2102

2102


အပိုင်း(၂၁၀၂): နှင်ထုတ်ခြင်း

ရွာသားများအားလုံးက သူတို့အိမ်ထဲမှ လမ်းလျှောက်ထွက်လာကြပြီး သူတို့ရှေ့မှ ထူးခြားသည့် သဘာဝဖြစ်စဉ်ကို စိုက်ကြည့်နေကြသည်။ မဟာလမ်းစဉ် နတ်အလင်းက ကောင်းကင်မှ တောက်ပနေပြီး ရှေးဟောင်းနတ်ပြည်ထောင်က သူ့အလိုလို ထွက်ပေါ်လာသည်။ သူတို့က ရွာထဲတွင် ရှိနေဆဲဖြစ်လျှင်ပင် ထိုအခိုက်၌ ရွာကို လွှမ်းခြုံနေသော နတ်အလင်းက အစစ်အမှန် မဟုတ်သလို ထင်မှတ်ရသည်။ သူတို့က အမြဲတမ်း ပုံရိပ်ယောင်လောကအတွင်း နေခဲ့သလို ခံစားမိကြ၏။

လူအများကြီးက အချင်းချင်း တီးတိုးပြောဆိုကြပြီး မျက်စိရှေ့၌ ရှိနေသော ဆန်းကြယ်သည့် မြင်ကွင်းအား ဆွေးနွေးနေကြသည်။ တစ်စုံတစ်ယောက်က ပြောလာ၏။ "ကျုပ်တို့ ဘိုးဘေးတွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေက ဒီဆန်းကြယ်မှုကို ဖန်တီးခဲ့တာလား။"

ထိပ်သီးတန်ခိုးရှင်များက ပြန်လည်စဉ်းစားနေကြသည်။ သူတို့သည် ယခင်က ထိုမျှ ဆန်းကြယ်သော မြင်ကွင်းမျိုး မည်သည့်အခါကမှ မမြင်ဖူးပေ။ ဆိုလိုသည်မှာ ဤကမ္ဘာလောကနှစ်ခုက ယခုမှစပြီး တစ်ခုတည်းအဖြစ် တရားဝင်ပေါင်းစည်းသွားခဲ့သည်လား။

"လေးမျက်နှာကျေးရွာက လူတွေဟာ လေးမျက်နှာနတ်ပြည်ထောင်ရဲ့ မျိုးဆက်တွေပဲ။ ငါတို့ သွေးကြောထဲမှာ နတ်ဘုရားရဲ့ သွေးတွေ စီးဆင်းနေတယ်။ ငါတို့ ဘိုးဘေးတွေက ငါတို့ကို နှစ်သန်းပေါင်းများစွာ ကာကွယ်ပေးခဲ့ကြတယ်။ မျိုးဆက်တိုင်းမှာ လူတွေအများကြီး ကျင့်ကြံခြင်းအတွက် ပါရမီတွေ အပ်နှင်းခံရတယ်။ အဲဒါတွေအားလုံးက ငါတို့တွေ ထူးခြားတဲ့နေရာမှာ နေထိုင်ကြပြီး ဘိုးဘေးတွေရဲ့ ကောင်းချီးပေးခံရလို့ပဲ။ ငါတို့တွေ လေးနှစ်နေတိုင်း အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့မှာ ကျင့်ကြံရေးအခွင့်အလမ်းတွေ ရရှိနိုင်တယ်။ အခု နတ်ပြည်ထောင်ရဲ့ အမွေအနှစ်နယ်မြေက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသပြီး အစစ်အမှန်ကမ္ဘာဖြစ်လာတယ်။ အဲဒါက အနာဂတ်မှာ ပိုများပြားတဲ့ ရွာသားတွေ နိုးထခြင်းဖြစ်စဉ် ကြုံတွေ့ရပြီး ရွာထဲက လူတိုင်း ကျင့်ကြံနိုင်မယ်လို့များ ဆိုလိုတာလား။" လူအိုကြီးတစ်ယောက်က တိုးသက်စွာ ရေရွတ်လိုက်၏။ သူ့ကို ကြည့်ရသည်မှာ ရွာ၏ သမိုင်းကြောင်းကို အများကြီး သိပုံရသည်။

