(122)

(122)

Tee Ko

ဖုန်းမင်နဲ့နန်ရှောင်မေက မကောင်းတာတစ်ခုခု လုပ်တော့မည်ဆို လွန်စွာအတိုင်အဖောက်ညီလွန်းလှသည်။ ရဲ့ချင်အား အပြင်သို့ ခဏတာလည်ပတ်ဖို့ခေါ်ဆောင်သွားမည့်အကြောင်းသိလိုက်ရသောအခါတွင် အမွှာသုံးယောက်၏တုံ့ပြန်မှုမှာ လုံးဝမဖြစ်နိုင်ဟု။


ရဲ့ချင်ဒီအိမ်တော်သို့စရောက်စဥ်အချိန်က မတော်တဆကိစ္စရပ်တွေကို ကာကွယ်ဖို့ အိမ်တော်ပတ်ပတ်လည်ကို လျှို့ဝှက်အစောင့်တွေထားရှိထားခဲ့သည်။ နောက်ပိုင်း ရဲ့ချင်၏ရည်ရွယ်ချက်မှာ ထွက်ပြေးဖို့တစ်စုံတစ်ရာမရှိသည့်အခါမှ လျှို့ဝှက်အစောင့်တွေမှာ တဖြည်းဖြည်းလျော့ချလာခဲ့တာဖြစ်သည်။ အမွှာသုံးယောက်က သာမန်ဥယျာဥ်မှုးတွေတော့မဟုတ်ပေ။


သုံးယောက်လုံးမှာ လျှို့ဝှက်လေ့ကျင့်ပေးခြင်းခံထားရသည့် အိမ်ရှေ့စံတစ်ဦးတည်းကိုသစ္စာခံသူတွေဖြစ်ကြသည်။ ရဲ့ချင်စရောက်လာချိန်တွင် သိပ်အမြင်မကြည်ခဲ့သော်လည်း အိမ်ရှေ့စံကိုယ်တိုင်ကိုယ်ကျ ချောက်ချခံရကြောင်းပြောပြခဲ့သည့်အပြင် ရဲ့ချင်၏နှစ်လိုဖွယ်ကောင်းသော အမူအကျင့်တွေကြောင့် တဖြည်းဖြည်းသဘောကျသထက် သဘောကျလာခဲ့ခြင်းပင်။


ဒါပေမယ့် ရဲ့ချင်က အကျယ်ချုပ်ခံထားရခြင်းဖြစ်သည်။ အကယ်၍ ရဲ့ချင်သာ အပြင်ခိုးထွက်သွားရင် လိုက်ဖမ်းခေါ်ရမည့်တာဝန်မှာ သူတို့တွင်အပြည့်ရှိသည်။ မထင်မှတ်ထားသည်က ကာရကံရှင်မှာ အပြင်ထွက်လိုသည့်ဆန္ဒ သိပ်ရှိဟန်မရပဲ ဟိုနှစ်ယောက်ကိုက အတင်းတွေဆွဲခေါ်ချင်နေကြပုံပေါ်နေသည်။


ဖုန်းမင်နဲ့နန်ရှောင်မေမှာ အိမ်ရှေ့စံ၏ အရင်းနှီဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး အမွှာသုံးယောက်လုံးစော်ကားနိုင်သည့် အဆင့်အတန်းတွင် မရှိကြချေ။


"ရှောင်ရဲ့က အခုလောလောဆည်အခြေအနေမှာ အကျယ်ချုပ်ချခံထားရတာ....အရှင့်သားရဲ့ အမိန့်မရှိပဲ အပြင်ထွက်ခွင့်ပေးဖို့က အဆင်မပြေပါဘူး"


နန်ရှောင်မေက ရှေ့ထွက်ရင်း ဇက်ကျောဆန့်လိုက်သည်။


"ဒီတော့ မင်းကတားချင်တာလား"


"ဒါက...."


အမွှာသုံးယောက်လုံး ဘာပြန်ဖြေရမှန်းမသိတော့ပေ။ လူနှစ်ယောက်ကိုလည်း မဆန့်ကျင်နိုင်သလို အိမ်ရှေ့စံ၏အမိန့်ကိုလွန်ဆန်လို့လည်းမရပေ။ ထိုဖြေရှင်းရခက်နေသည့်အခြေအနေကြားထဲတွင် ရဲ့ချင်ဟာ ပါးစပ်လေးဟရင်း....


