(152)

(152)

Tee Ko

အနီလုံး၏ မူရင်းမျိုးစိတ်က နေရာလွတ်ဝိဥာဥ်ဖြစ်ပြီး ကျား၊မ လိင်အမျိုးအစားမရှိပေ။ အခွင့်သာလို့ လူသားခန္ဓာကိုယ်ထုဆစ်ခွင့်ရချိန်မှ ကိုယ့်စိတ်ထဲရှိသလို ပုံဖော်နိုင်ပေလိမ့်မည်။


အစပိုင်းကံကြမ္မာသတ်မှတ်ချက်အရ အနီလုံးမှာအမျိုးသမီးတစ်ယောက်သဖွယ် ဆင့်ကဲပြောင်းလဲခဲ့ပြီး အမျိုးသမီးဇာတ်လိုက်တစ်ယောက်၏ ဖြောင့်ဖြူးသောလမ်းကိုပိုင်ဆိုင်ရလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။ ဒါပေမယ့် ဘယ်ကနေဘယ်လို ယောက်ျားလေးပုံစံပြောင်းလဲဖို့စိတ်ကူးရသွားမှန်းနားမလည်နိုင်တော့ချေ။


အနီလုံး၏ဖြေရှင်းချက်ကတော့ရိုးရှင်းပါသည်။ ရဲ့ချင်နားတွင် တကယ့်ထိပ်တန်းအဆင့် အချောအလှယောက်ျားလေးတွေချည်းသာဝိုင်းအုံနေကြပြီး မိန်းကလေးဟူ၍ ရှားရှားပါးပါးကျားစိတ်ပေါက်နေသူ နန်ရှောင်မေတစ်ယောက်သာရှိသည်။ ထို့ကြောင့် ရဲ့ချင်အား ယောက်ျားလေးတွေကိုသာ ကြိုက်နှစ်သက်သူတစ်ယောက်အဖြစ် မှတ်ယူလိုက်သည့် အနီလုံးဟာ ဆင့်ကဲပြောင်းလဲစဥ်အတွင်း သူ့ကိုယ်သူအမျိုးသားတစ်ယောက်အဖြစ်ပုံဖော်ခဲ့လေသည်။


ရဲ့ချင်မှာ ဆွံ့အလွန်းလို့ ဘာဆက်ပြောရမှန်းတောင်မသိတော့ချေ။ နောက်ဆုံးတော့ အဓိကတရားခံက သူကိုယ်တိုင်သာဖြစ်ကြောင်း မနည်းလက်ခံလိုက်ရသည်။


လူတစ်ယောက်အသွင်ပြောင်းလဲသွားသည့် အနီလုံးကို "အနီလုံး"ဟု ဆက်ခေါ်နေလို့ အဆင်မပြေတော့ပေ။ သူက ဘောလုံးလေးမဟုတ်တော့ဘူးလေ။


ဒီတော့ နာမည်ပေးရာတွင်ထူးချွန်သည့် ရဲ့ချင်ဟာ "ရှောင်ဟုန်" ဟု သူကိုယ်တိုင် နာမည်တပ်ပေးလိုက်သည်။ (ရှောင်ဟုန် = အနီလေး)


ကတ်ချ် : "....."


ကုန်းချွင် : "....."


ရှောင်ချင် : "....."


ဒါက အရင်နာမည်နဲ့ဘာများကွာသွားလို့လဲ။


ရှောင်ဟုန်ခေါင်းပေါ်က အမျိုးသမီးဇာတ်လိုက်စာတန်းမှာ တစ်နေ့အတွင်း တဖြည်းဖြည်းမှိန်ဖျော့သွားပြီး နောက်နေ့တွင် အစဖော်မရအောင် ပျောက်ကွယ်သွားခဲ့သည်။ ပျောက်ကွယ်သွားသည့်ဖြစ်စဥ်မှာ အတန်ငယ်နှေးကွေးတာကြောင့် အစတုန်းက တစ်ခုခုမှားနေမှန်း သတိမထားခဲ့မိတာဖြစ်သည်။


