(1.2)

(1.2)

Tee Ko

1.2 - စနစ် : ကျေးဇူးပြုပြီး မင်းရဲ့ကျောင်းသားတွေကို မပြစ်မှားစမ်းပါနဲ့။


___________________


ဒုတိယနှစ် အတန်း၇မှာ အရမ်းချောတဲ့ ဆရာတစ်ယောက်ရှိတယ်။ ထိုသတင်းက တစ်ကျောင်းလုံးကို လျှင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ ကျောင်းခေါင်းလောင်းသံမြည်လာတာနဲ့ များစွာသောကျောင်းသားတွေဟာ စာသင်ခန်းပြင်ပတွင်စုရုံးလျက် အိမ်သာသွားချင်သည့်ဟန် အမျိုးမျိုးအကြောင်းပြကာ စာသင်ခန်းအတွင်းသို့ ချောင်းကြည့်နေကြ၏။


ပိုင်ရှုယန်က မြေဖြူခဲကိုချလိုက်ပြီး ပြောသည်။


"ဒီနေ့အတွက်သင်ခန်းစာကတော့ ဒီလောက်ပဲ....အတန်းဆင်းလို့ရပြီ"


"နှုတ်ဆက်ပါတယ် ဆရာ..."


ပိုင်ရှုယန်ဟာ စင်္ကြံက ဆူဆူညံညံအသံတွေကို သိပ်ဂရုမစိုက်ပေ။ အတန်းထဲက ကျောင်းသားတွေမှာ အတော်လေးစိတ်လှုပ်ရှားတတ်ကြွနေကြပြီး အတန်းပြီးတာနဲ့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြောဆိုလာကြသည်။


ပိုင်ရှုယန်လက်ထဲက စာအုပ်တောင် ဖတ်လို့မပြီးသေးခင်မှာပဲ သူ့အနားပတ်ဝန်းကျင်တွင် ကျောင်းသားတွေဝိုင်းအုံနေလေပြီ။ အများစုမှာ မိန်းကလေးတွေဖြစ်ကြပြီး အဆက်မပြတ်အသံကျယ်ကျယ်ဖြင့် ပြောဆိုနေကြ၏။ တစ်ချို့က မေးခွန်းတွေမေးတယ်၊ တစ်ချို့က အချိန်ပိုအတန်းတွေ တတ်ခွင့်ရနိုင်မလားဆိုတာအပြင် သူ့ရာသီခွင်နဲ့ ဝါသနာတွေအကြောင်းပါ မေးမြန်းလာကြသည်။


မေးခွန်းအနည်းငယ်ကို ရွေးဖြေပေးပြီးနောက် အချိန်ပိုသင်ပေးဖို့ ငြင်းပယ်လိုက်သည်။ ရုတ်တရတ်ဆိုသလို ပိုင်ရှုယန်ဟာ တစ်ခုခုကို သတိရသွားပြီး အတန်းနောက်ဘက်က ရှန်ယွီရှိရာဆီ လှမ်းကြည့်လိုက်သည်။


"စကားမစပ်....အခန်းထဲမှာ တစ်ခြားအတန်းကိုယ်စားလှယ်တွေလည်း ရှိနေတယ်မဟုတ်လား......ဘာကြောင့် ဆရာ့ဆီလာပြီး မင်းဘယ်လိုခံစားရလဲဆိုတာ လာမပြောတာလဲ"


(Note - ဘာသာတစ်ခုချင်းဆီတိုင်းမှာ အတန်းကိုယ်စားလှယ်ကျောင်းသားတစ်ယောက်ဆီရှိပါတယ်။ ရှန်ယွီက သင်္ချာအတန်းကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရတာ)


ကျောင်းသားတော်တော်များများက ၎င်းကိုအခွင့်အကောင်းယူကာ ရှန်ယွီကို တမင်တကာ အော်ငေါက်လှောင်ပြောင်ချင်နေကြသည်။ ရှန်ယွီ ဆရာ့ခုံအနား လျှောက်သွားတာကို မြင်လိုက်ရသောအခါတွင် ကွမ်ရီက ရည်ရွယ်ချက်ရှိရှိထပြောလာ၏။


"ဆရာ....ရှန်ယွီက သင်္ချာအတန်းရဲ့ ဟိုးအောက်ဆုံးအဆင့်မှာရှိနေတာ....ဘယ်လိုလုပ် အတန်းကိုယ်စားလှယ်ဖြစ်လာနိုင်မှာလဲ...."


