204/ 2

204/ 2

N C

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke


Translator - No Cause


၂၀၄။ အံ့သြ/ ခ


လုအိမ်တော်၌ လုဝမ်အာသည် အခန်းတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိရင်း လုဖူးရန်က ချွဲ့နွဲ့ကာ အပူကပ်နေတော့သည်။ "အမေ၊ သမီး အရှင်မင်းသားကို သွားကြည့်ချင်တယ်၊ သူ့ဒဏ်ရာ အခြေအနေ ဘယ်လိုရှိမှန်းလဲ မသိရဘူး၊ ဒဏ်ရာ ပြင်းထန်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ" 


လုဖူးရန် သူမကို ချော့မြှူနှစ်သိမ့်လိုက်လေသည်။ "ဘယ်လိုလုပ် ပြင်းထန်ပါ့မလဲ၊ ဒဏ်ရာ အသည်းအသန်သာဆို သမားတော်အ​ကျော်အမော်တွေ ကြေညာမောင်းခတ်လိုက်ရှာနေတော့မှာလေ၊ အခုချိန်ထိ မင်းသားအိမ်တော်ဆီက ဘာသံမှ ထွက်မလာသေးဘူး၊ ဒီတော့ အားလုံး အဆင်ပြေမယ်လို့ အမေတော့ ထင်တာပဲ၊ သမီးက ဒီအရှုပ်တွေကြား ဘာဝင်လုပ်မှာလဲ သမီးရယ်" 


"ဒါပေမဲ့ သမီး ရင်ထဲ ရတက်မအေးနိုင်ဘူး" ဟု လုဝမ်အာက ဆိုသည်။ "အဲဒါအားလုံး ရှန်မြောင်ကြောင့်ပဲ၊ သူက ကံဇာတာမကောင်းတဲ့ဟာမမို့၊ သူနဲ့ လက်ထပ်လိုက်တာ မကြာဘူး၊ ပထမအဆင့်မင်းသားလွေ့ အခုလို ကံဆိုးသွားရပြီ... ခင်ပွန်းလင်ကို ခိုက်စေတဲ့ မိန်းမဆိုမှတော့ စောစောစီးစီးကတည်းက ကွာရှင်းလိုက်တာပဲ ကောင်းမယ်၊ ဆက်ပြီး ပတ်သက်နေရင် အရှင်မင်းသား ဒီထက်ကံဆိုးနေတော့မှာပဲ" 


လုဖူးရန် ပြုံးကာ ဆိုလိုက်သည်။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါပေမဲ့ လောလောဆယ်မှာ သမီး သွားလို့ မဖြစ်သေးဘူး၊ မင်းသားလွေ့ ကျန်းမာရေး နည်းနည်းသက်သာတိုးတက်လာတော့မှ မင်းတို့ တွေ့လို့ရအောင် သမီးအစ်မကြီးက စီစဉ်စဉ်းစားပေးပါလိမ့်မယ်၊ အခုချိန်မှာတော့ ပြဿနာရှာလို့ မရဘူး" 


လုဝမ်အာ မရွှင်မပျ မကြည်မသာ ပြန်ပြောတော့သည်။ "အမေ သမီးကို လှည့်စားလို့ မရဘူး" 


လုဝမ်အာ ထွက်သွားပြီးနောက် လုဖူးရန် အပြုံးလည်း ကွယ်ပျောက်သွားကာ အနားတွင်ရှိသော မိန်းမစေကို ညွှန်ကြားလိုက်တော့လေသည်။ "သခင်မလေးကို သေချာ စောင့်ကြည့်ထားကြ၊ ဒီရက်တွေထဲ အိမ်တော်အပြင်ကို မထွက်စေနဲ့၊ သခင်ကြီးရဲ့ အစီအစဉ်တွေ ပျက်ကုန်ရင် မင်းတို့အားလုံး အပြစ်ဒဏ်ခံရမယ်" စကားအဆုံးနားရောက်သောအခါမူ သူမ၏ လေသံက ခက်ထန်သွားပြီး မျက်နှာထားကလည်း ရက်စက်ကြမ်းကြုတ်သွားသည်မှာ ခက်ထန်သော စစ်သူကြီး လုကျန်းရွှမ်း နည်းတူပင်။ 


အစေခံမိန်းကလေးများလည်း ခေါင်းကို ငုံ့ထားလျက် နာခံကြောင်းဆိုလိုက်ကြတော့သည်။ 


သို့သော်လည်း အခြားတစ်ဖက်၊ အမတ်ချုပ်အိမ်တော်တွင်၊ ယဲ့ဖူးရန်သည်လည်း ဤအကြောင်းကိစ္စကို ယဲ့သခင်ကြီးနှင့် ဆွေးနွေးပြောဆိုနေကြလေသည်။ 