တစ်ပါတ်လောက်ကြာမြင့်ပြီးနောက် ဖုန်းမင်ဆီက ဇာတ်ညွှန်းကိုရရှိလာခဲ့သည်။ နေ့မအိပ်၊ညမအိပ် ကြိုးစားထားသည့် ဖုန်းမင်ဟာ သူ့မျက်လုံးအောက်က ကွင်းအမဲကြီးကိုလျစ်လျူရှု့ကာ အခန်းထဲကကျောင်းသားတွေကို လက်မထောင်ပြရင်း တစ်ခေါခေါအိပ်မောကျသွားခဲ့သည်။


အခန်း၂တစ်ခန်းလုံး ပြတင်းပေါက်တွေ၊ တံခါးတွေအလုံပိတ်ရင်း လိုက်ကာတွေချကာ အလင်းရောင်မှိတ်မှိန်ထဲ အကုန်လုံးဝိုင်းအုံလာကြသည်။ လူတိုင်းကြားနိုင်အောင် ဇာတ်ညွှန်းဖတ်ပြပေးသူက အတန်းခေါင်းဆောင်ရူး ကျို့ယောင်ဖြစ်သည်။ သူ့အသံကအတော်လေးကြည်ပြီး တစ်လုံးမှမထစ်ပဲ အသက်မရှုတမ်း ပြောသွားနိုင်တာကြောင့် ပြဇာတ်နောက်ခံစကားပြောအဖြစ် အစတည်းကရွေးချယ်ထားပြီးသားပင်။


ကျို့ယောင်က ထို့အတွက်အတော်လေးဂုဏ်ယူနေ၏။


ရဲ့ချင်က ထုံးစံအတိုင်းနောက်မှာထိုင်ရင်း ပြဇာတ်နဲ့ပတ်သပ်တဲ့အကြောင်းအရာတွေကိုနားထောင်ရင်း နားထောင်ရင်း အဆုံးတွင်သူ့နှုတ်ခမ်းထောင့်တွေကို တွန့်မိသွားသည်။


သောက်ကျိုးနဲ။ တကယ်ကြီး ပြဇာတ်ကို ဒီဇာတ်ညွှန်းသုံးတော့မှာလား။


တစ်ခန်းလုံးကြည့်ရတာတော့ ဖုန်းမင်၏ဇာတ်ညွှန်းကိုအတော်လေးသဘောကျနေပုံရသည်။


"ဆန်းသစ် သစ်လွင်တဲ့ပြဇာတ်မျိုးဆိုတာ ဒါပဲလေ....ဒီထဲကဇာတ်လမ်းဇာတ်ကွက်တွေကို ဘယ်သူမဆိုသိထားတဲ့အပြင် အလှည့်အပြောင်းနဲ့အသစ်အဆန်းကလည်း ပြောစရာမလိုဘူး....ဖုန်းမင်က တကယ့်ဥာဏ်ကြီးရှင်ပဲ...."


"ဟား...ဟား....ဒီဇာတ်ညွှန်းနဲ့သာဆိုရင် အကြီးတန်းတွေလာရင်တောင် သောက်ဂရုစိုက်စရာမလိုတော့ဘူး...."


"ပထမဆုက ငါတို့အတွက်ပဲ!"


"အခန်း၁က ကောင်တွေ ငိုဖို့သာပြင်ထား"


တစ်ခန်းလုံး စိတ်အားတတ်ကြွဖွယ်ရယ်မောသံတွေဖြင့် ပြည့်နှက်နေချိန်တွင် ဆံပင်နှစ်ခွကျစ်ထားသည့် မှန်ကြောင်ကျောင်းသူ ယန်ဝမ်ဝမ်က လက်ထောင်ရင်း အသံကြည်ကြည့်ဖြင့် မေးလာခဲ့သည်။ (Note / မမှတ်မိရင် Chapter 66 မှာပါပါတယ်)


"ဒီတော့ အဓိကဇာတ်ကောင်ကို ဘယ်သူသရုပ်ဆောင်မှာလဲ...."


