(15)

(15)

Tee Ko

မုဒ်ဝကြီးမှာ ဆင့်ခေါ်သူကိုးယောက်၏ပြိုင်တူဆင့်ခေါ်မှုကြောင့် ကြီးမားစွာပေါင်းစည်းသွားသည်။ အရင်ဦးစွာ မုဒ်ဝ အတွင်းမှထွက်ပေါ်လာသည်မှာ ခေါင်းနှစ်လုံးနှင့်ခြင်္သေ့ တစ်ကောင်ဖြစ်သည်။ ပြီးနောက် ကြီးမားသည့်အနီရောင်မြွေ၊ အနက်ရောင်ပင့်ကူ ၊ဗလတောင့်တောင့် ယုန်အပြင် တစ်ခြား ရဲ့ချင်အမျိုးအစားမသိသည့် ဆင့်ခေါ်သားရဲ တွေလည်းထွက်ပေါ်လာသည်။


ရဲ့ချင် : "....."


ဆင့်ခေါ်သားရဲတိုင်းရဲ့ ပုံပန်းသဏ္ဍာန်က အမြဲတမ်းဒီလိုပဲထူးဆန်းတာလား။ ဆင့်ခေါ်ပညာရပ်နှင့်ပတ်သပ်၍ စာသင်နှစ် ရက်အနည်းငယ်သာရှိသေးသည့် ရဲ့ချင်အနေနဲ့ ဒီလိုထူးထူးဆန်းဆန်းသတ္တဝါဆန်းပုံစံတွေကို သိပ်ပြီးမရင်းနှီးပေ။ဟိုတစ်ခေါက်လမ်းကြားထဲမှာလည်း ယခုလိုထူးထူးဆန်းဆန်း ဆင့်ခေါ်သားရဲတွေကိုမြင်တွေ့ဖူးသည်။


လူထွားကြီးကိုးယောက် ဆင့်ခေါ်လိုက်သည်မှာ သူတို့ရဲ့ကိုယ်ပိုင် စာချုပ်သားရဲတွေဖြစ်ကြသည်။ ဒါကြောင့် တစ်ခြား ကြုံရာကျပန်း ဆင့်ခေါ်သားရဲတွေလို ထိန်းချုပ်ရန် သိပ်ပြီးအားစိုက်ထုတ်စရာမလိုအပ်ပေ။


ရဲ့ချင် ရဲ့မျက်ဝန်းလှလှလေးတွေမှာ အနှီးဆင့်ခေါ်သားရဲကိုးကောင်ကို စူးစမ်းလေ့လာနေရင်း သူ့နဖူးအလည်တည့်တည့်တွင် ထူးဆန်းသော သင်္ကေတ တစ်ခုပေါ်ပေါက်လာသည်။ ပြီးနောက် သိပ်သည်းသည့် အနက်ရောင် အခိုးအငွေ့တွေမှာ ရဲ့ချင်၏ ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ထွက်ပေါ်လာပြီး သူ့ဘေးတွင် လူတစ်ယောက်၏ပုံပန်းသဏ္ဍာန်ဖြစ်တည်လာ၏။


အနက်ရောင်အငွေ့တွေရှင်းလင်းသွားသည့်အခါတွင် လူတိုင်းကိုမှင်သပ် ငေးမောသွားစေနိုင်သည့် မျက်နှာနှင့် အရပ်မြင့်မြင့်လူတစ်ယောက်ပေါ်ပေါက်၍လာသည်။ ထိုသူ့တွင် မြစိမ်းရောင်ဖြင့် မျက်ဝန်းနှင့် ကြမ်းပြင်ထိတိုင်ရှည်လျားတဲ့အနက်ရောင်ဆံနွယ်ရှည်တွေရှိသည်။ သူက တရုတ်ရိုးရာဝတ်စုံကဲ့သို့ ဝတ်ရုံရှည်ကြီးတစ်ခုကိုဝတ်ဆင်ထားပြီး ရဲ့ချင်ကိုပြုံးပြုံးလေးစိုက်ကြည့် သည်။


"ကျွန်တော့် အကူအညီလိုသေးလား သခင်အသေးလေး"


ရဲ့ချင် : "....."