ယဲ့ဖူးရန်သည် ယဲ့သခင်ကြီးနှင့် ကျားထိုးကစားနေသည်။ ယဲ့မောက်ချွင်နှင့် လုကျန်းရွှမ်းမှာ လုံးဝခြားနားလေသည်။ လုကျန်းရွှမ်းသည် သိုင်းသမား လူကြမ်းကြီး ပုံစံခွက်အတိုင်း ခက်ထန်နေပြီး တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အခြားသူများနှင့် တိုက်ခိုက်ရန်ဖက်ဖြစ်ကာ ကြီးပြင်းလာကြောင်း သိသာပေသည်။ သူ့မျက်ခုံးများက တွန့်ကျုံ့မှောင်ကုတ်နေတတ်ပြီး ခက်ထန်သော ရုပ်ရည်မျက်နှာထား​ရှိသောကြောင့် ကလေးငယ်များပင် ထိတ်လန့်ကာ ငိုမိစေမည့် ရုပ်ရည်မျိုး ဖြစ်လေသည်။ ယဲ့မောက်ချွင်မှာတော့ ချောမောတင့်တယ်သော သွင်ပြင်ရှိသည့်အပြင် သူတစ်ပါးကို အန္တရာယ်မပေးနိုင်သည့်ဟန်ရှိလေသည်။ ထို့အပြင် စာပေပညာရှိအသွင်မျိုးဖြစ်၏။


သို့ရာ၌ ဤအမတ်ချုပ်ကြီးသည် မျိုးဆက်ပြတ်လပ်နေသည့်တိုင်အောင် လုံယဲ့မှ မှူးမတ်ဝန်ကြီးများ မထီမဲ့မြင်မပြုရဲအောင် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။ ယုံလဲ့မင်းကြီးပင်လျှင် သူနှင့် ထိပ်တိုက် အတိုက်အခံမပြုရဲဘဲ အပေါ်ယံ ဟန်ဆောင်သင့်မြတ်ဟန်ဖြင့် ထိန်းထားရသည်။ ထို့ကြောင့် အန္တရာယ်မဲ့သော အသွင်အတိုင်း အမှန်တကယ် အန္တရာယ်မရှိဟု မဆိုလိုနိုင်ပေ။ 


ယဲ့ဖူးရန်က ကျားစေ့တစ်စေ့နေရာချလိုက်ပြီး ပြုံးလိုက်တော့သည်။ "လွေ့ဝမ်ရယ်အိမ်တော်က အလုံပိတ်သံသေတ္တာလိုပဲ၊ အခုချိန်ထိ ဘာ သတင်းမှ မကြားရလို့ မင်းသားလွေ့ အခြေအနေဘယ်လိုရှိသလဲ မသိရဘူး၊ စားမဝင်နိုင် အိပ်မပျော်နိုင်ပါ ဖြစ်ရပါတယ်၊ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်မိတာပဲ" 


"ရှင်မမှာ အကြံအစည်ရှိပြီးသားပဲ မဟုတ်လား၊ ဘာလို့ စိုးရိမ်နေသေးတာလဲ" ယဲ့မောက်ချွင် ပြုံးလိုက်ကာ သူ၏ အလှည့်ဖြစ်သော ကျားတစ်စေ့ကို နေရာချထားလိုက်တော့သည်။ 


ယဲ့ဖူးရန်က သူ့အား အပြစ်တင်ဟန်ဖြင့် ကြည့်လိုက်တော့သည်။ သူမမှာ အသက် ၂၀ ကျော် နုနယ်ပျိုမြစ်သော အမျိုးသမီးငယ်မဟုတ်တော့သောကြောင့် ထိုကဲ့သို့ ညုတုတူအမူအရာပြုသောအခါ မတင့်တယ်ပေ။ သို့သော် ယဲ့ဖူးရန် ကိုယ်တိုင်ကမူ သတိမထားမိ။ သူမ နောက်ကျားစေ့တစ်ကွက် ရွှေ့လိုက်ကာ ဆိုလိုက်လေတော့သည်။ "သတင်းမကြားဘူးဆိုတာ သတင်းမကောင်းတဲ့သဘော၊ မင်းသားလွေ့က မောက်မာမော်ကြွားတတ်သူဆိုတော့ သူများကို သူ ထောင်လွှားပြဖို့ အခြေအနေပေးရင် သေချာပေါက် လူလုံးထွက်ပြနေမှာပဲ၊ အခုလို အကြာကြီး ပျောက်ချက်သားကောင်းနေပုံထောက်ရင် ထွက်မလာနိုင်လို့ပဲ ဖြစ်မှာ" 


ယဲ့မောက်ချွင်လည်း ပြုံးလိုက်တော့သည်။ "သူများကို လှည့်စားဖို့လည်း ဖြစ်နိုင်တာပါပဲ" 


"သခင်က ချဲ့ကို အထင်သေးပြီး၊ ချဲ့စကားကို ပေါ့ပေါ့တန်တန်သဘောထားနေတာပါလား" ယဲ့ဖူးရန်က ပြန်ပြောလာသည်။ "အခုအခြေအနေက လှည့်ဖျားလိမ်လည်ထားတာမဟုတ်မှန်း သေချာတယ်" 


"သြော်၊ ဘာကြောင့်များပါလိမ့်" 


