2022

2022


အပိုင်း(၂၀၂၂)

လေးစားခြင်း

 

 

သူတို့နှစ်ယောက် မည်မျှသန်မာကြောင်းကို လူတိုင်းက အသိအမှတ်ပြုရန် လုံလောက်သည်။ ခုန်းရှောင်းသည် တုန်းဟွာကျောင်းတော်၏ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့တွင် ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည် ပိုင်ဆိုင်ထားသည်။ သူက ရီဖူရှင်းထက် ကျင့်ကြံခြင်း အဆင့်တွင် အရေးသာနေသော်လည်း ရီဖူရှင်း၏ နတ်ဝင်ရိုးက ပို၍သာလွန်သည်။ 

လေဟာနယ်အထက်တွင် ခုန်းရှောင်းက သူ၏ ခေါင်းကိုငုံ့ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ အစိမ်းရောင်အလင်းများက လေဟာနယ်အတွင်း သူတို့ကို ဝန်းရံထားပြီး သူ့အား လှည့်ပတ်နေသည်။ အစိမ်းရောင်အလင်းများ သွားသည့်နေရာတိုင်းတွင် လေဟာနယ်က ပြိုကွဲသွားသလို ထင်မှတ်ရသည်။ ဤသည်မှာ သူ၏ မဟာလမ်းစဉ်စွမ်းအား ဖြစ်၏။ 

တောက်ပသော အစိမ်းရောင်အလင်းများက ခုန်းရှောင်း၏ ခန္ဓာကိုယ်အနီးတွင် ပို၍ပင် လှည့်ပတ်လာသည်။ ၎င်းကို ကြည့်၍ ရီဖူရှင်းက လက်များကို လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် ဓားစွမ်းအားများက ကောင်းကင်သို့တိုင် ထိုးဖောက်ထွက်ပေါ်လာသည်။ ၎င်းသည် လေဟာနယ် တစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့လာပြီး နားစည်ကို ထွင်းဖောက်လုမတတ် ဓားရိုက်ခတ်သံများ ပဲ့တင်ထပ်သံက တစ်ခါပြီးတစ်ခါ ထွက်ပေါ်လာ၏။ အဆုံးမဲ့ ဓားစွမ်းအားများက ပြင်းထန်စွာ ဖြစ်တည်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် လေဟာနယ်အထက်ရှိ အစိမ်းရောင် အလင်းများနှင့် ထိခတ်သွားသည်။ 

ဘုန်း...

သိန်းသန်းချီသော နတ်ဓားများက ခုန်းရှောင်းဆီသို့ အရူးအမူး ပြေးဝင်သွားသည်။ ခုန်းရှောင်း၏ ဘေးဝန်းကျင်တွင် ရှိနေသော အစိမ်းရောင် အလင်းများက ကြောက်မက်ဖွယ် လှည့်ပတ်လာသည်။ ၎င်းက ထက်ရှသော ဓားစွမ်းအားများနှင့် ထိခတ်သွားပြီး အားလုံးကို ဖြိုခွင်းဖျက်ဆီးပစ်လိုက်သည်။

ရီဖူရှင်း၏ အနီးတွင် သိန်းသန်းချီသည့် နတ်ဓားများ ထွက်ပေါ်လာကာ ကောင်းကင်သို့ တည့်မတ်စွာ ပြေးဝင်သွား၏။ ဓားလမ်းစဉ်သည် အထက်တွင် စီးဆင်းနေသည့် ဓားမြစ်တစ်ဆင်းကဲ့သို့ ခုန်းရှောင်းထံ တိုးဝင်သွားသည်။

ထိုအချိန်တွင် ခုန်းရှောင်းက အောက်သို့ ခြေလှမ်းလိုက်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ချက်ချင်းပင် သူတို့နှစ်ယောက်၏ ကြားတွင် အစိမ်းရောင် နတ်အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။ 

သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် ရီဖူရှင်းကလည်း လှုပ်ရှားလိုက်သည်။ သန်းချီသည့် နတ်ဓားများက အထက်သို့ ထိုးတက်လာပြီး အစိမ်းရောင် နတ်အလင်းဆီသို့ ရိုက်ခတ်သွားသည်။ 

