဲ့တဲ့ ရန်ရှကမ္ဘာ မဟုတ်ဘူး"


ကျန်းရှောင်ပိုင် မေးစေ့ကို ပွတ်သပ်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။


"နင်… နင် ငါ့ကို လူလယ်ခေါင်မှာ မူလပုံပြောင်းခိုင်းပြီး ဘာလုပ်မလို့လဲ… မဟုတ်ကဟုတ်က မလုပ်နဲ့နော်"


ချန်ဟွားက သူမ၏ ခန္ဓာကိုယ်လေးကို အတင်းဖုံးကွယ်ပြီး ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။


ကျန်းရှောင်ပိုင်သည် ခေါင်းခါယမ်းကာ…

"မင်း အတွေးလွန်နေပြီ… ကလေးမလေးတွေကို ငါစိတ်မဝင်စားဘူး"


"က… ကလေးမ…"


ချန်ဟွား၏ မျက်နှာလေးမှာ အိုစာသွားသည်။ သူမသည် အမြဲတစေ ကလေးတစ်ယောက်အဖြစ် ဆက်ဆံခံခဲ့ရသည်။ သားရဲလူသားကလန်ခေါင်းဆောင်သည်လည်း ထိုနည်းတူစွာပင်။ သူမကို အမြဲတစေ ကလေးတစ်ယောက်လိုသာ ရှုမြင်၏။ ချန်ဟွားအနေဖြင့်လည်း နဂါးစွမ်းအား ရရှိစေသော အသီးကို စားခဲ့သည့် အရွယ်မှ တက်မလာခဲ့သည်မို့ အများအမြင်၌ (၁၃)နှစ်ထက် မပိုသော လိုလီလေး (Loli) အသွင်သာ ရှိနေသည်။ အမှန်စင်စစ်၌ သူမအသက်သည် နှစ်(၁၀၀)ကျော်ခဲ့ပြီ မဟုတ်လော။


"ငါ့ရဲ့ ညီမလေးကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ"


ရုတ်တရက် ဆိုသလို ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်တစ်ခုလုံးမှာ တသိမ့်သိမ့် တုန်သွားလေ၏။


"ကလန်ခေါင်းဆောင် ကြွချီလာပြီ"


ကိန်းခန်းကြီးသော အသံတစ်ခုနှင့်အတူ သံချပ်ကာဝတ် သားရဲလူသားတပ်ဖွဲ့များစွာ ချီတက်လာလေ၏။ တပ်သားများကို ဦးဆောင်လာသူသည် ငွေရောင်ပိုးဖဲဝတ်စုံနှင့် လဝန်းကဲ့သို့ ဆံနွယ်ဖြူများရှိသည့် မိန်းမလှလေးပင်။ 


သူမ၏ ဆံနွယ်များကြား၌ ဖြူဆွတ်သော မြေခွေးနားရွက်ချွန်တစ်စုံရှိပြီး မျက်ဝန်းအစုံ၌ ညှို့ငင်ဖမ်းစားနိုင်သော အငွေ့အသက်များ လွှမ်းခြုံနေသည်။ တနည်းအားဖြင့် ထိုမိန်းမပျိုသည် အမြီးကိုးချောင်းပါသည့် မြွေခွေးတစ်ပိုင်းလူသားတစ်ပိုင်းပင်။ သားရဲလူသားများစွာသည် ထိုမိန်းမပျိုအား ချစ်မြတ်နိုးသော အကြည့်များဖြင့် ကြည့်နေကြ၏။ သူမ၏ ဆွဲဆောင်နိုင်စွမ်းသည်ကား ကြောက်မက်ဖွယ်ကောင်းလှပေသည်။


သို့သော် လောကပြောင်းလဲခြင်း အချိန်စက်ဝန်းနယ်မြေ၌ နှစ်ပေါင်းများစွာ နေခဲ့လာသည့် ကျန်းရှောင်ပိုင်အဖို့မူ ထိုအလှသည် ဆွဲဆောင်နိုင်ခြင်း မရှိတော့ချေ။


