12

12


Myo Myo:

အပိုင်း ၁၂ ဆုယဲ့မူ ဘလောဂါ


လရောင်အောက်တွင် ထိုလူ၏အနက်ရောင်ဆံပင်များက မျက်နှာတစ်ဝက်ခန့်ကို ဖုံးကွယ်နေသည်။ မျက်လုံးများကလည်း အလွန်အမင်းစူးရှနေ၏။ ထို့ကြောင့် လူအများကို တိတ်ဆိတ်သွားစေနိုင်သည်။ သူ၏ဝတ်စုံကြောင့်သာမဟုတ်လျှင် အရူးဟုပင် ယုံကြည်လိမ့်မည်မဟုတ်ပေ။

“အရူး မင်း ညလယ်ခေါင်ကြီး ဘာလာလုပ်နေတာလဲ”

အာရှားက ဘာစကားမျှ မပြောချေ။ သည်အတိုင်း ဝမ်းဗိုက်ကိုလက်ဖြင့်အုပ်ပြပြီး ဆုယဲ့မူကို စိုက်ကြည့်သည်။ ဆုယဲ့မူက ပဟေဠိဖြစ်သွားသည်။ ထို့နောက် အာရှားကို စိုက်ကြည့်သည်။ နှစ်ယောက်လုံး ထိုသို့အချင်းချင်းစိုက်ကြည့်နေကြသည်။ ဖျော့တော့သော လရောင်က ဝင်ရောက်လာသောအခါ ဆုယဲ့မူ၏စိတ်က ရုတ်တရက် လသာဆောင်တွင် ရိုမီယိုနှင့်ဂျူးလီးယက်တို့ တွေ့ဆုံသည့်အပိုင်းကိုသတိရသွား၏။ သို့သော်

“ဂလု”

တိတ်ဆိတ်သောညတွင် အသံကကျယ်လောင်ကာ ရှင်းလင်းပြတ်သားသည်။ ဆုယဲ့မူ၏စိတ်က တစ်ချက်လက်သွား၏။

“မင်း မစားရသေးဘူးလား”

အာရှားက သူ့ကို မတုန့်ပြန်ချေ။ ဆုယဲ့မူက သူ့ကိုဝင်လာချင်သလားဟုသာ မေးလိုက်နိုင်သည်။ ထို့နောက်မီးဖိုခန်းထဲသို့သွားပြီး သူ့အတွက် စားရင်ပြင်ဆင်ပေးချင်သည်။

အာရှားက တိတ်ဆိတ်နေသည်။ ထိုအတိုင်းဆုယဲ့မူကိုသာစိုက်ကြည့်နေ၏။ ဆုယဲ့မူက ရွေးချယ်စရာမရှိတော့ဘဲပြန်ပြောင်းပြောလိုက်ရ၏။

“ဒါဆိုလည်း မင်း ဒီမှာစောင့်နေ၊ ငါ အမြန်ဆုံးပြန်လာခဲ့မယ်”

ဆုယဲ့မူက တံခါးကို သည်အတိုင်းပိတ်လိုက်သည်။ ခြေနှစ်လှမ်းခန့်လှမ်းပြီးနောက် တံခါးက အသံကျယ်ကျယ်ဖြင့်ပွင့်သွားသည်။ အာရှားက စိတ်ပြောင်းသွားပြီး အထဲသို့ဝင်လာချင်သည်ဟု ထင်လိုက်ပြီး လှည့်ကြည့်လိုက်သောအခါ ပြူတင်းပေါက်အပြင်ဘက်တွင် ရပ်နေသေးကြောင်း မြင်လိုက်ရသည်။

