11
EHDOE YANပုဗ္ဗဏှသုတ် (ပရိတ်ကြီး)
===
ပုဗ္ဗ-ဆိုတာ ရှေ့ပိုင်း။ အဏှ-ဆိုတာ အဟ-က လာတယ်။ နေ့ရက်။
ပုဗ္ဗဏှ-ဆိုတော့ နေ့တစ်နေ့ရဲ့ ရှေ့ပိုင်းအချိန်။
“မနက်ခင်း”လို့ တိုက်ရိုက်အဓိပ္ပါယ် ထွက်မယ်။
မဇ္ဈဏှ (သို့မဟုတ်) မဇ္ဈဏှိက-ဆိုရင် နေ့ခင်း။
သာယနှ-ဆိုရင် ညနေခင်း။
ပုဗ္ဗဏှ-ဆိုတာ ကောင်းသော မနက်ခင်းဖြစ်ဖို့ လမ်းညွှန်တဲ့ သုတ္တံလို့ ဆိုရလိမ့်မယ်။
သို့သော် ပိဋကတ်မှာ တကယ်လာတဲ့ ဂါထာကတော့
(၃) ဂါထာပဲ ရှိတယ်။
ကျန်တာတွေက “မန္တန်”တွေပဲ များတယ်။
===
သုတ္တန်ပိဋကတ်, အင်္ဂုတ္တိုရ်ပါဠိတော်, တိကနိပါတ်, တတိယပဏ္ဏာသက, မင်္ဂလဝဂ်ထဲမှာ ပုဗ္ဗဏှသုတ္တံ ပါတယ်။
ကောင်းသော နံနက်ခင်း သုတ္တံ-ပေါ့လေ။
(၁) ရဟန်းတို့ နံနက်ခင်းအခါ၌ ခန္ဓာကိုယ်ဖြင့် ကာယသုစရိုက်များကို ပြုကျင့်ကြလျှင် ထိုနံနက်ခင်းသည် ကောင်းသော နံနက်ခင်းတည်း။
နှုတ်ဖြင့် ကောင်းသော စကားကို ဆိုကြလျှင် ထိုနံနက်ခင်းသည် ကောင်းသော နံနက်ခင်းတည်း။
စိတ်ဖြင့် ကောင်းသော အရာများကို တွေးကြံကြလျှင် ထိုနံနက်ခင်းသည် ကောင်းသော နံနက်ခင်းတည်း။
(၂) ရဟန်းတို့ နေ့လည်ခင်း အချိန်အခါ၌…
(၃) ရဟန်းတို့ ညနေခင်း အချိန်အခါ၌…
ပြိးတော့မှ ဂါထာသုံးခုကို ဆိုတယ်။
သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ..... ဘာညာ စသည် ဂါထာသုံးခု။
အဓိပ္ပါယ်ကလည်း အတူတူပဲ။
ကိုယ်နှုတ်စိတ်မှု ကောင်းသလား?
သုနက္ခတ္တံ - နက္ခတ်ကောင်းပဲ။
သုမင်္ဂလံ - မင်္ဂလာကောင်းပဲ။
သုပ္ပဘာတံ - ကောင်းသော ရောင်နီလာချိန်ပဲ။
သုဟုဋ္ဌိတံ - ကောင်းသော နိုးထချိန်ပဲ။
သုခဏော - ကောင်းသော အချိန်ပိုင်းပဲ။
သုမုဟုတ္တော - ကောင်းသော ခဏတဖြုတ် အချိန်ကလေးပဲ။
ကောင်းသော ကိုယ်နှုတ်မှုဟာ ပြဿဒါးကို ရက်ရာဇာ ချက်ချင်း လုပ်လို့ရတယ်။
လကွယ်နေ့ကို ချက်ချင်း လပြည့်နေ့ဖြစ်အောင် လုပ်လို့ရတယ်။
===
ဒီနေရာမှာ မေးခွန်းထုတ်စရာက “လပြည့်နေ့”တွေ။
တိကျမှုဟာ တစ်ခုထက် ပိုလာပြီဆိုရင်
- လူတစ်ဦးက (သို့မဟုတ်) အသေအချာ ဖန်တီးထားတဲ့ လုပ်ဇာတ်ပဲ-လို့ သံသယထားစရာ ဖြစ်မယ်။
လပြည့်နေ့တွေဟာ ဗုဒ္ဓရှင်တော်မြတ်ရဲ့ “ဘာဖြစ်သော, ဘာဟောသော” နေ့ထူးနေ့မြတ်တွေပဲ ဖြစ်နေတာ များတယ်။
မြတ်စွာဘုရား ဖွားတော်မူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့။