"ဟုတ်တယ်....အတန်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖို့ အဆင့်ကောင်းကောင်းတစ်ခု ရှိနေသင့်တာမဟုတ်လား.....သူက ကျွန်တော်တို့အတန်းကို ဦးဆောင်နိုင်လိမ့်မယ်မထင်ဘူး...."


"ကျောင်းသားရှန်က စာညံ့တာလား"


ပိုင်ရှုယန်ကြည့်ရတာ အနည်းငယ်အံ့အားသင့်သွားပုံပေါ်သည်။


"ဟုတ်တယ်ဆရာ....တစ်ခြားသူတစ်ယောက်ကို ရွေးလိုက်တာပိုကောင်းမယ်"


ရှန်ယွီဟာ ထိုစကားတွေကိုကြားနေရပေမယ့် သူဘာတွေးနေလဲဆိုတာ ရှင်းရှင်းလင်းလင်းတော့ မဖော်ပြခဲ့ပါချေ။ သူက အတန်းကိုယ်စားလှယ်မဖြစ်ချင်ခဲ့ပေမယ့် ထိုရာထူးမှ ဒီလောက်လွယ်လွယ်ထုတ်ပယ်ခံခဲ့ရသည်။ သူအမြဲတမ်းခံစားမိ၏။ သူ့လက်သီးတွေကို ခပ်တင်းတင်းဆုပ်ထားမိရင်း ပိုင်ရှုယန်ကိုသာ တိတ်တဆိတ်သာ ကြည့်နေနိုင်လေသည်။ တစ်နည်းအားဖြင့်ဆိုရရင် အနှီးငယ်ရွယ်ချောမောလွန်းတဲ့ဆရာဖြစ်သူမှာ သူကိုလုံးဝထုတ်ပယ်လိုက်ဖို့ရန် စိတ်ဒုန်းဒုန်းချစောင့်ဆိုင်းနေခဲ့တာဖြစ်သည်။


"ကောင်းပြီ"


ပိုင်ရှုယန်က သူ့မေးစေ့ကို ထိလိုက်ပြီး....


"မင်းက ဆရာ့အတန်းကိုယ်စားလှယ်ဆိုတော့ ဆရာ့ကိုအရှက်တော့မခွဲသင့်ဘူးမလား....နောက်စာမေးပွဲကျရင် အတန်းထဲက ထိပ်ဆုံးဆယ်ယောက်ထဲ မင်းဝင်နိုင်အောင် ဆရာဘာလုပ်ပေးသင့်တယ်ထင်လဲ"


ရှန်ယွီရဲ့ မျက်လုံးတွေမှာ ရုတ်တရတ်ပြူးကျယ်သွားပြီး မထင်မှတ်ထားသည့်စကားကြောင့် သူ့ပါးစပ်ကိုဖွင့်ဟမိလိုက်သော်လည်း မည်သို့တုံ့ပြန်ရမှန်းမသိခဲ့ပါချေ။


နောက်အတန်းအတွက် ဓာတုဗေဒဆရာဖြစ်သူမှာ တံခါးဝသို့ လျှောက်လာနေလေပြီ။


ပိုင်ရှုယန် : "အားလုံးပဲ....ကျေးဇူးပြုပြီး နောက်အတန်းအတွက် မင်းတို့ရဲ့ထိုင်ခုံကိုပြန်သွားပြီး ပြင်ဆင်ထားကြတော့..."


