2014

2014


အပိုင်း(၂၀၁၄)

စိတ်၀မ်းကွဲခြင်း

 

 

တုန်းဟွာကျောင်းတော်သည် တုန်းဟွာနယ်မြေအတွင်း၌ အကောင်းဆုံးသော ပညာရေးဆိုင်ရာ ကျောင်းတော်တစ်ခုဖြစ်သည်။ အခြားကျောင်းတော်များက ၎င်းကို မယဉ်နိုင်ကြပေ။ ထိုနေရာ၌ ကျင့်ကြံနေသော တန််ခိုးရှင်တို့မှာ စတင် ကျင့်ကြံသူများ မဟုတ်သလို အလယ်အလတ်အဆင့်ကျင့်ကြံ သူများလည်း မဟုတ်ကြဘဲ အထူးချွန်ဆုံး တန်ခိုးရှင်များသာ ဖြစ်ပေသည်။

ကျောင်းတော်၏ အဓိကပုဂ္ဂိုလ်ကြီးများက သူတို့၏ ဘေးတွင် ထားကာ သင်ကြားပြသပေးခဲ့ရန် ရွေးချယ်ထားသည့် ထူးချွန်ပြောင်မြောက်လှသော တန်ခိုးရှင်အချို့မှ လွဲ​လျှင် တုန်းဟွာကျောင်းတော်၌ သင်ကြားနေသော အလားအလာရှိ တပည့်များ၏ အဆင့်မှာ ရှန့်ထိုအဆင့်တွင်ဖြစ်သည်။ ထိုရှန့်ထိုအဆင့်များသည် သာမန်ထက် သာလွန်နေသူများ ဖြစ်ကြပြီး သူတို့သည် ကမ္ဘာလောက၌ တွယ်ငြိနေမှုအားလုံးကို ခဝါချကာ လမ်းစဉ်ကို သက်သေပြ၍ ရှန့်ထိုအဆင့်သို့ ဝင်ရောက်ကာ တုန်းဟွာကျောင်းတော်၏ စမ်းသပ်ချက်များကို ကျော်ဖြတ်နိုင်ခဲ့ကြသူများ ဖြစ်၏။

တုန်းဟွာအတွင်းမှ ထိုထိပ်တန်းကျောင်းတော်သည် အနာဂတ်မျိုးဆက်သစ်များကို ပျိုးထောင်ရန်သာမဟုတ်ဘဲ တုန်းဟွာကောင်းကင်ကို အနာဂတ်၌ အုပ်စိုးနိုင်မည့် အရည်အချင်းရှိသော ထိပ်သီးပုဂ္ဂိုလ်များကို ပျိုးထောင်ပေသည်။

တုန်းဟွာကျောင်းတော်မှ ထွက်လာသော သူများသည် တဖြေးဖြေး တုန်းဟွာနယ်မြေ၏ ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ပြီး အလွန်ထူးခြားပြောင်မြောက်သော ကျင့်ကြံခြင်းများ ရှိကြသည်။

ရီဖူရှင်းနှင့် အခြားသူများသည် တုန်းဟွာကျောင်းတော် အတွင်းသို့ ခြေချလိုက်ကြသည်။ ထိုကျောင်းတော်သည် ရီဖူရှင်း ယခင်က ရောက်ခဲ့ဖူးသော အခြားသော ကျောင်းတော်များနှင့် အလွန် ကွာခြားနေပေသည်။ အခြားကျောင်းတော်များအတွင်းတွင် ထိုနေရာမှ တပည့်များက ကျောင်းဝန်းအတွင်း နေရာအနှံ့လိုက် ဟိုဟိုဒီဒီလျှောက်သွားနေတတ်ကြသည်။ သို့သော်လည်း တုန်းဟွာကျောင်းတော်က ကွဲပြားခြားနားပေသည်။ သူတို့သည် ထိုကျောင်းဝန်းအတွင်း၌ မည်သည့် တပည့်ကိုမှ မမြင်တွေ့ကြပေ။ ဤအဆင့်မှ တပည့်များအတွက် သူတို့သည် ကျောင်းဝန်းအတွင်း အားလပ်စွာနှင့် လျှောက်သွားနေမည့်အစား သူတို့၏ အချိန်များကို ကျင့်ကြံခြင်းတွင် အသုံးချရန် ပို၍ လိုလားကြသည်။