ဟုတ်ပြီ။ လက်ခံလို့ ရတယ်။
ဗေဒင်နဲ့ သမားနဲ့ ဟူးရားနဲ့ အတိအကျ လုပ်ကြတဲ့ခေတ်မှာ ဖွားတော်မူနေ့ဟာ ဖြစ်နိုင်ခြေ ရှိတယ်။
သန္ဓေယူရာနေ့ကျတော့ ပြဿနာရှိတယ်။ ဝါဆိုလပြည့်နေ့ကြီးတဲ့။
မယ်တော်မာယာ ဥပုသ်မစောင့်ဘူးလား? ဘာလား?ကို မပြောဘူးနော်။
လပြည့်နေ့မှာ ပဋိသန္ဓေယူတယ်ဆိုတဲ့ “လပြည့်”ထပ်တူကျမှုကို ပြောတာ။
ဝါခေါင်လပြည့်က မေတ္တာအခါတော်နေ့-တဲ့။
ဝါခေါင်မှာ မေတ္တာသုတ်ဟောတာ ဖြစ်နိုင်တယ်။
သို့သော် လပြည့်နေ့ ဟုတ်ချင်မှ ဟုတ်မယ်။
အမြတ်ဆုံးဖြစ်တဲ့ လပြည့်နေ့ကို အထိမ်းအမှတ် လုပ်လိုက်တယ်လို့ ဆိုကြစို့။
လကွယ်နေ့က ဘာဖြစ်နေလို့လဲ?
===
လကွယ်နေ့။
လကွယ်နေ့ရဲ့ အောက်တန်းကျမှု, ယုတ်နိမ့်မှု, ညစ်ညမ်းမှုတွေ ရှိပါသလား?
လမထွက်လို့ မှောင်မည်းတာကလွဲရင် တခြား ဘာဆိုးကျိုး အပိုရှိပါသလဲ?
“လောကီကိစ္စတွေမှာ ဇမ္ဗူဒိပ်, နိမိတ်ထွန်း-ဆိုတာ ရှိသေးတယ်ဘုရာ့”
ဒီလိုဆင်ခြေပေး။
အဲဒီဇမ္ဗူ့သပြေပင်က ဘယ်နားမှာတုန်း?
- အိန္ဒိယမှာလား?
- ပါကစ္စတန်မှာလား?
- ဘူတန်မှာလား?
- နီပေါလ်မှာလား?
- တိဗက်ကုန်းပြင်မြင့်မှာလား?
- ဟိုးဘက် တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်းသဲကန္တာရထဲမှာလား?
- ဟိမဝန္တာပေါ်မှာလား?
- မြောက်ဘက်အစွန် ရပ်ရှားထဲ ရောက်သွားသလား?
Google Map ထောက်ပြီး ဖြေကြည့်ပါ။
“အဘိညာဉ်နဲ့ ကြည့်ပါဘုရား”
သပြေပင်တစ်ပင်ကိုတောင် အဘိညာဉ်နဲ့ ကြည့်နေရကတည်းက သိပ်မဟုတ်တော့ဘူး။
===
လကွယ်နေ့တွေဟာ မျက်နှာမွဲနေ့တွေပဲ ဖြစ်ပါလိမ့်မယ်။
လဆန်း (၃) ရက်, လဆုတ် (၃) ရက်။
၄, ၅, ၁၂, ၁၃ - စသည် ရက်တွေ။
လဆန်းနဲ့စာရင် လဆုတ်ရက်တွေ။
တချို့က လပြည့်ကျော်လို့ပဲ ပြောချင်ကြတယ်, လဆုတ်လို့ မပြောချင်ကြဘူး။ မပြောရဲကြဘူး။
လဆုတ်ဟာ ဘာများဖြစ်နေလို့တုန်း?
ဘာများ မှားနေလို့တုန်း?
မြတ်စွာဘုရားတောင်မှ လကွယ်နေ့မှာ တရားကောင်းတွေကို ရှောင်ပြီး ဟောရမယ့် သဘောဖြစ်နေတယ်။
===
ပုဗ္ဗဏှသုတ်ဟာ မြတ်စွာဘုရားရဲ့ “လပြည့်အယူအဆ”ကို ခွါချပြီး
“နေ့တိုင်းသည် ရက်ရာဇာ”
“မနက်ခင်းတိုင်းသည် သုပုဗ္ဗဏှ”
“လကွယ်နေ့ဟာတောင်မှ လှပ”
ဒီလိုလှပ, မွန်မြတ်မယ့် နည်းလမ်းတွေကို ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။
ဘာလို့လဲ?
