13.2

13.2

Khat

"လူတိုင်းက သုံးမိနစ်စီပဲ အချိန်ရမယ်။ အဓိကအချက်အလက်တွေကိုပဲ အကျဉ်းချုပ်ပြီး ငါ့ကိုပြောကြ။"



 ရှဲ့ကျင်၏အမိန့်ကို ရပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက နှလုံးသားထဲတွင် အော်ဟစ်မြည်တမ်းနေကြ၏။



သုံးမိနစ်တဲ့လား? အကြောင်းအရာတစ်ခုစီကို မိနစ်၃၀လောက် သူတို့ပြင်ဆင်ရတဲ့ဟာကို။ ဒီလိုပုံမျိုးဆို သူတို့အသက်ရှင်နိုင်ပါ့မလားပဲ။'



ရလာဒ်ကတော့ မိနစ်၃၀ကြာတင်ဆက်မှုကို ၃မိနစ်အဖြစ်လုပ်လိုက်ခြင်းက အဓိကအချက်များကို ထိထိရောက်ရောက် ရသွားစေသည်။ လူတိုင်းက အဓိကအချက်အမြားအပြားထဲမှာမှ တကယ့်အဓိကအကျဆုံးအချက်အလက်ကိုသာ ရွေးထုတ်တင်ပြပြီး အကျဉ်းချုပ်ပေးကြတော့၏။



ထပ်ပေါင်းအနေနှင့် ဥက္ကဌက ကျိုးကြောင်းဆီလျော်စွာဖြင့် ဆွေးနွေးချိန်ကိုတော့ ထည့်မပေါင်းထားပေ။



မထင်မှတ်ထားစွာပင် အချိန်အများကြီး သက်သာသွားပြီး အစည်းအဝေးကြီး၏ အကျိုးသက်ရောက်မှုကို ပိုပြီးတိုးတက်သွားစေသည်။



အစည်းအဝေးကို မူလကနေ့လယ်ပိုင်းအထိ ကျင်းပရန် စီစဉ်ထားသော်လည်း နှစ်နာရီမပြည့်မီတွင် ပြီးဆုံးသွားခဲ့၏။



ထို့အပြင် လူတိုင်း၏စိတ်သည် ထူးထူးခြားခြား ကြည်လင်နေပြီး လူအများစု၏ တင်ပြချက်များကိုပင် အံ့သြဖွယ်ကောင်းစွာ မှတ်မိနေသည်။



အစည်းအဝေးပွဲမစခင်တုန်းက ဥက္ကဌကို တိတ်တဆိတ် မကျေမနပ်ဖြစ်နေသော အကြီးတန်း အမှုဆောင်ဒါရိုက်တာတစ်ဦးသည်ပင် အစည်းအဝေးပွဲပြီးသွားပြီးနောက် ဥက္ကဌဖြစ်သူကို စတင်ချီးကျူးလာ၏။ 



ရှဲ့ကျင်က ထိုင်နေရာမှမထဘဲ နေနေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ခန်းထဲတွင် ဥက္ကဌဖြစ်သူနှင့်အချိန်အကြာကြီး မထိုင်ချင်ကြပေ။ အချိန်သိပ်ပင်မကြာလိုက် အစည်းအဝေးခန်းမကြီးထဲတွင် မည်သူမျှမကျန်တော့ချေ။



ရှဲ့ကျင်နှင့် စူးထောင်သာ ကျန်နေပြီး မကြာသေးမီတုန်းက ရှဲ့ကျင်ဆီမှ ကြိမ်းမောင်းခံထိထားသော မားကတ်တင်းဒါရိုက်တာကလည်း မိမိကိုယ်ကိုယ် အပြုမူကောင်းဖော်ပြချင်သည့်အတွက် ပရိုဂျက်တာ သန့်ရှင်းရေးလုပ်ပေးရန် ကျန်နေခဲ့၏။



"ဒါရိုက်တာဝမ် ဒီလကုန်ရင်ဘဏ္ဍာရေးဌာနမှာ အတွင်းရေးမှူးလစာနဲ့ လစာသွားထုတ်။" ရှဲ့ကျင်၏ အေးစက်စက်လေသံက သန့်ရှင်းရေးလုပ်နေသော ဒါရိုက်တာဝမ်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။