ထို့အပြင် ဤကျောင်းတော်သည် မြို့တစ်မြို့ကဲ့သို့ပင် အကန့်အသတ်မဲ့ ကြီးမားလှသည်။ ကျောင်းတော်အတွင်းနှင့် အဝေးသို့ ကြည့်လိုက်လျှင် များပြားလှသော ခမ်းနားထည်ဝါသည့် အဆောက်အအုံများကို ရှေးဟောင်းတောင်ထွတ်များ၏ အပေါ်တွင် တည်ဆောက်ထားသည်။ ရေတံခွန်များ၊ မျောလွင့်နေသော တိမ်တိုက်တို့နှင့် ပေါကြွယ်ဝသော ဝိညာဉ်စွမ်းအားများရှိနေပြီး တစ်ခါတစ်ရံ၌ မြင့်မြတ်သားရဲအချို့ကိုပင် မြင်တွေ့နိုင်ပေသည်။

မော့ကြည့်လိုက်သည့်အခါ သူတို့ပေါ်တွင် မျောလွင့်နေသော အဆောက်အဦးများနှင့် ကျွန်းများကို တွေ့ရပေသည်။ ၎င်းတို့သည် အလွန်အစွမ်းထက်သော တန်ခိုးရှင်များ ကျင့်ကြံနေသော နေရာများဖြစ်ကြသည်။ တိမ်တိုက်များနှင့် မြူနှင်းများကြားတွင် ၎င်းက အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည့် လောက ဗိမာန်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

ရီဖူရှင်းက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ၎င်းသည် ကောင်းကင်ဒေသ အတွင်း၌ ထိပ်သီး ကျောင်းတော်တစ်ခုဖြစ်သည်။ ၎င်းက နတ်ဘုရားများ၏ ကျင့်ကြံရာနေရာတစ်ခု၌ အလားတူပေသည်။ မဟာလမ်းစဉ်စွမ်းအားများက ထိုမျောလွင့်နေသော ကျွန်းများတွင် များပြားလှစွာရှိနေပြီး မဟာလမ်းစဉ် အရှိန်အဝါများကလည်း နေရာအနှံ့၌ ရှိနေခဲ့ကာ ကျယ်ပြောပြီး အဆုံးမဲ့သော တုန်းဟွာကျောင်းတော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

အဝေးတွင် အဆုံးမဲ့ ကျယ်ပြောလှသော နတ်တောင်တန်းများရှိပြီး အလွန် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ ရီဖူရှင်းသည် ထိုနေရာက သာမန်လူများ မည်သည့်အခါမှ မရောက်ရှိနိုင်သော လျှို့ဝှက်ကျင့်ကြံရန် နေရာများ ဖြစ်သည်ကို သိရှိပေသည်။ တုန်းဟွာကျောင်းတော်သည် တုန်းဟွာနယ်မြေအတွင်း၌ အကောင်းဆုံးကျင့်ကြံခြင်း အရင်းအမြစ်များရှိသည့် နေရာတစ်ခုဖြစ်သည်။

ထိုကျောင်းတော်ကို တည်ထောင်ခဲ့သည့် မူလအရင်းအမြစ်မှာ တလောကလုံးကို ကျင့်ကြံရေးပညာရပ်များ ဖြန့်ဝေပေးချင်သည့် အရှင်ဒွန်ဟောင်၏ ဆန္ဒမှ ဖြစ်တည်လာခြင်းဖြစ်ပေသည်။ ထိုကျောင်းတော်ကို နယ်မြေသခင်အိမ်တော်က အုပ်ချုပ်ကာ ၎င်းတို့ အနောက်တွင် ထောက်ပံ့နေသော အင်အားစုမှာ အရှင်ဒွန်ဟောင်ကိုယ်တိုင်ပင် ဖြစ်သည်ဟု ပြောနိုင်သည်။ နှစ်ပေါင်းရာချီအတွင်း ထိုကျောင်းတော်သည် တုန်းဟွာနယ်မြေ၌ ပထမဆုံး တည်ထောင်ခဲ့သော ကျောင်းတော်တစ်ခု ဖြစ်သည်။

ထိုနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးသူမှာ ရီဖူရှင်းတစ်ယောက်တည်းသာမဟုတ်ဘဲ သူတို့ထဲမှ အများစုကလည်း ကျောင်းတော်အတွင်းသို့ ရောက်လာသည်မှာ ပထမဆုံးပင် ဖြစ်တော့သည်။ သူတို့သည် အရှေ့က မြင်ကွင်းများကို ကြည့်ရင်း အလွန်ပင် အတွေးနက်နေကြတော့သည်။ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်တစ်ပါးက သူ၏ နတ်အာရုံကို ထိုနေရာတဝိုက်တို့ လွှတ်၍ စူးစမ်းလေ့လာချင်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူက အလွန် သိချင်စိတ်ဖြစ်နေသော်လည်း သူ၏ လုပ်ရပ်မှာ ကျောင်းတော်အတွင်း၌ ကျင့်ကြံနေသော အစွမ်းထက်ပုဂ္ဂိုလ်များကို ဒေါသထွက်သွားစေပေသည်။

