227

227


အခန်း(၂၂၇) : စီမံကိန်းနှစ်များ


ဖုန်းဟွမ်က သူ့ဆရာသည် လျို့ဝှက်ဆန်းကြယ်စွာ ပျောက်သွားတတ်ကြောင်းကို အသားကျနေပြီ ဖြစ်လေသည်။ ထိုကိစ္စက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အား ပုံသဏ္ဍာန် ကောင်းကောင်းထိန်းသိမ်းထားနိုင်ခြင်းနှင့် ပတ်သက်နေလိမ့်မည်မှန်း မှန်းဆမိ၏။

သူက သူ့ဆရာ၏ စွမ်းရည်နှင့် ပုန်းအောင်းနိုင်စွမ်းအရ အချိန်အများစုတွင် စိတ်ပူလေ့မရှိသော်လည်း ယခုအခါ ကိစ္စများက ပြောင်းလဲသွားလေပြီ။ သူတို့က လက်ရှိ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း သန်းချီ၏ အကြည့်အောက် ကျရောက်နေလေရာ သူတို့ကို ဖမ်းမိသွားနိုင်ခြေက မြင့်မားလေသည်။

“ ငါ အခုအရမ်းအရေးကြီးတာ လုပ်နေတာမလို့ မင်း စိတ်ပူနေဖို့ မလိုဘူး။ ငါ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ” ရှစ်ဖူယွီက ပြောလိုက်သည်။

“အရေးကြီးတာလား … ဆရာ ကျွန်တော်ကို ပြောပြနိုင်မလား” ဖုန်းဟွမ်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးလိုက်သည်။ သူ့ဆရာက အလွန်အရေးကြီးကြောင်း ပြောသည့်အတွက် ကောင်းကင်သွေဖယ်နေသည့် ကိစ္စသာ ဖြစ်ရပေမည်။

ရှစ်ဖူယွီက ခေါင်းညိတ်ကာ လက်ဝေ့လိုက်ပြီး အိမ်ပတ်လည်တွင် အစီအရင်များ အသက်သွင်းလိုက်ကာ ကျောင်းတော်မှ လျို့ဝှက်အစီအရင်ဖြင့် စောင့်ကြည့်နေတာ မရှိစေရန် သေချာစစ်ဆေးလိုက်သည်။

“ နောက်ဆုံးတော့ မင်းကို ယင်ယန်မျက်ဝန်း အမွေဆက်ခံနိုင်မဲ့ နည်းလမ်း ရှာတွေ့သွားပြီ”

“တကယ်လား”

“ဒါပေါ့ ”

ဖုန်းဟွမ်က ရုတ်ချည်း ထရပ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ စည်းပိတ်ထားသည့် အလောင်းကို ထုတ်ယူလိုက်သည်။ ထိုအလောင်းက မျက်ဆံဗလာကျင်းနေသည့် ငါးနှစ်အရွယ် ကလေးတစ်ယောက် ဖြစ်၏။ သူက မြေပေါ်မှ ကလေးကို အေးစက်စက်သာ ကြည့်လိုက်သည်။

“အဲဆိုတော့ ကျွန်တော်တို့ ဘာလုပ်ဖို့ လိုတာလဲ ”

ရှစ်ဖူယွီက အလောင်းကို ကြည့်ကာ တည်ငြိမ်နေလေသည်။ သို့သော် သူ့တည်ငြိမ်မှုက အေးစက်စက် မဟုတ်ဘဲ ငြိမ်းချမ်းသည့်ဘက် ဖြစ်၏။ တကယ်တော့ သူ့မျက်ဝန်းထဲ သနားသည့် အရိပ်အယောင်ပင် မြင်တွေ့နိုင်လေသည်။

“ ဆရာ မင်းရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ပြီးတော့ ညွှန်ကြားပေးမယ်။ ဒါပေမဲ့ မင်းကို သတိပေးထားရဦးမယ်။ ဒီဖြစ်စဉ်က အရမ်းကို နာကျင်ရလိမ့်မယ်။ ငါတို့ ပထမတစ်ခေါက် ကူးပြောင်းတာထက် ဒါမှမဟုတ် မင်း ကောင်းကင်စမ်းသပ်ချက် ဖြတ်ကျော်တုန်းကထက်ကို ပိုနာကျင်ရလိမ့်မယ် ”