ယဲ့ဖူးရန်က ကျားခုံကို စိုက်ကြည့်နေရင်း ပြောလေသည်။ "မင်းသားလွေ့အိမ်တော်ဘက်က သိုသိုသိပ်သိပ်မို့ မသိရပေမဲ့ အရှင်မင်းကြီးကတော့ မသိုသိပ်နေဘူးလေ၊ သူ အခု လုအိမ်တော်ကို ဖြေရှင်းဖို့ ခြေလှမ်းစနေပြီ မဟုတ်လား၊ မင်းကြီး ဒီလို အငြှိုးအတေးကြီးနဲ့ သည်းသည်းမည်းမည်း ရင်ဆိုင်နေပုံထောက်ရင် မင်းသားလွေ့ဒဏ်ရာတွေက မနည်းပါးလောက်ဘူး" 


ယဲ့မောက်ချွင် ရွှင်မြူးစွာ ရယ်လိုက်တော့၏။ "လက်စသတ်တော့ ရှင်မက အရာရာကို ထိုးထွင်းသိမြင်နိုင်နေတာပဲ၊ ရုံးတော်အရေးကိစ္စတွေကို ရှင်မက ကောင်းကောင်းမြင်နိုင်မယ်လို့ မထင်ခဲ့မိတာ ကျုပ် ရှက်မိပါရဲ့၊ ဒါဆို ကျုပ် ဘာဆက်လုပ်မယ်၊ ဘာလုပ်ဖို့ အစီအစဉ်ရှိမယ်လို့ ရှင်မ ခန့်မှန်းကြည့်ပါဦးလား" 


ယဲ့ဖူးရန် ခေါင်းငုံ့သွားကာ ရယ်တော့လေသည်။ "ဒါကတော့ ပြောရခက်မယ်၊ မင်းသားလွေ့ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ကြည့်ရဦးမယ်လေ" ယဲ့မောက်ချွင် ပြန်မငြင်းသည်ကို တွေ့သောအခါ သူမ စကားမှန်သည်ဟု တွေးမိပြီး ယဲ့ဖူးရန် ဆက်ပြောတော့သည်။ "မင်းကြီးနဲ့ လုအိမ်တော်က အပြန်အလှန် သွေးတိုးစမ်းလာကြတာ နှစ်တွေ မနည်းတော့ဘူး၊ ဒီရက်တွေထဲမှာဆို မင်းကြီးက ကျွန်မတို့ ယဲ့အိမ်တော်ကိုပါ သူ့ဘက် ဆွဲဆောင်သိမ်းသွင်းချင်နေသေးတယ်... ဒါပေမဲ့ ကျွန်မတို့တွေက မိုက်မဲသူတွေမှ မဟုတ်တာ၊ ဖောင်အဖြစ် အသုံးချခံလို့ ဘယ်ဖြစ်မလဲ၊ ဗျိုင်းနဲ့ ပုစွန်လုံး အချင်းများတဲ့အခါ အကျိုးအမြတ်ကြားက ရတာဟာ တံငှါသည်ပဲ... ဒါကြောင့် မင်းကြီးနဲ့ လုအိမ်တော် တိုက်ခိုက်ရန်ဖြစ်ကြမှာကို အသာလွှတ်ပေးထားရုံပေါ့၊ အရင်က မင်းသားလွေ့ ရှိတာကြောင့် ကျွန်မတို့ မင်းကြီးဘက်ကို အလေးသာပြီး မင်းကြီးအတွက် ထောက်ပံ့ဖို့ ရှိခဲ့ပေမဲ့ အခုတစ်ခေါက်မှာ မင်းသားလွေ့ ဒီတောင်ကို မကျော်နိုင်ဘူးဆိုရင် မင်းကြီးတစ်ပါးတည်းကျန်ခဲ့တော့မှာ၊ တစ်တိုင်းပြည်လုံး လုအိမ်တော်လက်တွင်း ကျရောက်တော့မှာပဲ" 


"မင်းသားလွေ့တစ်ယောက်တည်းပဲကို၊ ရှင်မ ပြောသလောက် အရေးပါအရာရောက်ပြီး အရာရာကို ပြောင်းလဲနိုင်စွမ်းမှာလား" ဟု ယဲ့မောက်ချွင်က အသာပြုံးကာ ဆိုလေသည်။ 


"မင်းသားလွေ့က အတော်အင်အားကြီးပါတယ်" ယဲ့ဖူးရန်လည်း ပြုံးလေသည်။ "သခင်လည်း အဲသလိုထင်တာပဲ မဟုတ်လား" 


ယဲ့မောက်ချွင် ကျားကွက်ရွေ့မည့် လက်ကို အသာတန့်လိုက်ကာ ယဲ့ဖူးရန်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်တော့လေသည်။ "ရှင်မ ကြည့်ရတာ ကျုပ်စိတ်ကို အမြဲခန့်မှန်းနိုင်နေသလိုပါလား၊ ဒါနဲ့ မင်းသားလွေ့ ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ရှင်မ ထင်သလား" 