"ဘာလို့လဲဗျ။" လေသံပျော့ပျော့နှင့် ပြန်မေးလိုက်၏။



ကျင်းချွေ့ဝမ်သည် တံခါးဆီသို့ လှမ်းလျှောက်လာရင်း သူတို့ပြောနေတာတွေကို ကြားလိုက်သောအခါ လှည့်ကြည့်လိုက်သည်။ လက်ရှိအခြေအနေကိုမြင်သွားသည်နှင့် ကူကယ်ရာမဲ့စွာဖြင့် အပြေးကလေးမားကတ်တင်းဒါရိုက်တာကို ဆွဲကိုင်ကာ အမြန်ပင်ထွက်လာပြီး အစည်းအဝေးခန်းတံခါးကို ခပ်တင်းတင်းပိတ်ပေးလိုက်၏။



စူးထောင်က သူမ၏ကွန်ပြူတာကို သိမ်းဆည်းပြီးသည်နှင့် မော့ကြည့်လိုက်ရာ ရှဲ့ကျင်၏ မျက်မှောင်ကြုတ်ထားသောအကြည့်နှင့် အခန်းထဲတွင် ဖိနှိပ်ထားသောအော်ရာများ ပြည့်နှက်နေတာကို သူမတွေ့သွား၏။ကျယ်ဝန်းသော အစည်းအဝေးခန်းမထဲတောင် သူမချုပ်နှောင်ခံထားရသလို ခံစားလိုက်ရသည်။



ထွက်သွားရန် ရည်ရွယ်ရင်း ကွန်ပြူတာနှင့်အတူ ထိုင်ခုံမှ ထရပ်လိုက်၏။ ရှဲ့ကျင်ကို ဖြတ်သွားလိုက်စဥ် သူမရဲ့လက်ကောက်ဝတ်က ခပ်တင်းတင်းဆွဲခံရကာ သူမခန္ဓာကိုယ်ကို အတင်းအကြပ် သူ့ပေါင်ပေါ်သိုထိုင်ရန် ဆွဲယူလိုက်၏။



စူးထောင်သည် ရုန်းကန်သော်လည်း ရှဲ့ကျင်ကသူမ၏ ကွန်ပြူတာကိုယူကာ အစည်းအဝေးစားပွဲပေါ်သို့ တင်ထားလိုက်ပြီး လက်နှစ်ဖက်ဖြင့်စားပွဲစွန်းကို ထောက်ထားရင်း ရှေ့သို့ကိုင်းကာ စူးထောင်အား စားပွဲနှင့်ဖိထားတော့သည်။



"ရှဲ့ကျင် လက်ကိုလွှတ်။ ကျွန်မတို့ အခုကုမ္ပဏီမှာ ရှိနေတာနော်။" ချဉ်းကပ်လာသောသူ့မျက်နှာအား ရှောင်ရှားရန် ခေါင်းကိုလှည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင်တော့ ရွံရှာမှုအရိပ်အယောင်အပြည့်နှင့်ပင်။



"ရှောင်ထောင်လေး နောင်မှာ မင်းစိတ်ဆိုးနေရင်တောင် မနေ့ကလိုမျိုးထပ်မလုပ်နဲ့တော့။ မဟုတ်ရင် ကိုယ်တကယ် ဒေါသထွက်သွားလိမ့်မယ်။"



စူးထောင်သည် မျက်လုံးများကိုမှိတ်ထားကာ သည်းခံရင်း ပြောလိုက်၏။"ရှင် ကျွန်မလက်ကို အရင်လွှတ်ပေး။"



"ကိုယ် ကျင်းချွေ့ဝမ်ကို မနက်ဖြန်မော်လ်ဒိုက်သွားဖို့ လက်မှတ်နှစ်ဆောင်ဝယ်လားခိုင်းတယ်။ အိမ်ကိုပြန်ပြီး အဝတ်အစားတွေ ထုတ်ပိုးထားလိုက်တော့။ ကိုယ်တို့မနက်ဖြန်မနက်စောစော သွားကြမယ်။"



"ကျွန်မကို အရင်လွှတ်ပေး။" စူးထောင်က ထပ်ပြောလာသည်။



"စိတ်ဆိုးနေတုန်းပဲလား။"



စူးထောင်က ဘာမှပြန်မပြောချေ။



"လမ်းခွဲချင်နေတုန်းပဲလား။"



စူးထောင်၏ ကြည်လင်သော မျက်လုံးများက ရုတ်တရက် သူ့ကိုကြည့်လာပြီး သူမမျက်လုံးများက နက်ရှိုင်းနေသော ရေကန်ကဲ့သို့ တည်ငြိမ်နေကာ သူ့ကိုငုံ့ကြည့်ရန် ဆွဲငင်နေ၏။