'သူက ငါ့ကို ပထမဆုံး တွေ့တာတောင် စိတ်လွတ်မသွားဘူးပဲ… မဆိုးဘူး… စိတ်ဓာတ်ခိုင်မာတယ်လို့ ပြောရမယ်'


မြေခွေးလူသားမိန်းမပျိုက ကျန်းရှောင်ပိုင်အား စိတ်တွင်းမှ ချီးကျူးလိုက်မိသည်။


"အဟင့်… အဟင့်… မမ"


ချန်ဟွားသည် မြေခွေးလူသား မိန်းမပျိုကို မြင်တွေ့သောအခါ ငိုမဲ့မဲ့မျက်နှာလေးနှင့် ပြေးဝင်သွား၏။


"မမလဲ တရားထိုင်ရင်း သတင်းရတာနဲ့ ထွက်လာတာ… နည်းနည်းနောက်ကျသွားလို့ တောင်းပန်ပါတယ်… မမရဲ့ ဟွားဟွားလေးကို သူက အနိုင်ကျင့်ခဲ့တာလား"


ချန်ဟွားက ပြန်ဖြေမည်ပြုသော်လည်း မြေခွေးလူသားမိန်းမပျို တစ်ဖြစ်လဲ သားရဲလူသားကလန်ခေါင်းဆောင်က လက်ဝှေ့ယမ်းလိုက်ကာ…

"အစောင့်တွေ… သူ့ကို ဖမ်းချုပ်လိုက်"


"အမိန့်အတိုင်းပါ"


အစစ်အမှန်နတ်ဘုရားအဆင့်ရှိသည့် သားရဲလူသား ဆယ်ယောက်သည် ကျန်းရှောင်ပိုင်အား ဝိုင်းရံလိုက်၏။


"မင်းတို့တွေ နောက်ဆုတ်လိုက်"


ကျန်းရှောင်ပိုင်က အရှိန်အဝါအချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဝိုင်းရံဖမ်းဆီးရန် ကြိုးစားလာသူများမှာ ဒူးထောက်ပြိုလဲသွားကြ၏။


"ရှေး… ရှေးဟောင်းစွမ်းအား… သူ… သူက ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ"


တပ်ဖွဲ့ခေါင်းဆောင်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ သူတို့ဆယ်ဦး၏ အဖွဲ့လိုက်ပူးပေါင်းစွမ်းရည်သည် မဟာနတ်ဘုရားအစောပိုင်းအဆင့် ကျင့်ကြံသူကို ဖမ်းချုပ်နိုင်သော်လည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးအား အယားပင် ပြေစေမည်မဟုတ်ချေ။ အဘယ်ကြောင့်မူ နယ်ပယ်ကွာဟချက်မှာ မိုးနှင့် မြေလို အလွန်ကွာဝေးလှ၍ပင်။


"ရှေးဟောင်းနတ်ဘုရား"


ခပ်လှမ်းလှမ်းမှ ကြည့်နေသည့် မင်းသမီးလေးနှင့် သူမ၏ အစေခံ ရှောင်ချင်းတို့မှာ တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ရှောင်ချင်းပင်… ။ ပျက်သုဉ်းခြင်းကမ္ဘာ၌ ရှေးဟောင်းနတ်ဘရားတိုင်းသည် အထွတ်အမြတ်တည်ရှိမှုဖြစ်ပြီး ၎င်းတို့က အဖွဲ့အစည်းတိုင်း၌ ပင်မထောက်တိုင်များဟု ဆိုနိုင်သည်။ 


"သူက ဒါကြောင့်မို့ ငါ့စကားကို ဂရုမစိုက်တာပဲ… သူသာ သတ်ချင်ရင် ငါသေတာ ကြာနေပြီ"


ရှောင်ချင်းမှာ ထိတ်လန့်စွာဖြင့် တွေးနေမိသည်။


ထိုအချိန်၌ သားရဲလူသားကလန်ခေါင်းဆောင်သည် ချန်ဟွားအား သူမနောက်သို့ ပို့ပြီး ကာကွယ်ပေးထားလိုက်၏။ ထို့နောက် ကျန်းရှောင်ပိုင်အား မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့်ကြည့်ကာ…