ဆုယဲ့မူက ခေါင်းခါလိုက်ပြီး လျစ်လျူရှုလိုက်တော့သည်။

ဆုယဲ့မူက မီးဖိုခန်းထဲသို့ရောက်သွားသောအခါ ဆန်ကိုထုတ်ပြီး အိုးထဲသို့ ထည့်ကာချက်သည်။ သူက ကြက်ဥနှင့်ထမင်းကြော်ပေးမည်ဖြစ်သည်။ အစားအစာရရန်အတွက် စောင့်ဆိုင်းနေချိန်တွင် သူက အာရှားကိုသွားကာ စကားပြောပြီး တစ်စုံတစ်ရာကိုသိရရန် ကြိုးစားသော်လည်း အဆုံးတွင်မူ သူက တစ်ယောက်တည်း စကားပြောနေရသလိုမျိုး အာရှားက သည်အတိုင်း မျက်နှာသေဖြင့်ရပ်နေခဲ့သည်။

ထမင်းနှင့်ကြက်ဥကြော်သောကိစ္စက မခက်ချေ။ မိနစ် ၂၀ ခန့်သာလျှင်ကြာသည်။ ကျန်နေသေးသည့် စစ်ရှီအသားလုံးနှစ်လုံးကို ထပ်ထည့်ပေးလိုက်သည်။ ထို့ကြောင့် အားလုံးက အရသာရှိနေပုံပေါ်လေသည်။

အရသာကလည်း အမှန်တကယ်ရှိသည်။ အာရှား၏စားသောက်နေပုံကို ကြည့်ရုံဖြင့်ပင်သိနိုင်၏။ သူက ဇွန်းတစ်ချောင်းကိုယူပြီးနောက် ဂရုတစိုက်ဆိုသလို ခေါင်းမဖော်ဘဲစားနေခဲ့၏။ ကျေးဇူးတင်စကားပင်မပြောချေ။ ဆုယဲ့မူက ပြူတင်းပေါက်ဘောင်နားတွင်ထိုင်ပြီး ခြေထောက်များကိုကွေးလျက် ထိုဒူးခေါင်းကို ပြန်လည်သိုင်းဖက်ထားလိုက်သည်။ ထိုသို့ဖြင့် သူက ပြူတင်းပေါက်ကိုမှီနေရင်း မသိလိုက်မသိဘာသာပင် အိပ်ပျော်သွားသည်။

အာရှားက စားပြီးသွားသောအခါ ပန်းကန်များကို ပြူတင်းပေါက်ဘောင်ပေါ် တင်လိုက်ပြီးနောက် ဆုယဲ့မူကို ရှုပ်ထွေးသောမျက်နှာထားမျိုးဖြင့် စိုက်ကြည့်နေခဲ့သည်။ ညကနက်လာသည်။ ပြူတင်းပေါက်အပြင်ဘက်တွင်ရပ်နေသော အာရှားကလည်း မိုးသောက်ချိန်မှသာ ထွက်ခွာသွားခဲ့သည်။ နေထွက်လာသောအခါ ဆုယဲ့မူက နိုးလာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေသည်။ သူက ထိုအတိုင်းထိုင်ရင်း အိပ်ပျော်သွားခဲ့ခြင်းဖြစ်၏။ ပြူတင်းပေါက်အရှေ့တွင် ရပ်နေခဲ့သောလူကမူ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

…..

တိုက်ရိုက်ထုတ်လွှင့်မှုက ၇ ရက်နေ့အထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဆုယဲ့မူ၏ကျော်ကြားမှုက ပေါက်ကွဲမှုအကြီးကြီးဖြစ်သွားစေသေးသည်။ ဆိုရိုးစကားအတိုင်း ထိုမျှအထိကျော်ကြားသောအရာများက မရှိခဲ့ဖူးသေးချေ။ မနက်ခင်းတွင် ဆုယဲ့မူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့သွားကာ ချက်ပြုတ်မည့်ဟင်းလျာကို ကြေညာလိုက်သောအခါ ဆူပူခံရပြန်သည်။ ဆုယဲ့မူက အစားအသောက်ပလပ်ဖောင်းပေါ်မှ အခြားသော အစားအသောက်တင်ဆက်သူ တစ်ယောက်၏ဟင်းချက်နည်းများကို အတုခိုးနေသည်ဟု ပြောသည်။ ဟင်းချက်နည်းကို အတုခိုးရုံသာမကသေးလေဘဲ ထိုတင်ဆက်သူက အစားအသောက်တစ်ခုချင်းစီတိုင်းအတွက် ပုံပြင်ပြောပြခြင်းကိုပင် လိုက်အတုခိုးနေသည်ဟု ပြောထားသည်။ ထို့အပြင် အစားအသောက်၏အရောင်နှင့် ခံစားချက်များအကြောင်း စသည်ဖြင့်တို့ကိုပင် အတုခိုးသည်ဆို၍ စွပ်စွဲထားကြသည်။