လူတိုင်း : "....."


တစ်ခန်းလုံး ပုံမှန်မဟုတ်စွာတိတ်ဆိတ်သွားခဲ့ကြသည်။ ရဲ့ချင်နှုတ်ခေါင်းထောင့်တွေ ရွဲ့မိသွားမတတ်ပင်။


ရဲ့ချင်ဘေးတွင်ထိုင်နေသည့် ထင်းယီက ဝင်ထောက်ပြလာသည်။


"အဓိကဇာတ်ကောင်က မိန်းကလေးမဟုတ်လား....အခန်းထဲက မိန်းကလေးတွေထဲကပဲ ရွေးကြတာပေါ့...."


ချက်ချင်းဆိုသလို မိန်းကလေးအုပ်၏ ပြန်လည်ချေပသံတွေ ဆူညံသွားသည်။


"ဇာတ်ညွှန်းက မဆိုးတာမှန်ပေမယ့် အဓိကဇာတ်ကောင်က ဟိုလိုလို၊ဒီလိုလို နှစ်ဖက်ချွန်ကြီးဖြစ်နေတယ်လေ....ဘယ်သူက သရုပ်ဆောင်ချင်မှာလဲ!..."


"ဟုတ်တယ်....ဟုတ်တယ်....ဘာကြောင့် မိန်းကလေးတွေမှလဲ....နင်တော့ ယောက်ျားလေးတွေကရော အဓိကဇာတ်ကောင် ဘာကြောင့်မဖြစ်နိုင်ရတာလဲ"


"ဟ....ငါတို့ယောက်ျားလေးတွေမှာ ဘာအပြစ်ရှိလို့လဲ....ဒီထဲမှာပါတဲ့ ဇာတ်ကောင်ကိုက မိန်းကလေးဖြစ်နေတာလေ....ဘယ်ကနေဘယ်လို ယောက်ျားလေးတစ်ယောက်ကို သွားသရုပ်ဆောင်ခိုင်းလို့ရမလဲ"


"မှန်တယ်....ငါတို့ယောက်ျားလေးတွေသာ သရုပ်ဆောင်ခဲ့ရင် ပရမ်းပတာနဲ့ ပြဇာတ်ပျက်တဲ့အထိဖြစ်သွားနိုင်တာကို မင်းတို့မိန်းကလေးတွေက နားမလည်နိုင်ကြဘူးလား"


အခန်းထဲ ယောက်ျားလေး၊ မိန်းကလေးနှစ်ဖွဲ့ကွဲရင်း ကမ္ဘာပျက်သကဲ့သို့ ဆူညံ့သထက်ဆူညံ့လာခဲ့သည်။ နည်းနည်းပိုကြာကြာသာလွှတ်ထားလိုက်မိရင် တကယ်ကြီးထချကြတော့မည့်ပုံပေါ်နေ၏။


ယောက်ျားမကျ၊ မိန်းမ မကျ နန်ရှောင်မေဟာ မြှားဦးကသူ့ဘက်လှည့်လာမှာစိုးရိမ်တာကြောင့် ကုပ်ကုပ် ကုပ်ကုပ်ဖြင့် အခန်းတံခါးဖွဖွလေးဖွင့်ရင်း ထွက်ပြေးသွားလေပြီ။ ဘာကြောင့်ဆို သူက ကျားလည်းမဟုတ်၊ မ,လည်းမဟုတ်ဖြင့် အခန်းထဲကလူတွေစိတ်ကျေနပ်ဖို့အတွက် သူ့ကိုရွေးချယ်တာ အကောင်းဆုံးနည်းလမ်းဖြစ်နေတာကြောင့်လေ။


ထိုအရာ၏ အဓိကတရားခံ ဇာတ်ညွှန်းရေးသားသူ ဖုန်းမင်ဟာ အခန်းနောက်တွင် ဘာကိုမှမသိစွာ တစ်ခေါခေါဟောက်ရင်း အိပ်မောကျနေဆဲပင်။