"ရှင်ပဲကျွန်မကို အထုပ်အပိုးပြင်ဆင်ဖို့ မပြောလိုက်ဘူးလား။ ကျွန်မအခုပဲ သွားပြင်တော့မလို့လေ။" စူးထောင်က ဝမ်းသာအားရလည်းမဟုတ် ဒေါသလည်းမထွက်သည့်အသံဖြင့် အေးအေးဆေးဆေးပင် ပြောလိုက်သည်။



ရှဲ့ကျင်က သူမကို ကိုင်ထားတဲ့လက်ကို စိတ်ပျက်လက်ပျက်လွှတ်ချလိုက်ပြီး တည်ငြိမ်လွန်းသည့် မျက်လုံးတွေကို မြင်လိုက်ရသောအခါ ရုတ်တရက်ထိတ်လန့်သွားသလို ခံစားသွားရသော်လည်း ခဏတာမျှသာ။



'သူက သူမကို ကောင်းကောင်း အဖော်ပြုပေးလိုက်ရင် သူမကို သေချာပေါက် ချော့လိုက်နိုင်မှာပါ။'


--------


စူးထောင်သည် သူမအရင်က ရေးသားခဲ့သော အလုပ်အကြောင်းအကျဉ်းချုပ်နှင့် ဆက်စပ်သောစာရွက်စာတမ်းများကို ထုပ်ပိုးကာ ဟယ့်ရှောင်ရွေ့ထံသို့ ပေးပို့လိုက်သည်။



ထို့နောက် သူမ၏အလုပ်သမားကတ်ကို စားပွဲအလယ်တွင် ချထားလိုက်ကာ နှစ်ဝက်ကြာထိုင်ခဲ့သည့်ထိုင်ခုံကို ငေးကြည့်ရင်း ရုံးခန်းထဲမှထွက်သွားတော့သည်။



စူးထောင်သည် ပထမထပ်ရှိ အရှေ့ကောင်တာ စားပွဲရှေ့တွင်ရပ်နေသည့် ပန်းရောင်ပုံသဏ္ဍာန်လေးကို မထင်မှတ်ဘဲ တွေ့လိုက်ရ၏။ ရင့်ကျက်တည်ငြိမ်ပြီး မာနကြီးပုံရသောမျက်လုံးများကို အနည်းငယ် ပင့်မော့ထားသည်။



စူးထောင်က သူမ၏လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကို စိုက်ကြည့်လိုက်ရာ ပြိုးပြိုးပြက်ပြက်လက်နေပုံက ရှဲ့ကျင် သူမကိုပေးခဲ့သည့်လက်ကောက်နှင့် တစ်ထပ်တည်းပင်။



ထိုသူမှာ ချင်ရွယ်ရှီးဖြစ်ရမည်ဟု စူးထောင်ခန့်မှန်းလိုက်၏။



သူမသည် ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်ရှည်များက သူမ၏ပုခုံးပေါ်တွင်ကျလို့နေသည်။ ဘေးတစ်ခြမ်းကြည့်လိုက်ရင် စူးထောင်နှင့် အနည်းငယ်ဆင်တူနေသည်။



ချင်ရွှယ်ရှီး ကိုယ်ပေါ်ရှိ အရောင်ကိုကြည့်လိုက်ရင်း မနေနိုင်ဘဲ ရှဲ့ကျင်၏ဗီလာရှိ ပန်းရောင်နှင့် ပြည့်နှက်နေသောအဝတ်ဗီရိုကို တွေးမိသွား၏။ ရင်ထဲရှိ အဆင်မပြေမှုကို ဖြေလျှော့လိုက်ကာ အရှိန်ကိုခပ်မြန်မြန်မြှင့်လိုက်သည်။ 



တစ်ခုခုကို အာရုံခံစားမိသွားသလိုမျိုး ချင်ရွှယ်ရှီးက ခေါင်းကိုလှည့်ကာ စူးထောင်ကို အံ့ဩတကြီးကြည့်နေ၏။



"နင်က စူးထောင်လား။"



စူးထောင် တံခါးနားရောက်ခါနီးအချိန်တွင် ရုတ်တရက် သူမကိုခေါ်လိုက်သံကြားလိုက်ရ၏။



သူမက ရပ်ပြီးလှည့်ကြည့်လိုက်ကာ တည်ငြိမ်နေသောမျက်လုံးထဲတွင် သူမ၏မည်သည့်အတွေးမျှ ပေါ်မနေချေ။



"ရှင်က ဘယ်သူလဲ။" စူးထောင်က သိလျှက်နှင့်ပင် မေးလိုက်သည်။



"ငါက ချင်ရွယ်ရှီး၊ အားကျင်ရဲ့ အတွင်းရေးမှူးဟောင်းပါ။"