ထိုအစားအသောက်တင်ဆက်သူက သုံးနှစ်ကြာအောင် တိုက်ရိုက်ထုတ်လွှင့်ကာ အစားအသောက်များနှင့်ပတ်သက်ပြီး တင်ဆက်နေခဲ့သူလည်းဖြစ်သည်။ ထို့အပြင် သူမ၏ပရိတ်သတ်က အဆင့်အတန်းရှိသည်။ သူမကလည်း ကျော်ကြားသော တင်ဆက်သူစာရင်းဝင်သူဖြစ်သည်။ သူမ၏အိုင်တီနာမည်ကလည်း စိတ်ဝင်စားစရာ ကောင်းပြီး ‘ယွန်ယွန်က လက်မထပ်ရသေးဘူး’ ဆို၍ ကဗျာဆန်သော နာမည်မျိုး ဖြစ်နေသေးသည်။ ထို့အပြင် သူ၏ပရိတ်သတ်အများစုက အမျိုးသားပရိတ်သတ်များ ဖြစ်သည်။ ထိုသို့ဖြင့် တိုက်ခိုက်နိုင်စွမ်းအားမြင့်မားကြ၏။


ဆုယဲ့မူ၏ပရိတ်သတ်များကမူ သုံးသိန်းအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သို့သော် ဆယ်သန်းနှင့်ယှဉ်သော် အလွန်အမင်းနည်းပါးသေးသည်။

သိပ်မကြာခင် ဆုယဲ့မူ၏ကိုယ်ပိုင်သီးသန့်ကဏ္ဍနယ်မြေတွင် ကွန်မန့်များက ထိုတင်ဆက်သူ၏ပရိတ်သတ်များဖြင့် ပြည့်နှက်သွားသည်။ ထို့အပြင် အများစုက သူ့အား မကောင်းကြောင်းပြောဆိုထားသော ကွန်မန့်များဖြစ်နေသဖြင့် ဆုယဲ့မူ၏ပရိတ်သတ်များ ကို ဒေါသထွက်စေသည်။

အချိန်က မနက်ပိုင်းသာဖြစ်နေသေးသည်။ ဆုယဲ့မူက အစားအသောက်မီနူးကို ကြေညာပြီး ညီမဖြစ်သူနှင့်အတူ အဖိုးကျုံး၏ဆိုင်သို့သွားသည်။ ထို့ကြောင့် သူက ထိုပလပ်ဖောင်းပေါ်မှ ဆူညံသံများကိုမသိခဲ့ချေ။

ဆုယဲ့မူ မလာခင်ကတည်းက အဖိုးကျုံးက ပစ္စည်းများအားလုံးကို အသင့်ပြင်ထားပြီးသားဖြစ်သည်။ သူက ကြွေထည်မြေထည်ပစ္စည်းများအားလုံးကို မီးလင်းဖိုထဲ ထည့်ထားပြီးသားဖြစ်သည်။ နောက်ဆုံးတစ်ချက်သွားကြည့်ပြီး ထုတ်လိုက်ရုံမျှဖြင့် အဆင်သင့်ဖြစ်လေပြီ။