နောက်ဆုံး ကြည့်မနေနိုင်တော့သည့် ရဲ့ချင်ဟာ နှစ်ဖက်လုံးကျေနပ်စေသည့်အကြံကို စေတနာအပြည့်ဖြင့် ပေးအပ်လာခဲ့သည်။


"မဲနှိုက်ဆုံးဖြတ်မယ်ဆိုရင်ရော....တစ်ခန်းလုံးက လူတွေရဲ့နာမည်ကို စာလိတ်တွေထဲ ထည့်ရေးထားပြီး တစ်ယောက်ယောက်ကို မဲနှိုက်ရွေးခိုင်းလို့ရတာပဲလေ...."


တစ်ခန်းလုံးဥာဏ်အလင်းပေါက်သွားကြသည်။


"ရဲ့ချင်အကြံက တကယ်ကောင်းတယ်..."


"ဒီလိုဆို ငြင်းစရာမရှိတော့ပါဘူး"


"မဲကျတဲ့လူက ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ပြဇာတ်ရဲ့အဓိကဇာတ်ကောင်ဖြစ်ကိုဖြစ်ရမယ်...."


"ဟုတ်တယ်....လုံးဝ လုံးဝငြင်းဆန်ခွင့်မရှိဘူး....ဒုတိယအကြိမ် မဲထပ်နှိုက်ခွင့်လည်း မရှိဘူး"


"ကောင်းတယ်....ဒီလိုပဲလုပ်ကြတာပေါ့"


ထိုနည်းလမ်းက တရားမျှတလွန်းတာကြောင့် ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ငြင်းဆန်သည့်လူ ရှိမလာခဲ့ပေ။


ဒီလိုနဲ့ အခန်းထဲကလူအရေအတွက်အတိုင်း အတိအကျ မဲလိပ်လိပ်ကြသည်။ အငြင်းအခုန်ကိစ္စမျိုးရှောင်ရှားနိုင်ဖို့အတွက် ပိုပြီးတရားနည်းလမ်းကျကျဖြင့် ကုရှီးမင်ကိုမဲနှိုက်ခိုင်းခဲ့ကြ၏။ အခန်းထဲထိ ဆွဲခေါ်ခံခဲ့သည့်ကုရှီးမင်ဟာ တစ်ခန်းလုံးရှေ့မှာပင် မဲပုံးထဲလက်ထည့်ကာ အတန်ကြာမွှေနှောက်လိုက်လေသည်။


သူ့လက်ထဲ မဲလိပ်တစ်လိပ်ပါလာချိန်၌ ဖွင့်မဖတ်ခိုင်းသေးပါပဲ ကျောင်းသားတွေဟာ ဒုတိယအကြိမ် မဲနှိုက်ရမည့်အခြေအနေမျိုးမှ ကာကွယ်ဖို့ရန်အတွက် ကျန်မဲလိပ်တွေကို ရေထဲထည့်ကာ ဖျက်ဆီးကာ အစအနဖျောက်လိုက်လေသည်။


အားလုံးပြီးမှ ကျောင်းသားတွေ၏ စိတ်လှုပ်ရှားတင်းကြပ်နေသည့် မျက်လုံးအကြည့်တွေအောက်တွင် ကုရှီးမင်က တစ်ခုတည်းသောမဲလိပ်ကို ဖွင့်လိုက်လေသည်။


"ဘယ်သူလဲဟင်...."


မဲလိပ်ထဲက နာမည်ကိုကြည့်ရင်း ကုရှီးမင်က မျက်ခုံးတစ်ဖက်ပင့်မိလိုက်သည်။ ပြီးတော့ အနည်းငယ်ခပ်ဟဟရယ်သံဖြင့် မိန်းမပျိုလေးတွေကို ကြွေကျမြေခစေမည့် အပြုံးလှလှလေးကိုဖော်ပြလာခဲ့သည်။


ကုရှီးမင်က မဲလိပ်ထဲကစာကို သူကိုယ်တိုင် မဖတ်ပြပါပဲ ကျောင်းသားတွေဘက် စာကိုလှည့်ပြလိုက်သည်။


အကုန်လုံးပြူးပြဲ၍ တစ်ပြိုင်တည်း အသံထွက်လာကြသည်။


all : "ရဲ့ ချင် "


ရဲ့ချင် : "....."