အဆုံးမဲ့ အစိမ်းရောင် စွမ်းအင်လှိုင်းများက အဆက်မပြတ် ဖျက်ဆီးခံလိုက်ရပြီး မဟာလမ်းစဉ်သည်လည်း ပြိုကွဲသွားသည်။ အလွန် တောက်ပသော အစိမ်းရောင်အလင်းများသည်လည်း ပိတ်ဆို့ခံထားရသည်။ တခဏအတွင်းတွင် ၎င်းတို့က အပိုင်းအစများ အဖြစ်သို့ ကွဲကြေသွားပြီး ရီဖူရှင်း၏ ဓားသည်လည်း ပျက်စီးသွားသည်။ ပုံရိပ်တစ်ခုက လေထဲသို့ ဆုတ်ခွာသွားရသည်။ ထိုပုံရိပ်သည် ခုန်းရှောင်းပင်ဖြစ်၏။ 

"ဒါက ဘာဓားစနစ်လဲ။" ခုန်းရှောင်းက ရီဖူရှင်းကို မေးလိုက်သည်။ သူ၏ တိုက်ခိုက်မှုက မည်မျှ အစွမ်းထက်သည်ကို သူကိုယ်တိုင် သိရှိနေသော်လည်း သူသည် ဓားတစ်ချက်နှင့် သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ကာ နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။

"လျှို့နျန်" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ လူများသည် အံ့အားသင့်သော အမှုအရာတို့ကို ထုတ်ဖော်ပြသလာသည်။ ဤပုဂ္ဂိုလ်၏ အမည်သည် 'လျှို့နျန်' ဖြစ်ကာ ထိုဓားနည်းစနစ်၏ အမည်ကလည်း သူ၏ အမည်ပင်ဖြစ်၏။ ၎င်းက အလွန် သမာရိုးကျ ဟုတ်မနေပေ။ အားလုံးသော ကျင့်ကြံသူများသည် ထိုဓားချက်ကို ထုတ်လွှတ်လိုက်သည့်အခါ မဟာလမ်းစဉ်၏ စွမ်းအင်များက တန်ပြန်လာသည်ကို ခံစားမိလိုက်ကြသည်။ အရာအားလုံးကို ဖျက်ဆီး ခံလိုက်ရသလို ထင်မှတ်ရသည်။ 

"တကယ်မဆိုးဘူးပဲ။" ခုန်းရှောင်းက ချီးမွမ်းလိုက်သည်။ သူက လေထဲသို့ တက်သွားပြီး သူ၏ အမူအရာ မတုန်မလှုပ်ပင် ရှိနေကာ ရီဖူရှင်း၏ အနိုင်ယူခြင်း ခံရသည့်တိုင် သူ့ထံ၌ ပြင်းထန်သော ယုံကြည်ချက်တို့ ရှိနေဆဲ ဖြစ်၏။ သူ့ရှေ့မှ လူက အလွန် ထူးခြားပြောင်မြောက်လှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် သူသည်လည်း ထိုသို့ပင် မဟုတ်ပါလား။ သူတို့နှစ်ယောက်တွင် ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားကြသည်။ သူ၏ မြင့်မားသော ကျင့်ကြံအဆင့်နှင့် သူသည် ရှုံးနိမ့်ရန် အကြောင်းပြချက်မရှိပေ။ 

ဘုန်း...

အဆုံးမဲ့ တောက်ပသော နတ်အလင်းများက ချက်ချင်း အပြင်ဘက် လေဟာနယ်ကို ဖြတ်သန်း၍ ထိုးဖောက်လာပြီး လူအများသည် အလိုအလျောက်ပင် သူတို့၏ လက်များကို ဆန့်ထုတ်၍ မျက်လုံးများအား ကာကွယ်လိုက်ကြသည်။ ၎င်းက အလွန် မျက်စိကျိန်းဖွယ် ကောင်းလှသည်။ တခဏမျှကြာပြီးနောက် သူတို့က လက်များကို ဖယ်ကာ ခုန်းရှောင်းအား ကြည့်လိုက်ကြသည်။ 