မြေသားအိုးကို မီးဖုတ်ခြင်းက အလွန်လွယ်ကူရိုးရှင်းလေသည်။ သည်အတိုင်း အပေါ်တွင် အညိုရောင်တစ်ထပ်ဆေးသုတ်ပြီးနောက် ဖုတ်လိုက်ရုံသာလိုအပ်လေသည်။ ဆုယဲ့မူက အနက်ရောင်ကိုရွေးချယ်ထား၏။ ညီမဖြစ်သူနှင့်ဆွေးနွေးပြီးနောက် ဆုယဲ့မူက ခွက်သုံးခွက်ပေါ်တွင် အပြုံးမျက်နှာလေးများကိုဆွဲပြီး အနားတွင် ဆုယဲ့မူ၊ ဆုရှောင်းနန်၊ အာရှားဆိုပြီးရေးလိုက်သည်။

ခေတ်သစ်နည်းပညာက အဆင့်မြင့်လာသည်။ စက်များဖြင့်အရာအားလုံးကို လုပ်၍ရသည်။ ဆေးသုတ်ရာတွင်လည်း အလားတူသာလျှင်ဖြစ်သည်။ အဖိုးကျုံး၏ ထိုကြွေခွက်များက စက်ဖြင့်ဆေးသုတ်ကာ ပြင်ဆင်လုပ်ဆောင်ထားခြင်းဖြစ်နေသည်။ ထို့ကြောင့် ဆယ်မိနစ်ခန့်သာလျှင်ကြာလေသည်။

ငါးနာရီခန့်ကြာပြီးနောက် ဒုတိယတစ်ကြိမ်အိုးဖုတ်သည်။ ပြန်လည်ထွက်လာ သောအခါ တိုက်ရိုက်ပင် အထူးဆေးရည်ထဲသို့ထည့်လိုက်ပြီးနောက် အအေးခံရသည်။ နာရီဝက်ခန့်ကြာပြီးနောက် ဖြစ်စဉ်အားလုံးက ပြီးဆုံးသွားလေပြီ။

ဆုယဲ့မူက ကရားအိုးငါးအိုး၊ မြေအိုးသုံးအိုး၊ ဇောက်နက်သောအိုးနှစ်အိုးနှင့် ခွက်သုံးခွက်တို့ကိုသယ်ထားသည်။ ကြယ်ခေတ်မှ အိုးများပြုလုပ်သောနည်းလမ်းက ထိုမျှအထိ ရိုးရှင်းကာအကြမ်းထည်ဆန်မည်ဟု မထင်ထားမိချေ။ သူကလည်း အိုးဖုတ်သည့်ဂိမ်းမျိုးကို မကစားခဲ့ဖူးချေ။ ထို့ကြောင့် ယခုလိုသူ၏မျက်လုံးဖြင့် သည်နေရာရှိဝန်ထမ်းက ကြွေအိုးကို မည်သို့လုပ်ကြောင်းမြင်လိုက်ရပြီး ကြွေအိုးက တိုက်ရိုက်အကောင်းအတိုင်းပြန်ထွက်လာကြောင်း မြင်သောအခါ အံ့ဩသွားရလေသည်။

နှစ်သုံးထောင်ခန့်ကြာပြီးနောက် ရှေးခေတ်တရုတ်ကြွေထည်များ ပြုလုပ်သည့် နည်းလမ်းက ပျောက်ဆုံးသွားသည်။ မည်သို့လုပ်ကြောင်းကိုသာလျှင်သိသည့် ဆုယဲ့မူကလည်း ထိုကိစ္စကိုသာ ဖုံးကွယ်ထားလျှင် တိမ်ကောသွားနိုင်ကြောင်း ခံစားလိုက်ရလေသည်။

အဆုံးတွင် သူက စဉ်းစားဆင်ခြင်ပြီးနောက် အနည်းငယ်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင်လည်းအကြံရှိသည်။ သို့သော် ယခုက အချိန်မကျသေးချေ။

