(151)

(151)

Tee Ko

"ကျောင်းပြဇာတ်?...ဟုတ်လား...."


"အင်း....မဲကျတဲ့အခန်းတိုင်း ပြဇာတ်အတွက်ပြင်ဆင်ရမှာ....ကြားတာတော့ အတန်းကြီးတွေလည်းပါမယ်တဲ့...."


"အေးဆေးပေါ့....ငါတို့အတန်း၂က မဲကျမယ်လို့တော့မထင်ပါဘူး....ပထမနှစ်တစ်ခုလုံး အခန်းသုံးခန်းပဲ ပြဇာတ်အတွက်မဲနှိုက်မှာလို့ ကြားထားသေးတယ်"


အခန်း၂တစ်ခုလုံး နောက်လကျင်းပမည့် ပြဇာတ်အကြောင်းဆွေးနွေးသံတွေဖြင့်သာ ဆူညံနေသည်။ ကျောင်းသားတစ်ချို့က ပြဇာတ်ကိုစိတ်ဝင်စားသော်လည်း တစ်ချို့ကျောင်းသားတွေက သူတို့အခန်းမဲမကျပါစေနဲ့ဟု ဆုတောင်းနေကြသည်။ ဘာကြောင့်ဆိုပြဇာတ်ကိုပျင်းစရာကောင်းတယ်ဟု တွေးနေကြတဲ့လူတွေရှိနေတာကြောင့်ပင်။


ဒါပေမယ့် တစ်ခါတစ်လေကံတရားက သူတို့ဆီတည့်တည့်ဝင်တိုးလာတတ်လေသည်။


ပထမနှစ် ပြဇာတ်အတွက် မဲကျသည့်အခန်းသုံးခန်းမှာ အခန်း၇၊ အခန်း၁နဲ့ အခန်း၂ဖြစ်နေခဲ့လေသည်။


အခန်း၂က ကွက်တိကြီးကို မဲကျသွားခဲ့တာ။ တစ်ခန်းလုံး အတော်လေးရုန့်ရင်းဆန်ခတ်ဖြစ်သွားခဲ့ရှာပြီး အတန်းပိုင်ဆရာကုရှီးမင်က အကုန်လုံးငြိမ်သက်သွားစေရန်ဝင်ထိန်းပေးခဲ့သည်။


"ပြဇာတ်နဲ့ပတ်သတ်ပြီး ဇာတ်လမ်းနဲ့ဇာတ်ကောင်တွေကိုမင်းတို့ကိုယ်တိုင်ရွေးချယ်ကြ....ဆရာက ဝင်ပါမှာမဟုတ်ဘူး...."


ဒီလိုနဲ့ ပြဇာတ်အတွက် ဇာတ်လမ်းရွေးချယ်ပွဲကြီး စတင်လာခဲ့သည်။ တစ်ခန်းလုံး အတန်းချိန်တစ်ချိန်ပြီး နားချိန်တစ်နာရီတွင် အခန်း၂က တံခါးတွေ၊ လိုက်ကာတွေအကုန်ပိတ်ရင်း မီးရောင်ဖျော့ဖျော့ဖြင့် စစ်ပွဲအတွင်းနည်းဗျူဟာအကြောင်း တိုင်ပင်ဆွေးနွေးသကဲ့သို့ပြုမူနေကြသည်။


ဆွေးနွေးပွဲတစ်လျှောက်လုံး ရဲ့ချင်က သူ့နေရာမှာသူ ငြိမ်ငြိမ်သက်သက်ထိုင်နေရင်း ကျောင်းသားတွေပြောသမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ချေ။


မျက်နှာဝိုင်းဝိုင်းဖြင့် ကျောင်းသူလေးတစ်ယောက်က အရင်ဦးစွာလက်ထောင်ရင်း သူ့သဘောထားကိုပြောလာသည်။


"ငါတစ်ခုလောက်ပြောချင်တာက ရိုမီရိုနဲ့ဂျူးလီးယက်ပြဇာတ်တို့၊ snow whiteနဲ့လူပုလေးခုနှစ်ယောက်တို့၊ အိပ်ပျော်နေသောမင်းသမီးလေးတို့ အဲ့လိုပြဇာတ်မျိုးက အရမ်းခေတ်နောက်ကျနေပြီ....ငါတို့အခန်း၂က သူမတူတဲ့ ပြဇာတ်မျိုးနဲ့ လူတွေကိုဖျော်ဖြေရမယ်...."