ကျောင်းသားများသည် စင်မြင့်နားတွင် စုဝေးနေရာကနေ လူစုခွဲ၍ ထွက်ခွာသွားဖို့အတန်ငယ်ဝန်လေးနေသည့် အကြည့်မျိုးပန်ဆင်ထားကြသည်။ ဓာတုဗေဒဆရာဖြစ်သူမှာ ဆရာတစ်ယောက်က ချောမောသောရုပ်ရည်သာရှိရင် ကောင်းတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့လူဖြစ်ဖြစ် သင်ယူချင်စိတ်ပြင်းပြလာကြသည့် ကျောင်းသားတွေကိုကြည့်ကာ မသိလိုက်ပါပဲ သူ့နှုတ်ခမ်းထောင့်တွေကို တွန့်မိသွား၏။


"စကားမစပ်....အတန်းကိုယ်စားလှယ်...."


ပိုင်ရှုယန်က တစ်ဖန်လှည့်ကြည့်လာပြီး မထွက်သွားခင် သေသေချာချာသတိပေး လိုက်သေးသည်။


"ဒီနေ့ နေ့လည်အတန်းပြီးရင် ဆရာ့ရုံးခန်းထဲလာဖို့ သတိရအုံး"


system : "ရှော့ခ်ရစရာပဲ!....အထက်တန်းကျောင်းဆရာတစ်ယောက်က သူ့အတန်းကိုယ်စားလှယ်ကို တစ်ယောက်တည်း သူ့ရုံးခန်းထဲ ခေါ်ခဲ့ပြီးတော့....."


ပိုင်ရှုယန် : "တစ်နေ့တစ်နေ့ မင်းအဲ့ဒီထူးဆန်းတဲ့ဟာတွေကို မကြည့်ပဲမနေနိုင်ဘူးလား"


*******


ကျောင်းသားရှန်ရဲ့ ဘဝဇာတ်ကြောင်းဟာ တန်ပြန်တိုက်စစ်တွေနဲ့ ပါးပိတ်ရိုက်တဲ့အကွက်တွေနဲ့ ပြည့်နေသည်ဟု ဆိုနိုင်သည်။


သူ့နောက်ခံက အတော်လေးရှုပ်ထွေးလှသည်။ သူ့အမေ ကျွမ့်ချီဟာ ကျွမ့်Groupရဲ့ အကြီးဆုံးသမီးဖြစ်ပြီး ချမ်းသာသောဒုတိယမျိုးဆက်တစ်ယောက်ဟုဆိုနိုင်သော်လည်း သူ့ဖခင်ဖြစ်သူကတော့ ကျွမ့်ချီ၏ ဂိုက်ဆရာတစ်ယောက်ဖြစ်သည်။ ရှန်လင်ဖုန်း ဟာ ကျွမ့်ချီကို အချိန်အတော်ကြာချစ်နေခဲ့သော်လည်း Mr.ကျွမ့်က ပြတ်ပြတ်သားသားငြင်းဆန်ကန့်ကွက်ခဲ့သည်။


ကျွမ့်ချီသည် ရှန်လင်ဖုန်းနဲ့အတူတကွ ရှိနေနိုင်ဖို့ရန်အတွက် အတူတူထွက်ပြေးသွားခဲ့ကြပြီး ကျွမ့်Groupကို အမွေဆက်ခံနိုင်ခွင့်အား စွန့်လွှတ်ခဲ့လေသည်။ သူတို့နှစ်ဦးဟာ ဝေးလံခေါင်သီလှသော မြို့ငယ်လေးတစ်မြို့တွင် အခြေချနေထိုင်ခဲ့ကြသည်။ ရှန်လင်ဖုန်းက ကျောင်းဆရာတစ်ဦးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပြီး ကျွမ့်ချီက ကုမ္ပဏီသေးသေးလေးတစ်ခုတွင် ငွေရေးကြေးရေးဆိုင်ရာ အလုပ်တစ်ခုကို ရှာဖွေခဲ့သည်။ နှစ်နှစ်အကြာတွင် ရှန်ယွီကို မွေးဖွားလာ၏။ သူတို့နှစ်ယောက်၏ ဝင်ငွေမှာ အရမ်းမများပေမယ့် မိသားစုသုံးယောက်သား လိုက်လျောညီထွေစွာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ခဲ့ကြသည်။