"နေရာကောင်းတစ်ခုပဲ။ တုန်းဟွာနယ်မြေရဲ့ နံပါတ်တစ် သန့်စင် မြင့်မြတ်နယ်မြေတစ်ခုဖြစ်နေတာ မဆန်းတော့ပါဘူး။" လီချန်ရှန်းက အပြုံးနှင့်ပြောလိုက်ပြီး သူ၏ ချီးကျူးမှုကို ထုတ်ဖော်ပြသလိုက်သည်။

ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် သူ၏ ဆရာဖြစ်သူ ဆေးအင်ပါယာမှ ဟိုးတစ်ချိန်က တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ ထူးခြားသောနေရာ တစ်ခုအဖြစ်မှတ်ယူနိုင်သော ထိုစောင့်ကြည့်မျှော်စင်သည် ထူးခြားသောနောက်ခံရှိသည့် တုန်းဟွာကျောင်းတော်၏

ဂုဏ်သတင်းနှင့် ယဉ်လိုက်လျှင် အတော်ပင် ဝေးကွာလွန်းသောနေရာ၌

ရှိနေသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အခြေခံအုတ်မြစ်မှာ ထူးခြားခြင်းမရှိပေ။

"လောကရဲ့နိဗ္ဗာန်ဘုံပဲ။ ဒီလိုနေရာမျိုးမှာ ကျင့်ကြံရတာက တကယ့်ကို စိတ်လက် ချမ်းသာစရာပါပဲ" ကျန်းယွဲ့လီက သူမ၏ စိတ်ခံစားချက်ကို ဖော်ပြလိုက်သည်။

"ကျုပ်ကြားတာတော့ မြူနှင်းဝေနတ်နန်းတော်က အရမ်းကို ကြမ်းတမ်းပြီး အေးစိမ့်နေတဲ့ ပတ်ဝန်းကျင်ရှိတယ်။ အဲဒီမှာ တစ်နှစ်ပတ်လုံး နှင်းတွေ ကျဆင်းနေတယ်တဲ့။ ဒါပေမယ့် အဲဒီနေရာက တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို အထောက်အကူပြုတယ်လို့ပြောတယ်။ အဲဒါ အမှန်ပဲလား။" လီချန်ရှန်းက မေးလိုက်သည်။ ကျန်းယွဲ့လီက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်.. မြူနှင်းဝေနတ်နန်းတော်ရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က တုန်းဟွာနယ်မြေရဲ့ အဆိုးဆုံး ပတ်ဝန်းကျင်တစ်ခုဖြစ်တဲ့ ဖုန်ဆိုးမြေနတ်နန်းတော်နဲ့ ယဉ်နိုင်တယ်လို့ ပြောလို့ရတယ်။"

"ဒါပေမယ့် အဲဒီမှာ အရည်အချင်းပြည့်ဝတဲ့ နတ်မိမယ်တွေ အများကြီးရှိတယ်။ နန်းတော်သခင် ကိုယ်တိုင်က တုန်းဟွာနယ်မြေမှာ အရမ်းကို ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။" လီချန်ရှန်းက မြှောက်ပင့်ပြောဆိုလိုက်သည်။ ဓားနတ်မိမယ်က ကျိန်းသေပေါက်ပင် တုန်းဟွာနယ်မြေ၏ ဒဏ္ဍာရီတစ်ပါးဖြစ်သည်။

"ကျုပ်တို့ ဘယ်ကိုသွားကြမှာလဲ။" လီချန်ရှန်းက လိန်ချင်းဟန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒီ​​​​နေရာကို" လိန်ချင်းဟန်က လေဟာနယ်ထဲ၌ မျောလွင့်နေသော ကျွန်းများရှိနေသည့် နေရာသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ထိုနေရာ၌ အဆောက်အဦးများလည်း ရှိနေ၏။ မျောလွင့်နေသော ကျွန်းများကြားတွင် တစ်ခုမှာ အလွန်ပေါ်လွင် ထင်ရှားပေသည်။ ကောင်းကင်ထက်တွင် မြင့်မားသော နန်းတော်တစ်ခု တည်ရှိနေပြီး ထိုနန်းတော်မှာ ကောင်းကင်နှင့် ဆက်သွယ်ထားသကဲ့သို့ ရှိနေခဲ့သည်။