ပြဇာတ်ပွဲနေ့တွင် များစွာသောကျောင်းသားမိဘတွေနဲ့ တစ်ကျောင်းလုံးက ကျောင်းသားတွေ လာရောက်ကြည့်ရှု့ကြမှာဖြစ်သည်။ ထို့အတွက် အသစ်အဆန်းနဲ့ အကောင်းဆုံးပြဇာတ်မျိုးကို ဖန်တီးပြသချင်၏။ လုပ်မယ့်လုပ် အကောင်းဆုံးလုပ်ရမယ်လေ။


"ဒီတော့ ဇာတ်ညွှန်းကို ဘယ်သူတာဝန်ယူမှာလဲ...."


"ငါ...."


ဖုန်းမင်က လက်ထောင်လာသည်။ လူတိုင်း၏အကြည့်က သူ့ဆီရောက်လာသောအခါတွင် ခပ်ရွဲ့ရွဲ့ဖြင့် ဆရာကြီးလိုလိုအထာဖြင့် သူ့ရှေ့ဆံပင်ကိုလှန်တင်လိုက်သည်။


"ငါ့ရဲ့အပျော်တမ်းအလုပ်အကိုင်တစ်ခုက အွန်လိုင်းစာရေးဆရာပဲ...."


"ဝိုး!....."


တစ်ခန်းလုံးဆီက ဝိုးကနဲအသံနဲ့အတူ ဖုန်းမင်၏နှာခေါင်းမှာ ဟိုးမိုးပေါ်ထိရောက်လုမတတ် ထောင်တတ်လာခဲ့လေသည်။ လျန်မိုယိက ခပ်တည်တည် ခြေချိတ်ထိုင်ရင်း ပြောသည်။


"ပြဇာတ်အတွက် အဝတ်အစားတွေနဲ့ ကုန်ကျစရိတ်အားလုံးကို ငါတာဝန်ယူတယ်"


"ဝိုး!......"


ဒီတစ်ခေါက်လည်း တစ်ခန်းလုံး ဝိုးကနဲပါပဲ။ အခန်းထဲတွင် ဘောစိတစ်ယောက်ရှိနေခြင်း၏ အကျိုးကျေးဇူးကို အပြည့်အဝခံစားလိုက်ရလေသည်။


"ဒါဆို ဇာတ်ညွှန်းနဲ့ပတ်သပ်ပြီး မင်းကိုပင်ပန်းစေတော့မယ်..."


"ဟား...ဟား....အသေးအဖွဲလေးပါ....အသေးအဖွဲလေး...."


ဇာတ်ညွှန်းနဲ့ပတ်သပ်လို့ ယာယီတာဝန်ပေးအပ်မှု ပြီးဆုံးသွားသောအခါတွင် တစ်ခန်းလုံးခဏမျှစိတ်အေးလက်အေးဖြစ်သွားသည်။


ညနေကျောင်းဆင်းချိန်တွင် ကတ်ခ်ျဆီကနေ သတင်းကောင်းတစ်ခု ကြားခဲ့ရသည်။


တစ်လျောက်လုံး ဆင့်ကဲပြောင်းလဲနေသည့် အနီလုံး၏ပိုးအိမ်မှာ လှုပ်ရှားမှုရှိလာသည်တဲ့။ ရဲ့ချင်ဟာ ခပ်မြန်မြန်ပင် တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်လာသည့်စကားတွေကို ခေါင်းငြှိမ့်တုံ့ပြန်ရင်း အကြောင်းအမျိုးမျိုးပြကာ သူ့အခန်းကိုသာဦးတည်သွားသည်။


သူ့အခန်းထဲရောက်တာနဲ့ သူ့ဆံပင်တွေကြားထဲက နေရာလွတ်မီးတောင်ထဲဝင်ရောက်သွားသည်။ နေရာလွတ်မီးတောင်အတွင်းက ပတ်ဝန်းကျင်မှာ သူမဝင်ဖြစ်သည့်အတောအတွင်း အတော်လေးပြောင်းလဲသွားခဲ့သည်။ တစ်ချက်ကြည့်ရုံနဲ့ အဆုံးကိုမမြင်ရတော့လောက်အောင် မြက်ခင်းစိမ်းတွေနှင့် မျိုးစုံသော မီးစွမ်းအားဆေးဖက်ဝင်အပင်တွေဖြင့်ပြည့်နှက်နေပြီး တစ်ခြားစွမ်းအင်တွေနဲ့ပတ်သတ်သည့် ဆေးဖက်ဝင်အပင်တွေကိုလည်း ဟိုတစ်စ၊ဒီတစ်စတွေ့နိုင်လာသည်။