ကံမကောင်းစွာဖြင့် အချိန်ကောင်းများမှာ ကြာရှည်မခံခဲ့ပါချေ။ ရှန်ယွီအလယ်တန်းကျောင်းပြီးချိန်တွင် အမှတ်၁အထက်တန်းကျောင်းကို တတ်ရောက်ခွင့်ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ မိသားစုသုံးယောက်သား အပန်းဖြေဥယျာဥ်ကိုသွားတဲ့လမ်းမှာ ကားမတော်တဆမှုတစ်ခု ကြုံခဲ့ရသည်။ တွဲဖက်ထိုင်ခုံက ကျွမ့်ချင်းမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ရှန်လင်ဖုန်း၏ခြေထောက်နှစ်ချောင်းဟာလည်း ဖြတ်တောက်ခံခဲ့ရသည်။


ရှန်ယွီရဲ့ ဒဏ်ရာတွေမှာ လျှင်မြန်စွာ သက်သာပျောက်ကင်းလာပေမယ့် သူ့ဘဝက ထိုအချိန်ကစပြီး ငရဲထဲဇောက်ထိုးပြုတ်ကျသွားသည်ဟု ပြောရပေလိမ့်မည်။ ရှန်လင်ဖုန်းသည် သူ့ရဲ့အလုပ်အကိုင်ကိုဆုံးရှုံးခဲ့ရပြီး ရှန်ယွီမှာ ကျောင်းတတ်နေစဥ်အတောအတွင်း သူ့ကိုယ်သူနဲ့အဖေဖြစ်သူကိုထောက်ပံ့နိုင်ဖို့အတွက် အရွယ်နဲ့မလိုက်အောင် အလုပ်လုပ်ခဲ့ရသည်။ အထက်တန်းကျောင်းတွင် စာလုပ်ဖို့အချိန်မပေးနိုင်သဖြင့် အခန်းလျော့ချခံခဲ့ရပြန်၏။ သူ့မျက်စိရှေ့မှာတင် အမေဖြစ်သူဆုံးပါးသွားတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာကြောင့် သူ့ရဲ့လူမှုဆက်ဆံရေးမှာ တဖြည်းဖြည်းတိမ်မြှုပ်လာခဲ့ရရှာသည်။ အတန်းပြောင်းပြီးနောက်တွင် သနားစရာရှန်ယွီလေးဟာ ပိုမိုအထီးကျန်ဆန်လာပြီး ဆက်တိုက်အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတာကြောင့် သူ့ရဲ့ပင်ကိုယ်စရိုက်မှာ ပိုမိုဆုတ်ယုတ်လာခဲ့သည်။


နောက်ပိုင်းတွင် ကျွမ့်ချီ၏ တစ်ဦးတည်းသော မောင်ဖြစ်သူမှာ နာမကျန်းမှုကြောင့်ဆုံးပါးသွား၏။ ထိုအခါမှ Mr.ကျွမ့်သည် ကျွမ့်ချီကိုရှာဖို့ တစ်စုံတစ်ဦးကိုစေလွှတ်ခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် ကျွမ့်ချီမှာ သေဆုံးနေပြီးသားဖြစ်နေသည်ကို ရှာတွေ့လိုက်ရသည်။ Mr.ကျွမ့်က လွန်စွာဝမ်းနည်းသွားသည်။ တစ်ဖက်တွင်မူ ရှန်ယွီအပေါ် အပြစ်ရှိသည်ဟု ပိုခံစားရ၏။ ဒါ့အပြင် ဒီလောက်ထိခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းမွန်မွန်စွမ်းဆောင်ရှင်သန်နေထိုင်နိုင်ခဲ့ပြီး ကိုယ်ကိုယ်ကို ချစ်ဖို့သင်ယူနိုင်ခဲ့တာကိုလည်း အံ့အားသင့်မိသည်။