ယဲ့ဖူးရန် အချိန်ကြာမြင့်စွာ စဉ်းစားလိုက်ပြီးနောက် စကားငါးလုံးကို ဆိုလိုက်တော့လေသည်။ "ကျော်နိုင်ဖို့ ခက်တယ်" ဟု။ 


ယဲ့မောက်ချွင် သူမကို ပြန်ကြည့်လိုက်တော့သည်။ 


"မင်းသားလွေ့ လွန်ခဲ့တဲ့ ၂ နှစ်က လုံယဲ့ကို ပြန်လာခဲ့ချိန်ကို သခင် မှတ်မိပါသေးလား၊ အဲဒီတုန်းက သူ ဒဏ်ရာ အပြင်းအထန် ရလာတာ၊ မင်းကြီးက ဒီအကြောင်းမပေါက်ကြားအောင် ဖုံးကွယ်ထားခဲ့ပေမဲ့ ကျွန်မတို့အိမ်တော်ကတော့ သတင်းရခဲ့တယ်လေ၊ အဲဒီတုန်းက မင်းသားလွေ့ နာလန်ပြန်ထူပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း မရှိလောက်ဘူးလို့ ထင်ခဲ့ပေမဲ့ ဘယ်လို ကုသိုလ်ကံထူးလို့လည်းတော့ မသိဘူး... သူ ရှင်သန်နိုင်ခဲ့တယ်၊ နောက်ပိုင်းမှာ သူ့ကိုယ်ပိုင်အရည်အချင်း အစွမ်းအစနဲ့ ရုံးတော်အခြေအနေကို ဝင်စွက်ဖက်တော့တာပဲလေ" ယဲ့ဖူးရန် ပြုံးလိုက်သည်။ "ဒါပေမဲ့ လူတစ်ယောက်က နှစ်ခါတော့ ကံမကောင်းနိုင်ဘူး၊ အရင်တစ်ခေါက်မှာ နတ်ကောင်းမလို့ သေကံမရောက်လိုက်ပေမဲ့ အခုတော့ ဘယ်နတ်က ထပ်မဦးမှာလဲ၊ အစကတည်းက မင်းသားလွေ့မှာ သက်ရှည်အနာမဲ့ရတဲ့ ကံမပါလာပုံပဲ၊ လွန်ခဲ့တဲ့ ၂ နှစ်က သေဘေးကို ရှောင်နိုင်ခဲ့တယ်ဆိုရင်တောင် အခု ၂ နှစ်အကြာမှာ ရှောင်လွှဲလွတ်မြောက်နိုင်ဖို့ ခဲယဉ်းမယ်" 


"ဟုတ်လား" ယဲ့မောက်ချွင်က ယဲ့ဖူးရန် ကျားစေ့ချရာကို တန်ပြန်ရန် ချက်ချင်း အကွက်လိုက်ရွှေ့တော့သည်။ "ဒါပေမဲ့ ကျုပ်ကတော့ ရှင်မနဲ့ ဆန့်ကျင်ဘက် တွေးမိတယ်၊ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မင်းသားလွေ့ဟာ ဆေးမမီတဲ့ အခြေအနေဖြစ်နေတာတောင် အဆုံးသတ်မှာ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လေ၊ ဒါကြောင့် ဘုန်းနဲ့ ကံနဲ့ ရှိပြီးသားဖြစ်လို့ အနာဂတ်မှာ သေချာပေါက် ထွန်းတောက်မှာပဲ... လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လွတ်မြောက်ခဲ့သလို အခု ၂ နှစ်အကြာမှာလည်း ဒီတောင်ကို ကျော်ဖြတ်နိုင်မှာပါ" 


ထိုစကားကို ကြားသောအခါ ယဲ့ဖူးရန် စိတ်မဆိုးပေ။ ယဲ့မောက်ချွင်နှင့်လည်း အပြိုင်မငြင်းပေ။ "စောင့်ကြည့်ရဦးမှာပေါ့" 


ယဲ့မောက်ချွင်လည်း ရယ်မောလိုက်ပြီး နောက်ဆုံး ကျားစေ့ကို ချလိုက်တော့သည်။ "ရှင်မ ရှုံးသွားပြီ" 


ယဲ့ဖူးရန် သေချာ ပြန်ကြည့်လိုက်သည်။ အမှန်ပင်။ ထို့ကြောင့် သူမက ချွဲနွဲ့ဟန်ဖြင့် ပြန်ပြောတော့လေသည်။ "သခင်က ကျားထိုးနေတုန်း ချဲ့ကို အာရုံလွဲအောင် စကားတွေ ပြောနေတာကိုး၊ မတရားဘူးလေ၊ နောက်တစ်ပွဲ ထပ်ဆော့မယ်" 


သို့သော် ယဲ့မောက်ချွင်က ခေါင်းခါ၍ ပြုံးလိုက်လေသည်။ "နောက်တစ်နေ့မှပေါ့၊ ဒီနေ့တော့ ဟုန်ကွမ်းရဲ့ အိမ်စာတွေ ပြန်စစ်ရဦးမယ်၊ အချိန်ကျနေပြီ" 