ဖုန်းဟွမ်က သူ့ဆရာ၏ စကားကို များများစားစား မတွေးဘဲ ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံသူတစ်ယောက်အနေနှင့် သူက နာကျင်မှုအနည်းငယ်မှ မခံနိုင်လျှင် ဒီမျိုးဆက်အတွင်း အားကောင်းသည့် ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်လာဖို့ မည်သို့ထိုက်တန်မည်နည်း။

ထို့ကြောင့် ဖုန်းဟွမ်က အသက်ပြင်းပြင်းရှုကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မိနစ်ပိုင်းကြာ တရားထိုင်လိုက်သည်။ ထို့နောက် သူက တောက်ပသော အကြည့်များဖြင့် မျက်လုံးပြန်ဖွင့်လာခဲ့သည်။

“အဆင့်သင့်ပဲလား …” ရှစ်ဖူယွီက မေးလိုက်သည်။

ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်ပြီးနောက် ခဏရပ်သွားလေသည် “ ဆရာ ကျွန်တော်အတွက် လုပ်ပေးခဲ့တာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် တာအိုသက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာတဲ့အခါ ဆရာ့အတွက် အကောင်းဆုံး ဧကရာဇ်အဆင့် ပစ္စည်းတွေနဲ့ အားကောင်းတဲ့ ခန္ဓာကိုယ်ရအောင် ပြုလုပ်ပေးပြီး အသက်ပြန်သွင်းပေးဖို့ နည်းလမ်းရှာပေးပါ့မယ်လို့ ကတိပေးပါတယ်”

ရှစ်ဖူယွီက ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည် “ဖုန်းအာ … ဆရာ မင်းကို သဘောအကျဆုံး တစ်ချက်က မင်းက အမြဲကျေးဇူးတရားကို ပြန်ပေးဆပ်တတ်ပြီး ကြင်နာတဲ့သူ ဖြစ်နေတာပဲ။ အဲဒါကြောင့် ဆရာ မင်းစကားတွေကို ယုံပါတယ် … ကောင်းပြီ အချိန်မဖြုန်းနေနဲ့တော့။ စလိုက်ရအောင်”

ထိုသို့ပြောလိုက်ပြီးနောက် ရှစ်ဖူယွီက အလင်းပြောက်များအဖြစ် ပြောင်းလဲသွားကာ ဖုန်းဟွမ်၏ မျက်ခုံးမှတဆင့် အသိစိတ်ပင်လယ်ထဲ ဝင်ရောက်သွားသည်။ သူက ကြေးနီရောင် တိမ်တိုက် မျှောနေသည့် အမှောင်ထုအတွင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအရာက ဖုန်းဟွမ်၏ ဝိညာဉ် ဖြစ်၏။

တာအိုသာသာက ဝိညာဉ်ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ထားသောကြောင့် သူ့ဝိညာဉ်က လူအများစုလို အဖြူရောင်အစား ကြေးနီ‌ရောင် ဖြစ်နေသည်။

“ဖုန်းအာ အသင့်ဖြစ်ပြီလား” ရှစ်ဖူယွီက ဒုတိယအကြိမ် ထပ်မေးလိုက်သည်။

“ဟုတ်ကဲ့” မျှောလွင့်နေသည့် တိမ်တိုက်က တုံ့ပြန်လိုက်သည်။

ထို့နောက် ရှစ်ဖူယွီက အနီရောင် သင်္ကေတများ ရေးသားထားသည့် အဝါရောင်စာရွက် တစ်ရွက်ကို ထုတ်လိုက်သည်။ ထိုသင်္ကေတများက ကလေးများ နံရံများ လျှောက်ခြစ်ထားသလိုသာ ဖြစ်၏။

တကယ်တော့ ထိုထူးထူးဆန်းဆန်း ပုံစံများက ဝါးမျိုခြင်းအဆောင် ပြုလုပ်ထားသည့် အံ့ဖွယ်သင်္ကေတများ ဖြစ်၏။ စာလုံးများက အနီရောင် ဖြစ်နေသည့် အကြောင်းအရင်းမှာ မိုရှင်းယွင်၏ သွေးဖြင့် ရေးထား၍ ဖြစ်သည်။