"နင်က ဘယ်အဖွဲ့ကလဲ… လူသားတွေထဲမှာ ရှေးဟောင်းနတ်ဘုရား ရှိတယ်လို့ မကြားဖူးဘူး… ဒါကြောင့် နင်က လူသားမဟုတ်တာတော့ သေချာတယ်… နင်က မကောင်းဆိုးဝါးမျိုးနွယ်ဝင်လား"


ကျန်းရှောင်ပိုင်လည်း ခေါင်းခါယမ်းလိုက်မိသည်။


ဘုံကိုးလွှာစနစ်ကြောင့် သူ့ထံတွင် များစွာသော မျိုးဆက်သွေးစွမ်းအားများ ရှိနေ၏။ ထိုအမှန်တရားကြောင့် သူသည် လူသားစင်စစ်တစ်ယောက်ဟု မဆိုနိုင်တော့ချေ။ ဓားမိစ္ဆာလို ကြောက်မက်ဖွယ်ရာ ခန္ဓာနှင့် မျိုးဆက်သွေးကြောင့် မကောင်းဆိုးဝါးတစ်ကောင်ဟု ဆိုလျှင်လည်း မမှားချေ။


ကျန်းရှောင်ပိုင်သည် ဖော်ရွေစွာ ပြုံးလိုက်ပြီး…

"မင်းကြိုက်သလို သတ်မှတ်လို့ရတယ် မိန်းကလေး… ကျုပ်နာမည်က ကျန်းရှောင်ပိုင်… ကျုပ်က ခရီးသွားတစ်ယောက်ပါ… ပြီးတော့ မင်းတို့ကို ရန်ပြုဖို့ လာတာမဟုတ်ဘူး… ကြည့်ရတာ မင်းက ဒီနေရာမှာ အရေးပါအရာရောက်ဆုံးထင်တယ်… ဒါကြောင့် ကျုပ်သိချင်တာတွေကို မေးလို့ရမလား"


သားရဲလူသားကလန်ခေါင်းဆောင်သည် ကျန်းရှောင်ပိုင်အား လေ့လာအကဲခတ်နေ၏။ အတန်ကြာမှ တစ်စုံတစ်ရာကို စိတ်ပိုင်းဖြတ်ထားပြီးဟန်ဖြင့် ခေါင်းညိတ်ကာ…

"ကောင်းပြီလေ… ကျွန်မနာမည်က ရှောက်ကျောင်း… ရှင်သိချင်တာတွေ မေးဖို့ဆိုရင် ဒီနေရာမှာ ဖြေဖို့ အဆင်မပြေဘူး… ဒီတော့ ကျွန်မဆီမှာ ဧည့်သည်အဖြစ် လာနိုင်မလား"


ကျန်းရှောင်ပိုင်သည် ခေါင်းညိတ်ကာ လက်ကိုယှက်၍…

"ဖိတ်ခေါ်မှုအတွက် ကျေးဇူးပါ မိန်းကလေး"


"ကြွပါ"


ရှောက်ကျောင်းသည်လည်း ရှေးဟောင်းနတ်ဘုရားအဆင့် ကျင့်ကြံသူပေမို့ ကျန်းရှောင်ပိုင်အား ပမာမခန့် မလုပ်ရဲချေ။ ထို့ကြောင့် ဂရုတစိုက်နှင့် ရှေ့မှ ဦးဆောင်လမ်းပြပေးခဲ့သည်။ ရှောက်ကျောင်းနှင့် ချန်ဟွားတို့သည် အစောင့်များကို ထားခဲ့ပြီးနောက် ကျန်းရှောင်ပိုင်အား မီတာရာကျော် မြင့်မားသော သစ်ပင်ကြီးနှစ်ပင်အနားသို့ ခေါ်ဆောင်လာခဲ့သည်။


ထို့နောက် ရှောက်ကျောင်းက လက်ဟန်သင်္ကေတအချို့ ပြုလုပ်လိုက်ရာ သစ်ပင်နှစ်ပင်ကြား၌ လေဝဲတစ်ခု ပေါ်ထွက်လာလေသည်၊


"အထဲကို ကြွခဲ့ပါရှင်"