သူတို့၏ ထင်မြင်ယူဆချက် မှန်ကန်လာစေရန် ထက်သန်သော မျှော်လင့်ချက်များ ရှိကြသည်။ ထိုသို့ဖြစ်လာလျှင် လေးမျက်နှာကျေးရွာက ပို၍ ထင်ရှားကျော်ကြားလာပြီး အနာဂတ်၌ လွှမ်းမိုးနိုင်စွမ်း ရှိလာလိမ့်မည်။

လေးမျက်နှာကျေးရွာတွင် ခမ်းနားထည်ဝါသော သမိုင်းကြောင်းနှင့် ကြွယ်ဝသော အမွေအနှစ်များ ရှိသည်။

မရေတွက်နိုင်သော မျိုးဆက်များ ဖြတ်သန်းပြီးနောက် လူအများစုသည် သူတို့၏ ဂုဏ်သရေအား ပြန်လည်ရယူရန် ရည်မှန်းချက်များ ပျောက်ဆုံးသွားကြ၏။ သို့သော် အချို့ တန်ခိုးရှင်များက လက်မလျှော့ကြသေးပေ။ သူတို့က ကျေးရွာမှ ကိုယ်တိုင် ထွက်သွားရုံမျှမက လေးမျက်နှာကျေးရွာကို ပြင်ပဘုံများတွင် ခြေကုပ်ယူကာ လောကကြီးသို့ ခြေဆန့်နိုင်ရန် စိတ်အားထက်သန်ကြသည်။

သူတို့ ပိုမိုသိရှိလာလေ သူတို့၏ စိတ်ဆန္ဒများက ပို၍ အားကောင်းသန်မာလာလေဖြစ်သည်။

နတ်ဘုရားနည်းစနစ်ကို ဆက်ခံရသော မိသားစုများက ဥပမာကောင်းပင် ဖြစ်သည်။ မုယွင်မိသားစုသည် ရွာအပြင်ဘက်၌ သူတို့ကိုယ်သူတို့ လုံခြုံစေမည့် နေရာတစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ မုယွင်လန်က ပြင်ပဘုံများမှ ရှန်ချင်းနယ်မြေ အဆင့်မြင့်ကောင်းကင်တတိယအလွှာရှိ နန်ဟိုင်မိသားစု၏ သားမက်အဖြစ် လေးစားမှုခံရသည်။

"ဆရာသခင်ကို သွားမေးရအောင်။" တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။

"ဟုတ်တယ်။ ဘာတွေဖြစ်နေလဲဆိုတာ ဆရာသခင်ကို သွားမေးရမယ်။" လူအများက တပြိုင်တည်း ထောက်ခံလိုက်ကြသည်။ များပြားသော ရွာသားများသည် သီးသန့်ကျောင်းသို့ စတင်ချီတက်လိုက်ကြ၏။ ထိုအချိန်၌ သီးသန့်ကျောင်းရှိရာဘက်မှ အသံတစ်ခု ပျံ့လွင့်လာသည်။

"လာဖို့မလိုပါဘူး။ အကယ်၍ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် လေးမျက်နှာကျေးရွာက လူတွေ ကျင့်ကြံခြင်းအတွက် အရည်အချင်းတွေကို ပိုပြီးတော့ ရှာတွေ့လာနိုင်လိမ့်မယ်။ နိုးထခြင်းမရှိတဲ့ လူတွေကတောင် သူတို့ကိုယ်တိုင် ကျင့်ကြံနိုင်စွမ်းရှိလိမ့်မယ်။"

ရွာကို ဖြတ်ကာ ထွက်ပေါ်လာသည့် အသံက တစ်ရွာလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ အော်ဟစ်ဆွေးနွေးသံများက ဆူဆူညံညံ ထွက်ပေါ်လာ၏။ ထိုသတင်းက သူတို့အား ထိတ်လန့်တုန်လှုပ်စေသည်။