ရှစ်ဖူယွီက အဆောင်ကို ထုတ်ယူလိုက်ပြီးနောက် သူ့ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းလိုက်ပြီး ဖုန်းဟွမ်၏ ဝိညာဉ်ဆီ ပစ်လွှတ်လိုက်သည်။ ဖုန်းဟွမ်က အော်ပင် မအော်နိုင်လိုက်ဘဲ သူ့ဝိညာဉ်က လုံးဝ စုပ်ယူခံလိုက်ရသည်။

ရှစ်ဖူယွီက ထိုအရာကို မြင်ကာ ရေရွတ်လိုက်သည် “ ဖုန်းအာ စိတ်မကောင်းပါဘူးကွာ။ ငါ မင်းကို သဘောကျတာနဲ့ပဲ ခေတ်ကာလအကြာကြီး စီစဉ်ခဲ့တဲ့ ငါ့အစီအစဉ်တွေကို မပြောင်းပစ်နိုင်ဘူး”

သူ့တွင် တုံ့ပြန်ဖို့ အချိန်နည်းကြောင်း သိကာ ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက ဖုန်းဟွမ်၏ ဝိညာဉ်ကို ချက်ချင်း စုပ်ယူပစ်လိုက်ပြီး သူ့ဗဟုသုတများနှင့် မှတ်ဉာဏ်များကိုပါ ရရှိသွားသည်။ ထိုက်ယီနက်နဲမုခ်က ချမှတ်ထားသည့် အားကောင်းသော စည်းတံဆိပ်များလည်း အပါအဝင် ဖြစ်၏။

ထို့နောက် ရှစ်ဖူယွီက သူ့ကျင့်ကြံဆင့်၊ စည်းမျဉ်း သို့မဟုတ် တာအို နားလည်နိုင်စွမ်းအားလုံးနှင့်အတူ ကမ္ဘာဦးစိတ်ဝိညာဉ်ကို စွန့်ပစ်ကာ ဖုန်းဟွမ် ဖြစ်လာခဲ့သည်။ သူက ယခင်အရာများကို အပြီးတိုင် စွန့်ပစ်လိုက်ခြင်း မဟုတ်ဘဲ သူ့အသိစိတ်ပင်လယ်ထဲ စည်းပိတ်ထားလိုက်ခြင်းသာ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူ့တွင် မှတ်ဉာဏ်များနှင့် နားလည်နိုင်စွမ်း ရှိနေသေးလေသည်။ သူ့အနေနှင့် အထွတ်အထိပ်နယ်ပယ်အဆင့် စွမ်းအားကို ထပ်မံ မသုံးနိုင်ရုံမျှသာ ဖြစ်သည်။ သူက ဒီဒုက္ခတွေအားလုံး ကျော်ဖြတ်ရသည့် အကြောင်းအရင်းမှာ ဖုန်းဟွမ်က ထိုက်ယီနက်နဲမုခ်၏ တာအိုသားတော် ဖြစ်နေ၍ ဖြစ်သည်။

အရာအားလုံး ပြီးဆုံးသွားသည့်အခါ ဖုန်းဟွမ်က မျက်လုံးဖွင့်လာသည်။ သို့သော်လည်း ယခင်နှင့် မတူတော့ပေ။ ငယ်ရွယ်တက်ကြွမှုအပြည့် အကြည့်များက ယခုအခါ တခြားကျင့်ကြံသူပင် စိတ်ကူးမကြည့်နိုင်လောက်အောင် ရှေးကျမှုအပြည့် အကြည့်အဖြစ် အစားထိုး ပြောင်းလဲသွားသည်။

“အခုကစပြီး ရှစ်ဖူယွီက သေသွားပြီ။ ငါက ဖုန်းဟွမ်ပဲ ” ဖုန်းဟွမ် မဟုတ်သည့် ရှစ်ဖူယွီက ရေရွတ်လိုက်သည်။

ဖုန်းဟွမ်က သူ့ခန္ဓာကိုယ်အသစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ နာရီပိုင်းလောက် အချိန်ယူလိုက်ရပြီးနောက် သူ့နောက်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စတင်လိုက်သည်။