ဒေသ ၅ သို့ပြန်သွားသောအခါ ကောင်းကင်က မှောင်နေပြီဖြစ်သည်။ ဆုယဲ့မူကလည်း သူ မနက်ကကြိုတင်ကာမှန်းဆပြီး ရေးထားခဲ့သောအချိန်က ညနေ ၆ နာရီဖြစ်သည့်အတွက် ဝမ်းသာသွားမိသည်။ သူတို့နှစ်ယောက်က အထုပ်ကြီး အထုပ်ငယ်များကိုသယ်ကာ ပြန်လာကြသည်။ သူတို့ အိမ်တံခါးဝသို့မရောက်ခင် ရှုပ်ထွေးနေသော မြေကွက်လပ်ကို ဂရုစိုက်ခြင်းမရှိဘဲ အိမ်ထဲမှ ထွက်လာသော အရပ်ရှည်ရှည်နှင့်ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။

ဆုယဲ့မူ၏နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။ သူက ဝိုင်အိုးကိုတင်လွယ်လျက် အိမ်သို့အပြေးအလွှားသွားသည်။ ဆုရှောင်းနန်က အဝေးမှလှမ်းခေါ်သည်။

“ကျန်းရှောင်ယွီ ဘာလုပ်နေတာလဲ”

ဆုယဲ့မူက နီးကပ်သွားသောအခါ ကျန်းရှောင်ယွီကိုမြင်လိုက်ရသည်။ သူက ပိန်ပါးသည်။ ဆုရှောင်းနန်ထက် သုံးနှစ်ခန့်အသက်ကြီးသည်ဟုထင်ရပြီး မျက်နှာကမူ ခက်ထန်သောမျက်နှာထားမျိုးဖြစ်နေသည်။

“ဘာဖြစ်နေတာလဲ”

ဆုရှောင်းနန်က ကျန်းရှောင်ယွီကို တစ်ချက်တွန်းပြီး ပစ္စည်းများအားလုံးကို စိုးရိမ်တကြီးချလိုက်ကာ အိမ်သို့အပြေးသွားသည်။

“ရပါတယ်၊ အရူးက သူခိုးကို မိထားလို့လေ”

ကျန်းရှောင်ယွီက ဆုရှောင်းနန်၏လက်ကိုဆွဲပြီးနောက် အဖြစ်အပျက်များကို ပြောပြသည်။

သည်နေ့ သူက တစ်ရက်လုံး ဆုရှောင်းနန်ကို ထိုစွန့်ပစ်ပစ္စည်းများထားရာ နေရာတွင် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် မတွေ့ရသဖြင့် အိမ်သို့လာကြည့်ခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် အိမ်ထဲမှအသံကိုကြားလိုက်ရ၏။ ဆုရှောင်းနန်ကို နှစ်ကြိမ်ခန့်ခေါ်ကြည့်သည့်အခါ အသံက ရုတ်တရက်ရပ်သွားကြောင်းသိလိုက်ရသည်။ တစ်စုံတစ်ရာက မှားယွင်းနေကြောင်းသိလိုက်၏။ ထို့နောက် လူလှမ်းခေါ်တော့မည့် အချိန်တွင် အတွင်းဘက်မှ အာရှားက တံခါးဖွင့်ကာ သူခိုးကို ဆွဲထုတ်လာကြောင်းမြင်လိုက်ရလေသည်။

“ရှောင်းနန် ပစ္စည်းတွေကို မီးဖိုခန်းထဲကိုရွှေ့ထားလိုက်၊ ငါ တစ်ချက်သွားကြည့် လိုက်မယ်”

ဆုယဲ့မူက အိမ်တွင်တန်ဖိုးကြီးပစ္စည်းများ မရှိသည့်အတွက် စိုးရိမ်ခြင်းမရှိနေခဲ့ချေ။ သည်အတိုင်း အာရှားက ထိုသူခိုးကို သတ်လိုက်မိမည့်အရေးကိုသာ စိုးရိမ်မိသွားသည်။ သည်နေရာဒေသတွင် အုပ်ချုပ်သူမရှိသော်လည်း ခေါင်းဆောင်ရှိနေသေးသည်။