"အမှန်တော့ ကျွန်တော်အပြင်ထွက်ချင်စိတ်မရှိ...."


"မင်းကိုယ်မင်းချုပ်တီးထားဖို့မလိုပါဘူး...."


"ငါ မဟုတ်...."


"မင်းငြင်းနေတဲ့အကြောင်းပြချက်ကို ငါသိပါတယ်...."


"မဟုတ်...."


"မင်းရဲ့သခင်ကို ပြဿနာရှာသလိုဖြစ်သွားမှာဆိုးလို့မဟုတ်လား....စိတ်ချပါ....မင်းကိုအပြင်ခေါ်သွားဖို့ဆန္ဒရှိတဲ့လူက ငါတို့နှစ်ယောက်ပဲ....ဘယ်လိုလုပ် မင်းကိုဒုက္ခရောက်စေမှာလဲ"


"....."


ရဲ့ချင်မှာ ဆက်ငြင်းချင်သော်လည်း နောက်ဆုံး၌ ငြိမ်နေဖို့သာရွေးချယ်လိုက်တော့သည်။ ဒါနဲ့ သခင်ဆိုတာ စွင်းယန်ကိုပြောတာလား။


အမွှာသုံးယောက်ဟာ ပါးစပ်အဟောင်းသားဖြင့် တစ်ဇွတ်ထိုး အာမခံနေသည့်လူနှစ်ယောက်ကို ကြောင်ကြည့်နေမိသည်။ ကာရကံရှင်ကိုယ်တိုင်က သွားချင်စိတ်မရှိပါဘူးလို့ ပြောချင်နေတာမဟုတ်ဘူးလား။ အနည်းဆုံးတော့ တစ်ဖက်လူသဘောထားကို ဆုံးအောင်နားထောင်ပေးကြအုံးလေ။


ဒီလိုနဲ့နောက်ဆုံးမှာတော့ လူနှစ်ယောက်၏အာမခံမှုနဲ့အတူ အမွှာသုံးယောက်ဟာ အင်တင်တင်လက်ခံသဘောတူလိုက်ရသည်။


"ကျွန်တော်တစ်ခုလောက်ပြောပါရစေ....ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်ရဲ့မျက်နှာကိုဖုံးထားစေချင်တယ်....သူဆိုတာကို ဘယ်သူမှမသိရင်အကောင်းဆုံးပဲ....တကယ်လို့ အရှင့်သားပြန်ရောက်လာလို့ ရှောင်ရဲ့အပြင်သွားတာအစအဆုံးသိသွားရင် သခင်လေးတို့နှစ်ယောက်လုံး တာဝန်ခံရမယ်ဆိုတာမမေ့ပါနဲ့...."


ဒီကိစ္စက အမွှာသုံးယောက်လုံးကို ပြဿနာနည်းနည်းတတ်စေနိုင်သော်လည်း ဒီသခင်လေးနှစ်ယောက်လုံးက ရဲ့ချင်ကိုအချိန်မှီပြန်ခေါ်လာမှာလို့ ကျိန်းသေအာမခံထားကြတော့လည်း သူတို့တတ်နိုင်တာတစ်စုံတစ်ရာမရှိပေ။ အဓိကအကြောင်းပြချက်ကတော့ ရဲ့ချင်နဲ့အတော်လေးရင်းနှီးထားကြသည့်အမွှာသုံးယောက်ဟာ အနည်းနဲ့အများ အပြင်ထွက်လည်တာက ရဲ့ချင်အတွက် စိတ်အပန်းဖြေရာရောက်သည်ဟုခံစားရတာကြောင့်ဖြစ်သည်။


အရှင့်သားသိရင် ပြဿနာတတ်နိုင်သော်လည်း ရဲ့ချင်၏မျက်နှာကိုသာ တစ်ခြားဘယ်သူမှမမြင်တွေ့စေပါပဲ အချိန်မှီကောင်းကောင်းမွန်မွန်ပြန်ရောက်လာရင် အဆင်ပြေသည်။


"ငါနားလည်ပါတယ်"