သူ့အနောက်တွင် နှိုင်းယဉ်၍ မရအောင် တောက်ပလှသည့် အလွန် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုပုံရိပ်ကြီးက တောက်ပကာ မြင့်မြတ်ဟန်ရှိသည့် ဒေါင်းတစ်ကောင်၏ ပုံရိပ်ပင် ဖြစ်သည်။ ၎င်းက သူ၏ အတောင်များကို ဆန့်ထုတ်လိုက်သည့် အခါ နေကို အရိပ်ကျသွားပြီး ကောင်းကင်အား တိုက်ရိုက် လွှမ်းခြုံသွားသည်။ ၎င်း၏ အတောင်ပံများပေါ်တွင် မရေတွက်နိုင်အောင် များပြားသည့် မျက်လုံးများ ပေါ်ပေါက်လာပြီး ၎င်းတို့က စူးရှတောက်ပသည့် နတ်အလင်းတို့ကို ထုတ်လွှတ်လိုက၏။ 

ရီဖူရှင်းသည်လည်း ခေတ္တမျှမင်တက်သွားသည်။ နောက်တခဏတွင် သူသည် ကောင်းကင်၌ ပြည့်နှက်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ သူ၏ အမြင်က ဝေဝါးသွားပြီး ထုတ်လွှတ်ထားသော နတ်အာရုံသည် တူညီစွာ ဖြစ်လာသည်။ မရေတွက်နိုင်သော မျက်လုံးများတွင် သူ့အား ပုံရိပ်ယောင်အတွင်းသို့ ဆွဲယူနိုင်သည့် ကြောက်မက်ဖွယ် မှော်စွမ်းအားများ ပါဝင်နေသည်။ သူသည် ခုန်းရှောင်း၏ ပုံရိပ်ယောင်များကို မြင်တွေ့လိုက်ရပြီး မျက်လုံးတိုင်း၏ အရှေ့၌ ခုန်းရှောင်းတစ်ယောက်စီ ရှိနေသကဲ့သို့ ထင်မှတ်ရသည်။ 

"ပုံရိပ်ယောင်တွေ။" အသံတစ်ခုက ရီဖူရှင်း နှလုံးသားထဲတွင် ပဲ့တင်ထပ်လာသည်။ နောက်တခဏ၌ မရေတွက်နိုင်သော မျက်လုံး အစုံများမှ ကြောက်မက်ဖွယ် နတ်အလင်းတို့ကို ထုတ်လွှတ်လာသည်။ ၎င်းတို့က ထက်ရှလှပြီး အစိမ်းရောင်ဓားများကဲ့သို့ သူ့ထံ ထိုးဖောက်တိုးဝင်လာ၏။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ကောင်းကင်ဓား လိန်ခွမ်ရှန်းက မည်သည့်အတွက်ကြောင့် ထိုလူကို သတိထားရန် သူ့အား နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ကြောင်း သဘောပေါက်သွားသည်။

ခုန်းရှောင်းက အမှန်တကယ်ပင် လင်းဟယ်ထက် အန္တရာယ်ပိုများလှသည်။ 

လက်ရှိတွင် သူက ပြိုင်ဘက်၏ မဟာလမ်းစဉ်နယ်မြေအတွင်းတွင် ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။ ဥဒေါင်းနတ်ဆိုး မဟာလမ်းစဉ် နတ်ဝင်ရိုးက ပေါ်ပေါက်လာပြီး ခုန်းရှောင်းသည် ထိုနယ်မြေတစ်ခုလုံး၏ အကြွင်းမဲ့ ထိန်းချုပ်မှုကို ရရှိသွားသလို ထင်ရသည်။ 

ထိုမြင်ကွင်းကို ကြည့်နေကြသော တောင်ထိပ်မှ ကျင့်ကြံသူများသည် သူက အန္တရာယ်အတွင်း ကျရောက်နေပြီဟု တွေးထင်လိုက်ကြသည်။ ခုန်းရှောင်းက အလွန်ပင် အန္တရာယ်များလှသည်။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူများအတွက် သူတို့သည် ခုန်းရှောင်း၏ စွမ်းရည်ကို နားလည်သောကြောင့် အလွန် မအံ့သြခဲ့ကြပေ။ 

ခုန်းရှောင်းကို အနိုင်ယူရန်မှာ ရီဖူရှင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေလိမ့်မည်။ 