အနီရောင်ချော်ရည် ရေကန်ကြီးမှာ ပုံမှန်ထက် အဆတစ်ရာမျှကျယ်ပြန့်လာခဲ့ပြီး အမှတ်မထင်ကြည့်လိုက်ရင် ရေကန်ထက် ပင်လယ်ပြင်ကြီးနဲ့ပိုတူနေသည်။ ရဲ့ချင်၏စူးရှသည့်မျက်လုံးတွေက ရေကန်အလည်တည့်တည့်က ကြီးမားသည့်ကြာပန်းကြီးပေါ်တွင် လူသုံးကိုယ်စာလောက်ထိ ကြီးမားသည့် အနီရောင်ပိုးအိမ်ကြီးတစ်ခု လွင့်မြောနေသည်ကို မြင်နေရသည်။


ရေကန်စပ်နားတွင် ကတ်ခ်ျ၊ လေး ငါးနှစ်အရွယ် ကုန်းချွင်နဲ့ ရှောင်ချင်တို့သုံးယောက် မတ်တပ်ရပ်လျက် ရှိနေကြသည်။ ပုံရိပ်ယောင်ကမ္ဘာက ထွက်လာပြီးမကြာခင်မှာပင် ရှောင်ချင်၏တည်ရှိမှုကို တရားဝင်ဖော်ပြခဲ့တာကြောင့် သူ့အနေနဲ့ ထပ်မံပုန်းကွယ်နေဖို့ရန်မလိုအပ်တော့ပါချေ။


ကတ်ခ်ျနဲ့ကုန်းချွင်တို့နှစ်ယောက်မှာ သူတို့နှစ်ယောက်၏ အမွှာတွေအလား တစ်ပုံစံတည်းတူညီသည့်မျက်နှာတွေကြောင့် အတော်လေးအံ့အားသင့်သွားသည်ကိုမှတ်မိသေးသည်။ ဒါကိုတော့သူလည်းမတတ်နိုင်ပေ။ နှစ်ယောက်လုံး၏ မူရင်းမျက်နှာကိုက တစ်ပုံစံတည်းဖြစ်နေတာမဟုတ်ပါလား။


ကံကောင်းစွာဖြင့် ရှောင်ချင်နဲ့ပတ်သတ်ပြီး ကပ်သီးကပ်သတ် မမေးမြန်းလာခဲ့ကြပါချေ။ ကုန်းချွင်က သူ့ကိုအတော်လေးကပ်ပြီးသဘောကျသည်။ ထို့ကြောင့်ရဲ့ချင် အစပိုင်းထင်ခဲ့သည်မှာ သူနဲ့တူသည့်ရှောင်ချင်ကိုလည်း အနည်းနဲ့အများဆိုသလို သဘောကျလိမ့်မည်ဟု။ ဒါပေမယ့် လုံးဝမထင်မှတ်ထားစွာပင် ကုန်းချွင်ဖြစ်ဖြစ် ကတ်ခ်ျဖြစ်ဖြစ် ရှောင်ချင်ကို လုံးဝဂရုမစိုက်ကြချေ။


နှစ်ယောက်လုံး၏မျက်နှာမှာ အမွှာတွေလိုမျိုးရုပ်တူနေရင်တောင် အလွယ်တကူခွဲခြားနိုင်စွမ်းရှိကြသည်။


ကုန်းချွင်က ရဲ့ချင်နဲ့ဆို တကယ့်ကလေးတစ်ယောက်လို ကပ်ချွဲတတ်ပေမယ့် ရှောင်ချင်ကိုကျတော့ လှည့်တောင်မကြည့်ပေ။ ရှောင်ချင်ကြည့်ရတာလည်း ဒီလိုကိစ္စမျိုးကို ကြိုမျှော်မှန်းထားပုံရသည်။ သုံးယောက်လုံးတစ်ယောက်နဲ့တစ်ယောက် ပတ်ချေနေပေမယ့် ရဲ့ချင်ရှေ့ရောက်ရင် မျက်နှာသုံးခုလုံးကချက်ချင်းပြောင်းလဲသွားတတ်ကြလေသည်။