တစ်ခန်းလုံး၏ အကြည့်တွေမှာ ရဲ့ချင်ရှိရာတည့်တည့်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။


ဤကိစ္စကို အစပျိုးသူ ရဲ့ချင်မှာ ကံကြမ္မာကများ သူ့ကိုရည်ရွယ်ချက်ရှိရှိ ကျီစယ်နေသလားဟု အတွေးဝင်မိသွားသည်။ အခုဟာက စေတနာထားပြီးဝင်အကြံပေးခဲ့သမျှ ကိုယ် မ,တဲ့ကျောက်တုံးကို ကိုယ့်ခြေထောက်တည့်တည့်ပစ်ချလိုက်မိသည့် အဖြစ်မျိုးသို့ ဆိုက်ရောက်သွားခဲ့ရလေသည်။


ဤသို့ဖြင့် ငြင်းဆန်ချိန်ပင်မရလိုက်ပါပဲ ရဲ့ချင်ဟာ ပြဇာတ်၏ အဓိကဇာတ်ကောင်မင်းသမီးအဖြစ် အလိုလိုရောက်ရှိသွားခဲ့လေသည်။


အချိန်တွေက လျှင်မြန်စွာတစ်ရွေ့ရွေ့ကုန်ဆုံးသွားသည်။ ယနေ့က ကျောင်းပြဇာတ်အတွက် အရေးကြီးနေ့တစ်နေ့ဖြစ်သည်။ ကျောင်းက ကျောင်းသားတွေရဲ့ အခြေအနေကိုစူးစမ်းသိရှိနိုင်စေဖို့ရန်အတွက် မိဘပြည်သူတွေကိုပါ လာခွင့်ပြုထားသည်။ ဟုတ်တာပေါ့။ ကျောင်းသားမိဘ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေသာမဟုတ်ရင် တစ်ခြားပြင်ပသူစိမ်းတွေကိုတော့ ဝင်ခွင့်မပြုပါချေ။


ကျောင်းတွင်းပြဇာတ်ကို ဆင့်ခေါ်သူ459ကျောင်း၏ အဓိကဟောခန်းထဲမှာ ဖျော်ဖြေပြသမှာဖြစ်သည်။ အဓိကဟောခန်းကျယ်က အနည်းဆုံး လူသောင်းဂဏန်းလောက် ထိုင်နေရရင်တောင် ကြပ်တယ်လို့မခံစားရသည်အထိ ကျယ်ဝန်းလေသည်။


စင်မြင့်ပေါ်၌ ပရိုဂျက်တာကြီးတစ်ခုလည်းရှိနေပြီး ဟိုးအနောက်က ပရိတ်သတ်တွေ ရှင်းရှင်းလင်းလင်းမမြင်ရမည့်အရေးအတွက် စိုးရိမ်စရာမလိုပေ။


ကျောင်းပြဇာတ်နေ့တွင် ရဲ့ဖုန်းလီနဲ့ယုချီချီတို့နှစ်ယောက်လည်း ရောက်လာကြသည်။ ဧရာမလုပ်ငန်းစုကြိးနှစ်စု၏ ခေါင်းဆောင်နှစ်ယောက်မှာ သူတို့အလုပ်မှန်သမျှ နောက်ပို့ထားလိုက်ကြပြီး ရဲ့ချင်ကိုယ်တိုင်ပါဝင်မည့်ပြဇာတ်အတွက် လာရောက်အားပေးကြည့်ရှု့ကြတာဖြစ်သည်။