 

သို့သော် အချို့အကြီးအကဲများက လေးမျက်နှာကျေးရွာအနေနှင့် အာရုံစိုက်မှုများ ပိုမို ဆွဲဆောင်လာလိမ့်မည်ကို စိုးရိမ်ပူပန်နေကြ၏။ ထိုသို့ဖြစ်လာပါက သူတို့သည် အပြင်လူများကို ရွာအတွင်း ဝင်ခွင့်ပြုသင့်လား။

အရာအားလုံးက အသစ်တဖန် ပြန်စတင်လိမ့်မည် ဖြစ်သည်။ ဤတည်ငြိမ်အေးချမ်းနေသော ရွာက အနာဂတ်တွင် ပြင်ပဘုံများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်လား။

"ဆရာသခင် ဘယ်လိုဖြစ်တာလဲ။ ဒီဆန်းကြယ်မှုကို ကျုပ်တို့ ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေ ဖန်တီးထားတာလား။" သီးသန့်ကျောင်းဘက်သို့ မျက်နှာမူထားသော တစ်စုံတစ်ယောက်က မေးလိုက်သည်။

"အဲဒီလိုမျိုးပါပဲ။" ဆရာသခင်က ပြန်ဖြေလိုက်သည်။ ၎င်းက တိကျသော အဖြေမဟုတ်သော်လည်း လူအများသည် သူ့အဖြေကို ကြားသည့်အခါ ကြောက်ရွံ့ထိတ်လန့်သွားကြ၏။ ဘိုးဘေးများက သူတို့ဘာသာ ထုတ်ဖော်ပြသလာပြီး လေးမျက်နှာကျေးရွာအား ကောင်းချီးပေးခဲ့သည်။ ယခုမှစကာ ရွာမှ လူတိုင်း ကျင့်ကြံနိုင်လိမ့်မည် ဖြစ်၏။

အတိတ်တွင် လေးမျက်နှာကျေးရွာမှ လူများ၌ ကျင့်ကြံနိုင်မည့်အခွင့်အရေး သေးသေးလေးသာ ရှိသည်။ ထိုသည်မှာ မျိုးဆက်များစွာမှ လူများအတွက် သောကရောက်ရသော အရင်းအမြစ်ပင် ဖြစ်သည်။ သူတို့အားလုံးက ဆယ်ကျော်သက်အရွယ်၌ တူညီသော စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် ဒေါသတရားများကို ခံစားခဲ့ကြရသည်။

နောက်ဆုံး၌ သူတို့၏ မျိုးဆက်များက ထိုနာကျင်မှုတို့မှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။

ယခုတွင် ရွာအတွင်းမှ လူတိုင်း ကျင့်ကြံနိုင်စွမ်း ရှိလာလိမ့်မည်။

လက်ရှိ ရွာအတွင်း ရှိနေသူများသာမက နတ်ပြည်ထောင်လောကသို့ ဝင်ရောက်သွားသူများပါ ထိုအကြောင်းကို ရှာဖွေတွေ့ရှိသွားပြီး အံ့အားသင့် ထိတ်လန့်သွားကြသည်။ နတ်ပြည်ထောင်လောကမှ ထွက်လာရမည့်အစား လောကနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး သူတို့သည် ယခု ကျန်သည့် ရွာသားများအား မြင်နိုင်ကြပြီ ဖြစ်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ။"

သူတို့အားလုံးက ထိတ်လန့်အံ့သြသွားကာ မည်သည့်အရာတို့ ဖြစ်နေသည်ကို နားမလည်ကြပေ။ တောက်ပသော ကောင်းကင်က လေးမျက်နှာကျေးရွာကို လွှမ်းခြုံထားပြီး လောကနှစ်ခုပေါင်းစည်းပြီးနောက် တစ်ရွာလုံးကို နတ်အလင်းများ ထွန်းလင်းနေသည်။