ဒီတစ်ယောက် ဘယ်ချောင်ကြိုချောင်ကြားကနေ ထွက်လာတာလဲ။


ရဲ့ချင်ကသိပ်တော့မအံဩပေ။ ဘာကြောင့်ဆို သူအမြဲတမ်းလိုလို သူ့ခန္ဓာကိုယ်အတွင်း၌ တစ်ခြားသော သက်ရှိတစ်ဦး၏ ဖြစ်တည်မှုကိုခံစားမိတာကြောင့်ပင်။


ဒါပေမယ့် ထိုအမည်မသိလူ၏ ဦးခေါင်းထက်ရှိ အစိမ်းရောင်စာတန်းနှင့် မြင့်မြတ်သားရဲ ဟူသည့်အရာကြီးကိုမြင်သွားသည့်အခါတွင် ရဲ့ချင်ဟာ ခေတ္တမျှကြာအောင်တိတ်ဆိတ်သွားသည်။


ဒီတစ်ကောင်က တကယ်ပဲ လမ်းကြားထဲမှာ တွေ့ခဲ့သည့် အနက်ရောင်ကြောင် မဟုတ်လား။


အကယ်၍ ဖြစ်နိုင်ရင် ရဲ့ချင်အနေနဲ့ အော်သာငိုပြစ်လိုက်ချင်သည်။ ဒါပေမယ့် စိတ်ထဲဘယ်လောက်ပဲမုန်တိုင်းတွေ တိုက်နေပါစေ ရဲ့ချင် ထွက်သွားသည့်တစ်ခွန်းတည်းသောစကားမှာ....


ရဲ့ချင် : "အိုး...."


သူဘာဆက်ပြောနိုင်တော့မှာလဲ။ ဒီတစ်ကောင်နဲ့ သူ့ကြားထဲ၌ ခိုင်မြဲသည့်စာချုပ်တစ်ခုကိုသူခံစားမိသည်။ တကယ်လို့ တရားရုံးမှာသာ တိုင်တောခွင့်ရှိရင် သူအတင်းအဓမ္မ စာချုပ် ချုပ်ခြင်းခံခဲ့ရသည့်အကြောင်းကိုသာ တိုင်ချက်ဖွင့်ချင်တော့သည်။


ဒါပေမယ့် ကံဆိုးစွာဖြင့် တရားဥပဒေတွင် ဆင့်ခေါ်သူတွေက မှော်သားရဲသာအလိုမရှိခဲ့ရင်စာချုပ်ချုပ်ဆိုခွင့်မရှိဟု ပြဌာန်းထားခဲ့သည်။ ဆင့်ခေါ်သူက အလိုမရှိလျှင် မှော်သားရဲက စာချုပ်ချုပ်ဆိုခွင့်မရှိဟု မပါရှိထားပေ။


ရဲ့ချင် : "....."


နောက်ဆုံးတော့ သူ့မှာ ကိုယ်ပိုင်ဆင့်ခေါ်သားရဲတစ်ကောင်ရှိလာခဲ့ပြီဖြစ်သည်။ ကံဆိုးတာတစ်ခုက သူဘယ်ကနေဘယ်လို ဒီမအေဘေးကို ရလာခဲ့မှန်းမသိလိုက်ခြင်းပင်။


သူဖြစ်နိုင်ရင် ဤကြီးကျယ်မြင့်မြတ်သည့် သတ္တဝါတွေနှင့်အဝေးမှာသာနေချင်သည်။ ဘာကြောင့်များ သာမန်ဘဝမှာနေဖို့ ဒီလောက်ထိခက်ခဲနေရတာလဲ။


ရဲ့ချင်က သူ့ဟာနဲ့သူ အတွေးများစိတ်ပျက်နေသလောက် တစ်ဖက်လူထွားကြီးတွေနှင့် ကျင်းရှောင်ဖန်းကတော့ လုံးဝတည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ဘာကြောင့်ဆို ထိုထူးဆန်းသည့်အနက်ရောင်လူပေါ်ထွက်လာသည်နှင့် ဆင့်ခေါ်သားရဲကိုးကောင်လုံးမှာ ကြမ်းပြင်ထက်ကြောက်လန့်တကြားဝပ်တွားရင်း တစ်ဆတ်ဆတ်တုန်ရီနေ၍ဖြစ်သည်။


