(113)

(113)

Tee Ko

ယီကွေ့မန်က ရဲ့ချင်ဘေးက အနီရောင်လူသားကိုအကဲခတ်ကြည့်ပြီးနောက် သူ့မျက်လုံးတွေမှာ မသိမသာတောက်ပသွားသည်။


တကယ့်ကိုကြည့်ကောင်းလွန်းသည်။ system ရဲ့ စကားအရဆိုရင် ဒီတစ်ယောက်ကလည်း သူ့ပြစ်မှတ်တွေထဲတွင်တစ်ယောက်အပါအဝင်ဖြစ်သည်။ မြင်ရသလောက်တော့ လူနှစ်ယောက်ကအတော်လေးရင်းနှီးသည့်ပုံပေါ်ပေမယ့် သူလက်ရှိပိုင်ဆိုင်ထားသည့်မျက်နှာလေးနဲ့သူ့ရဲ့သရုပ်ဆောင်အရည်အချင်းသာပေါင်းစပ်လိုက်ပါက ယုံကြည်မှုအပြည့်အဝရှိသည်။


အေးစက်သည့်အမူအရာကိုကောင်းမွန်စွာထိန်းချုပ်ရင်း စွင်းယန်အရှေ့တွင်ရပ်ကာ စကားစလိုက်သည်။


"ထျန်ပြည်ထောင်က အိမ်ရှေ့စံစွင်းရဲ့နာမည်ကိုကြားဖူးနေတာကြာပါပြီ....အခုမှပဲလူတွေ့မြင်ဖူးတော့တယ်....အိမ်ရှေ့စံနဲ့တွေ့ခွင့်ရတာ ကျွန်တော်မျိုးအတွက်ကံကောင်းမှုတစ်ခုပါပဲ"


ယီကွေ့မန်၏စကားအဆုံးတွင် လူတိုင်းဆီက ပင့်သက်ရှိုက်သံအမျိုးမျိုးထွက်ပေါ်လာ၏။ ထျန်ပြည်ထောင်ဆိုတာက ကျိုးပြည်ထောင်နဲ့အိမ်နီးချင်းပြည်ထောင်တစ်ခုဖြစ်ပြီး ပြည်ထောင်နှစ်ခုက ဆက်ဆံရေးကောင်းမွန်ကြောင်း လူတိုင်းသိကြသည်။ ပြည်ထောင်နှစ်ခုကြားတွင် အမျိုးမျိုးသောသံတမန်ဆက်သွယ်မှုတွေရှိကြပြီး ထျန်ပြည်ထောင်၏အိမ်ရှေ့စံမှာ ကျိုးပြည်ထောင်၏အိမ်ရှေ့စံထက် နိမ့်ကျမှုမရှိပေ။ နှစ်ယောက်လုံးက တူညီသောအဆင့်အတန်းမျိုးပိုင်ဆိုင်ထားကြသည်။


အစပိုင်းတွင် အိမ်ရှေ့စံ(ထင်းယီ)က ဘာအကြောင်းကြောင့် ပန်းပွဲတော်ကို ကိုယ်တိုင်ကိုယ်ကျဦးစီးကျင်းပခဲ့မှန်း နားမလည်ကြသည့်လူတစ်သိုက်ဟာ ချက်ချင်ဆိုသလို တစ်ခုခုသဘောပေါက်သွားကြ၏။ အဓိပ်ပါယျကတော့ရှငျးသညျ။ ထျန်ပြည်ထောင်၏ အိမ်ရှေ့စံကို ကောင်းကောင်းမွန်မွန်ကြိုဆိုဧည့်ခံနိုင်ဖို့တစ်ခုတည်းပင်။


ဧကရာဇ်မင်း၏မွေးနေ့သို့ အိမ်ရှေ့စံကို ကိုယ်တိုင်ဂုဏ်ပြုဖို့လွှတ်လိုက်ခြင်စအားကြည့်ပါက ထျန်ပြည်ထောင်၏အလေးထားမှုကိုသိနိုင်သည်။


ရဲ့ချင်က စွင်းယန်ကိုအနည်းငယ်အံ့အားသင့်မှုနဲ့အတူ လှည့်ကြည့်မိလိုက်သည်။ သူထင်ထားတာက သာမန်အိမ်နီးချင်းတိုင်းပြည်တစ်ခုက အိမ်ရှေ့စံလို့လေ။ သူရောက်ကာစက အိမ်တော်မှာရှိတဲ့ မည်သူမဆိုသူ့ကိုသတိထားဆက်ဆံခြင်းအားဖြင့် နောက်ခံအလုံးစုံဖော်ပြခြင်းမရှိခဲ့ကြချေ။