ဒါပေမယ့် Mr.ကျွမ့်အပြင် တစ်ခြားဆွေမျိုးတွေကလည်း ရှန်ယွီအပေါ် အပေါ်မျက်စိကျနေလေသည်။ သူ့ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အဒေါ်ဖြစ်သူနဲ့ ဝမ်းကွဲတွေက မိသားစုပိုင်ဆိုင်မှုကို သိမ်းယူနိုင်ဖို့အတွက် ရှန်ယွီကို အတန်ငယ်စိုးရိမ်နေကြပြီး သူ့အတွက် ထောင်ချောက်တွေ တစ်ခုပြီးတစ်ခုကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။


ရှန်ယွီဟာ ကျွမ့်အိမ်တော်သို့ပြန်ရောက်သွားသောအခါတွင် ဘာမှနားမလည်နိုင်ပါပဲ ပုံစံအမျိုးမျိုးဖြင့် လှောင်ပြောင်ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူနဲ့သူ့ဖခင်တို့ရဲ့ အဖြစ်ဆိုးနောက်ကွယ်၌ ဖုံးကွယ်ထားအကြောင်းပြချက်တစ်ခု ရှိနေကြောင်းသိလိုက်ရသည်။ သူဟာ အတွေ့အကြုံများစွာစုဆောင်းလျက် တဖြည်ဖြည်းအင်အားတိုးချဲ့လာသည်။ ပြီးတော့ ဝမ်းကွဲတွေနဲ့အဒေါ်ဖြစ်သူကို သတ္တိရှိရှိရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဇာတ်လိုက်ပီပီအောင်ပွဲရခဲ့လေသည်။ ကျွမ့်မိသားစုရဲ့ အမွေဆက်ခံခွင့်နေရာကို ရရှိပြီးနောက် သူဟာ ပြန်ပြီးလက်စားချေနိုင်ခဲ့သည်။


အခုလောလောဆည် ပိုင်ရှုယန်ရဲ့တာဝန်က ရှန်ယွီကို အတန်းထဲမှာအဆင့်တွေတိုးတတ်လာစေရန်နှင့် သူ့ကို ယုံကြည်မှု ပြန်ရရှိအောင် ကြိုးပမ်းပေးရမည့်အပြင် ကျောင်းအကြမ်းဖက်မှုအရိပ်အောက်ကနေ လွတ်မြောက်စေဖို့ဖြစ်သည်။ ပြီးတော့ ကျွမ့်မိသားစုဆီ ပြန်ရောက်တဲ့အခါတွင် သူ့ကိုဘေးကနေအားပေးကာ ကျွမ့်မိသားစုကို သိမ်းပိုက်ဖို့ စိတ်ထဲဆုံးဖြတ်ချက်ချပြီးသည်အထိ အခက်အခဲတစ်ချို့ ဖန်တီးပေးရမည်ဖြစ်သည်။


ပိုင်ရှုယန်ဟာ ကန်တင်းကိုကြိုသွား၍ နေ့လည်စာနှစ်ဗူးဝယ်ကာ ရုံးခန်းထဲ၌ ရှန်ယွီကိုစောင့်ဆိုင်းရင်း ထိုင်နေခဲ့သည်။ ပိုက်ဆံချွေတာဖို့အတွက် ဇာတ်လိုက်လေးဟာ နေ့တိုင်းဈေးပေါတဲ့သက်သက်လွတ်ဟင်းတွေကိုသာစားနိုင်သည်။ ဒါမှမဟုတ်ရင် ဈေးပေါတဲ့ ကိတ်မုန့်နည်းနည်းနဲ့ အခမဲ့ရတဲ့ဟင်းချိုဖြင့်သာ သူ့ဗိုက်ကိုဖြည့်နိုင်ရှာ၏။ သူအာဟာရချို့တဲ့နေတာ မထူးဆန်းတော့ပါဘူး။


ဒါပေမယ့် အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ရသော်လည်း ဗူးထဲကစားစရာတွေ အေးလုနီးပါးဖြစ်လာသည်အထိ ရှန်ယွီဟာပေါ်မလာခဲ့ပါချေ။