မဟုတ်မှ ဒီလူကဆင့်ခေါ်သားရဲလား။


လူတိုင်းကြောက်လန့်တကြားပင့်သက်ရှိုက်လိုက်ကြသည်။ လူပုံစံပြောင်းလဲနိုင်တဲ့ဆင့်ခေါ်သားရဲ တွေမှာအလွန်အမင်းရှားပါးပြီး သာလွန်သွေးမျိုးဆက်ပိုင်ရှင် မှော်သားရဲတွေသာ ထိုသို့ပြုလုပ်နိုင်ခြင်းဖြစ်သည်။


ကျင်းရှောင်ဖန်းက မျက်မှောင်းတင်းတင်းတစ်ချက်ကြုပ်လိုက်သည်။ ဆင့်ခေါ်သူ လူထွားကြီးကိုးယောက်မှာ သူ့တို့ကိုယ်ပိုင်စာချုပ်သားရဲတွေကို ဘယ်လောက်ပင် အမိန့်ပေးပေး ဆင့်ခေါ်သားရဲတွေမှာတစ်ဆတ်ဆတ်တုန်ရီလျက် ပါးစပ်မှ အမြှုပ်တစ်စီစီပင် ထွက်ကျလာသည်။ ဒါကသာမန်သွေးမျိုးဆက်ကွာခြားမှုမျိုးမဟုတ်တော့ပေ။ အလွန့်အလွန်ကွာခြားနေခြင်းကြောင့်သာမဟုတ်ရင် ဆင့်ခေါ်သားရဲတွေအနေနဲ့ဤမျှ ဆိုးဆိုးဝါးဝါးဖြစ်ပျက်နေမည်မဟုတ်ပေ။


"Boss!! ဘာဆက်လုပ်ကြမလဲ"


ရည်မွန်သည့်မျက်နှာဖြင့် သက်လတ်ပိုင်းအမျိုးသားဟာ အထိတ်တလန့်နှင့် ကျင်းရှောင်ဖန်းကိုမေးလာသည်။


သူတို့ဘာဆက်လုပ်နိုင်မှာလဲ။ ဆင့်ခေါ်သားရဲတွေကိုဒီလိုသာဆက်ထားရင် အကုန်သေကုန်မှာကိုစိုးရိမ်ရသည်။ သူ့လက်အောက်က အရည်အချင်းရှိသည့် ဆင့်ခေါ်သူတွေကိုမဆုံးရှုံးချင်တာကြောင့် ညှိနှိုင်းဖို့ရန်သာတတ်နိုင်တော့သည်။


"မင်းဘာလိုချင်တာလဲ"


ရဲ့ချင်က အမူအရာမဲ့နေသည့် မျက်နှာလှလှလေးဖြင့် ကျင်းရှောင်ဖန်းဆီလှည့်ကြည့်လာသည်။ ကျင်းရှောင်ဖန်း ရင်ထဲနှလုံးတစ်ချက်ဆောင့်ခုန်သွားသည်။ ရဲ့ချင်က အလွန်အမင်းလှရက်နိုင်လွန်းသည်မဟုတ်ပါလား။


ရဲ့ချင်က ခေါင်းငြှိမ့်ရုံငြှိမ့်ပြ၍ ကျင်းရှောင်ဖန်း ထိုင်နေရာ ခုံဆီသို့ ခပ်ပေါ့ပေါ့ခြေလှမ်းထြင့်လျှောက်သွားသည်။ ကြမ်းပြင်တွင်ခွေးအသေကောင်လို ဝပ်နေကြသော ဆင့်ခေါ်သားရဲတွေနားဖြတ်လျှောက်သွားသည့်အခိုက်တွင် ဆင့်ခေါ်သားရဲတစ်ကောင်ဟာ အချိန်ကိုက်ဆိုသလိုလှုပ်ရှားလာ၏။ကြီးမားသောမြွေကြီးက သူ့ပါးစပ်ကြီးကိုဟကာ ရဲ့ချင်အား အကောင်လိုက်မျိုချဖို့ရန်ကြိုးစားလာခဲ့သည်။


ရဲ့ချင်က ပေါ့ပေါ့ပါးပါးရှောင်လိုက်၍ သူ့ခြေထောက်ကိုမြှောက်ရင်း မြွေ၏ခေါင်းတည့်တည့်ကိုကန်လိုက်သည်။


ဖောင်း!!