ရဲ့ချင်မှာ ဟိုသတင်းအပိုင်းအစ၊ဒီသတင်စအပိုင်းအစကို ပေါင်းစပ်ကာ စွင်းယန်၏နောက်ခံမှာ အိမ်ရှေ့စံတစ်ဦးဖြစ်ကြောင်းသိခဲ့ရတာဖြစ်သည်။ နောက်ပိုင်းတွင် အိမ်တော်အတွင်းကလူတိုင်းနှင့် ဆက်ဆံရေးအဆင်ပြေလာသော်လည်း သူ့ဘက်ကအမေးမရှိ၍ ဒီအကြောင်းနဲ့ပတ်သပ်ပြီးမည်သူမှအလေးမထားမိခဲ့ကြချေ။


စွင်းယန်ကိုယ်တိုင်ပြောလာဖို့ကတော့.....ဒါကပိုတောင်မဖြစ်နိုင်သေးတယ်။ စွင်းယန်၏အကျင့်စရိုက်ကိုကတည့်တိုးဆန်ပြီး ကိုယ့်နောက်ခံကို တကူးတကလိုက်ကြွားဝါနေမည့်လူတစ်ယောက်မဟုတ်ပေ။


အံ့ဩသွားမိသည်က မှန်ပေမယ့် ရဲ့ချင်အတွက်ဘာမှထူးခြားမှုမရှိပါချေ။ အစတည်းက နောက်ခံကိုဂရုစိုက်ပြီး လိုက်ရှာနေခဲ့တာမှမဟုတ်တာ။


စွင်းယန်က ယီကွေ့မန်ကိုမျက်မှောင်ကြုပ်ကာစိုက်ကြည့်ရင်း တည့်တိုးပြန်ဖြေလိုက်သည်။


"ကျုပ်ထိုင်ရမယ့်နေရာကိုသာပြပေးပါ"


သူက မိုက်မဲသူတစ်ယောက်မဟုတ်ပေ။ ဒါပေမယ့် သူ့ရှေ့က ဒီတစ်ယောက်ကိုသိပ်အမြင်မကြည်သလိုခံစားရ၏။ ဒါကြောင့် ပြန်နှုတ်ဆက်တာမျိုးတောင်မလုပ်ပဲ သူထိုင်ရမည့်နေရာကိုသာတိုက်ရိုက်မေးလိုက်သည်။


ယီကွေ့မန်က မျက်နှာတစ်ချက်မပျက်သွားပဲ လမ်းဖယ်ပေးကာ အရှေ့ကသွားဖို့ရန် ညွှန်ပြသည်။


"အရှင့်သားဘေးကခုံက အိမ်ရှေ့စံစွင်းအတွက်ပါ"


"သူက ကျုပ်ဘေးမှာထိုင်မှာ"


စွင်းယန်က ရဲ့ချင်ကိုညွှန်ပြရင်းပြောသည်။ ရဲ့ချင်အနေနဲ့ကံကောင်းသည်ဟုပြောရမည်။ ရှေးခေတ်ကာလ၌ လိင်တူချစ်ကြိုက်သူများမှာ အယောင်တစ်ရာတွင်တစ်ယောက်လောက်သာ ရှားရှားပါးပါးဖော်ပြတတ်ကြပြီး မူလရဲ့ပိုင်ချန်းတွင် ယောက်ျားလေးဖောက်သည်ထက် သက်ရွယ်ကြီးရင့်သည့်အမျိုးသမီးဖောက်သည်တွေကပိုများသည်။ ဒါ့အပြင် သူ့ကိုယ်သူလျှို့ဝှက်ဆန်းကျယ်သည့်ဟန် ဖော်ပြဖို့ အလုပ်ချိန်မှမုတ်ရင် မျက်နှာကာတပ်ထားတတ်တာကြောင့် ဒီက ငယ်ရွယ်နုပျိုသည့် မျိုးရိုးမြင့်လူငယ်သူရွယ်တွေမှာ ရဲ့ချင်ကိုမသိကြပေ။ အရင်ရဲ့ပိုင်ချန်း၏ ဖောက်သည်တွေတစ်ယောက်မှမရှိတာ အတော်လေးကံကောင်းသည်။