လပြည့်က တစ်ရက်တည်း ရှိတာ။
ကျန်တဲ့ (၂၉) ရက်က ပိုများတယ်။
လပြည့်တစ်ရက်ထဲ မွန်မြတ်မှုကို မြတ်စွာဘုရားက ငြင်းပယ်ပါတယ်။
(၂၉) ရက်ဟာလည်း လပြည့်နဲ့ ထပ်တူ မွန်မြတ်နိုင်တယ်။
ဘယ်လိုမွန်မြတ်နိုင်သလဲ?
အဲဒါဟာ ပုဗ္ဗဏှသုတ်ရဲ့ အနှစ်သာရ။
===
“ဒါပေမယ့် လပြည့်လည်းဖြစ်, ကောင်းမှုကုသိုလ်လည်း လုပ်မယ်ဆိုရင် အကောင်းဆုံး အမြတ်ဆုံးပဲပေါ့ဘုရား”
ဒီလိုပြော- သဘာဝကျသလိုပဲ။
သို့သော်…
“လကွယ်နေ့”ကို အထင်သေးခြင်းသဘောနဲ့ မလွတ်သေးပါဘူး။
လကွယ်ဆိုင်ရာ သမ္မာဒိဋ္ဌိ မဖြစ်ဘဲ
လကွယ်နေ့မှာ မိစ္ဆာဒိဋ္ဌိဖြစ်နေသေးတဲ့ သဘော။
===
ပုဗ္ဗဏှသုတ်မှာ
“ကောင်းတဲ့အလုပ်ကို ရဲရဲသာ လုပ်ကြ, ကောင်းသော နံနက်ခင်းကို ပိုင်ဆိုင်လိမ့်မယ်”
ဒီလိုဆိုလိုတဲ့ ဂါထာသုံးပုဒ်ဟာ အားမာန်အပါဆုံး, အရဲရင့်ဆုံး, အနှစ်သာရ အပြည့်ဆုံး, ရှေးရိုးစွဲ ရိုးရာကြောက်စွဲ, မျှော်စွဲတွေကို အတော်လှန်ဆုံး ဖြစ်ပါတယ်။
ကျန်တဲ့ဂါထာတွေကတော့ လူသားတစ်ဦးရဲ့ အားကိုးရာမဲ့ ငိုညီးရှိုက်သံတွေနဲ့ နတ်ဘုရားထံ မျက်ရည်စက်လက် တောင်းဆုဆိုသံတွေပဲ များတယ်။
“ကယ်မပါ, ဝန်းရံပါ, စောင့်ရှောက်ပါ, အားကိုးပါရစေ, အောင်ချင်ပါတယ်”
အသံစာစာ ဂါထာမန္တန်တွေနဲ့ ရောစွက်နေတဲ့ ပုဗ္ဗဏှသုတ်မှာ
အဆိုပါ ဂါထာသုံးပုဒ်ဟာ
“မာန်အပါဆုံးပဲ”လို့ ခပ်ရဲရဲ ဆိုချင်ပါတယ်။
မရဲရင်လည်း ဒီစကားတွေကို ဆိုမရဘူး။
===
“လကွယ်ကြောက်ရောဂါ” ကင်းရှင်းကြပါစေ။
ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်နှုတ် ကိုယ့်စိတ်နဲ့ ရဲရင့်, ရဲရင့်သော သတ္တိကို မွေးမြူနိုင်ကြပြီး ကောင်းသော နံနက်ခင်းများကို တည်ဆောက်နိုင်ကြပါစေ။
ဒီအဆုံးအမကသာ ရှင်တော်မြတ်ရဲ့ အဆုံးအမအစစ်ဖြစ်ကြောင်း ရဲရဲကြီး ယုံကြည်ပြီး လိပ်ပြာလုံ, သိမ်ငယ်မှု လွတ်ကြပါစေ။
ကြောက်စွဲတွေကြားထဲမှာ ရဲရင့်သောသူများ ဖြစ်ကြစေ။
===
အဲဒါဟာ ဆုတောင်းမဟုတ်, မန္တန်မဟုတ်,
လမ်းညွှန်ဖြစ်ပြီး လက်တွေ့ကျင့်သုံးကြစေ။
crd: Uvi Mala