ထိုအခိုက်အတန့်တွင် အကန့်အသတ်မဲ့ အစိမ်းရောင် နတ်အလင်းများက ရီဖူရှင်းထံသို့ ပြေးဝင်လာခဲ့ပြီး လူတိုင်းသည် ရီဖူရှင်း၏ အထက်၌ လတစ်စင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုပေါ်ပေါက်လာခဲ့သော လမှ အလွန်အေးစက်လှသော လရောင်များ ဖြာထွက်နေကာ နေရာတစ်ခွင်လုံးတွင် နှင်းများကျဆင်းလာသကဲ့သို့ ထင်မှတ်ရပေသည်။ လရောင်နတ်အလင်းက ထိုနေရာတစ်ခုလုံးကို ထွန်းလင်းကာ လွှမ်းခြုံထားပြီး အစိမ်းရောင်အလင်းများနှင့် တိုက်ရိုက်ထိတွေ့မိသည်။

လူအုပ်ကြီးသည် ထိုလရောင်အလင်းများ၏ အောက်တွင် မဟာလမ်းစဉ်စွမ်းအားများ ပါဝင်နေသည့် အစိမ်းရောင်နတ်အလင်းများက ချက်ချင်း ပြိုကွဲပျက်စီးသွားသည်ကို ထိတ်လန့်စွာ မြင်တွေ့ရသည်။ အစိမ်းရောင်အလင်းများနှင့် လရောင်တို့သည် မည်သည်မှ မကျန်တော့အောင်ပင် ပြိုကွဲပျက်စီးသွားလေသည်။ 

"ဒါက..." တန်ခိုးရှင်များသည် ထိတ်လန့်သော အမူအရာတို့ ဖြစ်ပေါ်လာ၏။ ၎င်းက နောက်ထပ် နတ်ဝင်ရိုးတစ်ခု ဖြစ်သည်။

ယခင်က ရီဖူရှင်းသည် မဟာလမ်းစဉ် လနတ်ဝင်ရိုးကို မည်သည့်အခါကမှ ဖော်ပြခြင်း မရှိခဲ့ပေ။ 

ထို့အပြင် ၎င်းက သူ၏ ယခင်နတ်ဝင်ရိုးများထက်ပို၍ သန်မာနေသည်ဟု ထင်ရသည်။ လရောင် တစ်ခုတည်းနှင့်ပင် အစိမ်းရောင်နတ်အလင်းများကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်။ သူတို့ နှစ်ယောက်က သူတို့၏ နတ်ဝင်ရိုးများနှင့် တိုက်ပွဲဆင်နွှဲနေကြပေသည်။ သူတို့က လက်ရှိတွင် တူညီသော အခြေအနေ၌ ရှိနေဆဲ ဖြစ်သည်။ ခုန်းရှောင်းက ကျင့်ကြံခြင်းတွင် အားသာချက်ရှိပြီး ရီဖူရှင်းက နတ်ဝင်ရိုးအဆင့်၌ အားသာချက်ရှိသည်။ သူ၏ နတ်ဝင်ရိုးခွန်အားကိုသာ မှီခိုပြီး ရီဖူရှင်းသည် ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့် အားသာမှုကို တန်ပြန်ကာ တိုက်ရိုက်တားဆီးပိတ်ပင်လိုက်နိုင်သည်။

ယခင်က သူသည် ကောင်းကင်ဝင်ရိုး နတ်ကြေးမုံရှေ့၌ သူ၏ နတ်ဝင်ရိုးနှစ်ခုကိုသာ စမ်းသပ်စစ်ဆေးခဲ့ပြီး နတ်အလင်းလွှာငါးခုကို ထုတ်လွှတ်နိုင်ခဲ့သည်။ သို့သော်လည်း သူသည် ဤနတ်ဝင်ရိုးကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။ ယခုထုတ်ဖော်လာသည့် နတ်ဝင်ရိုးသည် နတ်အလင်း ငါးလွှာထက်ပို၍ သာလွန်နိုင်စွမ်းရှိပြီး သူက တုန်းဟွာကျောင်းတော်အတွင်း၌ ထိပ်တန်းအဆင့်တန်ခိုး ဖြစ်လာနိုင်ပေသည်။ အလင်းခြောက်လွှာ…။ တုန်းဟွာကျောင်းတော်မှ ကျင့်ကြံသူအချို့က ထိုကဲ့သို့ တွေးမိလိုက်ကြသည်။ 