ရှောက်ကျောင်းက ချိုသာစွာပြုံး၍ ပြောလိုက်သည်။ ကျန်းရှောင်ပိုင်သည် ခေါင်းတစ်ချက်ညိတ်လိုက်၏။


"ရှင်… အဲဒီ"


ချန်ဟွားက တစ်စုံတစ်ရာ ပြောမည်အပြု ရှောက်ကျောင်းက မသိမသာ မျက်နှာရိပ်ပြလိုက်သဖြင့် ငြိမ်သက်သွား၏။ ကျန်းရှောင်ပိုင်၏ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားကြောင့် ထိုအဖြစ်ကို မြင်တွေ့နေရသော်လည်း မသိကျိုးကျွံသာ ပြုထားလိုက်သည်။


ထို့နောက် သူသည် အတွင်းသို့ ဝင်ရောက်လိုက်၏။ ၎င်းနောက် ချောက်ချားဖွယ်ကောင်းအောင် မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။ ထိုနေရာ၌ ကြီးမားသော အမြီးကိုးချောင်းမြေခွေးရုပ်တုကြီး ရှိနေပြီး ၎င်း၏ မျက်လုံးအစုံတွင်းမှ အနီရောင်ကျောက်များကြောင့် အသက်ဝင်နေသလို ထင်မှတ်ရသည်။


"နင့်ရဲ့ မူလအသွင်ကိုပြစမ်း"


ရှောက်ကျောင်းသည် မူလကလို ဖော်ရွေနေသောအပြုံးမျိုး မရှိတော့ချေ။ သူမက ဧကရီတစ်ပါးလို ခန့်ထည်စွာဖြင့် အမိန့်ပေးလိုက်သည်။ ထိုခဏဝယ် နယ်မြေတစ်ခုလုံးသည် အသက်ဝင်နေသည်အလား မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်သွားတော့၏။၎င်းနောက်တွင်မူ အားကောင်းလှသည့် ဖိအားများက ကျန်းရှောင်ပိုင်အပေါ် ကျဆင်းလာလေသည်။


"အိပ်ဆောင်ကမ္ဘာ… ဒီနေရာက မင်းတို့ပြောတဲ့ အိပ်ဆောင်ကမ္ဘာလိုမျိုးလား"


ကျန်းရှောင်ပိုင်က အေးဆေးတည်ငြိမ်စွာဖြင့် ရေရွတ်လိုက်၏။


"စနစ်ပိုင်ရှင်သည် နတ်မြေခွေးဧကရီဝမ်ကျီ၏ ကိုယ်တွင်းစကြဝဠာအပိုင်းအစတစ်ခုကို တွေ့ရှိထားသည်… ၎င်းနှင့် ပေါင်းစည်းခြင်းဖြင့် အမြီးကိုးချောင်းမြေခွေးစွမ်းအားများ ပိုမိုတိုးလာမည်ဖြစ်သည်… ပေါင်းစည်းပါမည်လော"


"ဝမ်ကျီ"


စနစ်၏ စကားကြောင့် ကျန်းရှောင်ပိုင် အံ့အားသင့်သွားပြီးနောက် သက်ပြင်းချလိုက်မိသည်။


"ဘုံကိုးလွှာ၏ကံကြမ္မာ" ဇာတ်လမ်း၌ ဝမ်ကျီသည် သားရဲအင်ပါယာ(၆)ပါးအဖွဲ့မှ အမြီးကိုးချောင်းမြေခွေးဧကရီဖြစ်ပြီး ချောမောလှပမှုနှင့် ဂုဏ်သတင်းကြီးသူပင်။ သူမသည် မူလနတ်ဘုရားတစ်ပါးဖြစ်ပြီး ရန်သူတော် မဟာမူလဖျက်ဆီးခြင်းနတ်ဘုရား ရှီဝမ့်အား ချစ်ကြိုက်သွားမိခဲ့သည်။ သို့သော်လည်း ဇာတ်သိမ်းမကောင်းခဲ့ဘဲ ပျက်သုဉ်းခြင်းမိစ္ဆာများကြောင့် သေဆုံးသွားရသည်။ ယခု တိုက်တိုက်ဆိုင်ဆိုင် သူမ၏ ကိုယ်တွင်းလောကစကြဝဠာ အပိုင်းအစတစ်ခုကို တွေ့ရမည်ဟု သူမထင်မိချေ။