အားကျင်လို့ ခေါ်လိုက်တဲ့ပုံစံက သူမကိုတားဆီးရခြင်း၏ ရည်ရွယ်ချက်ကို တမင်ဖော်ပြလို့နေ၏။



စူးထောင်သည် ဘာမှပြန်မပြောလိုက်ဘဲ သူမ၏ ကြည်လင်ပြတ်သားသည့် မျက်လုံးများနှင့် လူတစ်ယောက်ကို တိတ်တဆိတ် စိုက်ကြည့်နေခြင်းက လူကိုအပြစ်ရှိသလို ခံစားရစေသည်။



ချင်းရွှယ်ရှီးက သူမအကြည့်တွေကို ရှောင်ဖယ်လိုက်ပြီး ခါးကိုမတ်မတ်ထားကာ မေးစေ့ကို မြှောက်ရင်း "တို့ မင်းကိုကော်ဖီတစ်ခွက် ဝယ်တိုက်မယ်။"



 "မလိုပါဘူး။ ပြောစရာရှိရင် ဒီမှာပဲပြောပါ။" သူမ၏ ရည်ရွယ်ချက်ကို သိသောကြောင့် စူးထောင်သည် သူမနှင့် ပေါက်ပေါက်မဖောက်ချင်ပေ။ 



ချင်ရွှယ်ရှီးသည် ဘာသိဘာသာပင် မျက်ခုံးပင့်လိုက်ပြီး အတိတ်က အမှတ်ရစရာများထဲ နစ်မြုပ်သွားသကဲ့သို့ ချက်ချင်းထပြောလာ၏။



 "တို့က ဘွဲ့ရပြီးတာနဲ့ ထျန်းကျင်မှာ အလုပ်ဝင်လုပ်ခဲ့တာလေ။ ဥက္ကဌဟောင်း နေမကောင်းဖြစ်လာတဲ့အခါမှာ အားကျင်က ကုမ္ပဏီကို ပထမဆုံးအကြိမ် ရောက်လာတယ်။ လှပတဲ့အတွင်းရေးမှူးတစ်ယောက်အနေနဲ့ သူကတို့ကို သူ့အတွင်းရေးမှူးအဖြစ် ခန့်လိုက်ပြီးတော့ သူနဲ့အတူခရောင်းလမ်းကို အတူတူရင်ဆိုင်နိုင်လားလို့မေးတယ်။ တို့ကလည်း မတုံ့ဆိုင်းဘဲ ချက်ချင်းပဲသဘောတူတယ်လို့ ပြန်ပြောလိုက်တာ။ နှစ်နှစ်ကြာ သူနဲ့အတူရင်ဆိုင်ကျော်ဖြတ်ပြီးတဲ့နောက်မှာ ကုမ္ပဏီတစ်ခုလုံးကို သူထိန်းချုပ်နိုင်သွားတယ်။ အဲဒီနေ့မှာပဲ သူကတို့ကို ဖွင့်ဟဝန်ခံခဲ့တယ်။ တို့က အားကျင်ထက် နှစ်နှစ်ကြီးတယ်လေ ဒါကြောင့်သဘောမတူလိုက်ဘူး။ အခုတော့ တွေးရင်းတွေးရင်းနဲ့ သူ့အချစ်ကို လက်ခံဖို့ဆုံးဖြတ်လိုက်ပြီ။"



ချင်ရွှယ်ရှီး၏ မျက်လုံးများတွင် အရိပ်အမြွက်နှင့် ဒေါသအရိပ်အယောင်များ ရှိနေသည်။ သူမ၏ လက်ကောက်ကို မမြင်လိုက်မှာကို ကြောက်နေသလိုမျိုး ဆံပင်ရှည်များကို ခဏခဏ သပ်ပြနေ၏။



"ရှင် ကျွန်မကို အသိပေးစရာ မလိုပါဘူး။ "

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စူးထောင်က အေးစက်စက်နှင့် " ကျွန်မနဲ့လည်း ဘာမှမဆိုင်ဘူး။"



သူမရဲ့လျစ်လျူရှုထားတဲ့ အမူအရာတွင် ဘာအမှားမှရှိချေ။ ထို့နောက် သူမလှည့်ထွက်သွားလာလိုက်၏။



ထျန်ကျင်းအဆောက်အဦးမှ ထွက်သွားပြီးနောက် စူးထောင်က တက္ကစီတစ်စီးကို တားလိုက်ကာ ဗီလာလိပ်စာပေးလိုက်သသည်။ ထိုင်ခုံနောက်ကျောကို မှီလိုက်ရင်း မျက်လုံးကိုမှိတ်ချလိုက်၏။