ရဲ့လင်းဝူက ရဲ့ဖုန်းလီနဲ့ယုချီချီကို ကျောင်းပေါက်ဝတွင်ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုကာ အဓိကဟောခန်းကျယ်ကြီးဆီသို့ဦးဆောင်ခေါ်လာခဲ့သည်။ နေရာအနှံ့ ကျောင်းသားမိဘတွေနဲ့ ညီအစ်ကိုမောင်နှ၊ဆွေမျိုးသားချင်းတွေကိုတွေ့နေရပြီး တစ်ချို့ဆယ်ကျော်သက်လေးတွေဆိုရင် ဆင့်ခေါ်သူကျောင်း၏ပတ်ဝန်းကျင်အနေအထားကိုကြည့်ရင်း အားကျနေကြသည်။


ရဲ့ဖုန်းလီနှင့်ယုချီချီတို့၏ အထောက်အထားကြောင့် ကျောင်းအုပ်ကြီးကိုယ်တိုင် စင်မြင့်နဲ့အနီးဆုံး ရှေ့တန်းကခုံကိုချန်လှပ်ပေးထားသည်။ ရဲ့လင်းဝူ၊ ရဲ့ဖုန်းလီနဲ့ ယုချီချီတို့သုံးယောက် မထိုင်ရသေးခင်မှာပင် ရဲ့ချင်ကသူတို့နားရောက်လာ၏။


"အဖေ၊ အမေ၊ ကော..."


ရဲ့ချင်က ယခုထက်ထိ ဘာဆိုဘာမှမပြင်ဆင်ရသေးချေ။ ရဲ့ချင်အနားရောက်လာတော့ ယုချီချီဟာ ဂုဏ်ယူသည့်အပြုံးဖြင့် ရဲ့ချင်ခေါင်းလေးကိုပွတ်သပ်ပေးလိုက်သည်။


"သားတို့အခန်းရဲ့ပြဇာတ်ကို ကြည့်ဖို့အမေ မစောင့်နိုင်တော့ဘူး....ပြဇာတ်ကဖို့ နံပါတ်ဘယ်လောက်ကျလဲ...."


"နံပါတ် 11ကျတယ်....ကျွန်တော်တို့ရှေ့မှာ ပြဇာတ်10ခုလောက်ရှိသေးတယ်...."


"အေးဆေးပေါ့....အမေတို့စောင့်နိုင်ပါတယ်....သားအဖေဆို သားသရုပ်ဆောင်တဲ့ပြဇာတ်ကို ကိုယ်တိုင်ကိုယ်ကျမှတ်တမ်းယူထားဖို့ ကင်မရာကောင်းကောင်းတစ်လုံးတောင်သယ်လာသေးတာ...."


ရဲ့ဖုန်းလီက အပြုံးကြီးဖြင့် သူ့လည်ပင်းတွင်ချိတ်ဆွဲထားသည့် ကင်မရာကို မ,ပြသည်။


"....."


မှတ်တမ်း မတင်ထားရင် ပိုကောင်းမယ်ထင်တယ်။


ဒါပေမယ့် သူ ထိုစကားကိုမပြောနိုင်ပါချေ။


စင်နောက်ဘက် မိတ်ကပ်ပြင်သည့် အခန်းထဲရောက်တော့ ပုံမှန်ထက်လူစည်နေတာကိုတွေ့လိုက်ရသည်။ ကျောင်းက ပြဇာတ်က,သူတွေ ရောထွေးမသွားစေရန် အဖွဲ့တစ်ဖွဲ့ကို ပြင်ဆင်ချယ်သဖို့ သီးသန့်ခန်းတစ်ခန်းဆီ ပေးအပ်ထားခဲ့ပါသည်။


"ဟေး....ရဲ့ချင်....ငါမင်းကို ငါ့ညီမနဲ့မိတ်ဆက်ပေးချင်လို့...."