"ဒီအိပ်ဆောင်ကမ္ဘာက ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာ… ဒီနေရာမှာ အရှင်သခင်နတ်ဘုရားတွေတောင်မှ ဖိနှိပ်ခံရလိမ့်မယ်"


ရှောက်ကျောင်းက အေးစက်စွာဖြင့်ဆိုရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။


ကျန်းရှောင်ပိုင်သည် ခေါင်းတစ်ချက် ခါယမ်းရင်း…

"မင်းကိုယ်မင်း ယုံကြည်မှု လွန်ကဲနေတာပဲ… မင်းက ဒီအိပ်ဆောင်ကမ္ဘာနဲ့ အပြည့်အဝ မပေါင်းစည်းရသေးဘူး… ဒါပေမဲ့ မင်းအပြည့်အဝ ပေါင်းစည်းထားရင်တောင်မှ ငါ့ကို အနိုင်မယူနိုင်ဘူး"


ရှောက်ကျောင်းမှာ အနည်းငယ် ထိတ်လန့်သွားသည်။ သူမအနေဖြင့် သည်အိပ်ဆောင်ကမ္ဘာအား ရရှိခဲ့သည်မှာ နှစ်များစွာ ကြာပြီဖြစ်၏။ ၎င်းကို ပေါင်းစည်းရန် သူမ၏ မျိုးဆက်သွေးစွမ်းအင်များစွာ အသုံးပြုခဲ့ရသည်။ အကယ်၍ သူမသာ အမြီးကိုးချောင်းမြေခွေးမဟုတ်ဘဲ အခြားသော သားရဲမျိုးနွယ်သာ ဖြစ်ပါက အနည်းငယ်မျှပင် ပေါင်းစည်းနိုင်မည်မဟုတ်ချေ။


လက်ရှိ၌ သူမသည် အိပ်ဆောင်ကမ္ဘာ၏ နယ်မြေ(၁)ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ သို့သော် သူမအဖို့ ထိုအစွမ်းကြောင့် အရှင်သခင်နတ်ဘုရားများကိုပင် မှုစရာမလိုခဲ့ချေ။ အကယ်၍ နယ်မြေ၏ (၅၀)ရာခိုင်နှုန်းအထက်ကိုသာ ထိန်းချုပ်နိုင်ပါက သွားလေရာ၌ အိပ်ဆောင်ကမ္ဘာကို ယူဆောင်သွားနိုင်ပေမည်။ ထိုအခါ၌ ပျက်သုဉ်းခြင်းကမ္ဘာတွင် သူမအား ရန်ပြုနိုင်သူဟူ၍ ရှိနိုင်လောက်မည်မဟုတ်ချေ။


"ဟမ့်… ကျွန်မ အကုန်မပေါင်းစည်းနိုင်တောင်မှ ရှင်က အနိုင်ယူနိုင်လို့ ထင်နေတာလား"


ရှောက်ကျောင်းလည်း ဟန်ကိုယ့်ဖို့ဆိုသလိုပြုရင်း မေးလိုက်၏။ ထို့နောက် နယ်မြေအတွင်းမှ မိုးကြိုးလျှပ်စီးအချို့ကို ထိန်းချုပ်ရင်း ကျန်းရှောင်ပိုင်အနား ဝိုင်းရံစေသည်။ ခရမ်းရောင်မိုးကြိုးများသည်ကား ကြောက်မက်ဖွယ်ကောင်းလှပြီး သက်ရှိခပ်သိမ်းအား အမြစ်ပြတ် ချေမှုန်းနိုင်စည်အလားပင်။


"မင်းက အတော်ခေါင်းမာတာပဲ"


ကျန်းရှောင်ပိုင်က အေးဆေးစွာဆိုရင်း လက်ဝှေ့ယမ်းလိုက်သော် မိုးကြိုးများသည် တီကိုဟဆားတို့လိုက်သလို တွန့်ကွေးသွား၏။ ထို့နောက် စပျစ်သီးအရွယ် ခရမ်းရောင်အလင်းလုံးလေးအဖြစ် သိပ်သည်းသွားခဲ့သည်။ ကျန်းရှောင်ပိုင်သည် ၎င်းအလုံးလေးအား သကြားလုံးတစ်ခုအလား ကောက်ဝါးလိုက်ပြီး ခေါင်းညိတ်လိုက်၏။