ရီဖူရှင်းက ရှေးဟောင်းသစ်ပင်ဘေး၌ ရပ်နေဆဲဖြစ်ပြီး သူ့ဘေးမှ အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူက အမှန်တရားကို သိရှိပြီး ဖြစ်သောကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းမရှိသည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။

ချန်ယိနှင့် အခြားသူက အကြောင်းအရင်းကို မသိကြသော်လည်း ရီဖူရှင်းနှင့် တစ်နည်းနည်း သက်ဆိုင်နေကြောင်း သေချာသည်။ သူတို့သည်လည်း အတော်လေး ထိတ်လန့်နေကြ၏။

"ဦးလေးရီ ကျွန်တော်တို့ ပြန်ရောက်လာပြီလား။" ထျယ်ထိုက မေးလိုက်သည်။

"အင်း။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

ထိုအချိန်၌ မျက်မမြင်တစ်ယောက်က သူတို့ထံ လျှောက်လာကာ အော်လိုက်သည်။ "ထျယ်ထို"

"အဖေ။" ထျယ်ထိုက ပြန်လှည့်ကာ မျက်မမြင်ထျယ်အား ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "အဖေ.. ကျွန်တော် လုပ်နိုင်ခဲ့ပြီ။"

"ကောင်းတယ်။" မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့လေ.. ဟိုအယုတ်တမာ မုယွင်ရှု ကျွန်တော့်ကို တိုက်ခိုက်ချင်တော့ ဦးလေးရီက ကူညီပေးခဲ့တာ။" ထျယ်ထိုက ပြောလိုက်၏။ မျက်မမြင်ထျယ်က မမြင်နိုင်သော်လည်း ရီဖူရှင်း မည်သည့်နေရာ၌ ရပ်နေကြောင်း သိပုံရကာ မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။"

 

"ကြီးကြီးမားမား မဟုတ်ရပါဘူး။" ရီဖူရှင်းက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

"ကျွန်မတို့ ပြန်ရောက်လာပြီလား။" ရှောင်လင်းသည် ယခုမှသာလျှင် သတိပြုမိသည်။ ထို့နောက် သူမက တုံးအသော အပြုံးတစ်ခု ပြုံးပြကာ မျက်မမြင်ထျယ်အား နှုတ်ဆက်လိုက်သည်။ "ဦးလေးထျယ်။"

"ရှောင်လင်း။" မျက်မမြင်ထျယ်က ရှောင်လင်းအား ခေါင်းညိတ်ပြလိုက်သည်။ အခြားရွာသားများကလည်း သူတို့ မိသားစုဝင်များအား ကြိုဆိုလိုက်ကြ၏။ မုယွင်မိသားစုမှ လူများသည် မုယွင်ရှုဘက်သို့ လျှောက်လာကြသည်။ မုယွင်ရှုက နိုးထခြင်းဖြစ်စဉ်အား တွေ့ကြုံနေဆဲဖြစ်သဖြင့် သူတို့က ရပ်တန့်ကာ သူ့အား အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။ သူတို့သည် သူ့အပေါ် ကြီးစွာသော မျှော်လင့်ချက် ထားရှိကြသည်။

အဘိုးမာက ဖြေးလေးစွာ လျှောက်လာရင်း အပြုံးနှင့် ပြောလိုက်သည်။ "ရှောင်လင်း။"

"အဘိုး" ရှောင်လင်းက အဘိုးမာထံသို့ ပြေးသွားပြီး အဘိုးမာက သူမခေါင်းလေးကို ပွတ်ကာ ပြုံးလိုက်၏။ "မဆိုးဘူး။"

ရှောင်လင်းက အဘိုးမာ၏ ဆိုလိုရင်းကို နားမလည်သော်လည်း မမေးပေ။

ရီဖူရှင်းသည် အဘိုးမာ၏ ရောက်ရှိလာမှုကြောင့် အံ့အားသင့်သွားသည်။ သူသည် မျက်မမြင်ထျယ်က ကျင့်ကြံထားကြောင်း သိထားပြီးဖြစ်သော်လည်း အဘိုးမာကဲ့သို့ မကျန်းမာသူက မည်သို့ဖြစ်၍ ထိုမျှ လျင်မြန်စွာ လာနိုင်ရသနည်း။