ယီကွေ့မန်က အေးတိအေးစက်မျက်နှာကိုထိန်းကာခေါင်းငြှိမ့်၏။ သူ့အပြုအမူမှာ အပိုအလိုမရှိ ကွက်တိပင်။ လူတိုင်းက သူ့အပြင်ပိုင်းအပြုအမူသာအေးစက်မှန်း သိထားကြတာကြောင့် သူ့အပြုအမူအပေါ် ရိုင်းတယ်လို့မတွေးထင်မိကြပေ။


"အိမ်ရှေ့စံစွင်း အရှေ့ကကြွပါ"


စွင်းယန်က ရဲ့ချင်ကိုမစိုးရိမ်ဖို့ ခေါင်းငြှိမ့်ပြလိုက်ပြီး ယီကွေ့မန်ကိုကျော်ကာ ရှေ့ဆုံးက လမ်းလျှောက်သွားသည်။ ရဲ့ချင်က စွင်းယန်၏နှစ်သိမ့်ပေးမှုကိုနားလည်သည်။ ရဲ့ချင်ဟာစွင်းယန်အနောက်က လိုက်ရန်ခြေလှမ်းပြင်လိုက်သည်။ သို့သော်လည်း မထင်မှတ်ထားစွာပင် ယီကွေ့မန်က ရဲ့ချင်ရှေ့ကွယ်ရပ်လာပြီး ရဲ့ချင်နဲ့ပုခုံးချင်းတိုက်မိသည့်ဟန် သူ့ခန္ဓာကိုယ်ကိုပြစ်လှဲချလိုက်၏။ လူအများအမြင်တွင် ထိုသို့ပေမယ့် တကယ့်တကယ်က ထိတောင်မထိသွားပါချေ။


ရုတ်တရတ်ဆိုသလို ယီကွေ့မန်၏လက်ကောက်ဝတ်မှာ တင်းကနဲဖြစ်သွားပြီး မြေပြင်နဲ့ထိခါနီးမှာတင် ရဲ့ချင်ကအချိန်မှီလှမ်းဆွဲလိုက်၏။ ရဲ့ချင်ခန္ဓာကိုယ်က လွင့်ပျံလာသည့်ခပ်သင်းသင်းကိုယ်သင်းနံ့ကိုတောင် ရှုရှိုက်မိလိုက်သည်။


"ခင်ဗျား အဆင်ပြေရဲ့လား"


အခု သူတို့နှစ်ယောက်ပုံက အများအမြင်တွင် အနည်းငယ်ကို့ယို့ကားယားဖြစ်နေလေသည်။ မြေပြင်ပေါ်ပြုတ်ကျခါနီး ယီကွေ့မန်ကိုရဲ့ချင်က ခိုင်ခိုင်မြဲမြဲဖြင့် လက်ကောက်ဝတ်ကနေလှမ်းဆွဲထားလေသည်။ အကယ်၍ ရဲ့ချင်သာလွှတ်ချလိုက်ပါက ယီကွေ့မန်တစ်ယောက် မြေကြီးကိုကျောဖြင့်ဘုတ်ကနဲကျသွားပေလိမ့်မည်။


ရဲ့ချင်၏တုံ့ပြန်မှုက ဒီလောက်ထိတောင်မြန်လိမ့်မည်ဟု မထင်မှတ်ထားတာကြောင့် ယီကွေ့မန်ဟာ ခဏတော့အသိစိတ်လွတ်သွားသေးသည်။ ဒါပေမယ့် ချက်ချင်းကိုယ်ဟန်ဖို့လိုက်ပြီး အသေအချာခြေချ၍ ယဥ်ကျေးမှုအရ ရဲ့ချင်ကိုကျေးဇူးတင်စကားပြောလိုက်သည်။ ပြီးတာနဲ့ ထင်းယီဘေးက သူ့ခုံဆီပြန်သွားသည်။


ထိုအဖြစ်အပျက်ကခဏတာပေမယ့် လူအုပ်ကတော့ တစ်တွတ်တွတ်ပြောလို့ကောင်းနေဆဲပင်။ မည်သူမှရဲ့ချင်၏အပြုအမူနဲ့ပတ်သပ်လို့ မကောင်းမမြင်ကြပေ။ သူက ယီကွေ့မန်ကိုပြုတ်ကျတော့မည့်ရန်ကနေ ကူညီပေးခဲ့သည်မဟုတ်ပါလား။ သိပ်တောင်မကြာလိုက်ပါပဲ လူတိုင်းထိုအကြောင်းကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ စွင်းယန်က သူ့အနားလာထိုင်သည့် ရဲ့ချင်ကို စိုးရိမ်စွာကြည့်ရင်းမေးသည်။


"တစ်ခုခုဖြစ်သွာတာလား"