ဆုယဲ့မူ၏သိပ်မဝေးသောနေရာတွင် စွန့်ပစ်အာကာသသင်္ဘောရှိသည်။ ဆုယဲ့မူက ထိုအာကာသသင်္ဘောနားသို့ အပြေးသွားပြီး နှစ်ကြိမ်ခန့်အော်ခေါ်သည်။ သို့သော် မည်သူမျှမရှိနေခဲ့ချေ။ ဆုယဲ့မူက ပတ်ရှာသည်။ နောက်ဆုံးတွင် အာရှားက သိပ်မဝေးသောနေရာရှိမြစ်နားတွင် ဆောင့်ကြောင့်ထိုင်ပြီး လက်ကို ဆေးနေကြောင်း မြင်လိုက်ရသည်။ အနားတွင် အလောင်းရှိနေသည်။

ဆုယဲ့မူက လူသေအလောင်းကိုမမြင်ဖူးချေ။ ထို့ကြောင့် အနည်းငယ် ထိတ်လန့်နေသည်။ သို့သော် အာရှားက သူ့မိသားစုအတွက် လုပ်ပေးကြောင်း တွေးလိုက်မိပြီး လျစ်လျူမရှုနိုင်တော့ချေ။

သူက သတ္တိများကို စုစည်းပြီး အနားသို့သွားလိုက်သည်။ ထို့နောက် ညီးညူသံက ထွက်လာ၏။ ဆုယဲ့မူက စိတ်အေးသွားသည်။ တစ်ဖက်တစ်ယောက်က မသေသေးချေ။

“အာရှား မင်း ဘာမှမစားရသေးဘူး မဟုတ်လား၊ ငါ့ရဲ့အိမ်ကိုလာခဲ့ ငါ မင်းအတွက် တစ်ခုခုချက်ပေးမယ်”

ဆုယဲ့မူကလည်း သူက ထိုနည်းလမ်းဖြင့်သာ ပြန်ပေးဆပ်နိုင်ကြောင်း သိလိုက်သည်။

အာရှားက လက်ကိုဆေးသည်။ ထို့နောက် မည်သည့်စကားမျှမပြောဘဲ စွန့်ပစ်အာကာသသင်္ဘောထံသို့သာ သွားပြန်သည်။ သူက ဆုယဲ့မူ၏အသံကို မကြားသလိုသာ ပြုမူနေသည်။

“လက်ကိုတော့ဆေးတယ်၊ ဘာလို့ မျက်နှာကိုမဆေးတာလဲ”

ဆုယဲ့မူက နှစ်ကြိမ်ခန့်ပြောပြီး ညီးညူလိုက်သေးသည်။ ထို့နောက် အာရှား၏အနောက်မှ လိုက်သွားကာ အာကာသသင်္ဘောထဲသို့ဝင်ပြီးထိုင်သည်။ ဆုယဲ့မူက သက်ပြင်းသာချနိုင်သည်။

ထိုအရူးက အတော်လေးထူးဆန်းသည်။ သူက အရူးဟုဆိုသော်လည်း ရူးကြောင်ကြောင် အပြုအမူများမလုပ်ချေ။ စားစရာကိုသာ အရင်လုသည်။ ထို့ကြောင့် သူက မရူးချေ။ သူ၏တစ်ကိုယ်လုံးကလည်း ညစ်ပတ်နေသည်။ အဝတ်အစားကပင် အရောင်ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့ချေ။

ဆုယဲ့မူက အိမ်ပြန်လာသောအခါ သူ့ညီမဖြစ်သူက ပစ္စည်းများကိုရွှေ့ပြီးလေပြီ။ ကျန်းရှောင်ယွီကလည်း ဧည့်ခန်းထဲတွင်ထိုင်ပြီး ညီမဖြစ်သူကိုစောင့်ကြည့်နေ၏။ သူ၏ညီမဖြစ်သူကမူ လင်စန်းစန်းကို လေ့လာနေသေးသည်။

“ငါ ငါက လင် လင် စန်းစန်း စန်း စန်း”