လီချန်ရှန်း၏ မျက်လုံးများက ထိုနေရာသို့ ရောက်ရှိသွားပြီး သူ့ အကြည့်တို့က လေဟာနယ်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ထက်ရှသော အကဲဖြတ်မှုတို့ကို ပေးလိုက်သည်။ သူက ထိုစံအိမ်အား ကြည့်၍ ပြောလိုက်သည်။ "ဒါက တုန်းဟွာစံအိမ်လား။"

"အင်း" လိန်ချင်းဟန်က ခေါင်းညိတ်လိုက်သည်။

"မဟာအင်ပါယာက ကောင်းကင်ဒေသရဲ့ နယ်မြေတွေကို စုစည်းပြီးတဲ့အခါမှာ စာအုပ်တွေ သိမ်းဆည်းလို့ရမယ့် ​နေရာကို တည်ထောင်ခဲ့တယ်။ ကျုပ်ကြားတာတော့ အဲ့ဒီစာအုပ်တွေ သိုလှောင်ထားတဲ့ နေရာနှစ်ခုလုံးက တုန်းဟွာကောင်းကင်မှာ ရှိတာတဲ့။ တစ်ခုကနယ်မြေသခင်ရဲ့အိမ်တော်ဖြစ်ပြီး နောက်တစ်ခုက တုန်းဟွာကျောင်းတော် ဖြစ်တယ်လို့ ပြောကြတယ်။ အဲဒီ စာအုပ်တွေ သိုလှောင်ထားတဲ့ နေရာနှစ်ခုကြားမှာ ဘာတွေ ကွာခြားမှုရှိလဲ။" လီချန်ရှန်းက မေးလိုက်သည်။

ရီဖူရှင်းထံ၌ စိတ်ဝင်စားသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ကောင်းကင်ဒေသသို့ရောက်ရှိပြီးနောက် တုံ့ယွမ်အိမ်တော်၌ ပထမဆုံး အခြေချခဲ့သည်။ ထိုအချိန်၌ သူသည် ကောင်းကင်ဒေသအတွင်းရှိ ကုန်းမြေတိုင်း၌ ထိုသို့သော သန့်စင်မြင့်မြတ်နယ်မြေမျိုး တစ်ခုစီရှိသည်ကို သိရှိခဲ့ပြီး ဖြစ်ကာ တုန်းဟွာကောင်းကင်သည်လည်း ချို့ယွင်းချက်မရှိပေ။

တုန်းဟွာကောင်းကင်တွင် အလွန် ထူးခြားသော စာအုပ်သိမ်းဆည်းရာ နေရာနှစ်ခုရှိပြီး တစ်ခုမှာ နယ်မြေအိမ်တော်သခင် ဖြစ်ကာ နောက်တစ်ခုမှာ တုန်းဟွာကျောင်းတော်ဖြစ်ပုံရပေသည်။

"တုန်းဟွာကျောင်းတော်က ရှန့်ထိုအဆင့်အထက် အဆင့်မြင့် တန်ခိုးရှင်တွေနဲ့ ပိုပြီး သင့်တော်ပေမယ့် နယ်မြေသခင်အိမ်တော်ကတော့ ပိုပြီးတော့ အခြေခံကျတယ်။ ကျောင်းတော်ရဲ့ စာအုပ်တွေကို အပြင်လူကို မပြသတာကြောင့်မို့လို့ အဲဒါတွေကို အသုံးပြုတဲ့သူက နယ်မြေသခင်အိမ်တော်ကထက် ပိုပြီးတော့ နည်းပါတယ်။" လိန်ချင်းဟန်က ရှင်းပြလိုက်သည်။

လီချန်ရှန်းက ခေါင်းညိတ်လိုက်၏။ တုန်းဟွာကျောင်းတော်၏ တပည့်များသာလျှင် တုန်းဟွာကျောင်းတော် စာအုပ်သိုလှောင်ရာ နေရာသို့ ဝင်ရောက်ရန် အခွင့်အရေးရှိပြီး ထိုအခွင့်အရေး ရရှိသူများက သိပ်မများလှပေ။