ကျန်းယွဲ့လီနှင့် ချင်းချင်းတို့သည် ယခင်က သူတို့ မြင်တွေ့ဖူးခဲ့သည့် ရီဖူရှင်းနှင့် လင်းဟယ်ကြားမှ တိုက်ပွဲကို ပြန်တွေးမိလိုက်သည်။ ထိုအေးစက်သော စွမ်းအားများက ဤနတ်ဝင်ရိုးမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ထို့အပြင် ရီဖူရှင်းသည် သူ၏ နတ်ဝင်ရိုးကို တမင်သက်သက်ကွယ်ဝှက်ထားခဲ့ပြီး ၎င်း၏ အဆင့်ကို စမ်းသပ်ခဲ့ခြင်းမရှိပေ။ မည်သည့်အတွက်ကြောင့်နည်း။ 

သူသည် သူ၏ နတ်ဝင်ရိုးက ကျောင်းတော်မှ မှတ်တမ်းကို ချိုးဖျက်သာလွန်သွားမည်ကို စိုးရိမ်နေခဲ့သည်လား။ 

လက်ရှိ ဤနေရာတွင် ရောက်ရှိနေသည့် ကျင့်ကြံသူများတွင် ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်ကဲ့သို့ အင်အားစုများ ပါဝင်နေကာ ၎င်းတို့က သူ့အပေါ်တွင် ချစ်ကြည်ရင်းနှီးမှုမရှိကြပေ။ ထို့ကြောင့် သူမသည် ရီဖူရှင်းက မည်သည့်အတွက် သူ၏ ထူးချွန်မှုများအား မပြသလိုသည်ကို နားလည်နိုင်သည်။

‘ပျက်စီးခြင်း’၊ ကျုံးချန်နှင့် လီချန်ရှန်းတို့သည်လည်း တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေရင်း အတွေးတစ်ချို့ရှိနေသည်။ 

အခြေအနေက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပြီဖြစ်၏။

အထက်လေထဲတွင် အစိမ်းရောင် နတ်အလင်းများက ရီဖူရှင်း ထုတ်လွှတ်လိုက်သော လရောင်များနှင့် ထိပ်တိုက်တွေ့သွားကြသည်။ ၎င်းတို့ အချင်းချင်း ဖျက်ဆီး ချေမှုန်းလိုက်ကြပြီး ညီမျှသော မျှခြေတစ်ခု ဖြစ်ပေါ်လာသလို ထင်မှတ်ရသည်။ သူတို့သည် မည်သူကမှ တဖက်လူ၏ မဟာလမ်းစဉ်စွမ်းအားကို ချိုးဖျက်နိုင်ခြင်းမရှိကြပေ။ 

သို့သော်လည်း ခုန်းရှောင်းသည် ရီဖူရှင်း ရင်ဆိုင်လာရသမျှ ပြိုင်ဘက်များတွင် အစွမ်းအထက်ဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။

လင်းဟယ်နှင့် ယန်တုန်းရန် နှစ်ယောက်လုံးက သူ့ထက်ပို၍ နိမ့်ကျကြသည်။ 

ခုန်းရှောင်းသည် တိုက်ပွဲ၏ အလယ်တွင် ရပ်တည်နေခဲ့ပြီး လဝင်ရိုးမှ ထုတ်လွှတ်ထားသည့် အေးစက်သော အရှိန်အဝါတို့က သူ၏ မဟာလမ်းစဉ် သီးခြားနယ်မြေတစ်ခုလုံးကို တိုက်စားနေသည်အား သိရှိခဲ့ရသည်။ သူသည် အလွန်အေးခဲလှသည့် စွမ်းအားတို့ကို ခံစားနေမိသည်။ ၎င်းတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို ထိုးဖောက်လာသည့် သဏ္ဌာန်မဲ့စွမ်းအားများဖြစ်ပြီး ထိုသီးခြားနယ်မြေ၏ ထိန်းချုပ်မှုကို ချိုးဖြတ်ရန် ကြိုးစားနေ၏။