ယဲ့ဖူးရန် အမြန်ပြန်ပြောလိုက်တော့လေ၏။ "ဒါဆိုလည်း သခင် သွားတော့လေ၊ ဟုန်ကွမ်းရဲ့ အိမ်စာက အရေးကြီးတာပေါ့" 


ယဲ့မောက်ချွင် ထကာ ထွက်သွားတော့သည်။ ယဲ့သခင်ကြီး၏ ကျောပြင်ဝေးကွာ ​ပျောက်ကွယ်သွားသည်ကို ယဲ့ဖူးရန် တွေ့သောအခါ မျက်နှာထား အေးစက်အကျည်းတန်လာပြီး နှုတ်အမူအရာကလည်း ခက်ထန်လာတော့လေသည်။ "ဒုက္ခိတ တစ်ယောက်ပဲကို၊ အသိပညာကြွယ်ဝပြီး ဗဟုသုတတွေ ရှိနေတော့ရော ဘာထူးသွားမှာလဲ၊ တစ်သက်လုံး အိမ်တော်ထဲ အောင်းနေရုံပဲ တတ်နိုင်မှာကို" သူမ မကျေမနပ်ဖြစ်မိကာ မိမိကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် မထားနိုင်သဖြင့် ကျားခုံပေါ်မှ ကျားစေ့များအားလုံးကို လက်ဖြင့် ရမ်းကာ တိုက်ချလိုက်ပြီး တိုးတိုးရေရွတ်လိုက်တော့လေသည်။ "မြေခွေးမသားက မြေခွေးမအတိုင်းပဲ"  


အခန်းတွင်း ခစားနေသော အိမ်စေမိန်းကလေးများမှာ လှုပ်ပင် မလှုပ်ရဲ။ ယဲ့ဖူးရန်က ယဲ့သခင်လေးကို အမုန်းဆုံးဖြစ်ကြောင်း အားလုံး သိကြလေသည်။ ယဲ့ဟုန်ကွမ်းသည် ထိုကိုယ်လုပ်တော်မှ ဖွားသူဖြစ်ပြီး ယဲ့ဖူးရန်၏ သားအဖြစ် ကြီးပြင်းပျိုးထောင်ခံရသော်လည်း ကျန်းမာရေးချို့တဲ့သော တိသားသာဖြစ်ခဲ့လေသည်။ ယဲ့အိမ်တော်၏ တစ်ဦးတည်းသော မျိုးဆက်လည်း ဖြစ်သည်။ 


_______


မနက်အလင်းရောင်မှာ မှိန်ဖျော့လွန်းလှသည်။ သစ်ကိုင်းများအကြားမှ မြေပေါ်သို့ ဖြာကျလာသောအခါ ငွေရောင်အမျှင်တန်းများပမာ လွန်စွာ ရှုမြင်တင့်နေပေတော့သည်။ ညအမှောင်ကို ခွင်း၍ ဆင်းလာသော အာရုဏ်ဦး ငွေရောင် ဤအလင်းနေခြည်သည် မှိန်မှိန်ပါးပါးသာဖြစ်သော်ငြား စိတ်နှလုံးကို ပေါ့ပါးလန်းဆန်းသွားစေနိုင်စွမ်းလေသည်။ 


ဟွေ့ရှန်းနှင့် ပါးကျောင်းတို့ ရပ်လိုက်ကာ မျက်လုံးကို စည်းနှောင်ထားဆဲဖြစ်သော ရှန်မြောင်နှင့် လော့ထန်ကို ကူတွဲပေးထားလိုက်သည်။ ထို့နောက် ရှန်မြောင်အား ပြောလိုက်လေသည်။ "သခင်မ၊ မိုးလင်းသွားပါပြီ" 


မျက်ဝါးထင်ထင် တွေ့မြင်ခြင်းကြောင့်သာ မဟုတ်ပါက၊ ရှန်မြောင်ကဲ့သို့ အထက်တန်းလွှာမှ သခင်မလေးတစ်ပါးသည် လူခြေတိတ်သော တောနက်မျက်မည်းထဲ တစ်ညလုံး လမ်းလျှောက်သွားနိုင်လိမ့်မည်ဟု ဟွေ့ရှန်းတို့တစ်သိုက် တွေးမိမည်ပင်မဟုတ်ချေ။ ဟွေ့ရှန်းမှာ အထူးတလည် လေ့ကျင့်ထားသော စစ်သည်ဖြစ်၍ မပင်ပန်းသော်လည်း သိုင်းပညာအခြေခံရှိသော လော့ထန်ပင်လျှင် ပင်ပန်းနေချေပင်။ လော့ထန်မျက်နှာပေါ်၌ ငိုက်မျဉ်းမှုများ အပြည့် ထင်ဟပ်နေသော်ငြား ရှန်မြောင်ကမူ နိုးကြားတက်ကြွနေလျက် စိတ်ကြည်လင်နေဆဲဖြစ်လေ၏။ 