လူတိုင်း၏ ပြူးကျယ်ဝိုင်းစက်သွားသည့်အကြည့်တွေအောက်တွင် ကြီးမားသည့်မြွေ၏ ခေါင်းမှာ တစ်စစီပေါက်ကွဲထွက်သွားလျက် ပတ်ဝန်းကျင်ကိုသွေးတွေ ပတ်ဖြန်းသွားလေသည်။ အလွယ်တကူအနောက်ဆုတ်လိုက်သည့် ရဲ့ချင်၏ခန္ဓာကိုယ်ပေါ်တွင် သွေးတစ်စစွန်းထင်းခြင်းမရှိသကဲ့သို့ သူ့မျက်နှာမှာလည်း အမူအရာကင်းမဲ့နေဆဲပင်။


ရဲ့ချင်၏ လှပနိုင်လွန်းသော မျက်နှာလေးကိုကြည့်ရင်း လူတိုင်း၏ရင်ထဲအေးစက်သွားသလိုခံစားရသည်။ သာမန်လူတစ်ယောက်က ဘယ်လိုလုပ် ဆင့်ခေါ်သားရဲတစ်ကောင်ကိုအလွယ်တကူသတ်ဖြတ်နိုင်မှာတဲ့လဲ။


မြွေကြီး၏ ပိုင်ရှင်ဖြစ်သူ လူထွားကြီးမှာ ဒူးတွေပျော့ခွေသွားလျက် သူ့ခန္ဓာကိုယ်ပေါ်က သူ့ကိုယ်ပိုင်ဆင့်ခေါ်သားရဲ၏သွေးကို ခံစားမိသည့်အခါတွင် ကြမ်းပြင်ပေါ်သို့ဖင်ထိုင်ရက် ပြုတ်ကျသွား၏။


ရဲ့ချင်၏ စွဲမက်ဖွယ်ရာ လှရက်လွန်းနိုင်သောမျက်နှာလေးကို မကောင်းဆိုးဝါးတစ်ကောင်လို စိုက်ကြည့် မိသည့်အထိပင်။


ရဲ့ချင်က အမူအရာမပျက်ပင် ကျင်းရှောင်ဖန်ကိုလှည့်ကြည့်လိုက်သည်။ ဒီမှာဆက်နေရန်ပျင်းရိလာသည့်အတွက် တိုတိုတုတ်တုတ်သာ ဖြေရှင်းလိုက်တာပိုကောင်းသည်။


"အစ်ကိုဟူဆိုတဲ့တစ်ယောက်က...."


"....."


"ငါ့သူငယ်ချင်းတစ်ယောက်ကို ထိခိုက်အောင်လုပ်သွားတယ်"


ကျင်းရှောင်ဖန်း : "....."


ပြောရင်းဆိုရင်းနှင့်ပင် ရဲ့ချင်၏ သေနတ်ကိုင်ထားသည့်လက်တစ်ဖက်မှာမြောက်တတ်သွားပြီး လှည့်ပင်မကြည့်ပဲ သူ့အနောက်တွင်တိတ်တဆိတ်ချည်းကပ်လာသည့် လူထွားကြီးတစ်ယောက်ကိုပြစ်လိုက်သည်။


"အား!!!!!"


ကျည်ဆံကတိတိကျကျကို ခြေထောက်သို့ထိမှန်သွားသည်။ လက်တွင် သွေးတွေစီးကျနေဆဲဖြစ်သည့်အနှီးလူမှာ ထပ်မံဒဏ်ရာရသွားသည့် ခြေထောက်ကြောင့်မြေပြင်ပေါ်သို့မှောက်ယက် လဲကျသွား၏။


နာကျင်လွန်းလို့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။ ဘုရားရေ!!။ဖြစ်နိုင်ရင် ဒီနတ်သားလိုမျက်နှာလေးနဲ့ မကောင်းဆိုးဝါးကို လုံးဝပတ်သတ်ချင်စိတ်မရှိတော့ဘူး။


လူတိုင်း၏ ထိတ်လန့်အံ့အားသင့်နေသည့် အကြည့်ကို လျစ်လျူရှု့၍ ရဲ့ချင်ကဆက်ပြောသည်။


"ငါမင်းတို့လုပ်ငန်းတွေကိုစိတ်မဝင်စားပါဘူး....."