ပြောရင်းဆိုရင်းဖြင့် နန်ရှောင်မေဟာ ရဲ့ချင်ကို မိန်းမငယ်လေးတစ်ယောက်အရှေ့ဆွဲခေါ်သွားခဲ့လေသည်။


ထိုမိန်းကလေးက နန်ရှောင်မေထက် သိသိသာသာအရပ်ပုပြီး ဖြောင့်စင်းတဲ့ဆံနွယ်ရှည်တွေက ကျောလည်ထိတိုင်ဖြာကျနေသော်လည်း မျက်နှာကချင်းကတော့ အတော်လေးတူကြသည်။ နန်ရှောင်ယွဲ့၏မျက်နှာကျက နန်ရှောင်မေထက်ပိုမိုနူးညံ့ပြီး နန်ရှောင်မေ၏မျက်နှာကတော့ ပိုမိုပြတ်သားသည်။


"တွေ့ရတာ ဝမ်းသာပါတယ်....ညီမက ရှောင်မေရဲ့ညီမ နန်ရှောင်ယွဲ့လို့ခေါ်ပါတယ်"


ရဲ့ချင်သည် နန်ရှောင်ယွဲ့၏ မျက်လုံးအတွင်းထဲကို စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ မသိမသာတောင့်ခဲသွားသည်။


နန်ရှောင်ယွဲ့က ရဲ့ချင်၏တိတ်ဆိတ်နေမှုကို မည်သို့မှသဘောမထားသည့်ပုံပင်။ ဆန့်ကျင်ဘက်အနေဖြင့် ရဲ့ချင်ကိုမြင်မြင်ချင်း အလွန်ရင်းနှီးလွန်းလှသည့် ခံစားချက်တစ်မျိုး သူမရင်ဘတ်ထဲစုပြုံလာခဲ့သည်။ အထူးသဖြင့် ရဲ့ချင်အနားတွင် ရလိုက်သည့်တစ်မူထူးခြားသောကိုယ်သင်းနံ့ကို ခံစားမိချိန်တွင်ဖြစ်သည်။


"စိတ်မရှိရင်လေ....အစ်ကိုနဲ့ တစ်နေရာရာမှာများ တွေ့ခဲ့ဖူးတာလား"


ရဲ့ချင်က တောင့်တင်းစွာခေါင်းခါလိုက်သည်။


ဟုတ်တာပေါ့။ ပြင်ပလောကမှာ အခုချိန်ကလွဲရင် တစ်ခါမှစကားတစ်ခွန်း မပြောခဲ့ဖူးပေမယ့် ပုံရိပ်ယောင်ကမ္ဘာထဲတွင် သူ့လက်ထဲတင် သေဆုံးခဲ့ရသည်မဟုတ်ပါလား။ ဆယ်နှစ်မပြည့်သေးသည့် ကလေးမလေး၏မျက်နှာနှင့် သိပ်မတူသော်လည်း ဒီမျက်လုံးတွေကိုကြည့်လိုက်ရုံနဲ့တင် သူရှင်းရှင်းလင်းလင်းကြီးမှတ်မိသည်။


သူ လှည်းဘီအောက်က ဆွဲထုတ်ကယ်တင်ခဲ့သည့် သူဖုန်းစား ကလေးမလေးပင်။


"မင်းတို့ ဘာပြောနေကြတာလဲ"


ဖုန်းမင်က သူတို့စကားဝိုင်းထဲ ခေါင်းဝင်လာသည်။


"ငါ မင်းတို့ကို ငါ့ဝမ်းကွဲတွေနဲ့ မိတ်ဆက်ပေးမယ်"


ဖုန်းမင်နောက်ကနေ တူညီသည့်ခေါင်းသုံးလုံး တစ်ပြိုင်ထဲထွက်လာခဲ့သည်။


"ဟိုင်း...."


"ဟိုင်း...."


"ဟိုင်း...."


ထွက်လာတဲ့အသံတွေကတောင် တစ်ပုံစံတည်း၊ တစ်ထပ်တည်းတူညီနေခဲ့လေသည်။


"အမွှာတွေလား"


နန်ရှောင်မေက အတန်ငယ်အံ့အားသင့်မိသွားသည်။ ဖုန်းမင်က တစ်ဦးတည်းသောသားဖြစ်သူပေမယ့် သူ့တွင်ဝမ်းကွဲတွေရှိနေတာက သိပ်တော့မထူးဆန်းပေ။ ထူးဆန်းတာက သူ့ဝမ်းကွဲသုံးယောက်လုံးမှာ အမွှာနေဖြစ်နေတာတစ်ခုတည်းပင်။


"ငါ့နာမည်က လဲ့ကျောင်...."