ရဲ့ချင်ခေါင်းခါပြ၏။ စွင်းယန်ဟာ မချင့်မရဲဖြင့်နှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ သူ့ရဲ့အနီရောင်မျက်ဝန်းတွေက ယီကွေ့မန်၏လက်ကောက်ဝတ်ကိုထိကိုင်ခဲ့သည့် ရဲ့ချင်လက်တစ်ဖက်ဆီသို့ရောက်ရှိသွားသည်။ ရဲ့ချင်တစ်ခြားတစ်ယောက်ကို ထိတွေ့တာ သူမနှစ်သက်ပေ။


ခပ်တည်တည်ပင် သူ့အင်္ကျီလက်ထဲက ပုဝါတစ်ခုကိုထုတ်ယူ၍ ပြောသည်။


"လက်ပေး"


ရဲ့ချင်က နားမလည်ပေမယ့် သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်ပေးလိုက်ပါသေးသည်။ စွင်းယန်ဟာ ရဲ့ချင်လက်နှစ်ဖက်ကို ဂရုတစိုက်ထိကိုင်၍ ပုဝါဖြင့်နူးနူးညံ့ညံ့သုတ်ပေးသည်။ ထိလိုက်တာက လက်တစ်ဖက်တည်းဆိုပေမယ့် နှစ်ဖက်လုံးသန့်ရှင်းပေးလိုက်တာက ပိုကောင်းမည်ဟုထင်တာကြောင့်ပင်။


စွင်းယန်၏အပြုအမူက လူတွေကြားထဲ သို့လောသို့လောဖြစ်သွားစေသည်။ ယီကွေ့မန်မျက်နှာတောင် ပျက်ချင်ချင်ဖြစ်သွားသော်လည်း ဂရုမစိုက်သလို သူ့ရဲ့အေးတိအေးစက်မျက်နှာကိုထိန်းသိမ်းထားဆဲပင်။


ဒါပေမယ့် ဘယ်သူတွေကများ ထျန်းပြည်ထောင်အိမ်ရှေ့စံရဲ့ မကောင်းကြောင်းကိုပြောရဲပါ့မလဲ။


"တောင်းပန်ပါတယ်....ကျွန်တော်ရောက်လာတာနောက်ကျနေပြီထင်တယ်"


ဖိတ်ခေါ်ထားသူတွေစုံစုံလင်လင်ရောက်ပြီးချိန်မှ လူငယ်တစ်ယောက်၏ အလောတကြီးဖြင့် မောဟိုက်သံက ထွက်ပေါ်လာခဲ့သည်။ အသံပိုင်ရှင်ကိုမြင်သောအခါတွင် အိမ်ရှေ့စံ(ထင်းယီ)က အပြုံးမပျက်ပင် ပြန်ဖြေ၏။


"အဆင်ပြေပါတယ်...."


ပြုံးဖြဲဖြဲမျက်နှာဖြင့်ပင် ထိုတစ်ယောက်ကလွတ်တဲ့နေရာဝင်ထိုင်၏။ ရဲ့ချင်ဟာ ထိုတစ်ယောက်ကိုတောက်ပသည့်မျက်လုံးတွေဖြင့် တောက်လျှောက်စိုက်ကြည့်နေလေသည်။


"သူ့ကိုသိလို့လား"


"ဟင့်အင်း....အသိတစ်ယောက်နဲ့နည်းနည်းဆင်လို့ပါ"


ဆင်ရုံတင်မဟုတ်ဘူး။ လုံးဝကိုတစ်ပုံစံတည်းပဲ။ ဝတ်ပုံစားပုံနဲ့ ဆံပင်အရှည်အတိုသာကွာခြားသွားတာ။ ဖုန်းမင်က ဘယ်နေရာရောက်ရောက်အသိမိတ်ဆွေ အတော်လေးပေါပုံရသည်။ ရောက်လာတည်းက မျိုးရိုးမြင့်သခင်လေးတွေနဲ့ စကားကျနေသည်မှာ ပါးစပ်ကိုမစိနိုင်သည်အထိပင်။


ထင်းယီက လက်ခုပ်တစ်ချက်တီးရင်း လူတိုင်းရဲ့အာရုံကိုဆွဲဆောင်လိုက်သည်။ ပန်းပွဲတော်၏အဓိက ဆွဲဆောင်မှုမှာ အလှပဆုံးပတ်ဝန်းကျင်က ပန်းမျိုးစုံကိုကြည့်ရှု့ဖို့အပြင် မိန်းမလှလေးတွေ၏ ပန်းနှင့်တူညီသောမွှေးပျံ့မှု၊ ဝင့်ကြွားလှပမှုတို့ကို ရှု့စားဖို့ရန်လည်းပါသည်။