"ရှောင်ထျယ်က အောင်မြင်သူတစ်ယောက် ဖြစ်လာပြီပဲ။ ဂုဏ်ယူပါတယ်ကွာ။" အဘိုးမာက မျက်မမြင်ထျယ်အား ပြောလိုက်၏။

"ဦးလေးမာ ဒီကလေးက ငယ်ပါသေးတယ်။" မျက်မမြင်ထျယ်က ထိုသို့ ပြောလိုက်သော်လည်း သူ့မျက်နှာထက်မှ ပျော်ရွှင်မှုအား ဖုံးကွယ်မထားနိုင်ပေ။

"မြေးလည်း ကြိုးစားဖို့လိုတယ်။" အဘိုးမာက ရှောင်လင်းခေါင်းကို ပွတ်ကာ ပြောလိုက်သည်။

"သမီးလား။" ရှောင်လင်းက အဘိုးမာအား ဇဝေဇဝါနှင့် ကြည့်လိုက်သည်။ သူမက မကျင့်ကြံနိုင်သလို နတ်ပြည်ထောင်လောကအတွင်းမှ မည်သည့် သဘာဝဖြစ်စဉ်မှ မြင်နိုင်စွမ်းမရှိပေ။ သူမက အဘိုး၏ စကားများကို နားမလည်နိုင်ချေ။

"ဦးလေးရီစကားကို နားထောင်ပြီး သူ့ဆီက သင်ယူ။" အဘိုးမာ ထပ်ပြောလိုက်သည်။ ရှောင်လင်းက ယောင်နနနှင့် ခေါင်းညိတ်လိုက်သည်။

ရီဖူရှင်း၏ မျက်နှာထက်၌ အံ့အားသင့်သည့် အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူက အဘိုးမာအား မှားယွင်းအကဲဖြတ်မိသလား သိချင်သွားသဖြင့်  စိုက်ကြည့်လိုက်မိ၏။ ဤသာမန်ဟုထင်ရသော အဘိုးအိုက မြင်နေရသလို မရိုးရှင်းသည်လား။

မဟုတ်ပါက ဤသည်ကို သူ မည်သို့ ရှင်းပြနိုင်မည်နည်း။

ရီဖူရှင်းက အဘိုးမာလည်း တစ်ခုခုကို သိထားသည်ဟု ခပ်ရေးရေး ခံစားမိသည်။ မဟုတ်လျှင် အဘိုးမာက ရှောင်လင်းအား ရီဖူရှင်းထံမှ သင်ယူဟု ပြောခြင်းမှာ မည်သည့် အဓိပ္ပါယ်ဖြစ်လိမ့်မည်နည်း။

"သွားကြစို့။ ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ အေးဆေး စကားပြောလို့ရတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ နတ်ပြည်ထောင်၏ လောကက လေးမျက်နှာကျေးရွာနှင့် တရားဝင်ပေါင်းစပ်သွားပြီ ဖြစ်ရာ လေးနှစ်တစ်ကြိမ်မှ ပေါ်ပေါက်လာခြင်း မဟုတ်တော့ဘဲ နောက်ထပ် ပျောက်ကွယ်မသွားတော့ဟု ဆိုလိုပေသည်။ ထို့ကြောင့် သူတို့သည် ကျင့်ကြံခြင်း အခွင့်အလမ်း ရှာဖွေဖို့ရာ အလျင်လိုရန် မလိုပေ။

"ကောင်းပြီ။" အဘိုးမာက ခေါင်းညိတ်ကာ မျက်မမြင်ထျယ်ကို ပြောလိုက်သည်။ "မင်းရော ငါ့နေရာကို လိုက်ပြီး စကားပြောချင်လား။"