ဟွေ့ရှန်းနှင့် ဆုန်းယန်တို့ စိတ်ထဲမှ ကောက်ချက်ချနေမိလေသည်။ ဤသခင်မသည်လည်း သိုင်းပညာလေ့ကျင့်ဖူးထားသဖြင့် စိတ်ဓာတ်ကြံ့ခိုင်ကာ သက်လုံကောင်းနေခြင်းလားဟု။ 


စင်စစ်၊ သူတို့ အတွေးများကြခြင်းသာ။ ရှန်မြောင် ယခင်ဘဝ အအေးနန်းဆောင်ထဲတွင် ရှိစဉ်က မေဖူးရန်နှင့် အခြားသော မိဖုရားမောင်းမများ သူမကို ဒုက္ခလာပေးတတ်သောကြောင့်ပင်။ တစ်ပါးသူ ရေနစ်ချိန်တွင် ဝါးကူထိုးတတ်သော ဓလေ့မှာ နန်းတော်တွင်း မရှားပါး။ ထို့ကြောင့် သူမ ညအချိန် အဝတ်လျှော်ရသည့်အခါမျိုးတွင် တစ်ညလုံး လျှော်ခဲ့ရသည့်အခြေအနေမျိုး ရှိတတ်ပေသည်။ ထိုမျှမက လက်ရှိအခြေအနေမှာ အရေးတကြီး အလျင်လိုနေပါသဖြင့် တောအုပ်တွင်းမှ ထွက်နိုင်ရန်သာ သူမ ဇောကြီးနေကာ ညအိပ်ရေးပျက် ငိုက်မျဉ်းသည့်အပေါ် အာရုံမထားနိုင်ခြင်းဖြစ်၏။ 


"တို့တွေ လျှောက်လာတာ ဘယ်လောက်ကြာပြီလဲ" ရှန်မြောင် မေးလိုက်လေသည်။ 


"သခင်မကို လျှောက်တင်ပါတယ်" ဟု ဆုန်းယန်က အစချီလာသည်။ "တစ်ညလုံးလျှောက်လာပြီးတဲ့နောက်မှာ အကွာအဝေး ပမာဏ အတော်ရှိခဲ့ပြီဖြစ်ပြီး ချန်ထားခဲ့တဲ့ အမှတ်အသားအရာတွေကို နောက်တစ်ကြိမ် ပြန်မတွေ့ရသေးတာကြောင့် သွားပြီးနေရာတွေ ပြန်သွားမိတာတော့ မရှိပါဘူး" ထို့နောက် သူ ဆက်ပြောလေသည်။ "မျက်လုံးကို အုပ်တဲ့ အကြံအစည်က တကယ်ကို အသုံးဝင်ပါတယ်၊ ကြည့်ရတာ ကျွန်တော်တို့တွေဟာ ကိုယ့်မျက်လုံးရဲ့ လှည့်စားမှုဒဏ်ကိူ ကိုယ်ပြန်ခံရပုံပဲ" 


"ဒါပေမဲ့ ဒီတောအုပ်တွေက စောစောကမြင်ရတဲ့ ပုံစံနဲ့ တူတူတွေချည်းပဲလေ" လော့ထန်ကတော့ အားအင်ချိနဲ့နေချေပြီ။ 


"ဆက်လျှောက်ကြမယ်" ရှန်မြောင် ပြောလိုက်သည်။ "ဒီအထိတောင် လျှောက်လာခဲ့ပြီးပြီပဲ၊ လမ်းဆုံးကို မကြာခင် ရောက်နိုင်မှာပါ" 


ဟွေ့ရှန်း အတန်ငယ်မျှ အံ့သြသွားမိသော်လည်း ဤတစ်ခါတွင်တော့ ဘာမျှ မပြောတော့ပေ။ ညကတည်းက ရှန်မြောင်အား ရပ်နားရန် ၎င်းတို့ အကြိမ်ကြိမ် ကြိုးစားဖျောင်းဖျနားချကြည့်သော်လည်း ရှန်မြောင်က နားမဝင်သည့်အပြင် ၎င်းတို့၏ စကားများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ မာန်မဲတော့သည်။ မော့ယွီတပ်တော်တွင် အမှုထမ်းစဉ်က ရဲစွမ်းသတ္တိ ပြည့်စုံခဲ့ကြသော ၎င်းတို့လည်း ရှန်မြောင် ဆူပူကြိမ်းမောင်းသည်ကို ခံရသောအခါ ကြောင်ကို တွေ့သော ကြွက်ပမာ ပြုမူနေကြတော့မိလေသည်။ ဟွေ့ရှန်းနှင့် ဆုန်းယန်တို့ စိတ်နှလုံးဝယ် အံ့သြမဆုံးဖြစ်မိနေတော့သည်။ ဤသခင်မမှာ သိမ်မွေ့ဟန်နှင့် စကားပျူငှာချိုသာသော​ငြား ဒေါသအမျက်ထွက်လာလျှင်မူ ကြောက်စရာ​ကောင်းနေပြန်လေသည်။ 