ဒါတင်မကပဲ မျိုးရိုးမြင့်သခင်လေးတွေ၊သခင်မလေးတွေအနေနဲ့ ကိုယ်ကျွမ်းကျင်ရာကိုပြသ ဝင့်ကြွားနိုင်မည့်အခိုက်အတန့်လည်းဖြစ်သည်။ အားလုံးက လူငယ်တွေချည်းသာဖြစ်တာကြောင့် မည်သည့်ဖိအားမှမရှိပါချေ။ အဓိကအချက်မှာ အိမ်ရှေ့စံ(ထင်းယီ)က အရမ်းဖော်ရွေနွေးထွေးလွန်းတာကြောင့်လည်းပါသည်။


ပွဲခင်းထဲသို့ နုနုရွရွလှလှပပ နတ်မိမယ်လေးတွေတစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လာခဲ့သည်။ လှပသောပန်းလေးတွေက ပန်းနုရောင်နှင့်မိုးပြာရောင်ခြုံထည်ကိုဝတ်ဆင်ထားကြပြီး မျက်နှာတွင် ဇာပုဝါပါးပါးလေးကာရံလို့ထားသည်။ ဖော်ပြထားသည့်မျက်လုံးလှလှလေးတွေနဲ့တင် လူတိုင်းကိုစိတ်လက်ကြည်သာစေဖို့လုံလောက်နေပေပြီ။


မျက်စိပဒေသာဖြစ်စေသော ပန်းလေးတွေကနှစ်သုတ်ခွဲထွက်သွားကာ တစ်ဖွဲ့ကစင်မြင့်ပေါ်တတ်၍ကပြဖျော်ဖြေဖို့စတင်လာကြပြီး ကျန်တစ်ဖွဲ့က အချိုပွဲတွေနဲ့ လတ်လတ်ဆတ်ဆတ်သစ်သီးတွေတည်ခင်းထားသည့် ဗန်းအားကိုင်ဆောင်လျက် ဧည့်သည်တွေကို အဖော်လုပ်ပေးကြသည်။ မျိုးရိုးမြင့်သခင်မလေးတွေက အဲ့လောက်မဟုတ်ပေမယ့် သခင်ငယ်လေးတွေအတွက်တော့ တကယ့်နိဗ္ဗာန်ကို မျက်မြင်ကိုယ်တွေ့ခံစားနေရသလိုမျိုးပင်။


လွီမုချီက အနားကပ်လာသည့် ပန်းပွင့်လေးကိုအေးစက်လွန်းသည့်ရေခဲပြာရောင်မျက်ဝန်းတွေဖြင့်ဟန့်တားလိုက်သည်။ အလိုက်သိနားလည်သည့်မိန်းမပျိုလေးက အချိုမုန့်နှင့်သစ်သီးပါသည့်ဗန်းကို လွီမုချီရှေ့ရိုရိုသေသေချထားပေးခဲ့ရင်း ထွက်သွားခဲ့လေသည်။ လျန်မိုယိဘက်ကြည့်ရရင် သူကဘာဆိုဘာမှဂရုမစိုက်ပေ။ ပါးစပ်ထဲစပျစ်သီးတစ်လုံးထိုးထည့်ရင်း ရဲ့ချင်ရှိရာဘက် တစ်လျောက်လုံးမျက်မှောင်ကြုပ်ရင်း စိုက်ကြည့်နေတာကြောင့် အနားကပန်းလေးတွေမှာ တောင့်တောင့်ကြီးမတ်တပ်ရပ်နေရုံကလွဲ၍ ဘာဆက်လုပ်ရမှန်းပင်မသိတော့ပါချေ။


စွင်းယန်ကိုယ်တိုင်ကျ ရိုးရိုရှင်းရှင်းပင် အကုန်လုံးကိုမောင်းထုတ်ထားသည်။ ရဲ့ချင်ကို တိုင်းတစ်ပါးကသွင်းလာသည့် ရှားပါးအသီးတွေကိုပြသရင်း လိမ္မော်သီးအခွံခွာပေးနေလေသည်။ မသိရင် ဘယ်သူက အိမ်ရှေ့စံဖြစ်ပြီး၊ ဘယ်သူကနောက်လိုက်လဲဆိုတာ သံသယဝင်စရာပင်ကောင်းလာ၏။


___________________________________________________________________

Report Page