"သွားကြစို့။" လိန်ချင်းဟန်က ပြောလိုက်ပြီး ချက်ချင်းပင် လေထဲသို့ တက်ကာ ထိုနေရာသို့ ဦးတည်လိုက်သည်။ နှစ်ဖက်အဖွဲ့က သူမနောက်သို့ လိုက်ပါလာပြီး မကြာခင်၌ ထိုမျောလွင့်နေသော ကျွန်းစုဆီသို့ ​ရောက်လာကြသည်။ ထိုစာအုပ်သိုလှောင်ရာ နေရာမှာ ကျွန်းပေါ်တွင် အသိသာဆုံး အထင်ရှားဆုံး အဆောက်အအုံ တစ်ခု ဖြစ်ပေသည်။

ထိုမျောလွင့်နေသော ကျွန်းပေါ်တွင် ခမ်းနားထည်ဝါသော ခြံဝန်းများနှင့် ကျယ်ပြန့်သော မြေနေရာ တစ်ခုရှိသည်။ ထိုအချိန်၌ တန်ခိုးရှင်များက ထိုနေရာတွင် စုစည်းနေကြပြီး အသက်ဝင်လှသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။ တုန်းဟွာကျောင်းတော်၏ အပြင်ဘက် သူတို့ရောက်လာစဉ်က တွေ့ရှိခဲ့သော တုန်းဟွာကျောင်းတော်၏ အပြင်ဘက်နှင့် အတွင်းဘက်မှ မြင်ကွင်းက အတော်လေးကို ခြားနားပေသည်။

ရီဖူရှင်းနှင့် အခြားသူတို့ ရောက်လာသောအခါ သူတို့က အချို့ ရင်းနှီးနေသော မျက်နှာများကို မြင်တွေ့ခဲ့သည်။ ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များလည်း ဤနေရာသို့ ရောက်ရှိနေကြသည်။ သူတို့၏ မင်းသား ယန်ဟန်ရှင်းနှင့် ယန်တုန်းရန်တို့ နှစ်ယောက်လုံးလည်း ရှိနေသည်။ သူတို့အပြင် ရီဖူရှင်းက လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များကိုလည်း မြင်တွေ့ခဲ့သည်။ လင်းဟယ်က ထိုနေရာ၌ ရှိနေပြီး ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များနှင့် စကားပြောဆိုနေခဲ့သည်။ ကြည့်ရသည်မှာ သူတို့နှစ်ဖက် အဖွဲ့က အတော်လေး ခင်မင်ရင်းနှီးကြပုံရလေသည်။

၎င်းကို ကြည့်၍ ရီဖူရှင်း၏ မျက်လုံးများထဲ၌ အေးစက်မှုတို့ ဖြတ်​ပြေးသွားသည်။ နောက်ဆုံးတစ်ခေါက် လိပ်နတ်ဘုရားကျွန်းစုတွင် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက သူတို့ ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် ရင်ဆိုင်နေရစဉ် ပါဝင်လာကာ သူတို့ကို အကျပ်အတည်းသို့ တွန်းပို့ခဲ့သည်။ သူသည် ဤတစ်ကြိမ်၌ သူတို့က အလွန် ရင်းနှီးနေသည်ကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့အပြင် သူက လင်းဟယ်က အလွန် စက်ဆုပ်ရွံရှာနေပြီး သေစေချင်နေသည်။ သို့သော်လည်း တုန်းဟွာကောင်းကင်တွင် သူက ထိုကိစ္စမျိုးကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ လူများသည်လည်း သူတို့ကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်သွားကြသည်။ ရီဖူရှင်းအပေါ်သို့ ထားသော လင်းဟယ်၏ အမုန်းတရားများမှာ သူတို့၏ နောက်ဆုံးတိုက်ပွဲပြီးသည့်နောက်တွင် ပို၍ အားကောင်းလာခဲ့သည်။

ရီဖူရှင်း အနီးတဝိုက်တွင် ရှိနေသရွေ့ သူက မည်သည့်အခါမှ ခေါင်းမော့နိုင်လိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းက မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များနှင့်အတူ လျှောက်လာသည်ကို မြင်သောအခါ လင်းဟယ်က ပို၍ပင် ဒေါသထွက်လာသည်ကို ခံစားလိုက်ရ၏။

သို့သော် သူက လျင်မြန်စွာပင် သူ၏ ခံစားချက်များကို ချုပ်ထိန်းလိုက်ကာ မြူနှင်းဝေနတ်နန်းတော်မှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ "နတ်မိမယ်တို့ အားလုံးကို နှုတ်ဆက်ပါတယ်။"