"လိုက်မယ်။" မျက်မမြင်ထျယ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့က အဘိုးမာ၏ အိမ်သို့ စတင် လျှောက်သွားကြ၏။ လေးမျက်နှာကျေးရွာသည် နတ်ပြည်ထောင်လောကနှင့် ပေါင်းစပ်ပြီးနောက် တောက်ပသော ကောင်းကင်အောက်မှ အရာအားလုံးသည် မတူညီတော့သလို ခံစားရသည်။ လေးမျက်နှာကျေးရွာက နတ်ပြည်ထောင်နှင့် ပေါင်းစပ်သွားသော်လည်း ရွာက တည်ရှိနေဆဲ ဖြစ်သည်။

အဘိုးမာသည် ခြံထဲ၌ သူတို့ ထိုင်လိုက်ပြီးနောက် သေရည်တစ်ပုလင်း ထုတ်ယူလိုက်၏။ သူက ပြောလိုက်သည်။ "ဒါ အရင်နှစ်တွေက လောင်ဝမ် ချက်ခဲ့တဲ့ အရက်လေ။ သူ ဆုံးပါးသွားတာ အချိန်အကြာကြီးရှိပြီ။ ဒီအဖိုးတန်တဲ့ အရက်ကို ကျုပ် မသောက်ရက်ပေမယ့် ဒီနေ့ ရွာရဲ့ အပြောင်းအလဲကို မြင်တွေ့ရတာ ပျော်စရာကိစ္စမို့ အခုက သောက်ဖို့ အချိန်ကောင်းပဲ။"

သူက မျက်မမြင်ထျယ်၊ ရီဖူရှင်းနှင့် အခြားလူများကို ခွက်အနည်းငယ် လောင်းထည့်ပေးကာ ထိုင်ရင်း ပြောလိုက်သည်။ "အခုချိန်ကစပြီး ရွာက လူတိုင်း ကျင့်ကြံနိုင်ပြီ။ ပိုပြီး ထူးချွန်တဲ့ တန်ခိုးရှင်တွေ ပေါ်ထွက်လာလိမ့်မယ်။ ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ။"

"အဘိုးမာ ကျွန်တော် အဘိုးနဲ့ တစ်ခွက်လောက်သောက်မယ်။" မျက်မမြင်ထျယ်က အဘိုးမာအား ခွက်မြှောက်ကာ ပြောလိုက်သည်။ သူက အဘိုးမာ သူ့သားကို လွမ်းနေကြောင်း သိ၏။ သူက ပျော်နေသလို တစ်ချိန်တည်းမှာလည်း ဝမ်းနည်းသော ခံစားချက်အား မရပ်တန့်နိုင်ပေ။

"ကောင်းတယ်။" အဘိုးမာက ခေါင်းညိတ်ကာ ရီဖူရှင်း၏ ခွက်ကိုလည်း တိုက်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်၏။ "ဒါသာ နှစ်နည်းနည်းလောက် စောပြီး ဖြစ်ခဲ့မယ်ဆိုရင်.."

"အခု အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ။ အများကြီးတွေးမနေပါနဲ့။" မျက်မမြင်ထျယ်က ပြောလိုက်သည်။

"ပြောတာမှန်တယ်။" အဘိုးမာက ပြုံးကာ သူ့ခေါင်းကို ယမ်းလိုက်သည်။ ရှောင်လင်းက လူကြီးများ ပြောနေသည့်အကြောင်းကို မသိသဖြင့် ထျယ်ထိုနှင့်သာ ကစားနေသည်။

အခြားတစ်ဖက်၌ ရီဖူရှင်းက သူတို့၏ စကားများကို ဂရုတစိုက် နားထောင်နေ၏။ ယခု သူသည် အဘိုးမာက ရိုးရှင်းသော သူ မဟုတ်ကြောင်း သတိပြုမိပြီ ဖြစ်သည်။