အခုလည်း သားရဲတစ်ကောင်၊ ဝိဥာဉ်နှစ်ယောက်၏ ဘေးပတ်လည်က အေးစက်နေသည့် ကြက်သီးထစရာလေထုမှာ ရဲ့ချင်ရောက်ရောက်ချင်း အရည်ပျော်ကျသွားခဲ့သည်။ ကုန်းချွင်က တကယ့်ကလေးလေးတစ်ယောက်လို ခုန်ပေါက်ရင်း ရဲ့ချင်ရင်ခွင်ထဲပြေးဝင်လာခဲ့သည်။ သူ့ရင်ဘတ်သေးသေးလေးထဲတွင် အနက်ရောင်ယုန်ရုပ်လေးတစ်ရုပ်ကို ပွေ့ပိုက်ထား၏။


ဒါက ရဲ့ချင်သူ့အတွက်တကူးတက ဝယ်ပေးထားသည့်အရုပ်လေးဖြစ်သည်။ အတိတ်ကာလတွင် ကုန်းချွင်လေးဟာ အမဲရောင်ယုန်ရုပ်လေးတစ်ရုပ်ကို ပထမဦးဆုံးကစားစရာအဖြစ် ရခဲ့ဖူးပြီး သူက၎င်းကိုအရမ်းနှစ်သက်သည်။ အချိန်တွေကြာညောင်းသွားပြီးနောက် တစ်ခုတည်းသော အနက်ရောင်ယုန်ရုပ်လေးမှာ ပျက်ဆီးယိုယွင်းသွားတာကြာမြင့်သွားခဲ့လေပြီ။ ကုန်းချွင်ကလည်း ထိုအရုပ်လေးကိုမေ့လျော့သွားသည်။


ဒါပေမယ့် ရဲ့ချင်ကထိုကိစ္စကိုရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့ပြီး ကုန်းချွင်အတွက် အနီးစပ်ဆုံးတူညီသည့် အနက်ရောင်ယုန်ရုပ်လေးတစ်ရုပ် လက်ဆောင်ပေးခဲ့သည်။ လက်ဆောင်ရရချင်း ကုန်းချွင်မှာမထင်မှတ်ထားအောင် ကြောင်အသွားရှာသည်။ သူ့ရဲ့ဝိဥာဉ်သက်တမ်းအရ သူ့တွင်ကလေးဆန်စိတ်စိုးစဉ်းမျှမရှိတော့ပဲ ရဲ့ချင်အနားကပ်လို၍ ဟန်ဆောင်နေရုံအပြင်မပိုပေ။


ဒါပေမယ့် ရဲ့ချင်ဆီက သူ့သဘောကျခဲ့ဖူးသည့်အရာလေးကို တကူးတကလက်ဆောင်အဖြစ်ရလာတာကို မြင်လိုက်ရတော့ ကုန်းချွင်ရင်ထဲတွင် တစ်သိမ့်သိမ့်လှုပ်ခါရင်း မည်သို့မည်ပုံ သူ့ခံစားချက်ကိုဖော်ပြရမည်မှန်း မသိတော့ပေ။ သေချာတာတစ်ခုကတော့ ထိုခံစားချက်မှာ ပျော်တာထက်ပိုသည်။


ဤသို့ဖြင့် ကလေးစိတ်မရှိတော့သည့် သက်တမ်း၈၀ ကျော် ဝိဥာဉ်ကြီးမှာ ယုန်ရုပ်လေးကို အချိန်ပြည့်ပိုက်ထားတတ်လာ၏။ ဒါကပဲ ရဲ့ချင် သူ့ကိုပွေ့ဖက်ထားသလိုခံစားရစေသည်။


ကုန်းချွင် ရဲ့ချင်နားရောက်ခါနီးမှာပင် ကတ်ခ်ျက ဂုတ်ကနေလှမ်းဆွဲထားလိုက်သည်။ ကုန်းချွင်၏ ကြက်သီးထစဖွယ် အနက်ရောင်မျက်ဝန်းတွေမှာ ကတ်ခ်ျရှိရာဆီတည့်တည့်ကျရောက်လာသောအခါတွင် ကတ်ခ်ျ၏အစိမ်းရောင်ကြောင်မျက်လုံးတွေက လှောင်ပြောင်သည့်ဟန်ဖြင့် သူ့လက်အားကို ပိုမိုတင်းကြပ်စေလိုက်သည်။