သူက အသုံးပြုလို့ ရသေးသည့် အဆောင်တစ်ရွက်ကို ထုတ်ကာ ကြည့်လိုက်ပြီး ရေရွတ်လိုက်သည် “ဒီအဆောင်နဲ့ဆိုရင် ငါက ဖုန်းဟွမ် ဖြစ်လာလိမ့်မယ်။ ထိုက်ယီနက်နဲမုခ်က တစ်ခုခု သံသယဖြစ်လို့ စစ်ဆေးရင်တောင် ငါက ဖုန်းဟွမ်ပဲဆိုတာ တွေ့ရလိမ့်မယ်။ အခု ဒုတိယအပိုင်း စတင်ဖို့ အချိန်ပဲ”

ဖုန်းဟွမ်က ငါးနှစ်အရွယ် ကလေးအလောင်းပေါ် အဆောင်ကို တင်လိုက်ပြီးနောက် အလောင်းကို စုပ်ယူလိုက်သည်။

သိပ်မကြာခင် ဖုန်းဟွမ်၏ မျက်ဝန်းများက ယင်ယင်သင်္ကေတအဖြစ် ပြောင်းလဲသွားလေသည်။ တစ်ဖက်တွင် အနက်ရောင်အလယ် အဖြူရောင်ရှိပြီး ကျန်တစ်ဖက်ကား အဖြူရောင်ပေါ် အလယ်တွင် အနက်ရောင် ရှိလေသည်။

ဖုန်းဟွမ်က ရုပ်ခန္ဓာတစ်ခုလုံးကို စုပ်ယူဖို့ သိပ်မကြာလိုက်ပေ။ တကယ်တော့ ဖြစ်စဉ်က မြန်ဆန်လွန်းလှသည်။

ဖုန်းဟွမ်က ညာဘက်လက်ကို မြောက်လိုက်သည့်အခါ အခန်းထဲ ဗုဒ္ဓရွတ်ဖတ်သံများ ပဲ့တင်ထွက်လာပြီး ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ ထိုအလင်းနှင့် ရွတ်ဖတ်သံများက ကြားရသူအပေါင်း၏ သောကများအား ပျောက်ကင်းသွားစေနိုင်စွမ်း ရှိ၏။

ထိုအရာကို မြင်ပြီး ဖုန်းဟွမ်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ သူ့ရယ်သံထဲ ရူးသွပ်မှု၊ ဝမ်းနည်းမှုနှင့် စိတ်သက်သာရာမှုတို့ကို တစ်ပြိုင်နက် ပါဝင်နေသည်။

“နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ။ သောက်အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်အစုတ် … ငါတို့ဗုဒ္ဓဘာသာကို အမြစ်ဖြတ်သုတ်သင်နိုင်သွားပြီလို့ ထင်နေတာမလား။ ဒါပေမဲ့ ခင်ဗျား မှားတယ်။ ဒီနေ့ နှစ်များစွာ ကြံစည်လာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ခင်ဗျား ထားခဲ့တဲ့ ဟာကွက်ကို ရှာတွေ့သွားခဲ့ပြီ။

ဒီယင်ယန်မျက်ဝန်းနဲ့ ငါ အကြွင်းမဲ့စတင်ခြင်း တာအိုနည်းစနစ်ကို အမြင့်ဆုံးအထိ ကျင့်ကြံနိုင်တော့မယ်။ အဲဒီအခါ တာအိုနဲ့ ဗုဒ္ဓဘာသာ ပေါင်းစပ်ထားတဲ့ အတွေးအခေါ်အသစ် ဖန်တီးပြီးတော့ ကမ္ဘာ့အသိုက်အဝန်းအကုန် ကမ္ဘာတစ်လွှားအနှံ့ ဗုဒ္ဓဘာသာ မြင့်တက်မှုကို တားဆီးထားတဲ့ အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားတွေကို ဖြတ်ကျော်ပြမယ်။

ဒီနည်းနဲ့ ဗုဒ္ဓဂိုဏ်းအသစ်က တာအိုနဲ့ ပေါင်းချည်ထားသလို ဖြစ်သွားလိမ့်မယ်။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် တာအိုဘာသာ တစ်ခုလုံးရဲ့ ချီကံကောင်းမှု ဒါမှမဟုတ် ကံကြမ္မာလည်း သက်ရောက်ခံရလိမ့်မယ်။ ဒါမှမဟုတ် ပျက်စီးသွားနိုင်တယ်။ ဟားဟားဟား ….