ဖုန်းမင်က အပြုံးကြီးဖြင့် အမွှာထဲက အကြီးကောင်၏ပုခုံးကိုပုတ်ကာ အိတ်တစ်အိတ်ထိုးထည့်ပေးသွား၏။ အကြီးကောင်ဟာ အနှီးရှုံ့အိတ်ကိုစမ်းကြည့်လိုက်ရင်း မျက်ခုံးတစ်ဖက်ပင့်မိလိုက်သည်။ ဒါက နှုတ်လုံအောင် ပိတ်နည်းတစ်မျိုးလား။ သူတို့သုံးယောက်က အစတည်းက ထုတ်ဖော်ပြောပြဖို့ အစီအစဥ်မရှိပေမယ့် ဒီလိုအမြတ်မျိုးကို ငတုံးသာလျှင်ငြင်းဆန်ပေလိမ့်မည်။


ဖုန်းမင်နဲ့ နန်ရှောင်မေက ရဲ့ချင်ကိုကြည့်ကာ လူယုတ်မာတွေလိုမျိုး တစ်ဟီးဟီးရယ်သည်။


ရဲ့ချင် : "....."


***********


"ငါပြောပြမယ်....မြို့တော်မှာ အလှလေးတွေအပေါဆုံးက 'ယောင်'ဆောင်ကြာမြိုင်ပဲ"


"ရောက်ဖူးတာလား"


"ဟင့်အင်း....သူများတွေပြောတာကြားဖူးတာ"


ဖုန်းမင်နဲ့ နန်ရှောင်မေက စကားအတိုင်း ရဲ့ချင်မျက်နှာကို တစ်ခြားဘယ်သူမှမတွေ့နိုင်အောင် လုံလုံခြုံခြုံပြင်ဆင်ပေးထားပါသည်။ သူ့မှာ မိန်းမငယ်လေးတွေလိုမျိုး မျက်နှာကာတပ်ထားရသည့်အပြင် ခန္ဓာကိုယ်တစ်ဝက်လောက်ထိရှည်တဲ့ ပုဝါရှည်ကာရံထားသော ဝါးခါးမောက်ပါ ခေါင်းပေါ်တွင်ရှိနေ၏။ သူ့မျက်လုံးထဲ ပုဝါတွေတစ်ကားကားဖြင့် သူ့ပုံစံမှာ သာမန်ထက်ပင် လူအများ၏အာရုံကို ဖမ်းစားနိုင်မှာသေချာ၏။


ဒါပေမယ့် သူနားလည်ပါသည်။ လူအများအမြင်၌ သူက စစ်ဆေးမေးမြန်းနေဆဲတရားခံ ရာဇဝတ်သားတစ်ယောက်ဖြစ်သည်။ အကယ်၍ စွင်းယန်သာ သူ့ကိုတန်ဖိုးထားခြင်းမရှိပါက အစတည်းကခေါင်းဖြတ်ခံရလောက်ပြီးပြီ။ သူ့ကိုအသုံးချ၍ အကျိုးအမြတ်တစ်စုံတစ်ရာမျှော်ကိုးနေ၍သာမဟုတ်ရင် တော်ဝင်သွေးသားကိုလုပ်ကြံမှုကြီးအား ဧကရာဇ်က မျက်နှာလွှဲထားခဲ့မှာမဟုတ်ပေ။


ဒါကြောင့် ပန်းပွဲတော်တုန်းက သူ့မျက်နှာကိုမြင်ဖူးထားသည့် တစ်ယောက်ယောက်နဲ့သာ သွားဆုံမိရင် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကိုထိပါးသွားနိုင်သည်။ ပေါ်ပေါ်ထင်ထင်သွားလာလို့အဆင်မပြေပေ။


"မြို့တော်မှာ နာမည်ကြီးဈေးတန်းတစ်ခုရှိတယ်....သေချာတာတစ်ခုကတော့ အဲ့ကိုရောက်ရင် လုံးဝနောင်တမရစေရဘူး....အကုန်လုံးက ဝယ်ချင်စရာတွေချည်းပဲ"


ဖုန်းမင်နဲ့ နန်ရှောင်မေက ရဲ့ချင်ကိုဘေးတစ်ဖက်တစ်ချပ်ကနေ နေရာယူထားလျက် ဆွဲခေါ်သွားသည်။ နန်ရှောင်မေပြောတာမမှားပေ။ ဤဈေးတန်းက ဈေးသည်အတော်လေးများပြားပြီး လမ်းမမှာအတော်လေးကျယ်သည်။ လူတော်တော်များများ သွားလာလှုပ်ရှားနေတာတောင်မှ တိုးကြပ်နေတာမျိုး သိပ်မရှိပေ။