ဆေးရုံမှာတုန်းက ရဲ့ချင်ရဲ့အခြေအနေကြောင့် ရုန့်ရင်းဆန်ခတ်အခြေအနေကို ဖန်တီးမိသွားမှာစိုးလို့ ကုန်းချွင်၏လုပ်ရပ်ကို သည်းညည်းခံခဲ့ရပေမယ့် ဒီတစ်ခေါက်တော့ ထပ်သည်းခံနိုင်စွမ်းမရှိတော့ပေ။


"ဝါး....ရဲ့ချင်...မင်းက အချိန်ပြည့် ကြည့်ကောင်းနေတော့တာပဲ"


ကတ်ခ်ျနဲ့ကုန်းချွင်တို့နှစ်ယောက်သား အကြည့်ချင်းစစ်တိုက်နေစဉ်မှာပင် အခွင့်ရေးသမားရှောင်ချင်က အနားရောက်သွားလေပြီ။ အကြည့်စူးစူးနှစ်ခုက ရှောင်ချင်ရှိရာဆီ ဒိုင်းကနဲရောက်ရှိလာ၏။ ဒါပေမယ့် ရှောင်ချင်က စောက်ဂရုကိုမစိုက်ပါချေ။


"ဒါတွေ ခဏထားအုံး....အနီလုံး ဘယ်အချိန်လောက်မှာပြန်ထွက်လာမှာလဲ"


ကတ်ခ်ျက အဖြေပြန်ပေးသည်။


"သိပ်မကြာတော့ပါဘူး....အနီရောင်ပိုးအိမ်က အရင့်ဆုံးနဲ့အတောက်လောင်ဆုံးအချိန်မှာ သူထွက်လာလောက်မယ်"


ဒီလိုနဲ့ ရဲ့ချင်သည် ပွက်ပွက်ဆူနေသည့် ရေကန်ဘေးက မြက်ခင်းစိမ်းပေါ်တွင် ထိုင်ချလိုက်၏။ ရှောင်ချင်၊ ကုန်းချွင်နဲ့ကတ်ခ်ျကလည်း သူ့ဘေးတွင် ကပ်ရပ်ဝင်ထိုင်သည်။ ရေကန်က ချော်ရည်တွေဖြင့်ပွက်ပွက်ဆူနေသော်လည်း အကြောင်းတစ်ခုခုကြောင့်ရဲ့ချင်ဟာ အပူရှိန်ကိုမခံစားရပေ။ စာချုပ်နှောင်ကြိုးကြောင့်လည်း ဖြစ်နိုင်သည်။ ချော်ရည်က သူ့ကိုအန္တရာယ်မဖြစ်စေသည့်အပြင် အေးမြပြီးသက်တောင့်သက်သာရှိစေသည့် အာနိသင်တစ်မျိုးထုတ်လုပ်ပေးနေခဲ့သည်။


ရဲ့ချင်က အနည်းငယ်တော့မျှော်လင့်စောင့်စားနေမိ၏။ နောက်ဆုံးတော့ အနီလုံးက အမျိုးသမီးဇာတ်လိုက်အမည်ခံထားတဲ့ သူ့ရဲ့စာချုပ်ဝိဥာဉ်မဟုတ်ပါလား။


တစ်နာရီကျော်လောက်ထိ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီးနောက် ကန်လည်က အနီရောင်ပိုးအိမ်ကြီးမှာ ပူပြင်းတောက်လောက်သည့်အရှိန်အဝါတစ်ရပ်ပေါက်ကွဲထွက်လာ၏။


ရဲ့ချင်စူးစိုက်ကြည့်နေစဉ်မှာပင် သူ့လက်ထဲတစ်ခုခုထိုးပေးလာတာကိုခံစားမိသွား၏။ သူလှည့်ကြည့်မိလိုက်တော့ ပေါက်ပေါက်ဆုပ်နဲ့ ကိုကာကိုလာဘူး လက်မှာကိုင်ထားရင်း နေကာမျက်မှန်တပ်ထားသည့် ရှောင်ချင်က ပေါက်ပေါက်စားဖို့လှမ်းပေးနေတာဖြစ်နေသည်။


"ဒါတွေကို ဘယ်ကရလာတာလဲ"


နေကာမျက်မှန်က ပါသေးသည်။


"aww....မင်းနဲ့သိပ်မဝေးတဲ့အိပ်ဆောင်တစ်ခုထဲမှာ ခိုးကြောင်ခိုးဝှက် ရုပ်ရုင်ခိုးကြည့်နေကြတဲ့ ကျောင်းသားလေးယောက်ကိုတွေ့ခဲ့တယ်လေ....သူတို့ဆီက နည်းနည်းလောက် မ,လာခဲ့တာ....နေကာမျက်မှန်ကတော့ မင်းဆီကပဲ...."