နန်းတော်တွင်းမှ ရှန်းတျဲမိဖုရားခေါင်ကြီးပင်လျှင် ဤမျှ မာန်ဝင့်၍ သြဇာညောင်းမည် မဟုတ်ချေ။ 


၎င်းတိို့လည်း ရှန်မြောင်၏ နောက်မှ ဆက်လိုက်လာကြသည်။ လော့ထန်ကတော့ တက်တက်ကြွကြွ မရှိလှ။ သူမ ယခင်က သိုင်းပညာမည်မျှပင် လေ့ကျင့်ခဲ့ဖူးပါစေ၊ ဟွေ့ရှန်းတို့ကိုတော့ မမီပေ။ ရှန်မြောင်ကလည်း ခက်ခဲပင်ပန်းဆင်းရဲမှုများကို ခါးစည်းခံဖူးသူဖြစ်၍ လောလောဆယ်၌ အားတင်းကာ ဆက်သွားနိုင်သေးသည်။ သူမကိုယ်ကိုယ် အိပ်မငိုက်စေရန် မျက်လုံး ကျယ်ကျယ်ဖွင့်ကာ သွားတော့လေသည်။ 


ထိုသို့ ပြုမူလိုက်သည်နှင့် ပုံမှန်မဟုတ်သည့်အရာကို သတိထားမိတော့သည်။ သူမ ရှန်မြောင်ကို ဆွဲလိုက်တော့သည်။ "ဒီမှာ ပန်းတွေ ရှိတယ်၊ စောစောက လမ်းတစ်လျှောက်မှာတော့ ဘာပန်းပင်မှ မတွေ့ခဲ့ဘူးလေ" 


အားလုံး အံ့သြသွားကြပြီး အနီးကပ်လာကြည့်ကြတော့သည်။ အမှန်တကယ်ပင်၊ ခြုံစုကလေးများ၌ ပန်းပွင့်ကလေးများ ရှိနေပြီး မျက်စိလျင်လျင်မထားလျှင် သတိထား တွေ့မိမည်ပင်မဟုတ်ချေ။ 


မော့ချင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်တော့သည်။ "ကြက်တွန်သံတွေလည်း ကြားရတယ်" 


ဟွေ့ရှန်း၊ ပါးကျောင်း၊ ဆုန်းယန်တို့မှာ သိုင်းပညာတတ်ကျွမ်းသူများ ဖြစ်၍ နားစွင့်နားထောင်ကြည့်ပြီးသောအခါ ပြန်ပြောလာလေသည်။ "ဟုတ်တယ်" 


"ကြက်သံ ဘာလို့ ကြားရမှာလဲ" ရှန်မြောင် မိမိဘာသာ ရေရွတ်လိုက်မိတော့သည်။ "ရှေ့နားမှာ လူနေအိမ်ရှိလို့ များလား" ထို့နောက် သူမ ဆက်ပြောတော့၏။ "ကြည့်မနေနဲ့တော့၊ ဆက်လျှောက်ရအောင်၊ အသံတွေ ရှိတယ်ဆိုမှတော့ နီးနေပြီပဲ၊ သိပ်မကြာခင် ဒီတောအုပ်ထဲက တို့တွေ ထွက်နိုင်တော့မှာပါ" 


တောအုပ်အတွင်းမှ ထွက်သွားနိုင်မည့်အကြောင်း အားလုံး ကြားရသောအခါ ပြန်လည် စိတ်အားထက်သန်တက်ကြွလာကြပြီး ချက်ချင်း အသင့်ဖြစ်ကုန်ကြတော့သည်။ ဤတစ်ခါတွင်တော့ ၎င်းတို့ ကံကောင်းကြသည်။ အမွှေးတိုင် တစ်ဝက်ကုန်စာ အချိန်မျှ လျှောက်ပြီးသောအခါ တောအုပ်အတွင်းမှ အပင်များ ရှေးကလောက် မသိပ်သည်း မထူထဲတော့သည်ကို သတိထားမိကြတော့သည်။ နေရောင်ပျောက်များ ပိုမိုများပြားစွာ ဖြာလင်းကျနေပြီး ပို၍ သက်သောင့်သက်သာ ခံစားလာရလေသည်။ 


"ကြည့်ရတာ တကယ်ပဲ ဒီထဲက ထွက်လို့ရပုံပဲ" လော့ထန်၏ အိပ်ချင်စိတ်များလည်း စိတ်လှုပ်ရှားမှုကြောင့် လွင့်ပါးသွားတော့လေ၏။ "မြန်မြန်သွားကြရအောင်" သူမ စကားမဆုံးခင်မှာပင်၊ တောအုပ်အဆုံးကို တွေ့ရပြီး လမ်းသွယ်လေးတစ်ခုရှိနေသည်ကို မြင်လိုက်ရတော့သည်။ အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရှန်မြောင်က ဦးဆောင်ကာ လျှောက်လှမ်းသွားတော့လေသည်။ 