ဈေးတန်းတစ်လျှောက်တွင် ဆေးပင်၊ လက်နက်၊ အစားအသောက်၊ စာအုပ်ဆိုင်၊ အမွှေးနံသာ၊ အဝတ်အစား မျိုးစုံမြင်တွေ့နိုင်သည်။


လူနှစ်ယောက်က အရင်ဦးစွာ ရဲ့ချင်ကိုအစားအသောက်ဆိုင်ရှိရာဆီဆွဲခေါ်သွားသည်။


"ဘဝမှာအရေးကြီးဆုံးက ဗိုက်ပြည့်ဖို့ပဲ....ကိုယ်ခံအားရှိမှ ကျန်အရေးကြီးကိစ္စတွေအတွက် လှုပ်ရှားနိုင်မှာ"


နန်ရှောင်မေ၏စကားကို ဖုန်းမင်က လက်ခံခေါင်းငြှိမ့်သည်။


"ငါမင်းကို ငါတို့ဒေသရဲ့ နာမည်ကြီးဟင်းလျာတွေနဲ့မိတ်ဆက်ပေးပါရစေ....ဒါတွေက မင်းလက်ရာလောက်မကောင်းပေမယ့် သူ့အားသာချက်နဲ့သူတော့ရှိပါသေးတယ်"


ဖုန်းမင်နဲ့နန်ရှောင်မေတို့နှစ်ယောက်၏ ပါးစပ်ကနေ မဆုံးနိုင်သည့်မိတ်ဆက်စကားတွေနဲ့အတူ ရဲ့ချင်ဟာ ငါးဟင်းတစ်ဖက်ကို သူ့နှုတ်ခမ်းလွှာထဲထည့်လိုက်၏။ အရသာက တကယ်မဆိုးပေ။


အစားအသောက်ကိစ္စပြီးသွားတော့ စာအုပ်ဆိုင်ဘက်ရောက်သွားပြန်သည်။ နှစ်ယောက်သားကြည့်ရတာ ဒီပတ်ဝန်းကျင်နှင့်အတော်လေးရင်းနှီးကျွမ်းဝင်ပုံရသည်။ ရဲ့ချင်က ဒီနေရာဒေသနဲ့ပတ်သပ်ပြီး သိပ်မကျွမ်းကျင်မှန်း သိလိုက်ရတည်းက တတ်တတ်ကြွကြွကြီး လိုက်ပြချင်စိတ်ပြင်းပြနေကြတာဖြစ်သည်။


ရဲ့ချင်လက်ထဲသို့ မြို့တော်က နာမည်ကြီးအချစ်ဇာတ်လမ်းစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ရောက်ရောက်လာသည်။


"ဒါက လူနဲ့မြေခွေးမိစ္ဆာကြားက တားမြစ်ထားတဲ့အချစ်ဇာတ်လမ်း....ဒါက မင်းသမီးလေးနဲ့ သူဆင်းရဲကောင်လေးကြားက ရင်နင့်ဖွယ်အချစ်ဇာတ်လမ်း....ဒါလေးက သိုင်းလောကထဲယောက်ျားလေးဟန်ဆောင်ပြီးလှည့်လည်နေထိုင်တဲ့ မိန်းကလေးနဲ့ အိမ်ကထွက်ပြေးလာတဲ့သခင်ငယ်လေးတို့ကြားက ရင်ခုန်ဖွယ်ရာအချစ်....အိုး...ကျန်သေးတယ်....ဒီမှာရော....ဒီမှာရော....ပြီးတော့ ဒီမှာရော...."


စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ် ရဲ့ချင်လက်ထဲစုပုံလာသည်။ ဒီကမ္ဘာတွင် စာရွက်တွေက ရှားပါးတာမျိုးလည်းမဟုတ်၊ တအားပေါများတာမျိုးလည်းမဟုတ်ပဲ ပုံမှန်ထက်အနည်းငယ်ဈေးကြီးရုံသာ။ ဟိုနှစ်ယောက်၏ အခြေအနေအရ ငွေရေးကြေးရေးစိုးရိမ်ပူပန်စရာမလိုသည့်အတွက် နောက်ဆုံးတွင် ရဲ့ချင်လက်ထဲ စာအုပ်တွေစုပုံလာတာနဲ့သာအဆုံးသတ်သွားသည်။ ဆိုင်ရှင်ဦးလေးကြီးကတော့ ဒင်္ဂါးပြားတွေရေတွက်ရင်း သွားတဖြဲဖြဲဖြင့်ကျန်ရစ်ခဲ့သည်။