ရဲ့ချင် : "....."


ဘာဆက်ပြောရမှန်း မသိတော့သည့်ရဲ့ချင်ဟာ ပေါက်ပေါက်ဗူးထဲက လက်တစ်ဆုပ်စာ ပေါက်ပေါက်အနည်းငယ်ကိုဆွဲယူလိုက်ပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။


လေးယောက်လုံး အမူအရာမပျက် ခပ်တည်တည်ပင် ဟိုးဝေးဝေးမှာရှိတဲ့ ကန်လည်ကအဖြစ်အပျက်အလုံးစုံကို ရုပ်ရှင်တစ်ခုသဖွယ် သဘောထားနေလားတော့မသိပေ။


ငါးမိနစ်ခန့်အကြာတွင် ပိုးအိမ်ပေါ်၌ အက်ကွဲကြောင်းတွေ အတန်းလိုက်ပေါ်ထွက်လာပြီး တောက်ပသည့် အနီရင့်ရောင်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလင်းထိန်သွားစေခဲ့သည်။


ရဲ့ချင်ဟာ ခပ်တည်တည်ပင် ရှောင်ချင်မျက်နှာပေါ်က နေကာမျက်မှန်ကိုဆွဲယူကာ တပ်လိုက်သည်။ ဤသို့ဖြင့် စူးရှလွန်းသည့်အလင်းရောင်ဟာ သူ့အတွက်အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်လာနိုင်တော့ပေ။


အလင်းရောင်ပျောက်ကွယ်သွားဖို့ အချိန်အတော်ယူလိုက်ရသည်။ ကန်လည်က အတော်လေးဝေးကွာသော်လည်း ရဲ့ချင်၏ပါဝါအတော်လေးကောင်းသည့်မျက်လုံးက အသေးစိတ်မြင်နေရလေသည်။ ကန်လည်က ကြာပန်းပေါ်၌ ဖြူဖွေးနူးညံ့သည့်ခြေဖဝါးတစ်စုံ ခြေချလာခဲ့၏။ သူ့မျက်နှာလေးက နို့နှစ်ရောင်လိုဖြူဖွေးနေပြီး အနီရောင်မျက်ဝန်းနှင့် အနီရောင်ဆံနွယ်ရှည်တွေမှာ ကျောလည်ကျော်သည်အထိ နူးညံ့စွာဖြာကျနေခဲ့သည်။ ပြစ်မျိုးမှဲ့မထင် အလှလေးတစ်ဦးပင်။ အနီရောင်အဝတ်စမှာ သူ့တစ်ကိုယ်လုံးကို ကချေသည်ဝတ်စုံပမာ လှလှပပရစ်ပတ်ထားခဲ့သည်။


အလှလေးက ချက်ချင်းဆိုသလို ကြာပန်းပေါ်ကနေအရှိန်ပြင်းပြင်း ပြန်ကန်ထွက်လာပြီး ရဲ့ချင်ဆီတည့်တည့်ပြေးဝင်လာ၏။


"သခင်!...."


ပျော်ရွှင်မှုအပြည့်ဖြင့် အသံလေးက ရဲ့ချင်စိတ်ထင်နေလို့လားပဲမသိပေမယ့် အနည်းငယ်ဩနေသလိုပင်။


ရဲ့ချင်ရင်ခွင်ထဲ တစ်ကိုယ်လုံးပစ်မဝင်လာခင်မှာပင် ကတ်ခ်ျက သူ့ကိုဂုတ်ကဆွဲကိုင်ရင်း ခပ်ဝေးဝေးပစ်ထုတ်လိုက်လေသည်။ ဝှီးကနဲလေတိုးသံနဲ့အတူ အနက်ရောင်အစက်လေးအဖြစ်ပျောက်ကွယ်သွားတာကိုကြည့်ရင်း ရဲ့ချင်မှာ ကတ်ခ်ျကို နားမလည်နိုင်စွာကြည့်လိုက်မိသည်။