အခြားရွာသားများသည်လည်း အမွေအနှစ်နယ်မြေက ဤတစ်ကြိမ်၌ တရားဝင် ပေါ်ထွက်လာကြောင်း သတိပြုမိသွားပုံရသည်။ အစပိုင်းတွင် အံ့အားသင့်နေခဲ့မှုများက တဖြေးဖြေး ငြိမ်သက်သွားပြီး အများစုက အိမ်ပြန်သွားကြပြီ ဖြစ်သည်။ သူတို့သည် အနာဂတ်၌ ရှာဖွေဖော်ထုတ်ရန် အခွင့်အရေးများစွာ ရှိကြ၏။

အဘိုးမာနှင့် အခြားလူများ သောက်နေစဉ် သူတို့အား အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်မှုက ဟန့်တားလိုက်သည်။ လူတစ်စုက ခြံဝန်းအပြင်ဘက်သို့ ရောက်လာကြသည်။ တစ်ယောက်က ပြောလိုက်၏။ "အဘိုးမာ ကျုပ်တို့ကို ခွင့်ပြုပါဦး။"

ထို့နောက် သူတို့က ခြံထဲသို့ တိုက်ရိုက် လျှောက်ဝင်လာကာ ရီဖူရှင်းနှင့်အခြားလူများကို အေးစက်သော မျက်လုံးများနှင့် ကြည့်လိုက်ကြသည်။ အဖွဲ့ခေါင်းဆောင်မှာ အသက်လေးဆယ် အရွယ်ခန့်ရှိပြီဟု ထင်ရသည်။ သူ၏ တည်ငြိမ်သော အပြုအမူက ခြိမ်းခြောက်နေဟန် ရှိကာ ရှောင်လင်းနှင့် ထျယ်ထိုနှစ်ယောက်လုံးကို စိုးရိမ်ထိတ်လန့်စေပြီး ရှောင်လင်းက ပိုမို ကြောက်ရွံ့နေသည်။

ထိုသည်မှာ သူတို့က သက်လတ်ပိုင်းလူကြီး၏ အနောက်၌ ရပ်နေသော မုယွင်ရှုအား သတိပြုမိလိုက်၍ ဖြစ်သည်။ သိသာစွာပင် ဤလူများက သူကြောင့် လာခြင်း ဖြစ်နိုင်၏။ 

မုယွင်ရှုက မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူက နောက်ထပ် နိုးထခြင်း ရရှိပြီးနောက် အိမ်ပြန်ရောက်သည့်အခါ မုယွင်မိသားစုမှ လူတချို့ကို ခေါ်ဆောင်ခဲ့သည်။ သက်လတ်ပိုင်းလူကြီးမှာ မုယွင်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး သူ့အဖေလည်း ဖြစ်သည့် မုယွင်လုံ ဖြစ်သည်။

"ကျုပ်တို့ ရွာက ကိုယ့်ဘာသာ ထွက်သွား။ အဲဒါဆို ဒီအတိုင်း လွှတ်ပေးလိုက်မယ်။" မုယွင်လုံက မောက်မာကာ ခြိမ်းခြောက်သော အသံနှင့် ပြောလိုက်သည်။

ရီဖူရှင်းနှင့် သူ့လူများမှာ မုယွင်လုံ မည်သူ့အား ပြောနေကြောင်း နားလည်သည်။ သူက သူတို့ကို လေးမျက်နှာကျေးရွာမှ နှင်ထုတ်ချင်နေခြင်း ဖြစ်သည်။

အဘိုးမာနှင့် မျက်မမြင်ထျယ်က သူတို့၏ အရက်ခွက်များကို ချလိုက်ပြီး သူတို့မျက်နှာထက်တွင် တင်းမာသော အမူအရာတို့ ဖြစ်ပေါ်လာ၏။ အထူးသဖြင့် အဘိုးမာက အလွန် မကျေမနပ်ဖြစ်သွားသည်။ သူတို့က သူ့အိမ်သို့ လာပြီး သူ့ဧည့်သည်များအား နှင်ထုတ်ရန် ကြိုးစားနေသည်လား။



Report Page