"ဘယ်လိုဖြစ်တာလဲ....ကျောင်းသားရှန်က ဆရာဖြစ်သူစကားကို နားမထောင်ချင်တာလား"


အနည်းငယ်ရှုပ်ထွေးမှုနဲ့အတူ ပိုင်ရှုယန်ဟာ ဒုတိယနှစ် အခန်း၇ဆီဦးတည်လာပြီး စနစ်ကိုပြောလိုက်သည်။


"ဇာတ်လိုက်က အခန်းထဲမှာရှိမရှိ စစ်ဆေးပေးအုံး"


systemက ဂရုတစိုက်ရှာဖွေ၍ ပြန်ဖြေသည်။


"စင်္ကြံအဆုံးမှာရှိတဲ့ သန့်စင်ခန်းထဲရောက်နေတယ်"


ပိုင်ရှုယန်ဟာ သန့်စင်ခန်းတည့်တည့်ဦးတည်လျှောက်သွားသောအခါတွင် အထဲကထွက်လာတဲ့ ကွမ်ရီနဲ့ နောက်လိုက်တွေကို တွေ့လိုက်ရ၏။ ပိုင်ရှုယန်ကိုတွေ့တော့ ဘာစကားတစ်ခွန်းမှမဆိုပါပဲ ဟိုလည်လည်ဒီလည်လည်ဖြင့် ဝေ့လည်ကြောင်ပတ်လုပ်ကာ ကွေ့ပတ်ထွက်သွားကြလေသည်။


သူ သန့်စင်ခန်းထဲရောက်သွားချိန်တွင် ရှန်ယွီဟာ သူ့ဗိုက်ကိုလက်တစ်ဖက်နဲ့ဖိချထားပြီး ကြမ်းပြင်ပေါ်ထိုင်လျက်သားရှိနေတာကိုတွေ့လိုက်ရသည်။


သေစမ်း!


ပိုင်ရှုယန်ဟာ အမြန်ဒူးထောက်ထိုင်ချလိုက်ပြီး အလောတကြီးမေးလိုက်မိသည်။


"ရှန်ယွီ....အဆင်ပြေရဲ့လား...."


ရှန်ယွီဟာ ဖြည်းဖြည်းချင်းထရပ်လိုက်ကာ ပိုင်ရှုယန်ရဲ့လက်တွေကိုတွန်းထုတ်လိုက်သည်။


"ကျွန်တော်အဆင်ပြေပါတယ်....ဒီအတိုင်း ချော်လဲသွားရုံပါ"


"တကယ် အဆင်ပြေရဲ့လား?"


ဒီကလေးက ဘယ်သူမှမမြင်နိုင်အောင် သူ့ခေါင်းကိုငုံ့ကိုင်းထားပြီး ခေါင်းကြောမာနေတော့ ပိုင်ရှုယန်ဟာ သူ့မေးစေ့ကိုကိုင်၍ တိုက်ရိုက်ဆွဲမော့လိုက်သည်။


"ဆရာ့ကိုကြည့်စမ်း"


ရှန်ယွီ၏မျက်နှာသည့် ကျန်းမာရေးချို့တဲ့မှုကြောင့် ဖြူဖျော့နေခဲ့ပြီး သူ့ရဲ့မူလက အနီရောင်တောက်တောက်နှုတ်ခမ်းတစ်စုံမှာ အရောင်ဖျော့သွားသော်လည်း သူ့မျက်နှာတွင်ထိခိုက်ဒဏ်ရာတစ်ခုမှရှိမနေပေ။


ခေါင်းကိုမြှောက်ထားရတာကြောင့် သူ့ရဲ့ချောမွေ့တဲ့နဖူးပြင်နဲ့ လှပတဲ့မျက်လုံးပုံသဏ္ဍာန်ကို ပိုမိုပေါ်လွင်စေသည်။ အဖြူရောင်မျက်အိမ်နဲ့ အနက်ရောင်မျက်ဆံတွေက ပိုင်ရှုယန်ကိုစေ့စေ့စိုက်ကြည့်နေသည်။ သေးသွယ်တဲ့လည်တိုင်က သန့်ရှင်းချောမွေ့လို့နေပြီး မေးစေ့ကနေ ညှပ်ရိုးအထိ အပြစ်အနာအဆာတစ်ခုမှမတွေ့ရပေ။


system : "ကျေးဇူးပြုပြီး မင်းရဲ့တပည့်တွေကို မပြစ်မှားစမ်းပါနဲ့....ဆရာ့ကျင့်ဝတ်တွေကို သတိရစမ်းပါ hostရဲ့...."