"မဆိုးဘူး… ဒီမိုးကြိုးမှာ ဖျက်ဆီးခြင်းစွမ်းအား အနည်းငယ်ပါတယ်… နတ်ဘုရားသခင်တွေတောင်မှ ခုခံဖို့မလွယ်ဘူး"


"နင်… နင်က ဘယ်သူလဲ"


ရှောက်ကျောင်းမှာ ကျန်းရှောင်ပိုင်၏ လုပ်ရပ်ကြောင့် အတော်လေး သွေးပျက်သွားမိသည်။ ထို့ပြင် သူမ၏ နှလုံးသားထဲ၌ အန္တရာယ်အချက်ပေးသံများစွာ မြည်ဟည်းလာလေသည်။ 


ထိုအခိုက် ကျန်းရှောင်ပိုင်သည် မျက်လုံးမှိတ်ကာ တီးတိုးဆိုလိုက်၏။


"ပေါင်းစည်းလိုက်တော့"


သူ၏ စကားအဆုံး၌ ဆန်းကြယ်သည့် စွမ်းအင်တစ်ခုက နယ်မြေအတွင်းသို့ လျင်မြန်စွာ ဖြန့်ကျက်သွားသည်။ ၎င်းနောက် နယ်မြေအလုံးစုံမှာ ကျန်းရှောင်ပိုင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလေ၏။ မူလနတ်ဘုရားတစ်ပါး၏ ကိုယ်တွင်းစကြဝဠာအပိုင်းအစသာ ဖြစ်သော်လည်း ၎င်းသည် ဟာဂျီမွန်တစ်ပါးအောက် မလျော့ကြချေ။


အဆင့်သတ်မှတ်ချက်အရဆိုလျှင် နတ်မြေခွေးဧကရီဝမ်ကျီ၏ အဆင့်မှာ အနန္တနတ်ဘုရားထိပ်ဆုံးအဆင့်နှင့် တူညီနိုင်လေသည်။ ရှီဝမ်၏ လမ်းညွှန်မှုကို ရရှိခဲ့ခြင်းကြောင့် သူမသည် အဆင့်တူများကြား၌ ယှဉ်ပြိုင်နိုင်သူ နည်းပါးခဲ့ပေမည်။ ပျက်သုဉ်းခြင်းမိစ္ဆာများသာ ဝိုင်းရံမတိုက်ခိုက်ခဲ့ပါက သူမ သေဆုံးနိုင်မည်မဟုတ်ချေ။


"အချိန်ကြာတယ် မိန်းကလေး… ဒီနယ်မြေမှာ မင်းက နေရာတစ်ခုထိ ရထားတယ်ဆိုတော့ ကျုပ်သိချင်တာတွေကို မေးဦးမယ်"


"နင်… သွားသေလိုက်တော့"


ရှောက်ကျောင်းသည် ဒေါသထွက်ထွက်နှင့် အစောပိုင်းကထက် များပြားလှသော မိုးကြိုးများကို ထိန်းချုပ်က တိုက်ခိုက်စေသည်။ သို့သော် သည်တစ်ကြိမ်၌ မိုးကြိုးများက သူမအမိန့်အား မနာခံတော့ချေ။


ထို့ပြင် အဆိုပါ မိုးကြိုးများက သူမကိုပင် ရန်သူသဖွယ် သတ်မှတ်ကာ ချိန်ရွယ်လာလေသည်။ ထို့ကြောင့် သူမ ထိန်းချုပ်နိုင်သော နယ်မြေစွမ်းအားများကို နှိုးဆွကြည့်၏။ သို့သော်လည်း မည်သို့ ကြိုးစားပါစေ မတုန့်ပြန်ခဲ့ချေ။ နောက်ဆုံး၌ ကိုယ်တွင်းကမ္ဘာမှာ တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရှောက်ကျောင်း နားလည်သွားလေသည်