လမ်းကလေးအတိုင်းလျှောက်လာရင်း လမ်းဆုံးသောအခါ ဥယျာဉ်ငယ်တစ်ခု ရှိနေပြီး ပျိုးပင် ပန်းပင် သီးပင် စားပင်များ စိုက်ပျိုးထားသည်ကို တွေ့ရလေသည်။ ညီညီညာညာ စီစီတန်းတန်း မဟုတ်လှသော်လည်း ထိန်းသိမ်းပြုပြင်သည့်အလေ့မရှိသော လူတစ်ယောက်က စိုက်ပျိုးထားသည်မှာတော့ အသေအချာ။ ထို့ကြောင့် အပင်များ ပေါက်ချင်တိုင်း ပေါက်ရောက်ပြီး ရှုပ်ပွနေခြင်းပင်။ 


သို့ဖြစ်သည့်တိုင်အောင် စိုက်ခင်းကလေးနောက်ကွယ်၌ အိမ်တစ်လုံး ရှိနေသည်။ 


အိမ်ကို သက်ကယ်ဓနိများဖြင့် ဆောက်လုပ်ထားပြီး ပြိုလုမတတ် ယိုင်ချိနေလေသည်။ လေပြင်းတစ်ချက် ဝှေ့လိုက်လျှင် အမိုးများ လွင့်သွားတော့မယောင်ပင်။ အားလုံး ရှေ့တက်သွားလိုက်ချိန်၊ ပါးကျောင်းက အိမ်ထဲ အပြေးဝင်ကြည့်ကာ ပြန်ထွက်လာပြီး ခေါင်းတခါခါနှင့် ဆိုလာချေသည်။ "သခင်မ၊ အထဲမှာ ဘယ်သူမှ မရှိပါဘူး" 


လော့ထန်၏ မျက်ဝန်းများထဲ စိတ်ပျက်အားလျော့မှုများ ရိပ်ထင်သွားတော့လေသည်။ "ဘယ်လိုဖြစ်လို့ တစ်ယောက်မှ ရှိမနေတာလဲ" 


သူတို့ မျှော်မှန်းစိတ်ကူးထားသည်နှင့် လွန်စွာ ခြားနားနေတော့သည်။ ကြီးမြတ်သူ နေထိုင်သော နေရာမှာ ဤမျှ ခြောက်ကပ် တောထူနေမည်ဟု ထင်မထားခဲ့ပေ။ လူပါ မရှိသောအခါ ပို၍ပင် စိတ်ပျက်မှိုင်တွေသွားကြရတော့လေသည်။


ရှန်မြောင် ပြောလိုက်လေသည်။ "အပင်တွေ ရှိနေသေးတယ်၊ လူမနေတဲ့ ပုံနဲ့တော့ မတူဘူး၊ ဒီမှာပဲ စောင့်ကြမယ်လေ၊ တစ်ယောက်ယောက်တော့ ရောက်လာမှာပါ" 


သူမ စကားအဆုံးမှာပင်၊ ခပ်အက်အက် အသံတစ်သံကို ကြားလိုက်ရလေသည်။ "အလို၊ အထူးဧည့်သည်တော်တစ်ယောက် ရောက်နေပါပေါ့လား၊ ကြွရောက်လာတာကို ကြိုဆိုပါရဲ့၊ ကြိုဆိုပါရဲ့ဗျာ..." 


သူတို့အားလုံး လှည့်ကြည့်လိုက်ကြတော့သည်။ ထိုပုဂ္ဂိုလ်၏ မျက်နှာကို ရှန်မြောင် တွေ့သောအခါ မအံ့သြဘဲ မနေနိုင်။ သူမ အသံပင် တုန်ယင်သွားခဲ့မိသည်။ "ရှင်ပဲ" 


ပါးကျောင်းကလည်း မေးလေသည်။ "သခင်မ အရင်က သိကျွမ်းဖူးတာလား" 


စုတ်ချာ မွဲပြာနေသော တောက်ရသေ့ဝတ်စုံကို ဆင်မြန်းထားသည့် ပြုံးနေသော အနှီ သက်လတ်ပိုင်းအမျိုးသားမှာ မင်ချီပြည် ဖူထော့ဘုရားကျောင်း၌ ရှန်မြောင်၏ ရွှေမြေပဲကို လက်ခံယူပြီး 'ဇာမဏီကံကြမ္မာက ကောင်းသော်ငြားလည်း တစ်သက်တာ လှောင်ချိုင့်အတွင်း ရှိရမည်မှာ နှမြောစရာ' ဟု ဟောခဲ့သူဖြစ်လေသည်။ ဤသည်မှာ 'အတိတ်သည် အိပ်မက်ပမာဖြစ်၍ တွယ်ငြိစွဲကျန်နေစေခြင်း မရှိသင့်' ဟု ရှေ့ဖြစ်ဟော၍ 'ကံကြမ္မာဆိုးများအကြားမှ ကောင်းချီးမင်္ဂလာဆိုက်ကိန်းရှိသည်၊ မင်္ဂလာတိမ်ခရမ်း အရှေ့အရပ်မှ လာမည်' ဟု ဆိုခဲ့သူလည်း ဖြစ်၏။ 

Report Page