ဥဒေါင်းနတ်ဆိုး၏ ငှက်မွေးများပေါ်တွင် မရေတွက်နိုင်သော မျက်လုံးအစုံတို့က တချိန်တည်း တောက်ပလာပြီး စူးရှသော နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က ခုန်းရှောင်း၏ ခန္ဓာကိုယ် အရှေ့တွင် စုစည်းလာကြ၏။ ချက်ချင်းပင် ခုန်းရှောင်းသည် နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဟု ထင်မှတ်ရကာ ခမ်းနားထည်ဝါလှသော အမြင်ကို ပေးစွမ်းနေသည်။ 

သူက လက်များကို အတူတကွ လှုပ်ရှားလိုက်သည့်အချိန်တွင် အဆုံးမဲ့ အစိမ်းရောင် နတ်အလင်းများက သူ၏ လက်သီးနှစ်ဖက်တွင် စုစည်းလာပြီး အစိမ်းရောင်နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

နောက်တခဏ၌ သူက လှုပ်ရှားလိုက်သည်။

သို့သော်လည်း ရီဖူရှင်းသည် တစ်ခုခုက လုံးဝ မတူကွဲပြားပြီး အနန္တမျက်လုံးအစုံများမှ အလင်းတန်းများက သူ့ထံသို့ တိုးဝင်လာသည်အား မြင်တွေ့လိုက်ရ၏။ မရေတွက်နိုင်သော ခုန်းရှောင်း၏ ပုံရိပ်များက သူ့ထံသို့ တစ်ချိန်တည်းတွင် လမ်းလျှောက်လာသည်။ ထိုပုံရိပ်ယောင်များ၏ တိုက်ခိုက်မှုကြောင့် သူသည် လဝင်ရိုးကို ထုတ်လွှတ်လိုက်ပြီး ပြိုင်ဘက်၏ တုက်ခိုက်မှုများကို အဆက်မပြတ် ခံယူနေရသည်။ 

ထိုသို့ ပြုလုပ်ရင်းနှင့် ရီဖူရှင်းသည် ရုတ်တရက် အလွန်ပြင်းထန်လှသည့် အန္တရာယ်ကို ခံစားမိလိုက်သည်။ 

သူ၏ မျက်လုံးများက နတ်ဆိုးဆန်လာ၏။ သူ၏ မျက်လုံးတစ်စုံက ပုံရိပ်အားလုံးကို ဖြတ်ကာ မြင်ရပြီး ပြိုင်ဘက်၏ မဟာလမ်းစဉ်ပုံရိပ်ယောင် စွမ်းအားကို ခုခံနေသည်။ သူသည် ပြိုင်ဘက်၏ အစိမ်းရောင် အလင်းတန်းများကို ခပ်ဝါးဝါး ခံစားလိုက်မိလိုက်သည်။ 

ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ မျက်လုံးများက ပြောင်းလဲသွားသည်။ ၎င်းတို့က နတ်မျက်လုံးများကဲ့သို့ ထင်မှတ်ရသည်။ အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးများမှ ထိုးထွက်လာသည်။ ရီဖူရှင်းထံသို့ ပြေးဝင်လာသည့် ခုန်းရှောင်းသည် သူ့ကိုယ်သူ ပုံရိပ်ယောင်များ အတွင်းသို့ ကျရောက်သွားစေခဲ့သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် မျက်ဝန်းမှော်ပညာနှင့် ဖန်တီးထားသည့် လေဟာနယ် လောကအတွင်းသို့ ကျရောက်သွားသည်။

သူ၏ ရှေ့တွင် အဆုံးမဲ့လေဟာနယ် တစ်ခုက သူ့ကို အလွှာလွှာအထပ်ထပ် ပိတ်ဆို့တားဆီးခဲ့သည်။ 