"....."


"ငါက အေးအေးဆေးဆေးလေးနေချင်ရုံပါ"


လူတိုင်း : "....."


တော်သေးတာပေါ့။ အေးအေးဆေးဆေး နေချင်စိတ်ရှိလို့။


လူတိုင်းဟာ သူတို့စိတ်ထဲက ရွဲ့ပြောချင်နေသည်ကိုမနည်းထိန်းချုပ် လိုက်ရသည်။


"ဒါပေမယ့် ငါ့သူငယ်ချင်းတစ်ယောက်ဒဏ်ရာရတော့ ငါစိတ်ထဲနေလို့မကောင်းတော့ဘူး"


"....."


"သူ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းဆို နီရဲနေတာ"


လူတိုင်း : "....."


အော်.....များလိုက်တဲ့ဒဏ်ရာ။ဒီတော့ အဲ့ဒီဒဏ်ရာလေးတွေကြောင့် ဒီလိုသောက်ကျိုးနည်းတွေဖြစ်ကုန်တာပေါ့လေ။


ရဲ့ချင်က လေးနက်သည့်မျက်နှာဖြင့်ဆက်ပြောသည်။


"ဒဏ်ရာက သွေးတွေ စိမ့်ထွက်နေသေးတယ်"


လူတိုင်း : "....."


ဒဏ်ရာရပြီးသွေးထွက်တာ ပုံမှန်ပဲမဟုတ်ဘူးလားဟင် အစ်ကိုကြီးရဲ့။


ကျင်းရှောင်ဖန်းအပါဝင် သက်တော်စောင့်အုပ်စုဟာ ပါးစပ်အဟောင်းသားဖြင့် အမှန်တကယ်လေးလေးနက်နက်ပြောနေသည့် ရဲ့ချင်ကိုကြည့်လိုက်မိကြသည်။


ရဲ့ချင်ဟာ သူ့လက်ထဲက သေနတ်ကို ကျင်းရှောင်ဖန်၏ခေါင်းတည့်တည့်ဆီချိန်လိုက်သည်။


"ဒါကြောင့်....."


သက်တော်စောင့်တွေ၏ လှုပ်ရှားမှုမတိုင်ခင်မှာပဲ သေနတ်ထဲက ကျည်တစ်တောင့်ဟာ အသံကျယ်ကျယ်ဖြင့်ထွက်ပေါ်လာသည်။ ကျင်းရှောင်ဖန်းကိုယ်တိုင် ရှောင်ဖို့အချိန်မရလိုက်ပါသော်လည်း ကျည်ဆံမှာ သူ့မျက်နှာဘေး တစ်လက်မအကွာတွင် ဖြတ်သန်းသွားလေသည်။


ရဲ့ချင်၏ လက်တည့်ပုံအရ မှားပြစ်တာတော့မဖြစ်နိုင်ပေ။ ဖြစ်နိုင်တာက သတ်ချင်စိတ်မရှိတာ။


"ငါ့သူငယ်ချင်းတွေကိုမထိပါနဲ့"


ရဲ့ချင်၏ မျက်လုံးတွေမှာ အလွန်အမင်းအေးစက်နေပြီး နှစ်ပေါင်းများစွာဒုစရိုက်လုပ်ငန်းတွေကိုဦးဆောင်လာခဲ့သည့် ကျင်းရှောင်ဖန်းကိုတောင်မှကြောက်လန့်မှုကြောင့် အေးစက်တုန်လှုပ်သွားစေသည်။


ဒီလူငယ်က အရမ်းအန္တရာယ်များလွန်းသည်။


သူ့လိုရင်းသတိပေးချက်ကို ပြောပြီးသည်နှင့်ရဲ့ချင်၏ အမူအရာမှာပြန်လည်တည်ငြိမ်သွားသည်။ သူအသေအချာခေါက်သိမ်းထားသည့် ဖန်ပုလင်းဖင်လိုမျက်မှန်ကြီးကို ပြန်လည်ထုတ်ယူလိုက်ရင်း သူ့မျက်နှာပေါ်တပ်ဆင်လိုက်သည်။