"....."


ပိုင်ရှုယန်မှာ မသိမသာခြေဆောင့်မိမတတ်ပင်။


ဒဏ်ရာက မျက်နှာမှာရှိမနေတာကြောင့် အဝတ်အစားအောက်မှာဖြစ်နိုင်သည်။ ဒါပေမယ့် ရှန်ယွီရဲ့ ခံနိုင်ရည်ရှိရှိတောင့်ခံထားပုံကိုမြင်ပြီးနောက် ပိုင်ရှုယန်ဟာ ဆက်မမေးဖို့ဆုံးဖြတ်လိုက်သည်။


"ဘာမှမဖြစ်ဘူးဆိုမှတော့ ဆရာနဲ့စကားပြောဖို့ရုံးခန်းကို လိုက်လာခဲ့"


ရုံးခန်းထဲရောက်တာနဲ့ ပိုင်ရှုယန်ဟာ ရှန်ယွီအတွက်ခွေးခြေခုံတစ်လုံးရွှေ့ပေးလိုက်ပြီးသည်။


"လာထိုင်....ဆရာ့မှာ မင်းနဲ့အတူတူ နေ့လည်စာစားဖို့ တကူးတကသွားဝယ်ထားရတာ"


ရှန်ယွီဟာ သူ့နှုတ်ခမ်းကိုဖိကိုက်ရင်း ပြောသည်။


"ကျွန်တော်စားပြီးပြီ...."


"ဒါပေမယ့် ဆရာကနေ့လည်စာနှစ်ဗူးတောင် ဝယ်ထားပြီးသားဖြစ်နေပြီ....လွှင့်ပြစ်လိုက်ဖို့က နှမြောစရာကြီး....မင်းအသက်အရွယ်နဲ့ဆိုရင် များများစားတာအကောင်းဆုံးပဲ....ထမင်းတစ်ဗူးပဲ စားနိုင်တယ်လို့တော့မပြောနဲ့....ဆရာ့ကိုမျက်နှာသာပေးစမ်းပါ.....အစားအသောက်ဖြုန်းတီးတာကမှ ရှက်စရာကောင်းတဲ့အပြုအမူကွ"


ပိုင်ရှုယန်က ဟန်ဆောင်ညည်းညူပြနေတာကိုမြင်လိုက်ရသောအခါတွင် ရှန်ယွီမှာ သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ နေ့လည်စာဗူးကိုဖွင့်ကာ တူကိုထုတ်ယူလိုက်မိသည်။


အစပိုင်းငြင်းဆန်နေပေမယ့် နောက်ဆုံးတော့ဒီကောင်လေးက တူသုံးပြီးအတူတူစားဖို့ဆန္ဒရှိလာခဲ့ပြီ။ ပိုင်ရှုယန်ဟာ ထိုင်ချလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် စတင်စားသောက်ခဲ့သည်။


ရှန်ယွီရဲ့ ထမင်းဗူးထဲမှာ ဝက်နံရိုးပြုတ်တွေနဲ့ပြည့်နှက်နေသည်။ ထမင်းဗူးကိုလက်ထဲမှာကိုင်ထားပြီး ပိုင်ရှုယန်ကို ဝက်နံရိုးပေးချင်နေပေမယ့် သူမလုပ်ရဲရှာပေ။


သူက အဆီတွေတောင် မစားပဲမနေပါချေ။ ဒါက မထင်မှတ်ထားအောင်....


ချစ်ဖို့ကောင်းတာပဲ။


_________________________________________________________

Report Page