၎င်းက သူနှင့် တူညီသောစွမ်းရည် တစ်ခု ပင်ဖြစ်၏။ 

သို့သော်လည်း ခုန်းရှောင်းက တွေဝေမနေခဲ့ပေ။ အကြွင်းမဲ့ စွမ်းအားများက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ဥဒေါင်း၏ နတ်အတောင်ပံများက တဖျက်ဖျက်ခတ်လိုက်ပြီး မရေတွက်နိုင်သည့် အမွေးအတောင်များကို ထက်ရှသော ဓားများအဖြစ်သို့ ချက်ချင်း ဖွဲ့စည်းပစ်လိုက်သည်။ နှိုင်းယှဉ်၍ မရအောင် တောက်ပသည့် အစိမ်းရောင်နတ်အလင်းများက လေဟာနယ်ကို ပြင်းထန်သော စွမ်းအားများနှင့် ထိုးဖောက်လာသည်။ အလွှာချင်းထပ်နေသော လေဟာနယ်များက ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရကာ ပျက်စီးသွား၏။ အကြွင်းမဲ့စွမ်းအားသည် မည်သည့် မဟာလမ်းစဉ်နယ်မြေကိုမဆို ဖျက်ဆီးရန် လုံလောက်သည်။ ထိုအခိုက်အတန့်တွင် ခုန်းရှောင်းသည် နီးသော်လည်း ဝေးကွာသည်ဟူသည့် အဓိပ္ပာယ်ကို နားလည်သွားသည်။ သို့သော်လည်း အစိမ်းရောင် အလင်းများက ဆက်လက်၍ သွားနေခဲ့ပြီး ၎င်းတို့ ဖြတ်သန်းသွားသမျှ နေရာတိုင်းရှိ အရာအားလုံးက မည်သည်မှ မကျန်ခဲ့အောင် ဖျက်ဆီးခံလိုက်ရသည်။ 

ဘုန်း...

ခုန်းရှောင်းသည် နောက်ဆုံး၌ မျက်ဝန်းမှော်ပညာလောကမှ လွတ်မြောက်သွားသည်ဟု ခံစားလိုက်ရသည်။ အလွန်တောက်ပသည့် အစိမ်းရောင်နတ်ဓားအလင်းများက အရာအားလုံးကို ဖြတ်သန်းထိုးဖောက်ကာ လရောင်လွှမ်းခြုံထားသည့် နေရာသို့ ဝင်ရောက်လာသည်။ အလွန်အေးစက်သည့် အရှိန်အဝါတစ်ခုက ကျဆင်းလာပြီး သူ့ဝိညာဉ်ကို ထိုးဖောက်ကာ သူ့အနီးလေဟာနယ်ကို အေးခဲသွားစေသည်။ 

ထက်ရှသော လေသံတစ်ခုက လေဟာနယ်ကို ဖြတ်သန်းလာသည့် နတ်ဓားမှ ထွက်ပေါ်လာသည်။ ခုန်းရှောင်းသည် သူ၏ သတ်ဖြတ်ခြင်းနည်းစနစ်အား အသုံးပြုရန် ခက်ခဲသည်အား မည်သည့်အခါကမှ မတွေ့ခဲ့ဖူးပေ။ ၎င်းက သူ၏ သမိုင်းတွင် ပထမဆုံးအကြိမ်ပင် ဖြစ်၏။ သူ့ထက် ကျင့်ကြံဆင့်မြင့်သော တန်ခိုးရှင်နှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ တိုက်ခိုက်မှုက ရေကို ဖြတ်သကဲ့သို့ ချောမွေ့နေဆဲ ဖြစ်သည်။ သူသည် ယနေ့ကဲ့သို့သော အခြေအနေမျိုးနှင့် မည်သည့်အခါကမှ မကြုံတွေ့ဖူးပေ။

သူသည် မျက်ဝန်းမှော်ပညာအား ချိုးဖျက်နိုင်ခဲ့ပြီဟု တွေးထင်ခဲ့သော်လည်း သူက နောက်ထပ် မဟာလမ်းစဉ် ကန့်သတ်နယ်မြေတစ်ခုသို့ ထပ်ကာ ဝင်ရောက်သွားပုံရသည်။ ထိုအကြွင်းမဲ့ကန့်သတ်နယ်မြေအတွင်း သူသည် စကြဝဠာပတ်လမ်းနှင့် လေဟာနယ်အတွင်း မျောလွင့်နေသော လတစ်စင်းကို မြင်တွေ့လိုက်ရသည်။ ၎င်းက ကြယ်များဖြင့် ပြည့်နေသော ရှုထောင့်တစ်ခုသို့ ရောက်ရှိသွားပုံရသည်။ မရေတွက်နိုင်သော ဂြိုလ်ပတ်လမ်းများနှင့် ဆင်အော်မြည်သံတို့ကလည်း ပဲ့တင်ထပ်နေသေးသည်။ လရောင်က သူ့ပေါ်သို့ ဖြာကျနေပြီး အလွန်အေးစက်သော အရှိန်အဝါကို သယ်ဆောင်ထားသည်။ သူ၏ ဓားစွမ်းအားက ကြယ်စင်များစွာ ရှိနေသည့် ရှုထောင့်အား ခုတ်ပိုင်းကာ ဂြိုလ်တစ်ခုစီကို ကွဲကြေသွားစေသော်လည်း သူသည် အဆုံးသို့ မည်သည့်အခါမှ မရောက်ရှိနိုင်သကဲ့သို့ပင်။ 