ရဲ့ချင်၏ စွဲဆောင်နိုင်စွမ်းပြင်းထန်လွန်းသည့်အရှိန်အဝါနှင့် မျက်နှာမှာ ချက်ချင်းငုတ်လျှိုးပျောက်ကွယ်သွားပြီး မူလ ခပ်ထုံထုံ ခပ်အအ ပုံသဏ္ဍာန်မျိုးရောက်ရှိသွား၏။ ပြီးရင်ဘာမှမဖြစ်ခဲ့သလိုမျိုး သူ့ရဲ့ ဘယ်ကနေဘယ်လိုကောက်ရ ခဲ့မှန်းမသိသည့် 'သားသားလေး'(ဆင့်ခေါ်သားရဲ) အနားလျှောက်သွားသည်။


"ကျွန်တော်သူတို့ရဲ့မှတ်ဥာဏ်တွေကို ပြောင်းလဲပေးရမလား။"


ရဲ့ချင်၏ မျက်မှန်အောက်ရှိ မျက်လုံးလေးတွေမှာ တမူထူးခြားစွာတောက်ပ သွားသည်။ သူ့စိတ်ထဲပထမ ဦးဆုံးအကြိမ်အဖြစ် ဒီတစ်ကောင်ရှိတာ မဆိုးဘူးဟုခံစားလိုက်ရသည်။


နောင်အနာဂတ်တွင် သူမတော်တဆ သူ့အစစ်အမှန်ပုံရိပ်ကို ဖော်ထုတ်မိသွားရင်တောင် 'သားသားလေး'(ဆင့်ခေါ်သားရဲ) က ထိုမှတ်ဥာဏ်တွေကိုပြောင်းလဲပြစ်နိုင်သည်။


သူတကယ်ကြီးရတနာထုတ်ကြီးတစ်ခုကောက်ရ မိတာပါလား။


"အင်း....သူ့တို့မှတ်ဥာဏ်ထဲက မင်းနဲ့ ငါ့မျက်နှာကိုပဲမှုန်ဝါးသွားအောင်လုပ် ပေးရင်ရပြီ"


"ဒါပေါ့....သခင်အသေးလေးရဲ့ဆန္ဒအတိုင်းပါပဲ"


ရဲ့ချင် : "....."


ရဲ့ချင် ထွက်သွားသည်နှင့် အနက်ရောင်ဆံပင်ရှည်နဲ့ အမျိုးသားဟာ လူတိုင်းကိုရူးသွပ်သွားစေနိုင်သည့်အပြုံးဖျော့ဖျော့လေးတစ်ခုဖြင့် လှည့်ကြည့်လာသည်။


ကျင်းရှောင်ဖန်းနှင့် သက်တော်စောင့်တွေမှာ သူတို့ရင်ထဲ စိမ့်ကနဲနေအောင်ကြက်သီးထသွား၏။ သို့သော် အနက်ရောင်ဆံပင်ရှည်နှင့်အမျိုးသားမှာပြုံးရုံပြုံး၍ အနက်ရောင်အခိုးငွေ့သဏ္ဍာန်ပြောင်းသွားပြီး ရဲ့ချင်နောက်လိုက်သွားသည်။


ကျင်းရှောင်ဖန်းဟာ သက်ပြင်း အရှည်ကြီးချလိုက်မိသည်။ နောက်ဆုံးတော့ ပြဿနာအကြီးကြီးဟာ ကံကောင်းစွာဖြင့်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။သူ့လူတွေလည်း ရစရာမရှိအောင် စုတ်ပြတ်သပ်ကုန်ပြီ။


ရုပ်လေးက လှသလောက်.....ဟမ်....သူ့မျက်နှာက 'လှ'တာလား။


ကျင်းရှောင်ဖန်းက မျက်မှောင်တင်းတင်းတစ်ချက်ကြုပ်ရင်း သူ့ခေါင်းကိုအုပ်ကိုင်လိုက်မိသည်။ အံ့အားသင့်စရာကောင်းစွာပင် ထိုနှစ်ယောက်၏မျက်နှာကိုသူလုံးဝ မမှတ်မိတော့ကြောင်းတွေ့လိုက်ရသည်။