ရှောင်းနန်က လင်စန်းစန်းကို သူ့ကိုယ်သူ မိတ်ဆက်ခိုင်းလိုက်သည်။ ထို့နောက် ထိုစကားသုံးလုံးက ဆက်တိုက်ထွက်နေတော့သည်။ ဆုယဲ့မူက မီးဖိုခန်းထဲသို့ ဝင်သွားလိုက်ပြီး လင်စန်းစန်းကို သန့်ရှင်းခိုင်းမည့်ပစ္စည်းများကို ထုတ်လိုက်သည်။ ထို့နောက် ရိုးရှင်းသော စားစရာကို ပြင်ဆင်ရန်ကြိုးစားလေသည်။

“မင်္ဂလာညနေခင်းပါ၊ ငါကတော့ ဆုယဲ့မူပေါ့၊ ငါ ဒီနေ့ မင်းတို့ကို ငါးဆန်ပြုတ်နဲ့ကြက်တောင်ပံအစပ်ကြော်ကို ပြင်ဆင်ပြမှာပါ”

/ငါး ဟုတ်လား၊ စားလို့ရတဲ့အရာလား၊ အရမ်းညှီတယ်လေ/

/တင်ဆက်သူကို ထိန်းချုပ်ဖို့ခက်ခဲလောက်အောင် ထိန်းချုပ်ချင်နေတဲ့ သူတစ်ယောက်အနေနဲ့ ဘာမှမပြောခင် အရင်ဆုံး တင်ဆက်သူရဲ့အရင် ဗီဒီယိုတွေကို သွားကြည့်စေချင်တယ်/

/ကြက်တောင်ပံအစပ်ကြော်လား၊ နာမည်ကြားရုံနဲ့တင် ငါ့ရဲ့ပါးစပ်က ရေတွေ စီးကျနေပြီ၊ ငါ သုတ်လိုက်အုံးမယ် စောင့်အုံး/

“ပထမဦးဆုံးအနေနဲ့ ငါးကိုကိုင်တွယ်ရမှာပါ”

ဆုယဲ့မူက သည်နေ့ အနက်ရောင်ငါးကိုရွေးထားသည်။ ထိုအနက်ရောင်ငါးက ကြမ်းတမ်းပြီး ငါးနှင့်ပုစွန်များကိုကျွေးကာမွေးရသည်။ သို့သော် သူ၏နူးညံ့ပြီး အရသာရှိသောအသားကမူ ငါးဆန်ပြုတ်အတွက် အလွန်သင့်တော်လေသည်။

ဆုယဲ့မူက ကြေးခွံများကိုဖယ်လိုက်ပြီးနောက် ပါးဟပ် စသည်ဖြင့်တို့ကိုဖယ်သည်။ အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ပြီးနောက် အရိုးများကို ဖယ်ရှားရှင်းလင်းထုတ်သည်။ သူက ထိုငါးထံမှ အဓိက အရိုးချောင်းကြီးနှစ်ချောင်းကို ဆွဲထုတ်လိုက်ခြင်းဖြစ်သည်။

ငါး အသားလွှာရသည့်အခါ ဓါးကိုင်စွမ်းရည်က အဓိကကျသွားသည်။ ပါးလွန်းလျှင် ပဲ့သွားနိုင်သည်။ ထူလွန်းလျှင်လည်း အရသာက မကောင်းနိုင်ပြန်ချေ။ ထိုင်းအနက်က သိပ်မကြီးချေ။ တစ်ကောင်ချင်းစီတိုင်းက သေးငယ်သည်။ ထို့ကြောင့် ဆုယဲ့မူအနေနှင့် ပထမတစ်တုံးကိုလှီးပြီး ဒုတိယတစ်တုံးကို တစ်ဖန်ထပ်လှီးလိုက်သောအခါ အပေါ်အောက် စပ်ထားသော အလယ်မှအပိုင်းကိုဖွင့်ပြီးသားဖြစ်သွားသည်။

/လှလိုက်တာ တင်ဆက်သူက ဟင်းလျာကိုအနုပညာအဖြစ် ပြောင်းလိုက်တာပဲ၊ ငါ ဘာလို့ငိုချင်လာမှန်းမသိဘူး/

/တင်ဆက်သူရဲ့ဓါးကိုင်စွမ်းရည်ကို လေးစားပါတယ်/

Report Page