သူ ရောက်ရှိနေသော မဟာလမ်းစဉ် ကန့်သတ်နယ်မြေက ရီဖူရှင်း၏ အစွမ်းထက်ဆုံး နတ်ဝင်ရိုးဖြစ်သည့် အကြွင်းမဲ့မဟာလမ်းစဉ်နယ်မြေ ဖြစ်သည်။ 

နှိုင်းယှဉ်မရအောင် ကြီးမားသော လက်ဝါးတစ်ခုက အစိမ်းရောင်နတ်ဓားထံသို့ အဆက်မပြတ် ကျရောက်လာသည်။ ကြယ်စုံသည့် ထိုနေရာတွင် အက္ခရာများ ရေးထွင်းထားသည့် မရေတွက်နိုင်သော ကျောက်စာချပ်များက လက်ဝါးနှင့်အတူ ဖိနှိပ်ခြင်းစွမ်းအားကို ထုတ်လွှတ်ကာ ကျဆင်းလာသည်။ နတ်ခန္ဓာနှင့် နတ်ဆင်များလည်း လိုက်ပါလာ၏။ တောက်ပသော ဗုဒ္ဓအလင်းသည် သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်အား ဖိနှိပ်နေသည်။ 

လောကဖိနှိပ်ခြင်းလမ်းစဉ်လား ဟု ခုန်းရှောင်းက တွေးလိုက်သည်။ သို့သော်လည်း ထိုသည်က လောကဖိနှိပ်ခြင်းလမ်းစဉ်နှင့် သိပ်မတူညီပေ။ 

အစိမ်းရောင်နတ်ဓားက လေဟာနယ်၊ နတ်ခန္ဓာများနှင့် ကျောက်စာချပ်များအား ဖြိုခွင်းလိုက်သော်လည်း ၎င်းက အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရာအားလုံးက ပြန်လည် ငြိမ်သက်သွားသည်။ ခုန်းရှောင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်နေခဲ့ခြင်းမှလွဲလျှင် သူသည် ထိုနေရာမှ မည်သည့်အခါကမှ မရွှေ့ခဲ့ဖူးသလို ကြောက်မက်ဖွယ် တိုက်ပွဲအား မည်သည့်အခါကမှ မတွေ့ကြုံခဲ့သလိုပင် ဖြစ်သည်။ 

သို့သော်လည်း သူ့ပါးစပ်ထောင့်မှ သွေးတို့စီးကျနေခဲ့ပြီး သူ့ခန္ဓာကိုယ်က တုန်ယင်နေခဲ့သည့်အတွက် ထိုတိုက်ခိုက်မှုက မည်မျှ အစွမ်းထက်ကြောင်း သက်သေပြရန် လုံလောက်သည်။ 

ခုန်းရှောင်းသည် ရီဖူရှင်းကို ရှုပ်ထွေးနေသော အမူအရာနှင့် ငုံ့ကြည့်လိုက်၏။ ထို့နောက် သူက အနည်းငယ် ဦးညွှတ်၍ ပြောလိုက်သည်။ "အနာဂတ်မှာ သူ ထိပ်ဆုံးကို ရောက်ရှိတဲ့အခါ သူ့ကို စိန်ခေါ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ကျုပ် လေးစားမိမှာ အမှန်ပဲ။"

ထိုသို့ပြောပြီးနောက် သူက ချက်ချင်းပင် ပြန်လှည့်ထွက်သွားသည်။ 


Report Page