"တစ်ယောက်ယောက် လာဦး"


"လာပါပြီ boss"


"ခုနကနှစ်ယောက်....သူတို့မျက်နှာနဲ့ပုံပန်းသဏ္ဍာန် ငါ့ကိုပြောပြစမ်း"


"ပထမတစ်ယောက်က တကယ်တော်တယ်boss....သူ့တိုက်ခိုက်ပုံ တိုက်ခိုက်နည်းနဲ့ သေနတ်ကိုင်တဲ့ပုံစံက အစ ထိပ်တန်းအဆင့်တွေထက်တောင် ပိုသာတယ်လို့ကျွန်တော်ထင်တယ်....ပြီးတော့ သူ့မျက်နှာလေးက.....အမ်....သူ့မျက်နှာက ဘယ်လိုပုံစံပါလိမ့်"


ထိုသူဟာ သူ့ခေါင်းကိုသူ စိတ်ရှုပ်စွာကုပ်လိုက်မိသည်။ သူ့မှတ်ဥာဏ်က ဒီလောက်တောင်မေ့လွယ်တာလား။


*********


လမ်းမတစ်နေရာတွင် ရဲ့ချင်ဘေးနား၌ အနက်ရောင်အခိုးအငွေ့တစ်ချို့ရစ်သိုင်းသွားပြီး လူတစ်ယောက်သဏ္ဍာန်ပေါ်ပေါက်လာ၏။


"သခင်အသေးလေး"


ရဲ့ချင်ကမထူးခြားသလို မျက်လွှာပင့်ကြည့်သည်။ ဆင့်ခေါ်သားရဲတော်တော်များများက မှော်သားရဲသီးသန့်ကမ္ဘာ၌သာနေထိုင်ကြသည်။


အမှန်တော့ ဆင့်ခေါ်သားရဲနှင့်မှော်သားရဲဟူသည်မှာ အခေါ်အဝေါ်ပြောင်းလဲသွားရုံသာဖြစ်သည်။ ဆင့်ခေါ်သူတစ်ယောက်၏ဆင့်ခေါ်ခြင်းခံလိုက်ရတာ၊ဒါမှမဟုတ် စာချုပ်ချုပ်ဆိုခြင်းခံလိုက်ရသည့်မှော်သားရဲကို ဆင့်ခေါ်သားရဲဟုခေါ်ကြပြီး မည်သည့်ဆင့်ခေါ်သူနဲ့မှပတ်သပ်ခြင်းမရှိသည့် သားရဲကို မှော်ဝင်သားရဲဟုသာခေါ်တွင်ကြသည်။


"မင်းနေရာမင်းပြန်သွားတော့"


"???"


အနက်ရောင်ဆံပင်ရှည်နှင့်အမျိုးသားက အနည်းငယ်ကြောင်အ စွာဖြင့်ရဲ့ချင်ကိုကြည့်သည်။ အမှန်ဆို မင်းဘယ်သူလဲတို့၊ မင်းဘာကြောင့် ငါနဲ့စာချုပ်ချုပ်ပြီးသားဖြစ်နေရတာလဲတို့ မေးရမှာမဟုတ်ဘူးလား။


"ကျွန်တော်ဘယ်သူလဲဆိုတာမသိချင်ဘူးလား"


"ဟင့်အင်း"


"....."


ဒီတော့ ဘယ်လိုဆက်ပြောရတော့မှာတဲ့လဲ။ဆံပင်ရှည်နှင့် အမျိုးသား၏ အစိမ်းရောင်မျက်ဝန်းတွေမှာ ရဲ့ချင်ကိုအတော်ကြာစိုက်ကြည့်နေပြီးနောက်ချက်ချင်းပြုံးသွား၏။


"သခင်အသေးလေးက မသိချင်ဘူးဆို ဘာမှရှင်းပြ စရာမလိုတော့ဘူးပေါ့လေ....အော်...ဒါနဲ့ကျွန်တော့်နာမည်က 'ကတ်ခ်ျ'"


_________________________________________________________

Report Page