"ငါ့နာမည်က လဲ့ယန်...."


"ငါ့နာမည်က လဲ့ထင်...."


"ငါတို့ကို အားကျောင်၊ အားယန် နဲ့ အားထင်လို့ ခေါ်နိုင်ပါတယ်...."


အမွှာသုံးယောက်၏ တူညီစွာ တစ်ထပ်တည်းကျနေသည့်အသံမှာ အနီးအနားက မည်သူ့ကိုမဆို ဆွဲဆောင်သွားခဲ့သည်။


ရဲ့ချင်ကိုယ်တိုင်လည်း အတော်လေးအံ့အားသင့်နေသည်။ အမွှာသုံးယောက်လုံးကို သူမသိပဲဘယ်လိုလုပ်နေမှာလဲ။


အမွှာသုံးယောက်ကြည့်ရတာလည်း ထိုသို့ခံစားမိပုံရသည်။ ရဲ့ချင်ကိုစူးစမ်းလိုစွာ ခြေစွန်းခေါင်းစွန်းကြည့်ရင်း တူညီသည့်အသံဖြင့် ပြိုင်တူမေးလာခဲ့သည်။


"ငါတို့ တစ်နေရာရာမှာဆုံဖူးကြတာလား....ဘာကြောင့် မင်းကိုကြည့်ရတာ အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ"


ရဲ့ချင်က အလျှင်အမြန်ခေါင်းခါပြလိုက်သည်။


ရဲ့ချင်မျက်နှာတွင် ထူထဲသည့်မျက်မှန်အဝိုင်းကြီးရှိနေသော်လည်း ရင်းနှီးသည့်ခံစားချက်ကို မဖျောက်ဖျက်နိုင်ခဲ့ပါချေ။


"အဲ့ဒီစကားက ခေတ်စားနေတာလား....နန်ရှောင်ယွဲ့ကလည်း ရဲ့ချင်ကို ဒီမေးခွန်းမေးခဲ့တာပဲ...."


ရဲ့ချင်ဟာ ရှင်းပြလို့အဆင်မပြေတဲ့အဆုံးတွင် သန့်စင်ခန်းရှိရာဘက်သို့သာထွက်လာခဲ့၏။ သန့်စင်ခန်းထဲ ဝင်ခါနီး၌ အထဲကထွက်လာသည့် လူတစ်ယောက်နှင့် မတော်တဆဝင်တိုက်မိတော့မလိုဖြစ်သွားသည်။


"Oh...sorry bro..."


စူးထိုက်က ရဲ့ချင်ကိုအားနာသည့်ဟန်ပြုံးပြလိုက်ပြီး ထွက်သွားသည်။ ရဲ့ချင်ဟာ စူးထိုက်၏နောက်ကျောပြင်ကိုစိုက်ကြည့်ရင်း သူ့ရင်ထဲက နောက်ဆုံးသောအထုံးမှာ အမှန်တကယ်ပြည်ကျသွားခဲ့သည်။

(Note - စူးထိုက်ဆိုတာ ပုံရိပ်ယောင်ကမ္ဘာထဲမှာ စွင်းရန်အနားက သက်တော်စောင့်ပါ။ မမှတ်မိရင် 105မှာ သူ့နာမည်ပါပါတယ်။ )


ပုံရိပ်ယောင်ကမ္ဘာမှာ သူရင်းနှီးခဲ့ဖူးသည့်လူတိုင်းက အခုချိန်တွင် သူတို့ဘဝနဲ့သူတို့ ပျော်နေကြပေသည်။ သူစိုးရိမ်ဖို့ မလိုအပ်တော့ပေ။ ထို့အတွက်အပြစ်ရှိသလိုခံစားချက်ကလည်း လွင့်ပြယ်သွားခဲ့လေသည်။


_________________________________________________________

Report Page