ကတ်ခ်ျက ကြောင်မျက်လုံးလေးတွေကွေးညွတ်သွားသည်အထိ သူ့ကိုပြုံးပြလာ၏။


ဆယ့်ငါးမိနစ်မျှကြာပြီးနောက်တွင် အနီလုံး၊ တစ်နည်းအားဖြင့် အခုဆိုမိန်းမလှလေးပေါ့လေ။ ထိုတစ်ယောက်က ရဲ့ချင်ရှေ့ပြန်ရောက်လာ၏။ အနီလုံးဘဝတုန်းကလို ရဲ့ချင်ရင်ခွင်ထဲ ဝင်ချွဲခွင့်မရတော့ အတန်ငယ်ဝမ်းနည်းမိပေမယ့် အခုသခင်ဖြစ်သူဘေးနားက မကောင်းဆိုးဝါးတွေလို သူ့မှာလူတစ်ယောက်၏ပုံပန်းသဏ္ဍာန်ရှိလာလေပြီ။ ပြီးတော့ စကားပြောဆက်သွယ်နိုင်စွမ်းလည်းရှိလာ၏။


"အခုပုံစံကို သခင်ဘယ်လိုထင်လဲဟင်"


ပြောရင်းဆိုရင်းဖြင့် အနီလုံးက သူ့တစ်ကိုယ်လုံးလှည့်ပတ်ပြလာသည်။


"အင်း....မဆိုးပါဘူး..."


ဒီစကားလေးတစ်ခွန်းနဲ့တင် အနီလုံးမှာပြောမပြတတ်နိုင်လောက်အောင် ပျော်ရွှင်လာ၏။ တစ်ဖက်တွင် ရဲ့ချင်က အနီးလုံး၏ပြားချပ်နေသောရင်ဘတ်ကို မျက်မှောင်ကြုပ်ရင်းစိုက်ကြည့်နေခဲ့သည်။ မိန်းကလေးတစ်ယောက်ကို ဒီလိုစိုက်ကြည့်နေတာမကောင်းပေမယ့် သူ့စိတ်ထဲနှာဘူးအတွေးမျိုးရှိနေလို့တော့မဟုတ်ပေ။


အမျိုးသမီးဇာတ်လိုက်တစ်ယောက်အနေဖြင့် ဒီလောက်ကြီးပြားချပ်နေတာမဖြစ်သင့်ဘူးမဟုတ်လား။ သူ့ကြည့်ရတာ အတော်လေးအရပ်မြင့်ပြီး လိုလီတစ်ယောက်နဲ့လည်း တူမနေပါချေ။


မထိန်းနိုင်တော့တဲ့အဆုံးတွင် ရဲ့ချင်က တည့်သာမေးချလိုက်၏။


"မင်းရင်ဘတ်က ဘာကြောင့်ဒီလောက်ထိတောင် ပြားချပ်နေတာလဲ"


အနီလုံးအပါအဝင် ဟိုသုံးယောက်ကပါ သူ့ကိုပြူးကြောင်ကြောင်စိုက်ကြည့်လာခဲ့ကြသည်။


သူမေးတာ တစ်ခုခုမှားနေလို့လား။


အနီလုံးက ဖြူစင်သည့်မျက်နှာလေးဖြင့် သူ့ရင်ဘတ်ကိုလက်တစ်ဖက်ဖြင့် ဖိသပ်ပြကာ အဖြေပြန်ပေးလာခဲ့သည်။


"ကျွန်တော်က ယောက်ျားလေးပဲလေ....ယောက်ျားလေးတွေက ရင်ဘတ်ပြားတာ ပုံမှန်ပဲမဟုတ်ဘူးလား...."


ရဲ့ချင် : "....."


"မဟုတ်မှ သခင်က ရင်ဘတ်ကိတ်တဲ့ယောက်ျားလေးတွေကို သဘောကျတာလားဟင်....အဲ့လိုမှန်းသိ ခန္ဓာကိုယ်ပုံသွင်းတုန်းက ရင်ဘတ်ကိုကြီးကြီးလေး ဖန်တီးခဲ့ပါတယ်...."


ရဲ့ချင် : "....."


_________________________________________________________

Report Page