လွန်ခဲ့တဲ့လေးနှစ်က ရှဲ့ကျင် ကုမ္ပဏီကို ထိန်းချုပ်လိုက်နိုင်တဲ့နေ့က သူမတို့ပထမဆုံး ဆုံခဲ့ကြတဲ့နေ့လည်းဖြစ်သည်။



အဲဒီနေ့က သူကသတ်သေချင်နေပြီး ဘာကြောင့်လဲဆိုတာကို သူမပြောပြခဲ့သလို သူမကလည်း သူ့ကိုမမေးခဲ့ပေ။



'အဲဒီနေ့က သူမရဲ့အမေနှစ်ပတ်လည်နေ့ဖြစ်သလို သူမအဖေက ဒီနှစ်တွေအတွင်းမှာ သူမကိုဘာလို့ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့တဲ့ အကြောင်းအရင်းကိုလည်း သိသွားတဲ့နေ့ပဲ။ အကြောင်းပြချက်တချို့ကြောင့် သူမရှဲ့ကျင်ရဲ့တံတာပေါ်က ခုန်ချချင်တဲ့စိတ်ကို နားလည်သွားခဲ့တယ်။'



'တကယ်လို့ သူသာ ခုန်ချချင်ရင် သူမလည်းအဲဒီလူစိမ်းနဲ့အတူ တံတားပေါ်က လိုက်ခုန်ချမှာပင်'



'ကမ္ဘာကြီးရဲ့မမျှတမှုနဲ့ စိတ်ချင်းဆက်မှုတွေကြောင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတင် တစ်ယောက်ကိုတစ်ယောက်လိုအပ်ပြီး အချင်းချင်းဖေးမလာကြ၏။'



'သူမက ရှဲ့ကျင်အတွက် အထူးခြားဆုံးဖြစ်တည်မှု၊ သူ့ဘဝမှာ ထပ်အစားထိုးလို့မရနိုင်တဲ့သူလို့ အမြဲတွေးခဲ့တာ။'



'ငယ်ငယ်လေးကတည်းက လျစ်လျူရှုခံခဲ့ရပြီး အခွင့်အရေးများ အမြဲဆုံးရှုံးနေတာကြောင့် သူမနဲ့ထိုက်တန်တာလည်းရှိကြောင်း သက်သေပြဖို့ ဒီလိုထူးခြားတဲ့အချစ်တွေကို သူမလိုအပ်ခဲ့တယ်။'



'သူမ သူ့ပေးနိုင်သမျှက အကြွင်းမဲ့ချစ်ခြင်းမေတ္တာ၊ အဖော်ပြုပေးတာနဲ့ အားကိုးခြင်းတွေပဲ။'



'တန်ပြန်အနေနဲ့ သူ့ဆီကနေ အကြွင်းမဲ့ချစ်ခြင်းကို မျှော်လင့်နေခဲ့တာ။'



'ဒါပေမယ့် တကယ်လို့ အဲဒီနှစ်က သူသတ်သေခဲ့တဲ့အကြောင်းအရင်းသာ ချင်ရွှယ်ရှီး ငြင်းလိုက်လို့ဆိုရင် ဒါက တကယ်ကို ရယ်စရာကောင်းသွားမှာ။'



'ဒီလိုအကြောင်းပြချက်နဲ့သာဆို သူမနဲ့ ဘယ်လိုလုပ်စိတ်ချင်းဆက်နိုင်မှာလဲ။'



သူမဖုန်းကနေ စီနီယာအကိုထံမှ wechat စာပို့သံထွက်လာ၏။



[ကျန်းချီကွမ်း - ဓာတ်ပုံက အစစ်ပဲ။]



စူးထောင်ဟာ သူမဖုန်းစခရင် တဖြည်းဖြည်းမှိန်သွားတာကို တိတ်တဆိတ်ကြည့်နေရင်း ပါးပြင်မှမျက်ရည်တွေကို အကြမ်းပတမ်းသုတ်လိုက်ကာ ဖြေးညင်းစွာ မျက်စိမှိတ်လိုက်တော့သည်။



သူမသည် မိမိကိုယ်မိမိ အစစ်အမှန်ချစ်ခြင်းဟုသတ်မှတ်ကာ လေးနှစ်ကြာပိတ်မိနေပြီးနောက် အဆုံးတွင် အားလုံးက သူမတစ်ဦးတည်းဘက်မှ လိုလားတောင့်တနေသော ဆန္ဒများသာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။



'သူမက တကယ့်ကို ဟာသဖြစ်ခဲ့တာ။'






Report Page