"ဒါ… ဒါ… မဖြစ်နိုင်ဘူး… နင် ဘယ်လိုလုပ်လိုက်တာလဲ"


ကျန်းရှောင်ပိုင်သည် နှုတ်မှ မဖြေတော့ချေ။ သူသည် အမြီးကိုးချောင်းမြေခွေးစွမ်းအားကို နှိုးဆွလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်တွင်းမှ လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာများ ထွက်ပေါ်လာသည်။ ၎င်းနောက် သူသည် ကြီးမားသော ငွေရောင်အမြီးကိုးချောင်းမြေခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့၏။


"ငါက နတ်မြေခွေးဧကရီဝမ်ကျီနဲ့ သက်ဆိုင်တဲ့သူပဲ"


ကျန်းရှောင်ပိုင်၏ အသံက နယ်မြေတစ်ခွင်လုံး ပျံ့နှံ့သွားသည်။


"နတ်… နတ်မြေခွေးဧကရီဝမ်ကျီ"


ရှောက်ကျောင်းသည် အထစ်ထစ်အငေါ့ငေါ့နှင့် ဆိုလိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်၏။


"ဆက်ခံသူအရှင်ကို ကျွန်တော်မျိုးမ ရှောက်ကျောင်း အရိုအသေပေးပါတယ်"


ကျန်းရှောင်ပိုင် ကျိတ်ပြုံးလိုက်မိသည်။ ပုံမှန်နည်းလမ်းထက် သူ့ကို ယုံကြည်စေရန် အကောင်းဆုံးသည်ကား အမြီးကိုးချောင်းမြေခွေး၏ စွမ်းအားပင်။ ဝမ်ကျီလောက် အစွမ်းမထက်သေးသော်လည်း ကျန်းရှောင်ပိုင်၏ အမြီးကိုးချောင်းမြေခွေး မျိုးဆက်သွေးက သန့်စင်လှပေသည်။ ထို့ကြောင့် လှည့်စားထားခြင်းဟု ရှောက်ကျောင်း မထင်မိချေ။


"စီနီယာက အမြီးကိုးချောင်းမြေခွေးတစ်ကောင်လား… ဒါဆို ကျွန်မ ခုနတုန်းက ခံစားမိတဲ့ နဂါးအော်ရာကျတော့ရော"


ချန်ဟွားက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်ရာ ကျန်းရှောင်ပိုင်သည် သူမဦးခေါင်းအား တစ်ချက်ပုတ်ကာ ပြုံးရယ်ပြလိုက်ပြီး…

"မျိုးဆက်သွေးနှစ်ခုလောက်ရှိတာ ထူးဆန်းလို့လား"

ဟု ဆိုလိုက်၏။ 


"သူများတွေမှာ သန့်စင်တဲ့ မျိုးဆက်သွေးတစ်ခု ရှိဖို့တောင် မလွယ်ဘူး… ဒါကို ရှင်က နှစ်ခုတောင် ရှိတယ်ဆိုတော့ မထူးဆန်းဘဲ နေပါ့မလားရှင့်"


ကျန်းရှောင်ပိုင်သည် ချစ်စရာ လိုလီမလေး၏ ဆံပင်များကို ပွတ်သပ်ပေးရင်း ခပ်ပေါ့ပေါ့ ရယ်မောနေလိုက်သည်။


အမှန်စင်စစ်၌ သူ့တွင် ဓားမိစ္ဆာအပါအဝင် ဖီးနစ်၊ ကျားဖြူ၊ ရွှေမြွေ၊ နဂါးပြာ၊ နတ်သိမ်းငှက်၊ ရွှေလင်းယုန်နတ်ဘုရား၊ နေမီးလျှံငှက်၊ ရွှယ်ယင်မှော်ငှက်၊ မိစ္ဆာသွေးငှက်၊ ရှန်ကီနာနှင့် အာရှီရာဟူသော အခြားမျိုးဆက်သွေးစွမ်းအားများ ရှိနေကြောင်းသာ သူမတို့ သိရှိပါက မည်သို့ဖြစ်ပျက်သွားမည်မသိချေ။


Report Page