ခင်ဗျားက ထာဝရဧကရာဇ် ဆိုရင်တောင် တာအိုဂိုဏ်း ပျက်စီးသွားမှုကို မမြင်ချင်သရွေ့ ဗုဒ္ဓဘာသာ မြင့်တက်လာမှုကို မတားဆီးနိုင်တော့ဘူး ….ဟားဟားဟား ”

ဖုန်းဟွမ်က နာရီအတော်ကြာ အရူးတစ်ယောက်လို ရယ်မောနေလေသည်။

သို့သော်လည်း ရှစ်ဖူယွီ၏ ဇာတ်ကြောင်းကို သိထားကြလျှင် သူ့ကို ဘယ်သူမှ အပြစ်တင်နိုင်မည် မဟုတ်ပေ။ ထိုလူက နှစ်များစွာ ခံစားခဲ့ရပြီး သူ့အစီအစဉ် အကောင်အထည်မပေါ်ခင် ခေတ်ကာလများစွာ ကြာသည့်တိုင် စီစဉ်လာရသည်။

ဖုန်းဟွမ်က အားပါးတရ ရယ်လိုက်ပြီးသည့်နောက် အတိတ်အကြောင်း ပြန်လည်တွေးတောလိုက်သည်။

ယုံကြည်မှုခေတ်ကာလတွင် ဗုဒ္ဓဘာသာ အဆုံးသတ်မှုကို ကြုံတွေ့ရပြီးနောက် သူက ရူးသွပ်သွားမလို ဖြစ်ခဲ့သည်။

တကယ်တော့ ဗုဒ္ဓဘာသာ ပျက်သုန်းသွားမှုက မိစ္ဆာမျိုးနွယ်ထက် ပိုဆိုးလေသည်။ အကြောင်းမှာ ဧကရီဝူက မိစ္ဆာနတ်ဘုရားကိုးပါး ကမ္ဘာအထိ သွားနှိမ်နင်းစဉ် ပြည်နှင်ဒဏ် ရသွားခဲ့သော်လည်း အကြွင်းမဲ့ စတင်ခြင်းဧကရာဇ်က အနောက်ပိုင်း သန့်စင်ကောင်းချီနယ်မြေနှင့် တိုက်ပွဲအတွင်း ဒဏ်ရာသာ ရရှိခဲ့လေသည်။

သူ ပြန်ကောင်းလာပြီးနောက် ကမ္ဘာအသိုက်အဝန်းအတွင်း ပြန့်ကျဲနေသည့် ဗုဒ္ဓဂိုဏ်းအားလုံးကို ရှင်းထုတ်ပစ်ခဲ့သည်။ သူက တချို့ဂိုဏ်းများက ယုံကြည်မှုစွမ်းအား စုပ်ယူသည်၊ မစုပ်ယူသည်ကို ဂရုမစိုက်ဘဲ အကုန်သုတ်သင်ပစ်ခဲ့သည်။

ထို့အပြင် သူက အားကောင်းသော အံ့ဖွယ်စွမ်းရည်ဖြင့် ဗုဒ္ဓဘာသာ၏ ဇစ်မြစ် သို့မဟုတ် အစကို ဖြတ်တောက်ပစ်ခဲ့ပြီး အဆုံးမဲ့လေဟာနယ်အတွင်း ပြန်လည်မြင့်တက်လာမှုကို တားဆီးထားခဲ့သည်။ ဤသည်က ဧကရီဝူတစ်ယောက် မိစ္ဆာမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာ သို့မဟုတ် ချီကံကောင်းမှုကို စည်းပိတ်ခဲ့ခြင်းနှင့် တူညီလေသည်။

သို့သော် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က ပိုရက်စက်၏။ ဗုဒ္ဓဘာသာက ဒီကမ္ဘာအတွင်း မတည်ရှိခဲ့သလိုအထိ လုပ်ဆောင်ခဲ့သည်။


Report Page