ရဲ့ချင်က ဝတ္ထုဖတ်ရတာ သဘောကျသည်။ အထူးသဖြင့် ဥယျာဥ်ကဲ့သို့အေးချမ်းတိတ်ဆိတ်သော ပတ်ဝန်းကျင်နဲ့ဆိုရင် စာဖတ်ရတာပိုတောင်ကောင်းအုံးမည်။ ဝတ္ထုထဲက ဇာတ်လမ်းဇာတ်ကွက်တွေမှာ အိုဟောင်းနေပြီဆိုပေမယ့် ဖတ်စရာမရှိတာထက်စာရင် အများကြီးပိုကောင်းသည်။


စာအုပ်အထပ်လိုက် ကိုင်ထားသည့်ရဲ့ချင်ဟာ အနည်းနည်းလေးတောင် ခြေမယိုင်သွားပေ။ ဝယ်တာနည်းနည်းများသွားပြီမှန်းနားလည်သွားသည့် နှစ်ကောင်မှာ အားနာပါးနာဖြင့် သူတို့ဝိုင်းသယ်ပေးပါမည်ဟုပြောသော်လည်း ရဲ့ချင်ကငြင်းလိုက်သည်။ ဒီလောက်အလေးအပင်က သူ့အတွက် ဘာမှမဟုတ်ပေ။


နောက်တစ်နေရာက လက်နက်အရောင်းဆိုင်ဖြစ်သည်။ ဗလတောင့်တောင့်ဖြင့် ဆိုင်ရှင်ဦးလေးကြီးက ဖုန်းမင်နဲ့နန်ရှောင်မေတို့နှစ်ယောက်ကိုနှုတ်ဆက်လာသည်။ ကြည့်ရတာ အသိအကျွမ်းတွေဖြစ်နိုင်၏။


ထက်ရှလှသည့် ဓားတွေ၊ လှံတွေ၊ ပုဆိန်တွေနဲ့ လေးအကြီးကြီးတွေကိုကြည့်ရင်း ရဲ့ချင်၏မျက်လုံးတွေမှာတစ်လက်လက်တောက်ပနေခဲ့သည်။ ဒီခေတ်ကာလမှာ နျူကလီးယားနဲ့ ခေတ်သစ်သေနတ်တွေ မရှိပေမယ့် ဒီဇိုင်းအမျိုးမျိုးဖြင့် ဒီလိုရိုးရိုးရှင်းရှင်းကိရိယာတွေတော့ရှိနေပါသေးသည်။ ထုလုပ်ထားပုံက ရိုးရှင်းပေမယ့် ထက်မြပြီးသစ်လွင်တောက်ပနေသည်။ ရှေးခေတ်ကာလကိုကြည့်ပြီးပြောရရင် အခုခေတ်အနေအထားနဲ့ အတော်လေးကောင်းမွန်တဲ့လက်နက်တွေအဖြစ်သတ်မှတ်နိုင်၏။


"ဦးလေးပိုင်က ပြည်ထောင်စုတစ်ခုလုံးမှာ အတော်ဆုံးပန်းပဲဆရာလို့မပြောနိုင်ရင်တောင် တော်ဝင်မိသားစုအတွက် အကောင်းဆုံးလက်နက်တွေကို ထုတ်လုပ်ပေးနိုင်တယ်....သူ့ရဲ့ လက်နက်ရုံဆို ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ထားတာ...."


"ဟား...ဟား....သခင်လေးတို့က မြှောက်ပင့်နေပြန်ပါပြီ"


"မြှောက်ပင့်တာမဟုတ်ပါဘူး....ဦးလေးပိုင်လက်ကထွက်တဲ့ လက်နက်ကို ဘယ်သူကများသဘောမကျပဲနေလို့လဲ"


အသားမဲမဲထွားထွားကြိုင်းကြိုင်းဖြင့် အသက်၄၀ ကျော်အရွယ် ဦးလေးပိုင်က သွားဝါဝါကြီးတွေပေါ်သည်အထိ တစ်ဟဲဟဲရယ်သည်။


_____________________________________________________________________

Report Page