ကျန်းယွဲ့လီနှင့် အခြားသူများက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ လင်းဟယ်က ချင်းချင်းကို ကြည့်ကာပြောလိုက်၏။ "ချင်းချင်း မင်းလာမယ်လို့ ကြားခဲ့တာကြောင့် ဒီကို နည်းနည်းပိုစောပြီး လာခဲ့တာ နောက်ဆုံးတော့ ကျုပ် မင်းကို တွေ့ခွင့်ရခဲ့ပြီ။"

"ယဉ်ကျေးလွန်းနေပါပြီ။" ချင်းချင်းက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။ သူမသည် ဤနှစ်တစ်လျှောက်လုံး၌ လင်းရှောင်နန်းတော်က သူမတို့ကို မိတ်ဆွေကောင်းများအဖြစ် ဆက်ဆံခဲ့သည်ကို ကျေးဇူးတင်မိသည်။ လင်းဟယ်က သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမြဲပင် ထိန်းသိမ်းချင်နေခဲ့သည်။ သို့သော်လည်း သူမသည် ယခင် လိပ်နတ်ဘုရားကျွန်းစု၌ ဖြစ်ခဲ့သည့် ကိစ္စရပ်များ အပေါ်တွင် အနည်းငယ် စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ သူမက လင်းဟယ်သည် မာနကြီးကာ တစ်ကိုယ်ကောင်းဆန်သည်ကို သိရှိထားခဲ့ပြီး ဖြစ်သော်လည်း တခြားထက် သူတို့အား ချဉ်းကပ်ရသည့် ရည်ရွယ်ချက်မှာ သီးသန့်ရှိနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်မိသည်။ မြူနှင်းဝေနတ်နန်းတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဖန်တီးထားချင်သည့် သူတို့၏ ရည်ရွယ်ချက်က ရိုးရှင်းပုံမရပေ။

သူသည် ချင်းချင်း၏ လေသံအတွင်းမှ အကွာအဝေးကို ခံစားမိလိုက်ပုံရလေသည်။ လင်းဟယ်၏ ရီဖူရှင်းအပေါ် သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒက ပို၍ အားကောင်း ပို၍ အားကောင်းလာခဲ့၏။

ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်များက ကျန်းယွဲ့လီနှင့် တခြားလူများကို ကြည့်လိုက်သည်။ ယန်ဟန်ရှင်းက ပြောလိုက်၏။ "လိပ်နတ်ဘုရားကျွန်းစုမှာတုန်းက နတ်မိမယ်တို့နဲ့ တွေ့ခဲ့ရပေမယ့် စကားပြောဖို့ အခွင့်အရေး သိပ်မရှိခဲ့ဘူး။ ကျုပ်က နတ်မိမယ်ကျန်းကို လေးစားနေခဲ့တာကြာပြီ။ အခု တုန်းဟွာကောင်းကင်မှာ နတ်မိမယ်ဆီကနေပြီးတော့ လမ်းညွှန်မှုတချို့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။"

"မင်းသားက အရမ်းမြှောက်ပင့်လွန်းနေပါပြီ။ ကျွန်မတို့က တူညီတဲ့ ကျင့်ကြံခြင်းအဆင့်မှာ ရှိနေတာ ကြောင့်မို့လို့ လမ်းညွှန်ပေးတယ်ဆိုတဲ့ စကားမျိုးကို ပြောစရာမလိုပါဘူး။" ကျန်းယွဲ့လီက ပြန်ဖြေလိုက်သည်။

"ကွာခြားချက်က နည်းနည်းပဲ ရှိတာပါ။" ယန်ဟန်ရှင်းက ပြောလိုက်သည်။ သူ၏ ကျင့်ကြံခြင်းက အဆင့်ကိုးတွင် ရှိနေကာ အမှန်တကယ်၌ ကျန်းယွဲ့လီထက် ပို၍ မြင့်မားပေသည်။ သို့သော်လည်း ကျန်းယွဲ့လီ၏ မဟာလမ်းစဉ်က ပြီးပြည့်စုံသည့်အတွက်ကြောင့် ၎င်းမှာ သူ ယဉ်နိုင်သော တစ်စုံတစ်ခု မဟုတ်ပေ။ သူ ရန်ဟောင် အတားအဆီးကို ဖြတ်ကျော်နိုင်သည်မှ အပ ကျန်းယွဲ့လီကို အနိုင်တိုက်ခိုက်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။ 

 

 

***


Report Page